August 28, 2016

" အသက်ရှုရတဲ့ အရသာ" ၂၉ရက် ဩဂုတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်( ၃၃)မှ

" အသက်ရှုရတဲ့ အရသာ"

  ဘန်ကောက်မြို့လည်မှာရှိတဲ့  ရေဆိုးမြောင်းထဲ  boat လှေ (စက်တပ်မော်တော်) စီးနေရင်းက တလောဆီက  ရန်ကုန်မြို့ စမ်းချောင်း အောင်ချမ်းသာထဲက  ရေဆိုးမြောင်းကို ကာရံထားတဲ့ အတားအဆီးနံရံတွေ ပြိုကျပြီး ပြောကြဆိုကြတာ  သတိရကာ ဒီမှာလောက် အကျယ်ရှိလည်း အကောင်းသား၊ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြေရှင်းလို့ ရတယ်လို့ ရယ်စရာ  ပြောမိသည်။ ဘန်ကောက်မြို့လည်က အဆိုပါ ရေဆိုးမြောင်းထဲ သွားလာနေကြတဲ့ မော်တော်လေးတွေမှာ အသွားအပြန် ဥဒဟို များပြားလှသည်။ ၅မိနစ် တစ်စင်း ဆိုသလို ထွက်နေရာ ခရီးသည်တွေ အဖို့ အဆင်ပြေလှသည်လို့တော့ ဆိုရမည်၊ သို့သော်  ဒီရေဆိုး ရေပုပ်တွေထဲ နိစ္စဒူဝ အသွားအပြန် သွားမယ်ဆို သွားနိုင်ပါ့မလား လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတဲ့အခါ နောက်တစ်ကြိမ် ထပ်စီးဖို့တောင် တွန့်ဆုတ်မိပါတယ်လို့ အဖြေရသည်။ ဘန်ကောက် မြို့သူမြို့သားတွေကို ချီးကြူးမိရသည်။
                    ဘန်ကောက်မြို့မှာ ယာဉ်ကြောပိတ်ဆို့တာ အလွန်နာမည်ကြီးလှသည်။ လူနေထူထပ်ခြင်း၊ မော်တော်ယာဉ်အသုံးပြုသူ များပြားလာခြင်းနှင့် အလုပ်အကိုင်၊ ခရီးသွားလာရာ အချက်အခြာ ကျခြင်းတို့ကြောင့် ခရီးသွားလာတာ များပြားရာ နေ့စဉ် သယ်ယူပို့ဆောင်ရေး ခရီးစဉ်တွေ များသည်။ လေဆိပ်အနီး အဝေးပြေးလမ်းမကြီးကနေ ကားပေါ်မှာ လိုက်ပါလာရင်း မျက်စေ့ရှေ့က ကောင်းကင်မြင်ကွင်းမှာ လေယာဉ်နှစ်စင်း မျက်နှာချင်းဆိုင် တွေ့ကြတော့မလား ထင်မှတ်မှားသည်အထိ  ကောင်းကင်ယံမှာ နီးနီးကပ်ကပ် ပျံသွားတာကြည့်ပြီး မိုးပေါ်မှာ လေယာဉ်တွေလည်း ကြပ်ကုန်ပြီလား တွေးနေမိသည်။ တခါက  လေယာဉ်တွေ  ကောင်းကင်ယံမှာ ပျံသန်းနေသည့် ဂူဂဲလ်က ပုံကို ကြည့်မိရာ ပုရွက်ဆိတ်အုံ တုတ်နဲ့ထိုးလို့ ရွစိရွစိ သွားနေကြသည့်အလား တွေ့ရသည်။ ရှင်းလင်းနေသည့် နေရာကို ထောက်ကြည့်မိတဲ့အခါ မြန်မာပြည်ရဲ့ ဝေဟင် ဖြစ်နေသည်။
                   ဘန်ကောက်ရဲ့ အဝေးပြေး မိုးပျံ လမ်းတွေမှာလည်း ကားတွေက အပြည့်၊ ဘတ်စ်ကား၊ အငှားယာဉ်တွေ၊ မိုးပျံရထားနှင့် ရိုးရိုးရထားတွေ အားလုံး လူတွေအပြည့်၊ ဘန်ကောက်သည် မွန်းကျပ်စွာ ခရီျးနှင်နေသည်။ အဆိုပါ ကား ရထား ဘတ်စ်ကား အငှားယာဉ်တွေ ဖြင့် ပြည့်ကြပ်နေရာက အမြန်ဆုံးနှင့် အလွယ်ဆုံး သွားနိုင်သည်ကတော့ ရေဆိုးမြောင်းထဲ သွားလာသည့် boat လှေခရီးစဉ်ပဲ ဖြစ်လေသည်။ လှေဖြင့် သွားရ၍ မြို့တွင်းသို့ ခရီးဆက်ရန်  သွားလာရခက်လိမ့်မည်လို့ ထင်၍ မရ၊ အဆိုပါ ရေဆိုးမြောင်းကြီးမှာ ဘန်ကောက်မြို့လည်တွင်ရှိသဖြင့် လှေဆိပ်( တကယ်တော့ စက်တပ်ထားတဲ့ အတွက် မော်တော် လို့ ပြောက ပြောနိုင်သည်) က တက်သည်နှင့် အချက်အခြာ နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာဖြစ်သည်။ Bangkapi ဘန်ကပိ လှေဆိပ်တွင် ဆင်းက The mall Bangkapi ဈေးဝယ်စင်တာထဲ တန်းရောက်သွားတာ ဖြစ်သည်။ အဆိုပါ ရေဆိုးမြောင်းထဲ စီးသွားရင် လှေဆိပ်က ဆင်းက ဘယ်များရောက်သွားမလဲ ဆင်းကြည့်ရာ ခန်းနားလှသည့် ဈေးဝယ်စင်တာကြီးထဲ ရောက်သွားသည့်အတွက် အူကြောင်ကြောင်ပင် ဖြစ်မိပြီး အချင်းချင်း ပြောဆို ရယ်မောကြရသည်။ ဘတ်စ်ကား၊ အငှားယာဉ်တို့ဖြင့် သွားက နှစ်နာရီ နီးပါးကြာမည့် ခရီးကို (၄၅)မိနစ်ဖြင့် ခပ်မြန်မြန် ရောက်သည်သာမက ယာဉ်ကြောလည်း မပိတ်၊ မီးပွိုင့်လည်းမရှိ၊ လှေဆိပ်တိုင်း အစဉ်လိုက် ရပ်သွားသည်သာ ရှိရာ တော်တော့်ကို အဆင်ပြေလှသည်။ သို့သော် boat လှေစီးသည့်အခါမှာတော့ အလုပ်က ခပ်များများပင်၊ ဆိုးရွားလှသည့် အနံ့ဆိုးကို မခံနိုင်၍ နှာခေါင်းကို လက်ဖြင့် ပိတ်ထားရသည်၊ ကိုယ်ထိုင်သည့်နေရာက ရေမစင်အောင် ကာထားသည့် ပလတ်စတစ်စရဲ့ ကြိုးရှိရာ နေရာဖြစ်က လှေပေါ်ပါ ခရီးသည်တို့ ရေမစဉ်အောင် အဆိုပါကြိုးကို ဆွဲထားရသေးသည်။ ဘယ်သူကမှ တာဝန်ပေးမထားသော်ငြား ကိုယ့်တာဝန်ကိုယ်ယူကြတာတွေ့ရသည်။ အဆိုပါနေရာ ထိုင်မိက ကြိုးကို ဆွဲပေးရမှာ ထိုင်နေသူ့တာဝန်သာ၊ ဘန်ကောက်မြို့သားတွေကတော့ နှစ်ပေါင်းများစွာ နေ့စဉ် သွားလာနေရတဲ့ အတွက် အနံယဉ်နေဟန်တူသည်။ ဘယ်သူမှ နှာခေါင်းမပိတ်၊ လက်တဖက်က ကြိုးစကို ကိုင် အခြားတဖက်က ဖုန်းပွတ်လို့ အေးအေးဆေးဆေး စီးသွားကြသည်။ လှေအဆင်း မြင်းအတက်ဆိုသလို တခါမှ မစီးဖူးတဲ့ အတွက် တုံချိတုံချိ ဖြစ်သလောက် သွားနေကျသူတွေက အတက်အဆင်း လွှားကနဲ၊  လှေစီးခလိုက်ကောက်သူတို့ကလည်း လှေနံဘေး အရှေ့အနောက် လူးလာခေါက်တုံ့ သွားနေကြတာဖြစ်သည်။ ခရီးနီးက (၁၀)ဘတ်၊ အနည်းငယ်ဝေးက ဘတ်(၂၀)၊ ခရီးစဉ်အစအဆုံး (၂၅)ဘတ် ဆိုတော့ သက်သာသည့် နှုန်းထားပင်။  နေ့စဉ် ခရီးသွား သိန်းနဲ့ ချီ သွားကြသည် ဆိုလေသည်။
                          ထိုင်းလူမျိုးတွေ ပြောပြတာကတော့ အဲဒီတူးမြောင်းက မြို့တည်ကတည်းက ဖောက်ထားတာ ဖြစ်ပြီး မြို့သူမြို့သားတွေ သုံးစွဲလိုက်သည့် ရေတွေကို စွန့်ထုတ်လိုက်ဖို့ တူးထားတာ ဖြစ်သည်တဲ့၊ ယခင်ကတော့ ရေက ယခုလောက် နောက်ကျိ ပုပ်အဲ့ အနံ့ဆိုး မထွက်ပါတဲ့၊ လွန်ခဲ့တဲ့ အနှစ်(၅၀) ခန့်ကမှ  စက်တပ်လှေတွေ နဲ့ ခရီးသည်တွေ ပို့ဆောင်ပေးကြရာက အမှိုက်သရိုက် အညစ်အကြေးတွေ မြောင်းထဲ ပစ်တဲ့အတွက် ယခုလို ရေတွေ မကောင်းပဲ အနံ့တွေ ထွက်နေတာလို့ ပြောပြလေသည်။
                         အဆိုပါ ဘုတ် ရောက်သည့် လမ်းတလျှောက်ကလည်း ဘန်ကောက်မြို့ရဲ့ နာမည်ကျော် လည်ပတ်စရာ နေရာများ ဆက်တိုက်ဆိုသလို ရှိပြီး စေတီပုထိုးများလည်း ရှိရာ အင်မတန် အဆင်ပြေသည့် ခရီးလမ်းကြောင်း ဖြစ်နေလေသည်။  နိုင်ငံခြားသား ခရီးသွားများကိုပါ တွေ့ရတတ်လေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြို့ရဲ့ အညစ်အကြေးစွန့်ထုတ်ရာ၊ ရေဆိုးတွေ စုဝေးရာ ရေမြောင်းကြီးကနေ အချက်အခြာကျပြီး ငွေကုန်ကြေးကျလည်းနည်း မြန်လည်းမြန် သွားလို့ရအောင် လှေခရီး လုပ်ပြီး သွားရတာကတော့ အံ့ဩပြီး ထူးဆန်းစရာ ဖြစ်နေတာတော့အမှန်၊
                    နိုင်ငံခြားသားတစ်ယောက်ကတော့ သူ့ရဲ့ ဘလော့စာမျက်နှာတစ်ခုမှာ မိလ္လာအညစ်အကြေးရေတွေ ပေါ်က သွားရတဲ့ လှေခရီးဆိုပြီး မျက်နှာကို ရေမစဉ်အောင် ကာကွယ်သွားရတဲ့ အဆိုပါ ရေဆိုးမြောင်းခရီးအကြောင်း ရယ်မောပျော်ရွှင်စွာ သွားခဲ့ပါတယ်လို့ ရေးထားတာ ဖတ်ရသည်။ တကယ်တော့ မိလ္လာရေ မဟုတ်ပါလို့ ဘန်ကောက်သားတွေက ဆိုသည်။ လမ်းပမ်းဆက်သွယ်ရေး လွယ်ကူချောမွေ့ဖို့ နည်းလမ်းမျိုးစုံထဲကနေ မဖြစ်ဖြစ်အောင် ကြံဆောင်ထားတဲ့ နည်းကတော့ ကောင်းပါသည်။ ပြုတ်ကျက နစ်မည့်ရေက တမြို့လုံးက သုံးထားတဲ့ အညစ်အကြေးရေဆိုးထဲ ကျရမှာဆိုတော့   နောက်တခါ မစီးရဲတာ အမှန်၊ ဘုတ်မောင်းသူတွေက မျက်နှာချင်းဆိုင် တွေ့လည်း တစ်စီးနှင့်တစ်စီး အလျှော့မပေး အပြိုင် မောင်းကြရာ တစီးနှင့်တစီး မျက်နှာချင်းဆိုင်တွေ့က ရေတွေကတဖွားဖွား၊ အကာစ  ကြိုးစွဲသူက အားကုန်ဆွဲထားပေရော့။
                      ရန်ကုန်ရောက်တုန်း ယာဉ်ကြောတွေ ပိတ်လို့ စောင့်ရတယ်ဆိုတာ ဘန်ကောက်ကို မမီ၊ တခုတော့ရှိသည်၊ ဘန်ကောက်ယာဉ်ကြောပိတ်တာက စည်းနဲ့ကမ်းနဲ့ပိတ်တာဖြစ်သည်။ ရန်ကုန်ကတော့ တစ်ယောက် စည်းကမ်းမဲ့က အနောက်မှာ အားလုံး တန်းစီ ပိတ်တာဖြစ်သည်။ ရန်ကုန်ယာဉ်ကြောပိတ်တာကို ဖြေရှင်းနည်းက မြို့ပတ်ရထားသာ အားကိုးရာ ရှိသည်။ မြို့ပတ်ရထားလမ်းတွေက နှစ်ပေါင်းများစွာ ဖောက်ထားသည့် လမ်းတွေ ဖြစ်ရာ မြို့ရွာဖွဲ့စည်းမှုအရ အချက်အခြာ နေရာကို တန်းမရောက်တာ၊ ဆိုက်ကားထပ်ပြီး စီးရတာမျိုး ၊ ရထားစီးပြီး ကားနှစ်မှတ်တိုင်ခန့် ထပ်ညပီးစီးရတာမျိုး ကြုံကြရပြန်တာရှိသည်။ ရထားခရီး အဆင်ပြေက ရန်ကုန်က မဆိုးလို့ ဆိုရမည်။ ဘန်ကောက်က မိုးပျံရထားကလည်း ယာဉ်ကြောပိတ်ဆို့တာကို ကောင်းကောင်း ဖြေရှင်းပေးနိုင်လေသည်။ သူကတော့ မြို့တွင်းနဲ့ မြို့ပြင် အထူးသဖြင့် အဓိက လေဆိပ်ကြီးဖြစ်သည့် သုဝဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားတာ အဆင်ပြေဆုံးဖြစ်သည်။ မြို့လည်ကနေ လေဆိပ်ကို အငှားယာဉ်၊ ဘတ်စ်ကားတို့ဖြင့်သွားက အချိန်အတော်ပေးရသည်။ ယာဉ်ကြောပိတ်မည့် အချိန်ကို ရှောင်ကာ စောစီးစွာ သွားကြရရာ အချိန်ကုန် လူပမ်း  ဖြစ်ကြရသည်။  ဘန်ကောက်က အမျိုးသမီးတယောက်ကို ညဖက် ဘယ်အချိန်လောက်မှာ ကားလမ်းရှင်းပြီလဲလို့ မေးစမ်းကြည့်ရာ ည(၁၀)နာရီဆို ရှင်းပါပြီ ဖြေလေသည်။ ရန်ကုန်က တော်သေးသည်။ ည (၆)နာရီ စွန်းစွန်းဆိုက အတော်အတန်ရှင်းပြီး ၇နာရီနှင့် (၈) နာရီခန့်ဆို ရှင်းသလောက်ရှိပြီဖြစ်သည်။
                 မိုးပျံရထား မစီးဖူး၍ အစ အဆုံး စီးကြည့်ရာ မြို့လည်ခေါင်ကနေ သုဝဏဘူမိ ခရီးဆုံး ဘူတာရောက်တဲ့အခါ ဟိုဟို
ဒီဒီ ကြည့်မိတော့မှ သုဝဏဘူမိလေဆိပ်ထဲ ရောက်နေမှန်းသိရတော့သည်။ အဆင်ပြေအောင် လုပ်ထားတော့လည်း အဆင်ပြေတာပဲလို့ တွေးမိလေသည်။ " ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လိမ့်မယ် မယုံမရှိနဲ့ အမှန်ပါပဲကွဲ့ " ဆိုတဲ့ အဆိုတော် ဂျင်မီဂျက်(ခ) လားရှိုးသိန်းအောင် သီချင်းကို သတိရမိလိုက်သေးသည်။ အခုကတော့ လေယာဉ်ကွင်းမှာ ရထားဆိုက်ခြင်းပေါ့၊
                ရန်ကုန်မြို့ လူဦးရေက (၂၀၁၄ခုနှစ်) သန်းကောင်စာရင်းအရ ဆိုက လူဦးရေ ( ၅.၂၁) သန်းရှိသည်ဆိုရာ ဘန်ကောက်မြို့ လူဦးရေ( ၈) သန်းနှင့် ယှဉ်သော် ရန်ကုန်က လူဦးရေ အချိုးအစား မျှတသည် ဆိုရပေမည်။ သို့သော် ရန်ကုန်မြို့ထက် ဘန်ကောက်ကတော့ အဆ  သုံးဆခန့် ပိုကျယ်တာဖြစ်သည်။ မြို့က ကျယ်ပြန်တော့လည်း တနေရာနှင့်တနေရာ သွားရတာဝေးလံလှသည်။ ခြုံကြည့်သော် ရန်ကုန်မြို့ကြီးက မဆိုးလှသေး၊ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ များစွာ ရှိနေသေးသည်။ ရေဆိုးမြောင်းလို စွန့်ပစ်ရေထဲက ခရီးသွားစရာလည်းမလိုသည့်အပြင် ရန်ကုန်ရဲ့ မြို့ပြ မွမ်းကြပ်မှုက ဘန်ကောက်မြို့ရဲ့ မွမ်းကြပ်မှုကို ရန်ကုန်က အမီမလိုက်နိုင်သေးတာ ကြံကြံဖန်ဖန်တွေးပြီး ဝမ်းသာရသေးသည်။ ကိုယ့်တိုင်းပြည်နှင့် သူ့တိုင်းပြည် နှိုင်းယှဉ်ကြည့်တော့ သူတို့ဆီမှာ  ရထားတွေက မိုးပေါ်မှာ၊ လူတွေက အောက်မှာ ကပြောင်းကပြန်သွားလာတာ ထူးဆန်းရင်းက ကျောတွန့်မိသည်။ မြေကြီးပေါ်က ကားလမ်းတွေ ပိတ်ဆို့ကြပ်ညပ်နေသည့် အတွက် လူတွေ သွားလာဖို့ ဂုံးကျော်တံတားတွေ ထိုးထားရာ ခေတ်မီခမ်းနားလှသော်လည်း မြေကြီးနှင့်မထိပဲ သွားလာနေရသည့် မြေမထိ လူသားတွေ ဖြစ်နေပါလားလို့ တွေးမိသည်။
                     မြင်မြင်သမျှ ယှဉ်ကြည့်ရင်းက ရန်ကုန်ကို ဝန်ရံထားတဲ့ ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်၊ ပဲခူးမြစ် အစရှိသည့် သဘာဝက ပေးထားသည့် အရင်းအမြစ်တွေကို လမ်းပမ်းဆက်သွယ်ရေးအတွက် အသုံးပြုနိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေသေးတာ တွေးမိသည်။ သဘာဝအတိုင်း လှပစွာ စီးဆင်းနေသည့် မြစ်အတွင်း သာယာလှပသော ရှုမျော်ခင်းတွေ လတ်ဆတ်သော လေကောင်းလေသန့်တွေ ရနိုင်သေးသည်။ ရန်ကုန်မြို့တမြိ့လုံးစွန့်ထုတ်
ထားသည့် ရေဆိုးမြောင်းတွေ ရေစီးရေလာကောင်းကောင်းဖြင့် ဖြောင့်ဖြောင့်တန်းတန်း စီးဝင်စရာ နေရာတွေ ရှိနေသေးသည်။ လမ်းခရီး ဘယ်လောက်ပင်ကြပ်ပါစေ၊ ကားလမ်းတွေ ဘယ်လောက်ပင် ပိတ်ပါစေ၊ ရေဆိုးမြောင်းထဲက ခရီးမနှင်ရသေးတာ ဟုတ်နေသေးသည်။ မွန်းကျပ်နေပေမယ့် ထွက်ပေါက်ရှိနေသေးသည်လို့ တွေးမိရင်း အသက်ရှုကြပ်ခဲ့ရသည့် ရေဆိုးမြောင်းခရီး အတွေ့အကြုံကနေ မြို့ရန်ကုန်အတွက် မျှော်လင့်ချက်တွေ  ရှိနေသေးပါလားလို့ တွေးနေမိလေတော့သည်၊
 ခိုင်ခိုင်စောလွင်

August 21, 2016

"သူတို့ရဲ့ ကမ္ဘာငယ်" ၂၂ရက်ဩဂုတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၂)မှ

" သူတို့ရဲ့ ကမ္ဘာငယ်"

                              မျက်နှာမှာ သနပ်ခါး ပါးကွက်ကလေးတွေလိမ်းချယ်ပြီး ခပ်သုတ်သုတ်သွားနေကြသည့် မိန်းမပျိုကလေးတွေကို ငေးကြည့်နေမိသည်။ သူတို့ရဲ့ စက်ရုံဝတ်စုံ ဖြစ်သည့် စိမ်းဝါရောင် ခေါင်းစွပ် ချည်သားအင်္ကျီ၊ စိမ်းဝါရောင် ဘောင်းဘီစက တို့ဖြင့် သွားလာနေကြသည့် စက်ရုံအလုပ်သမားတွေ ကိုယ့်အုပ်စုနဲ့ကိုယ် စကားတပြောပြော သုတ်ချေတင်နေကြလေသည်။ အဆိုပါ မြင်ကွင်းကား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏဘူမိလေဆိပ်အနီးက လမ်းမကြီး တခုပေါ်မှာ မြင်တွေ့ရခြင်းဖြစ်သည်။ မြန်မာစကားတွေ ညံစည်အောင် ပြောပြီး သနပ်ခါး အဖွေးသားဖြင့် လမ်းလျှောက်သွားနေကြတာ မြင်လိုက်ရသည့်အခါ မြန်မာပြည်များ ရောက်နေတာလားလို့  ထင်မိရသည်။
                           အဆိုပါ စက်ရုံက အမျိုးသမီးငယ်ကလေးဖြင့် စကားစမြည် ပြောဆိုရင်း မြန်မာတွေ စုပေါင်းနေထိုင်ကြသည်ဆိုသော တိုက်ခန်းတွဲဆီ ရောက်ရှိခဲ့သည့်အခါမှာတော့  သီးခြား မြန်မာပြည်ရပ်ကွက်ကလေးတခု ရောက်သွားသလို ခံစားရလေတော့သည်။ လမ်းထဲကို ကွေ့ဝင်လိုက်သည့်အခါ  အဝင်ဝကတိုက်တွေက ထိုင်းလူမျိုးတွေ နေကြသည်။ အဆိုပါ နေရာအထိ လမ်းရှိသည်။ ထို လမ်းထိပ်ကနေ  မြန်မာအလုပ်သမားတွေ စုပေါင်းနေထိုင်ရာ တိုက်ခန်းတွဲ ရှိသည့် နေရာအထိ လမ်းတွေ ဆိုးရွားသည်။ ချိုင့်တွေ ခွက်တွေ မညီမညာ ဖြစ်ရုံမက ကတ္တရာပင် မရှိတော့ပေ။ ချင်းမိုင်မှာ အင်မတန် ဆိုးရွားသည့် လမ်းသွယ်တခုကို ဖြတ်ဝင်စဉ်က အနီးက မြန်မာဆိုင်ကလေးက ကောင်လေးတယောက်ကို ဒီလမ်းက တခြားလမ်းတွေနဲ့မတူ တော်တော်ဆိုးတယ်နော် ၊ ကားကြီးတွေ ဝင်လို့လား မေးမိရာ မဟုတ်တဲ့ အကြောင်းနဲ့ ဒီရပ်ကွက်ထဲ မြန်မာတွေချည်းနေကြတာ ဖြစ်လို့ မပြုမပြင်ထားတာ လို့ ဖြေတာ သတိရမိသည်။ အခြား နီးစပ်ရာ မေးကြည့်ရာ တူညီသော အဖြေကိုရသည်။ မြန်မာတွေ အနေများတဲ့ လမ်းဆိုပါက ပစ်ထားကြကြောင်း ၊ ပြင်ဆင်မှု ဘာမှ မလုပ်ပေးကြောင်း ကြားသိဖူးရာ လမ်းတွေ ကောင်းလှပါတယ်လို့ နာမည်ကြီးသည့် ထိုင်းနိုင်ငံမှာ လမ်းဆိုးဆိုး တွေ့က ဒီလမ်း၊ ဒီရပ်ကွက်မှာ မြန်မာအလုပ်သမားတွေ စုနေကြတယ် ထင်တယ်လို့  ပြောမိရသည်အထိပင်။
                        အဆိုပါ တိုက်ခန်းကို မဝင်ခင် လမ်းမှာကတည်းက ခပ်လှမ်းလှမ်း ကွက်လပ်မှာ ခြင်းခတ်ကစားနေကြသည့် အုပ်စုနှင့် ထိုင်ကြည့်နေသည့် အုပ်စုကို တွေ့ရသည်။ လှေကားမှာ ဆေးလိပ်သောက်ရင်း ဝိုင်းဖွဲ့ စကားပြောနေကြသည့် လူငယ်တစုကို ပြုံးကြည့်ရင်း ခြင်းပွဲ လူစည်လှချည်လား အမေးကို
 " ဒီနေ့ အမေနေ့ ၊ ဘုရင်မကြီး မွေးနေ့ စက်ရုံပိတ်ရက်မို့ လူစုံလို့လေ " မြန်မာလို ပြန်ဖြေသည်။
အပေါ်ထပ်ကို တက်ဖို့ လှေကား အကွေ့မှာ ကွမ်းတံတွေးတွေ မြင်မကောင်း ၊ အတူပါသည့် အဖော်က မြန်မာပြည်သားတွေ ပီသပါပေတယ် ရေရွတ်လိုက်လေသည်။  နှစ်ထပ်တိုက်ရဲ့ အခန်းငယ်ကလေးတွေမှာ တံခါးတွေ ဟောင်းလောင်းဖွင့်ထားတဲ့ အတွက် မကြည့်သော်လည်း မြင်နေရသည့် မြင်ကွင်းတွေပင်၊ ငါးပေ ခုနှစ်ပေ အခန်းငယ်ကလေးရဲ့ သမံတလင်းပေါ်မှာ အင်္ကျီကျွတ်ဖြင့် တုံးလုံးလှဲသူကလှဲ၊ ချက်ပြုတ်သူက ချက်ပြုတ် မီးပူတိုက်သူက တိုက်နေရင်း  ဖြတ်သွားသည့် လူစိမ်းတွေကို လှမ်းအကဲခပ်ဟန် တွေ့ရသည်။ မြန်မာစကားသံတွေ သောသောညံနေတာလည်း ကြားရသည်။
  ထိုင်းလူမျိုးတွေ မြင်က အထင်သေးနိုင်သော်လည်း " ကိုယ့်တိုင်းပြည်မှာ နေသလို လွတ်လွတ်လပ်လပ် နေကြရတာပဲ" လို့ သူတို့ကိုယ်စား ကျေနပ်မိရပြန်သည်။ ထိုင်းလူမျိုးတွေက တိတ်တိတ် ဆိတ်ဆိတ် ၊ အိမ်တံခါးပိတ်၊ အခန်းတံခါးပိတ် ငြိမ်ငြိမ်သက်သက် နေတတ်ကြတာဖြစ်သည်။
               အလည်ခေါ်လာသည့် မိန်းကလေး အခန်းရောက်တော့မှ အခန်းဖွဲ့စည်းပုံကို ကြည့်ရင်း တလ ဘယ်လောက်ပေးရသလဲ မေးကြည့်မိသည်။ အနောက်မှာ ၃ပေခန့်ကျယ်သည့် အခန်းကလေးရှိသည်။ သူကတော့ ဂက်စ်မီးဖိုကလေး ဝယ်ထားပြီး ရံဖန်ရံခါ ချက်စားသည်တဲ့၊ အဆိုပါ အခန်းနဲ့ ကပ်ရက်က ရေချိုးခန်း အိမ်သာတွဲရက် ရှိသည်။ မြန်မာပြည်က ရေချိုးခန်းလို တူအောင် ဆောက်ပေးသလား ထင်ရသည်။ တလကို ဘတ်(၂၈၀၀) ပေးရသည်။ သူတို့ကတော့ နှစ်ယောက်နေတော့ တယောက် ဘတ်(၁၄၀၀) ကျသည်တဲ့။ တချို့  သုံးလေးယောက် စုနေကြသည်။ ဘန်ကောက်က မြို့ကြီးပြကြီးမို့ ရန်ကုန်လိုပင် နေစားရိတ်ကြီးသည်။ အဆိုပါ ဘတ်(၂၈၀၀) မပြောနှင့် ဘတ်(၁၅၀၀) လောက်ပေးရသည့် အခန်းတွေပင် ချင်းမိုင်မှာ ဆိုပါက  အိပ်စရာ ကုတင်တလုံး၊ မွေ့ယာ၊ စောင်၊ ခေါင်းအုံး ပါသည်။ ရေခဲသေတ္တာ တလုံး၊ ပန်ကာ(သို့မဟုတ်) လေအေးပေးစက် တလုံးပါသည်။ အဝတ်ထည့်ရန် ဘီရို၊ မှန်တင်ခုံ၊ ရေချိုးခန်းမှာ ရေပူရေအေးစက်ပါသည်။ လူတစ်ယောက် နေထိုင်ဖို့ လိုအပ်သည့် အသုံးအဆောင်တွေ ဖြည့်ဆည်းပေးထားတာ ဖြစ်သည်။
             သူတို့မှာ သမံတလင်းခင်းထားသည့် အခန်းပြောင်ကြီးသာ ရရာ မြန်မာအလုပ်သမားတွေမို့ ဒီလိုလုပ်တာလား အမေးကို မဟုတ်ဘူးလို့တော့ ဖြေကြသည်။ အင်မတန်မှ သန့်ရှင်းပြီး အလှအပ ကြိုက်တတ်ကြသည့် ထိုင်းလူမျိုးတွေ ဒီလို အခန်းမျိုးပေးငှားက နေပါ့မလား မေးခွန်းထုတ်မိသည်။ သူတို့ တိုက်နဲ့ မြေကွက်လပ်ကြီး ခြားသည့် တိုက်ခန်းတွဲ နှစ်ခုကို လှမ်းမြင်၍ အဆိုပါတိုက်ခန်းတွေက သစ်လွင်သားပဲ အဲဒီမှာရော မြန်မာအလုပ်သမားတွေ ရှိလား မေးရာ အဆိုပါ တိုက်ခန်း ပိုင်ရှင်က မြန်မာအလုပ်သမားဆို မငှားလို့ ဆိုသတဲ့။
အခု နေနေတဲ့ အခန်းလည်း ကောင်းပါတယ်၊ အခန်းမှာ နေရတာလည်း နည်းတယ်လေ၊ အိပ်ချိန်ပဲ၊ တခါတလေ ညဂိုဏ်း နေ့ဂိုဏ်း အချိန်ပိုတွေ ဆင်းရရင် အခန်းတွေမှာ လူတောင်မရှိကြဘူး ဆိုလေသည်။ ဒီအခန်းကို ရဖို့ တစ်နှစ်လောက် စောင့်ယူရတာလို့ ပြောပြလေသည်။ အဓိကက ကျောတခင်းစာ နေရာ လုံလုံခြုံခြုံ ရဖို့နဲ့ စက်ရုံနဲ့ အနီးဆုံးကို ရဖို့ ဆိုပြန်တော့ ဟုတ်သားလို့ စိတ်လျှော့ရပြန်သည်။
               ထိုင်းနိုင်ငံမှာ ရောက်နေကြသည့် သန်းချီသည့် အလုပ်သမားတွေ ကြုံတွေ့ရသည့် ဒုက္ခအဖုံဖုံနှင့် ယှဉ်လိုက်သော် သူတို့ အနေအထားက နတ်ဘုံနတ်နန်းပေါ့၊ အိမ်ကနေ စက်ရုံကို လမ်းလျှောက်သွားလို့ရတာ တပန်းသာသည်။ စက်ရုံက တနေ့ ထမင်းတနပ်ကျွေးသည်။ ဒါတင်မက နေစရာမရှိက ခန်းမကြီးထဲမှာ ကုတင်တွေ တန်းစီပေးထားသည့် အခန်းမှာ တလကို ဘတ်(၅၀၀) ပေးပြီး နေလို့ ရသေးသည်တဲ့။ လူကတော့ ပေါင်းစုံသည်။ တယောက်အဝတ်လဲ တယောက် မြင်နေရတာဖြစ်သည်တဲ့။ လခကြပြန်တော့ ထိုင်းလူမျိုးတွေကို ပေးသည့် နှုန်းထားအတိုင်းရကြသည်။ အလုပ်သမား အခွင့်အရေးတွေ အကုန်ရသည်။ စက်ရုံကလည်း အလုပ်ဖြစ်သည်။ ထိုင်းလူမျိုးး အလုပ်သမားတွေ လည်း များစွာရှိသည်။ အလုပ်သမားတစ်ထောင်ကျော် ရှိသည့် ချည်စက်ရုံကြီးမှာ အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား အုပ်စုကို လူသူမနီးသည့် ဘန်ကောက်မြို့ပြင်က ရပ်ကွက်တခုမှာ တွေ့မြင်ရရင်း အနှိပ်စက်ခံ၊ မတရားပြုခံရင်း အလုပ်လုပ်နေရသည့် သူတွေထက် များစွာတော်သေး၍ ကျေနပ်မိသော်လည်း စိတ်ထဲတော့ နင်တင်တင် ဖြစ်မိတာအမှန်၊
ကိုယ့်နိုင်ငံရဲ့ လုပ်ငန်းတွေမှာ ဒီလို ဝန်ထမ်းတွေ လုပ်ကိုင်ပြီး အလုပ်ရှင်ရော၊ အလုပ်သမားရော တိုးတက်ကြီးပွားကြပါက ဘယ့်လောက် ကောင်းမည်နည်း၊ ထိုင်းနိုင်ငံရဲ့ ယန္တရားတွေကို မြန်မာတွေဖြင့် မောင်းနှင်နေကြတာဆိုသည့် ကာတွန်းလိုပင် ၊ ကိုယ့်နိုင်ငံရဲ့ ယန္တယားကို ကိုယ့်လူမျိုးတွေနှင့် တက်ညီလက်ညီ မောင်းနှင်နိုင်သည့် အချိန် အမြန်ဆုံး ရောက်ချင်စိတ်ပေါ်သည်။
                       အဆိုပါ တိုက်ခန်းကနေ စက်ရုံကို သွားသည့် လမ်းမကြီးရဲ့ နံဘေးက စားသောက်ဆိုင်မှာ ထိုင်ကြပြန်တော့ ခပ်တည်တည်နဲ့ ဘာတွေရလဲလို့ မြန်မာစကားနဲ့ မေးလိုက်ရာ စားပွဲထိုးကောင်လေးက ပြုံးရင်း မြန်မာလို ပြန်ဖြေသည်။ အလုပ်သမားတွေအားလုံး လိမ္မော်ရောင်တောက်တောက် တီရှပ်တွေ ဝတ်ထားကြသည်။ အသက်(၂၀) ဝန်းကျင် လူငယ်ကလေးတွေ အများဆုံး ဖြစ်သည်။ သူတို့ကြည့်ရတာ တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ် ရှိပြီး အလုပ်ခွင်မှာ ပျော်ရွှင်ကြပုံရသည်။ ဝမ်းသာပါတယ်လို့ စိတ်ထဲက ပြောမိသည်။ အကြော်အလှော်ခန်းက နေ မှာထားသည့် အစားအစာတွေကို ကောင်တာက ထုတ်ပေးသည့် အသက်(၄၀) ခန့် အမျိုးသမီးကြီး မျက်နှာမှာလည်း သနပ်ခါးတွေ အဖွေးသား၊ ကရင်ပြည်နယ်က လာကြတာ အများဆုံး ဖြစ်သည်တဲ့။ သူတို့ကတော့ စက်ရုံက အလုပ်သမားတွေလောက် ဝင်ငွေ မရကြ၊ ဒါပေမယ့် နေစရာနဲ့ စားစရာ အပြီးအစီးဆိုတော့ မဆိုးလှ၊ စားသောက် ငွေရှင်းပြီးတဲ့ အခါ  လက်အုပ်ကလေးချီ နှုတ်ဆက်သည်။ မျက်နှာကလေးက ရှက်ရွံ့ရွံ့၊ မရှက်ပါနဲ့ ကလေးရယ်၊ တို့လူကြီးတွေက ရှက်ရမှာပါ၊
" မင်းတို့လိုလူငယ်တွေ ပညာသင်ရမယ့် အရွယ်မှာ ပညာမသင်ရပဲ သူများတိုင်းပြည်မှာ အခုလို မိဝေးဖဝေး လာပြီး အလုပ်လုပ်နေရတာ တို့လူကြီးတွေ ဘာမှ လုပ်မပေးနိုင်လို့ပေါ့ မင်းတို့ကို အားနာရှက်ရွံ့မိတယ်"
             စိတ်ထဲက ခံစားချက်က ကြာကြာသည်းခံနိုင်စွမ်းမရှိတော့တဲ့အခါ နှုတ်က အကြိမ်ကြိမ် ပြောမိသည်။ ဒီလို ကလေးတွေ၊ လူငယ်တွေ၊ တို့နိုင်ငံသားတွေ ဒီလိုပဲ နေကြရမှာလား အပြောကို အတူတွေ့မြင်ခဲ့ရသည့် ခင်ပွန်းဖြစ်သူက " အခုအနေအထားက ဘာတတ်နိုင်မှာလဲ၊ တို့တွေ့ခဲ့ရတဲ့ ကလေးတွေ၊ အလုပ်သမားကလေးတွေ အဆင်ပြေပြေ ဖြစ်နေကြတာပဲ တော်သေးတယ်လေ၊ ဆိုးဆိုးဝါးဝါး အခြေအနေတွေ မဖြစ်တာကို အဆိုးထဲက အကောင်းဖြေကြတာပေါ့" လို့ နှစ်သိမ့်သည်။
             သူတို့နေနေရသည့် ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မြို့ကြီး ဘယ်လောက်စည်တယ်ဆိုတာ သူတို့ မသိ၊ သူတို့ အခုနေနေတဲ့ လူသူမနီး အဝေးပြေးလမ်းမကျယ်ကြီးရဲ့ တဖက်ခြမ်းက စက်ရုံ အလုပ်ရုံတွေမှာ နေ့နေ့ ညည အလုပ်လုပ်ရင်း ၊ ရွာမှာကျန်ခဲ့တဲ့ မိဘ ညီအကိုမောင်နှမနဲ့ သားသမီးတွေကို လစဉ်  ငွေပို့ပေးဖို့ အလုပ်သည်သာအိမ်၊ အလုပ်သည်သာ လူမှုအသိုင်းအဝန်း၊ မျက်စေ့တဆုံးမြင်နေရသည့် အဝေးပြေးလမ်းမကြီး၊ တမျှော်တခေါ်လှမ်းမြင်နေရတဲ့ လေယာဉ်ကွင်းကြီးကို ငေးရင်း ကိုယ့်ကမ္ဘာလေး ကိုယ်တည်ဆောက်၊ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း စုပေါင်းနေကြ ပျော်အောင်နေကြ သီးခြားကမ္ဘာလေးထဲက မြန်မာအလုပ်သမားတွေဘဝ မြင်ခဲ့ရခိုက် ထိုင်းနိုင်ငံတဝန်း ဒီလို ကမ္ဘာငယ်ကလေးတွေ မြောက်များစွာ ရှိနေမှာလို့ တွေးရင်း အဆိုးထဲကအကောင်း သီးခြားကမ္ဘာငယ်ကလေးထဲက မြန်မာအလုပ်သမားလေးတွေ အကြေားင်း တစေ့တစောင်း မှတ်တမ်းတင်မိလေတော့သည်။
ခိုင်ခိုင်စောလွင်

August 16, 2016

" အပယ်ရတနာ" ၁၅ရက် ဩဂုတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၁) မှ

" အပယ်ရတနာ"

                    ငွေလဲကောင်တာမှာ ဒေါ်လာ(၁၀၀) လဲပါမယ် ပြောလိုက်တဲ့အခါ  ဝန်ထမ်းအမျိုးသမီးလေးဆီက တခါမှ မမေးဘူးတဲ့ မေးခွန်းကို ကြားလိုက်ရသည်။
" ဘယ်နိုင်ငံကို ယူသွားဖို့လဲ" တဲ့
" မြန်မာပြည်" လို့ ဖြေလိုက်အပြီးမှာ အတွင်းခန်းကလူကို အင်တာကောလ်နဲ့ မြန်မာပြည်ယူသွားဖို့ပါ ဒေါ်လာ(၁၀၀) တဲ့။
လက်ထဲရောက်လာတဲ့ ဒေါ်လာ(၁၀၀)တန်က အသစ်နီးပါး ။ စိတ်ချမ်းသာစရာပါ။ ဒါပေမယ့် ဘာလို့ ဒီလိုမေးရတာလဲ ။ အဖြေက ရှင်းသည်။ ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို ဆက်လက် သွားရောက်ကြသည့် နိုင်ငံခြားသား များစွာ ရှိသည်။ သူတို့ မြန်မာပြည်မှာ ငွေကြေးသုံးစွဲရတာမှာ အခက်အခဲတွေ ရှိရာက ငွေလဲတဲ့အခါ တောင်းဆိုကြတာမှာ  အခုလို  ထိုင်းကငွေလဲလုပ်ငန်းတွေကပါ မြန်မာပြည်အတွက်ဆိုကာ သီးသန့် ထုတ်ပေးရတာ ဖြစ်လာသည်။ သတင်းကြီးလှပါပေတယ်လို့ တွေးနေမိလေတော့သည်။
                     အဆိုပါ ငွေလဲကောင်တာမှာ လွန်ခဲ့တဲ့ တပတ်က တခါရောက်တုန်းက ဒီလိုမဟုတ်၊ ပေးလိုက်တဲ့ ဒေါ်လာ(၁၀၀)တန်က အစွန်းအထင်းနဲ့ ကြေတာမွတာ မရှိပေမယ့် အသစ်ကြီးတော့ မဟုတ်၊ ခပ်လတ်လတ်၊ ကိုယ်တိုင်က ပိုက်ဆံဆို သစ်မှလို့ အစွဲမရှိ၊ ချေးမများတတ်ပေမယ့် မြန်မာပြည်က ဒေါ်လာလက်ခံမယ့် ဘဏ်၊ ရုံးဌာနတွေက အင်မတန်ချေးများတာ ကြုံဖူးတဲ့ အတွက် ဒါလေးက မဆိုးပါဘူးလို့ ကျေနပ်စွာပဲ လက်ခံယူခဲ့တာဖြစ်သည်။ ကိုယ်ကသာ မဆိုးပါဘူး တွေးထားသည့် အဆိုပါ တစ်ရာတန်ကို လေကြောင်းကုမ္မဏီတစ်ခုက လက်မခံပါ။ နွမ်းလို့ ဆိုကာ အကြောင်းပြသည်တဲ့။ သဘောကတော့ အသစ်မဟုတ်လို့ပေါ့။ ပျက်စီး ဆုတ်ပြဲနေတာမဟုတ်ပါပဲ လက်မခံ။
              တက္ကသိုလ်ဝင်ခွင့်ရသည့် သမီးက ရန်ကုန်မှာ လေယာဉ်လက်မှတ် ဝယ်ဖို့ အဆိုပါ ပိုက်ဆံကို ပေးလိုက်တဲ့ အခါ  ကြုံရတာဖြစ်သည်။ သူ့ကို လိုက်ဝယ်ပေးသည့် သမီးကြီးဖြစ်တဲ့သူက လေကြောင်းကုမ္မဏီက ဝန်ထမ်း အမျိုးသမီးလေးကို ဘာဖြစ်လို့ မယူသလဲ မေးတဲ့အခါ သူတို့က ဘဏ်ကို ငွေသွားပြန်သွင်းရင် ဘဏ်တွေက လက်မခံလို့ပါ ဆိုသတဲ့။ သူပြောတဲ့ ဘဏ်ကလည်း အနားတင်ဆိုတော့ အဲဒီ ပုဂလိကဘဏ်မှာပဲ မြန်မာငွေသွားပြန်လဲ၊ ပြီးမှ မြန်မာကျပ်ငွေ ပေးဖို့ စီစဉ်ကာ ဘဏ်မှာ ငွေလဲတော့လည်း လက်မခံပါတဲ့။ သမီးကြီးကတော့ ဥပဒေတွေဘာတွေနဲ့ ကိုင်ပေါက် ပြောဆိုမှ ဝန်ထမ်းနှစ်ယောက်လောက် လာပြောလိုက်၊ ပြန်သွားလိုက်၊ ဒီတစ်ရာတန်အပေါ်မှာ ပြောလိုက်တာ တစ်ရာတန်လည်း နွမ်းရာကနေ စွန်းထင်း ကြေမွ ရစရာပင်မရှိသလို ဖြစ်၊ နောက်ဆုံး ဘဏ်မန်နေဂျာနဲ့ တွေ့ပြီး ပြောမယ်ဆိုမှ မြန်မာကျပ်ငွေ လဲပေးလိုက်လေသည်။
            ဒီအကြောင်းတွေ ကြားရတဲ့အခါ လွန်ခဲ့တဲ့ (၇)နှစ်ခန့်က မြန်မာပြည်ကနေ ထိုင်းကို အလည်လာတာမှာ ဆွေလိုမျိုးလို ခင်မင်ရတဲ့ အဒေါ်တစ်ယောက်က သူ့ဆီမှာ ရှိတဲ့ ဒေါ်လာ (၅၀၀)ကို ထိုင်းရောက်ရင် သုံးပေးပါ၊ ဆိုကာ ပေးလာတာ သတိရသည်။ အဲဒီအဒေါ်ရဲ့ အမျိုးသားက  အင်္ကျီထဲ ပိုက်ဆံတွေ ထည့်ထားတာ မေ့ပြီး အဝတ်လျှော်စက်ထဲ ထည့်လျှော်မိ၍ ကြေမွနေတာ ဖြစ်သည်။ ဘယ်လိုမှ သုံးမရ၍ သိမ်းထားတာလို့ ဆိုသည်။ ထိုင်းရောက်တော့ အဆိုပါ ပိုက်ဆံတွေကို ဘယ်သူကမှ ဘာမှ မပြော၊ ငွေစစ်သည့် စက်ဖြင့် ဖြတ်ပြီး ဒေါ်လာ အတုအစစ်ခွဲကာ လဲပေးလိုက်တာဖြစ်သည်။
           ဘဏ်တွေကမှ လက်မခံပါက အဆိုပါငွေကို ဘယ်မှာ သွားသုံရမည်နည်း အတွေးပေါ်သည်။ ဘဏ်ဆိုတာ ငွေကြေးကို လှည့်ပတ်သုံးစွဲနေရသည့် လုပ်ငန်းတင်မက တိုင်းပြည်ရဲ့ အရေးကြီးသည့်  ယန္တရားတစ်ခုပင်မဟုတ်ပါလား။  နိုင်ငံခြားငွေကြေးတင်လားဆိုတော့ မဟုတ်ပြန်၊ မိမိတိုင်းပြည်တွင်းမှာ လည်ပတ်သုံးစွဲနေရသည့် မြန်မာကျပ်ငွေကိုပင် ဘဏ်တွေက တာဝန်ခံ တာဝန်ယူမှုမရှိပဲ အလွယ်တကူ ငြင်းပယ်နေတာ တွေ့နေရလေသည်။

" ဒီနေ့ ပုဂ္ဂလိကဘဏ်တစ်ခု ရောက်တော့
ငွေလွှဲဖို့စောင့်နေရင်း ကိုယ့်ရှေ့ကလူတွေနဲ့ ဘဏ်ဝန်ထမ်းမိန်းကလေးတွေ ပြုမူပြောဆိုပုံတွေကို လေ့လာနေမိတယ်။
“ဒီမှာ။ ဦးလေးရဲ့ ပိုက်ဆံ ၂ရွက် ပေနေတယ်။ ပြန်လဲပေးပါ။“
ကိုယ့်ရှေ့က အသက် (၅၀)ကျော်အမျိုးသားတစ်ဦးကို ပြောနေတာပါ။
သူ့ငွေစက္ကူအုပ်ထဲက စွန်းပေနေတဲ့ (၁)ထောင်တန် ၂ရွက်ကို ပြန်လဲခိုင်းနေတာပါ။
ပြည့်စုံတဲ့ပုံပေါက်တဲ့ အဲဒီ ခပ်၀၀ အမျိုးသားက
ဘာမှ မပြောပဲ အသာတကြည် လဲပေးလိုက်ပါတယ်။

နောက်တစ်ယောက်ကတော့ ...
အသက် (၇၀)ခန့် တုန်တုန်ချိချိ အမေအိုကြီးတစ်ယောက်။ ချို့တဲ့ရှာပုံပါ။
လွှဲဖို့ငွေက (၅)သောင်း။
ခဏအကြာ......ဇာတ်လမ်းစပါပြီ။
“ အမေကြီး.......အမေကြီးငွေထဲက ၅ထောင်တန်တစ်ရွက် ပေနေတယ်။ ပြန်လဲပေးပါ“
အမေကြီးခမျာ ...အလွန် တုန်လှုပ်သွားရှာပါတယ်။
“ အမေ့....အမေ့မှာ.....အပို...မ....မပါပါဘူး....သမီးရယ်.....
လက်ခံပေးလို့ ....လို့......မရဘူးလားဟင်.....“ လို့ ပြောပေမယ့်
“ မရလို့ပါအမေကြီး။ အားနာပါတယ်။ ပြန်လဲပေးမှ ရပါလိမ့်မယ်“
ဖေ့စ်ဘွတ်သုံးသူတစ်ယောက်က ပုဂလိကဘဏ်ခွဲတစ်ခုကို အရောက် သူကြုံရတာကို ရေးတင်တာ ဖတ်လိုက်ရသည်။ အဆိုပါ အမေကြီး အခက်အခဲ ဖြစ်နေသည့် ငါးထောင်တန်တစ်ရွက်ကို သူပဲ စိုက်ထုတ်ပေးလိုက်သည်တဲ့
           တစ်ခုတွေးမိတယ်ဗျာ။
ဘဏ်တွေဆိုတာ Customer တွေကို ၀န်ဆောင်မှုပေးရတဲ့လုပ်ငန်းပါ။
ရှေ့က အမျိုးသားရော၊ အမေကြီးပါ သူတို့ပိုက်ဆံတွေက နည်းနည်းစွန်းပေနေပေမယ့် အတုမှမဟုတ်တာ။
ငွေစက္ကူမှာပါတဲ့ နံပါတ်တွေကလည်း ထင်ထင်ရှားရှားပါ။
နိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူ အစုတ်အပြဲ၊ အဟောင်းအပေတွေကို လဲလှယ်ပေးတဲ့ ၀န်ဆောင်မှု ရှိမယ်ထင်ပါတယ်။
အဲဒီဝန်ဆောင်မှုကို ပုဂ္ဂလိကဘဏ်တွေက ချိတ်ဆက်ပြီး ကူညီဝန်ဆောင်မှုပေးလို့ မရဘူးလားလို့ပါ။
အဲဒါဆို Customer တွေ အတော်အဆင်ပြေမှာပါ။ လို့ ရေးထားတာ ဖတ်ရရင်း ဘဏ်နှင့် ဆက်သွယ်လုပ်ကိုင်နေရသည့် ပြည်သူတွေအပေါ် ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြတာတွေ မရှိတာ ထင်ရှားလေသည်။
             တကယ်တော့ ပုဂလိကဘဏ်ပဲ ဖြစ်ဖြစ်၊ အစိုးရဘဏ်ပဲဖြစ်ဖြစ် ဘဏ်အားလုံးမှာ ဗဟိုဘဏ်နှင့် ချိတ်ဆက်လုပ်ဆောင်ရတာ ဖြစ်ပြီး ဗဟိုဘဏ်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း လိုက်နာကြရတာဖြစ်သည်။ ဘဏ်နဲ့ ပတ်သက်ပြီး ဆက်ဆံရတဲ့ ပြည်သူတွေကို သက်ဆိုင်ရာဘဏ်က အသိပေးရမည့် အချက်တွေကို ဘဏ်နှင့်စတင်ဆက်သွယ်ကတည်းက ရှင်းလင်းပြောကြားရမည်သာဖြစ်သည်။ ထိုင်းနိုင်ငံမှာ ထိုနည်း အတိုင်း ကျင့်သုံးတာဖြစ်သည်။ ဘဏ်နှင့်စတင် ဆက်သွယ်ပြီ ဆိုကတည်းက သိသင့်သိထိုက်သည့် အကြောင်းအရာတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ ရှင်းပြတာဖြစ်သည်။  နောက်ထပ် ထုတ်ပြန်သည့် အကြောင်းအရာတွေ ရှိပါကလည်း စာတိုက်ကတဆင့် အကြောင်းကြားပေးတာမျိုးနှင့် တယ်လီဖုန်းမက်စေ့ခ်ျတွေကနေတဆင့် အကြောင်းကြားတာ၊ သတင်းမီဒီယာတွေကတဆင့် အကြောင်းကြားပေးတာ စသဖြင့် အမြဲလိုလို အသိပေးနေတတ်ရာ ပြည်သူတွေက မသိတာဘာမှမရှိ၊ ရှင်းရှင်းလင်းလင်း သိခွင့်ရကြလေသည်။ အစိုးရဘဏ်၊ ပုဂလိကဘဏ် နာမည်သာကွာသည်။ အတူတူပင်။
          ကျပ်ငွေ အဟောင်းအစုတ် စတာတွေကို ဘယ်သူကမှ လက်မခံ ဆိုတာ ကြားရသည့်အခါ ငယ်ငယ်တုန်းက ပိုက်ဆံအပြဲအစုတ်တွေကို ဘဏ်မှာပြန်လဲဖို့အတွက် ပိုက်ဆံရဲ့ နောက်ကျောကို စက္ကူတွေဖြင့် ကပ်ပေးရတာ သတိရမိသည်။ အိမ်မှာက ဝန်ထမ်းမိသားစုဖြစ်သည့်အတွက် ငွေကြေးလည်း ပိုပိုလျှလျှံမရှိပါ၊ သို့သော်ပိုက်ဆံ အဟောင်းအမြင်းလည်း တခါမှ ကိုင်မသုံးရသလို ငွေအကြွေလည်းမရှားပါ။ အကြောင်းက ဖခင်ဖြစ်သူက ဘဏ်ဝန်ထမ်း ဖြစ်သည့်အတွက် ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ သိသည်။  နိုင်ငံသားတစ်ယောက်မှာ ဘဏ်ကနေ တစ်နေ့ကို ငွေကျပ်မည်မျှကို ငွေအကြွေ လဲလှယ်သုံးစွဲပိုင်ခွင့်ရှိသည် ဆိုတာ သိရသည်။ ငွေကြေး အဟောင်းအမြင်းသာမက စုတ်ပြဲနေသည့် ငွေစက္ကူတွေကို ဘယ်ပုံဘယ်နည်း ပြန်လဲ၍ ရတယ်ဆိုတာ ငယ်စဉ်ကတည်းကသိခွင့်ရလေသည်။ ဒါ့ကြောင့် ဈေးသွားဝယ်လို့ ငွေစက္ကူ အပြဲကို မယူက စည်းမျဉ်းတွေ စည်းကမ်းတွေနှင့် ရှင်းပြရင်း အစိုးရထုတ်ထားတဲ့ ငွေကို မယူဘူးငြင်းပါက တရားစွဲ ထောင်ချလို့ ရသည်အထိ ဈေးသည်ကို ပြောမိရာ လန့်ဖြန့်ပြီး ယူလိုက်သည့် ဈေးသည်တွေကို သတိရမိလေသည်။ အဖေကတော့ ဈေးသည်တွေကို ဘယ်တော့မှ အစုတ်မပေး။ အသစ်သာပေးသည်။ ပြန်အမ်းငွေ အစုတ်တွေကို သူ့ဘာသာလဲ သုံးသည်။ ဈေးသည်တွေကို ပြောပြသည်၊ ထိုခေတ်က ဈေးသည်မပြောနှင့် သူဌေးတွေ ကုန်သည်ပွဲစားတွေပင် ဘဏ်နှင့် မဆက်ဆံကြ၊ ငွေကို ဂုံနီအိတ်ဖြင့်သာ ထည့်ပြီး အိမ်ခန်းထဲ ထောင်ထားကြတာ ဖြစ်သည်။ ယခုလို ပုဂလိကဘဏ်မပြောနှင့် အစိုးရဘဏ်တွေပင် မြို့နယ်တိုင်း မရှိသေး။ နောက်ပိုင်းမှ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေ တနယ်ပြီးတနယ် တမြို့ပြီးတမြို့  လိုက်ဖွင့်ပေးတာ ဖြစ်သည်။
                အိမ်နီးချင်း တစ်ယောက်က စီးပွားရေးသမား၊ အရောင်းအဝယ်လုပ်ရင်း ငွေစက္ကူအစုတ်တွေ များလာကာ ဘာလုပ်ရမလဲ မေးရာက ဘဏ်မှာသွားလဲပါ လို့ အဖေက ရှင်းပြမှ သူတို့သိသည်။ အဆိုပါ အိမ်နိးချင်းရဲ့ ငွေစက္ကူတွေကို လဲဖို့အတွက် ငွေစက္ကူရဲ့ နောက်ကျောက်ု စက္ကူတွေ ဝိုင်းပြီး ကပ်ပေးရတာဖြစ်သည်။ အဆိုပါ ငွေစက္ကူရဲ့ အနောက်က ကပ်ထားတာ စက္ကူအဖြူအပေါ်မှာ ငွေလဲလှယ်မည့်သူရဲ့ မှတ်ပုံတင်နံပါတ်ကို ရေးပေးရသေးသည်။ ထိုသို့ ပြုလုပ်၍ ဘဏ်တွေမှာ ငွေစက္ကူအစုတ်တွေကို ပြန်လက်ခံတာဖြစ်သည်။ သို့သော် ထိုစဉ်ကတည်းက နိုင်ငံသားတိုင်း သိကြတာမဟုတ်၊ သိအောင် သတင်းထုတ်ပြန်မှုက အားနည်းတာ ယနေ့တိုင်အောင်ဆိုက နှစ်ပေါင်းမနည်းမနော ကြာခဲ့လေပြီ။
         ငယ်စဉ်ကတော့ ပိုက်ဆံတွေရဲ့ တခြမ်းက စက္ကူတွေ ဖြစ်နေတော့ အစိုးရက ဘယ်လို ပြန်သုံးမလဲ လို့ ပူပူပင်ပင် မေးမိသည်။ အစိုးရက ပြန်မသုံးပါ၊ နံပါတ်တွေနှင့် သေချာမှတ်ထားပြီးသား အဆိုပါ ငွေစက္ကူတွေကို ဘဏ်ခွဲတွေကတဆင့် ဗဟိုဘဏ်ကို ပို့လိုက်ရတာဖြစ်သည်။ ဗဟိုဘဏ်က ရှင်းလိုက်သည့် နည်းကို ယခု ရိုးတိုးရိတ်တိတ်သာ မှတ်မိသဖြင့် မသေချာ၍ မပြောတော့ပါ။ အဓိကက နိုင်ငံရဲ့ ငွေကြေးကဏ္ဍကို မြို့နယ် ဘဏ်ခွဲတွေကတဆင့် ဗဟိုဘဏ်က တာဝန်ယူ တာဝန်ခံရတယ်ဆိုတာ ရှိကြောင်း ပြောလိုရင်းဖြစ်သည်။ ယခုသော်  စုတ်ပြဲ၊ ကြေမွ နေသည့် ငွေကြေးများကို မည်သည့်ဘဏ်ကမှ လက်မခံသော်၊ နိုင်ငံသားတွေက သုံးမရဆိုက ဒီတိုင်းထားလိုက်တာမျိုး၊ ဒါမှမဟုတ် သိမ်းဆည်းထားသည်ဆိုသော် တစ်ဦးတယောက်မက သန်းနှင့်ချီသော လူဦးရေနှင့် တွက်ကြည့်သော် ငွေတွေ အိပ်နေပြီလို့ ယူဆလေသည်။ နိုင်ငံတော်ရဲ့ ငွေကြေးလည်ပတ်မှုမှာရော ထုတ်လိုက်သည့် ငွေကြေးနှင့် သုံးစွဲသည့် ငွေကြေး လည်ပတ်မှု ညီမျှမှု ရှိပါမလား။ နှမ်းတစေ့နှင့် ဆီမဖြစ် ဆိုသလို နှမ်းစေ့တွေ စုပြီး တစ်ဦးချင်းမှာ တစ်ရာကျပ်နှင့် တွက်ကြည့်တာပင် သန်းငါးထောင်၊ အခြားငွေစက္ကူတန် ၂၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ စတာတွေ သုံးမရ၍ ဒီတိုင်းပစ်ထားတာတွေ ရှိနေအုန်းမှာပင်။
           ဖေ့စ်ဘွတ်မှာ ဖတ်လိုက်ရသည့် အမေကြီးရဲ့ ငါးထောင်တန်ရော ၊ သုံးမရ၊ ဘဏ်ကလည်း လက်မခံ ဘယ်သူကမှ လက်မခံ ဆိုက ၊ ဒီတိုင်း ဆုံးရှုံးသွားမည်သာ ဖြစ်သည်။ နိုင်ငံသားအားလုံး၊ အထူးသဖြင့် ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်ရသည့် နိုင်ငံသားတွေအားလုံးကို ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းသိရှိရအောင် ပြောဆိုပြီး ဘဏ်တွေအားလုံးက ငွေစက္ကူ နဲ့ ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံမှုတွေ ရှိထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ လိုနေပြီလို့ ယူဆမိလေသည်။ ကိုယ်တာဝန်ယူရမှာကို  တာဝန်မယူပဲ သုံးစွဲသူကို ပြန်ပြီး ပုံချတာ မဖြစ်သင့်ပေ။ အစိုးရဘဏ်ပဲ ဖြစ်ဖြစ် ၊ ပုဂလိကဘဏ်ပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍကို တာဝန်ယူရသူချည်းဖြစ်သည်။ ကိုယ်နှင့် ဆက်သွယ်လုပ်ဆောင်ရသည့် နိုင်ငံသားတွေ အပေါ်မှာ ငွေကြေးဆိုင်ရာ လည်ပတ်ဖို့ ကူညီရမည်ဆိုတာကို အထက်အကြီးအကဲတွေကနေ အောက်ခြေဝန်ထမ်းတွေအထိ သိရှိနားလည်ပါမှ နိုင်ငံသူနိုင်ငံသားအပေါင်း ငွေကြေးကိုင်တွယ်သုံးစွဲရာမှာ အဆင်ပြေချောမွေ့လာပါလိမ့်မည်။
ခိုင်ခိုင်စောလွင်

August 7, 2016

အရှုံးကို အပြုံးနဲ့ကြိုနိုင်မှ " ၈ရက် ဩဂုတ်လ ၂၀၁၆ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၀)မှ

အရှုံးကိုအပြုံးနဲ့ကြိုနိုင်မှ"

                                              ဒီတပတ်မှာ အားပေးကြည့်ခဲ့ရတဲ့ ဘောလုံးပွဲအကြောင်း ရေးချင်စိတ်ပေါ်မိသည်။ ဘောလုံးပွဲ ဆိုတာ မဆန်းပါ၊ အသင်းနှစ်သင်း တစ်ဖက် တစ်ဆယ့်တစ်ယောက်စီ ကန်ကြတာ၊ ဂိုးစောင့် တစ်ယောက် ဖယ်လိုက်ရင် ကစားသမား ဆယ်ယောက်စီ ကစားကြတဲ့ပွဲ၊ ကွင်းပြင်ကြီးထဲမှာ ရှိနေကြတဲ့  လူ(၂၂) ယောက်ရဲ့ လှုပ်ရှားမှုတွေက  ကွင်းဘေးကနေ လူအများက ထိုင်ကြည့် အားပေးတဲ့  ပရိတ်သတ်ရဲ့ စိတ်အခြေအနေနဲ့ လှုပ်ရှားမှုတွေကို ဖန်တီးပေးနေတာ အားလုံးခြုံကြည့်က ရသတမျိုးကို ခံစားရလေသည်။ သံစဉ်ခလုတ်တွေ နိမ့်လိုက် မြင့်လိုက် ဖြစ်တာနဲ့ တပြိုင်နက် ထွက်ပေါ်လာသည့် တေးသွားနှင့်ပင် တူနေသေးတော့သည်။
                        ၂၀၁၅- ၂၀၁၆ ( sport days) အားကစားရက်ကာလကို ချင်းမိုင်က ကျောင်းအသီးသီးမှာ ကျင်းပကြရာ ကျောင်းပြင်ပ ပညာရေး ဖော်ဆောင်သည့် ကျမတို့ ကျောင်းကလည်း တတပ်တအား အားပေးဖို့  ပါဝင်ကြရလေသည်။ ထိုအခါကျမှ ထိုင်းနိုင်ငံက အားကစားကို ဘယ်လိုမြှင့်တင်ထားသလဲ၊ အားကစားစိတ်ဓါတ် ရှိရမယ်ဆိုတဲ့ အခြေခံသဘောတရားတွေကို ဆိုင်းဘုတ်တွေ ချိတ်၊ စာတန်းတွေထိုး ဆိုတာထက် လက်တွေ့ ဘယ်လို ကျင့်သုံးသလဲ ဆိုတာတွေ မျက်မြင် ခံစားသိရှိရလေတော့သည်။
                          စနေနေ့ ဘောလုံးပွဲက အပြန် စိတ်ထဲ ရှိတုန်း တန်းရေးတာ စာမူက ဒီမှာတင် ခဏရပ်သွားတာ ဖြစ်သည်။  အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စ ၊ ကျောင်းမှာ စာသွားသင်ဖို့ အချိန်ပေးရတာ စသည့်အကြောင်းတွေဖြင့် စာမူကို စာမရေးဖြစ်။  ထိုအချိန်မှာပဲ ထိုင်းနိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်သမားတွေကို စီမံချက်ဖြင့် ဆက်တိုက်ဆိုသလို ဖမ်းဆီးသည့် သတင်းတွေ စိတ်မချမ်းသာဖွယ်ရာ ကြားနေရပြန်ရာ သတင်းအချက်အလက် မေးမြန်းစုံးစမ်းပြီး ဒီအပတ် အဲဒီအကြောင်း ရေးမယ်လို့ စိတ်ကူးလိုက်မိပြန်လေသည်။ ဈေးဆိုင်တော်တော်များများ နဲ့ စားသောက်ဆိုင်တွေမှာက မြန်မာအလုပ်သမားတွေချည်းသာ ဖြစ်ကြရာ ဆိုင်အတော်များများပိတ်ထားရသည်။
   မြန်မာအလုပ်သမား အများစု အလုပ်လုပ်ကြသည့် နေရာတွေ ခြောက်ကပ်ကုန်သည်။ အလုပ်သမားတွေ အလုပ်မလာရဲ ဖြစ်ကုန်ကြသည်။  အထောက်အထားမရှိလို့လား ဆိုတော့ မဟုတ်ပြန်၊ အထောက်အထားမှာက အလုပ်အကိုင်နေရာမှာ အေးဂျင့်တွေက  လွယ်လွယ်ကူကူပဲ " ဆောက်လုပ်ရေးအလုပ်သမား" ဖြည့်ထားတာရယ်၊ လုပ်ပေးသည့် အလုပ်သမားဌာနက ကဒ်ပြားတွေ လုပ်ပေးစဉ်က သေသေချာချာ စစ်ဆေးမေးမြန်းမှု မရှိတာရယ်တွေကြောင့် အလုပ်အကိုင်အမည်လွဲတာက တော်တော်များများမှာ ဖြစ်နေသည်။ နောက်တခုက  ဆောက်လုပ်ရေးလုပ်ငန်းမှာ အမှန်တကယ်လုပ်နေတာတောင်မှ  လုပ်ငန်းခွင် အလုပ်ရှင် ပြောင်းပြီး လိုက်လုပ်ရရာ ဝင်စစ်သည့်အချိန် အလုပ်သမားကဒ်ထဲ က အလုပ်ရှင်မဟုတ်ပါက ဖမ်းတာပဲ ဖြစ်သည်။
                         ဈေးတွေ၊ ဆိုင်တွေ ဝင်ဖမ်းတာသာမက လမ်းတွေမှာလည်း ဖမ်းသည်။ ကျောင်းက ဝန်ထမ်းကလေးမလေး တစ်ယောက် ရဲက စစ်ဖို့ တားရာ ကြောက်ပြီး ဆိုင်ကယ်မောင်းကာ ထွက်ပြေးသည်။ ရဲက ဆက်သွယ်ရေးစက်ဖြင့် လှမ်းချိတ်လိုက်ရာ တစ်နေရာမှာ သူ့ဆိုင်ကယ်ကို တားပြီး ဖမ်းသည်။ အမှုက ပိုကြီးသွားသည်။ " မင်း ဘာလို့ ထွက်ပြေးတာလဲ " ယာဘ" ( မူးယစ်ဆေး) တွေ သယ်လာလို့ ပြေးတာမဟုတ်လား " မေးသည်တဲ့။ ထိုသတင်းကြားတော့ ကျောင်းက ကျောင်းသားတွေကို ရဲက စစ်ပါက အေးအေးဆေးဆေး အစစ်ခံဖို့ ပြောရပြန်သည်။  အဖမ်းအဆီးကြမ်းနေသည်။ မကြာလိုက် ကမ္ဘောဒီးယားအလုပ်သမား တစ်သိန်းနီးပါး သူ့တိုင်းပြည် ပြန်သွားကြသည့်အတွက် စိုက်ပျိုးရေးနဲ့ ခြံလုပ်ငန်းရှင်တွေ  ဒုက္ခရောက်ကြတာ ဖတ်ရပြန်သည်။  သစ်သီးတွေ ပုပ်ကုန်တာ၊ ခူးမည့်သူမရှိတာ အစရှိသဖြင့်  အလုပ်ရှင်တွေ အဆင်မပြေဖြစ်ကြတာ ၊ ကြားနေရလေသည်။
                      မနေ့ကမှ အဖမ်းအဆီးတွေ ရပ်လိုက်ပြီ ကြားလေသည်။ ထိုင်းနိုင်ငံမှာ ရေးဆွဲပြီးစီးသွားတဲ့ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲကျင်းပမယ့်ရက် နီးလို့ လုံခြုံရေးတင်းကျပ်တာလို့  အချို့က  ဆိုလာပြန်သည်။
အဖမ်းအဆီးတွေ ငြိမ်သွားပြန်ပြီဆိုလေသည်။ ကောင်းလေစွလို့ စိတ်ထဲကျေနပ်နေတုန်း ရန်ကုန်အနောက်ပိုင်းခရိုင်၊ သန်လျင်မှာ ဘောလုံးပွဲကနေ ရန်ပွဲဖြစ် ထိန်းမရ၍ နောက်ဆုံး သေနတ် သုံးချက်ဖောက် လူစုခွဲရသည့် သတင်းဖတ်လိုက်မိရာက ရေးလက်စ ဘောလုံးပွဲအကြောင်း သတိတရဖြစ်ကာ ဆက်ရေးဖို့ ဖြစ်လာရလေတော့သည်။
                 ဘောလုံးပွဲကအပြန် ရေးစဉ်က ခံစားခဲ့ရသည့် ကြည်နှုးဖွယ် အဖြစ်အပျက်ကို စာဖတ်သူတွေကို မျှဝေပေးမည်၊ ဒီတခေါက်တော့ စိတ်အေးချမ်းကြည်နှုးစေသည့် ရသအက်ဆေးလေး ရေးလိုက်ပါအုန်းမယ် စိတ်ကူး ပေါ်လာတာဖြစ်သည်။ အဖြူရောင်အသင်းနှင့် အနက်ရောင်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကျမတို့ကျောင်းနယ်မြေအသင်းက အဖြူရောင်၊ အဖြူရောင်ကို အားပေးရမှာဆိုတော့ အဖြူရောင်အင်္ကျီတွေ ဝတ်ဆင်လာခဲ့ကြသည်။ အဖြူရောင်အသင်း ပွဲမစခင် အရှေ့မှာ အနီရောင်နှင့်အပြာရောင်အသင်းတို့ ကန်နေတာကို ကြည့်ဖြစ်သည်။ ၃-၀ ဖြစ်နေရာ ထုံးစံအတိုင်း သုည ရနေသည့် အသင်းကို အားပေးကြလေသည်။ (၃)ဂိုးသွင်းထားသည့် အသင်းက ကျောင်းသားအရွယ်ပေမယ့် စစ်တပ်ကဖြစ်သည်။  နှစ်သင်းစလုံးက ကစားသမားတွေ အရွယ်တွေ ညီပေမယ့် စစ်သားလေးတွေက  ကိုယ်ကာယကြံခိုင်သည်။ ပြေးနိုင်လွှားနိုင် အမောခံနိုင်သည်။ ကျောင်းသားလေးတွေက ပျော့နွဲ့နွဲ့ ယိုင်တိုင်တိုင် ခြေရည် အတော်ကွာသည်။ သို့သော် နိုင်နေသည့် အသင်းက ကိုယ်နိုင်သည်ဆိုက မာန်မတက်၊ ဟန်မကြွ၊ သာသာငြင်းငြင်းဖြင့် တဖက်အသင်းကို ညှာညှာတာတာ ကစားနေတာ တွေ့ရသည်။ ဘောလုံးလာက လိုက်မလု၊ ဘေးကန်ပစ် ဒီလို သိသိသာသာ လုပ်တာမျိုး မဟုတ်၊ အကွက်မပျက် ကစားနည်းမပျက် ကန်ရင်းက ညှာကန်တာဖြစ်သည်။ နိုင်တယ်ဆိုပြီး တက်မထောင်၊ ပွဲအပြီး အချင်းချင်းနှုတ်ဆက်ကြ  ပြံးပြုံးပျော်ပျော် ကြည်နူးစရာ၊ အနိုင်အရှုံး ခံစားချက်ကို ကျောင်းပွဲမှာကတည်းက လေ့ကျင့်ပေးနေတာပင်၊ ဒိုင်လူကြီးတွေကလည်း ကျောင်းသားတွေနှင့် မတိမ်းမယိမ်း ၊ ရွယ်တူပေမယ့် ဒိုင်လူကြီးကို လေးစားဖို့ တခါထဲ လေ့ကျင့်ပေးသလို တွေ့ရသည်။
                ကျမတို့ အားပေးရသည့် နယ်မြေအသင်း အဖြူရောင်အသင်း ကန်သည့်အလှည့်မှာ ပထမပိုင်းတင် (၅)ဂိုး ပေးလိုက်ရသည်။ သူတို့ကျောင်းက ဆရာ/ ဆရာမနှင့် ကျောင်းသူ/ ကျောင်းသားတွေကို အကဲခပ်ကြည့်ရာ အော်ဟစ်အားပေးတာတော့ အသံကုန်ပင်၊ သို့သော် ဂိုးသွင်းခံလိုက်ရက စိတ်မပျက်၊ ဘောလုံးသမားတွေကို " ကိစ္စမရှိဘူး "  ကြိုးစားထား ဆိုကာ အားပေးကြလေသည်။ သို့သော် ဘဲဥ မကွဲပဲ ဖြစ်နေရာ ဆရာမဖြစ်သူက ဘဲဥခွဲနိုင်ရင် ခွဲသည့်သူကို တစ်ထောင်ပေးမယ် လို့ ဆက်အားပေးပြန်သည်။ ဒုတိယပိုင်းမှာ တဖက်က (၈)ဂိုး သွင်းအပြီး မှ ဘဲဥကွဲလေသည်။ ဂိုးသွင်းလိုက်သည့် ကလေးက သူသွင်းတာ ဖြစ်ကြောင်း ဆရာမရှိရာ အမူအယာဖြင့်ပြသည်။ ဂိုးသွင်းဖို့ ကြိုးစားတိုင်း အားမလိုအားမရ အားပေးရင်း ဂိုးသွင်းခံရပါကလည်း ဟာကနည်း ဖြစ်တာပဲရှိသည်။ တဖက်အသင်းသားတွေကို လှောင်ပြောင်တာ၊ သရော်တာ၊ ကိုယ့်အသင်းသားတွေကို ဆဲဆို မာန်မဲတာ လုံးဝမတွေ့ရပေ။ အရှုံးကို ပျော်ပျော်ပါးပါးပါး လက်ခံတာ တွေ့ရသည့်အခါ အားကျစိတ်ဖြင့် အားပေးသည့် ကျောင်းသူကျောင်းသား၊ ဆရာ ဆရာမတွေကို မကြာမကြာလှမ်းကြည့်မိလေတော့သည်။ ၈ဂိုး ၁ဂိုးဖြင့် ရှုံးသွားသော်လည်း ဘယ်သူ့ကိုမှ အပစ်မတင်၊ တဖက်ကိုလည်း ရန်မစောင်၊ အားပေးသည့်သူတွေကလည်း ရယ်ရယ်မောမော ၊ အားကျစရာ။
               ထိုင်းတွေ ဘောလုံးပွဲမှာ ရန်မဖြစ်ဘူးလား ဆိုက ဖြစ်ကြတာပဲ ဖြစ်သည်။ တခါက ထိုင်း ကလပ်အသင်း ကစားသည့်ပွဲစဉ်တခုမှာ ဒိုင်လူကြီးကို လက်သီးဖြင့်ထိုး၍ ဒိုင်လူကြီး ထွက်ပြေးတာ ကြည့်ဖူးပါသည်။ သို့သော် အားလုံးခြုံလိုက်က ရံဖန်ရံခါသာ ဖြစ်သည်။ ကျမတို့ လူမျိုးကတော့ ရပ်ကွက်ထဲ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ ကစားတာတောင် ရန်ဖြစ်ကြတာဖြစ်သည်။ ငယ်စဉ်ကတည်းက ဒီလိုပွဲတွေ ကြုံတွေ့တိုင်း ရပ်ကွက်တခုနှင့်တခု ရန်သူတွေ ဖြစ်သွားတာ၊ သူငယ်ချင်းအချင်းချင်းပင် မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်တာတွေ ရှိလေသည်။ တချို့ဆို တုတ်ဆွဲ ဒါးဆွဲအထိပင် ဖြစ်ကုန်ကြတာရှိသည်။ နိုင်သည့်အသင်းကလည်း တို့နိုင်တယ်ဆိုကာ တဖက်အသင်းကို စောင်ချိတ် အောင်ပွဲခံတာက ရှိသေးသည်။ ရှုံးသူက ဆဲ နိုင်သူက မာန်တက် အကျင့်လိုဖြစ်နေသည်။
   မနေ့က အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ(   AFF Myanmar Women's Championship 2016 ) ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် အုပ်စု(က) ပထမ ဗီယက်နမ် အသင်းနှင့်
အုပ်စု (ခ) ဒုတိယ မြန်မာအသင်းတို့ မန္တလာသီရိ အားကစားကွင်းမှာ  ယှဉ်ပြိုင်ကြသည့်  သတင်းအပြည့်အစုံကို ဒီမနက်မှာ ထပ်ပြီးဖတ်ရပြန်သည်။ သရေကတဆင့် အကြိတ်အနယ်ဖြစ်ရင်း  ဒိုင်လူကြီးကို ရန်ပြုတာ ပရိတ်သတ်အချို့  ထိုင်ခုံတွေ ရိုက်ချိုးတာ တွေ့ရပြန်သည်။ ဘောလုံးကွင်းထဲကို ပစ္စည်းတွေ ပစ်ပေါက်တာတွေ ရှိလာတဲ့အတွက် အချိန်ပိုကစားဖို့ကို ဆက်မကစားနိုင်ပဲ ဘောလုံးပွဲကို  နာရီဝက်နီးပါး ရပ်ထားခဲ့ရသည်။  ဒီမြင်ကွင်းကို ပြန်ကြည့်ဖြစ်ရင်းက အရှုံးပေါ် အရှုံးဆင့်ကုန်ပြီလို့ ခံစားရသည်။
" ဘောပွဲလည်းရှုံး  နာမည်လည်းရှုံး နိုင်ငံလည်း ရူံး ဖြစ်ရတယ်လို့ သတင်းသမားတစ်ယောက်က ပြောလေသည်။ အရှုံးပေါ်အရှုံးဆင့် ကြရတာ မကြာခဏ၊ အနိုင်နှင့်အရှုံးဆိုတာ ခေါင်းနဲ့ပန်းလို ကပ်ရက်အတူ ရှိနေတာကို ယထာဘူတကျကျ လက်ခံနိုင်ဖို့  အခြေခံစိတ်တွေ မွေးကြပါ၊ မိမိနဲ့ မိမိပတ်ဝန်းကျင် အသိုင်အဝန်း၊ ထိုကတဆင့် မြို့ ရွာ တိုင်း နိုင်ငံနဲ့ လူမျိုးအလိုက် ယဉ်ကျေးစွာ အနိုင်ယူတတ်ပြီး အရှုံးကိုအပြုံးဖြင့် ကြိုနိုင်သူများ ဖြစ်လာကြပါစေ။
ခိုင်ခိုင်စောလွင်