March 25, 2015

တန်ဖိုးရေးမထားသည့် " အိမ် "

  အိမ်ငှားစာချုပ် သက်တမ်းပြည့်တဲ့အခါ အိမ်ရှင်က အိမ်လခကို  ထပ်တိုးပြီး စာချုပ် ထပ်ချုပ်ဖို့ ပြောလာတဲ့ အတွက် ဈေးသက်သာမယ့် နေရာကို ပြောင်းဖို့ ပြင်တဲ့သူတွေ၊ အိမ်ရှင်က လက်ရှိအိမ်ငှားကို ထားချင်ပေမယ့် ပွဲစားတွေက အိမ်ငှားအသစ်ထပ်ရမှ  တစ်လစာပွဲခ ထပ်ရမှာမို့ အိမ်ရှင်နဲ့ အိမ်ငှားအကြား လှည့်ပတ်နေတာတွေ၊  လက်ရှိနေတဲ့ အိမ်ငှားကို ဆင်းခိုင်းရမှာ အားနာတဲ့အတွက် အိမ်ကို ဆက်ပြီး လူငှားမတင်တော့ပဲ တူမတွေကို ထားမှာမို့ ပြောင်းပေးဖို့ ပြောတဲ့ အိမ်ရှင်အကြောင်းတွေ ကို ကြားရ ဖတ်ရတိုင်း  ခေတ်မမီတော့သည့် အိမ်ရှင် အိမ်ငှား ဥပဒေနှင့် တိတိကျကျ သတ်မှတ်နိုင်ခြင်း မရှိသေးသည့် အိမ်အငှား နည်းဥပဒေတွေ ကြောင့် မြေနိမ့်ရာလှံစိုက် ဖြစ်နေရသည့် အိမ်ငှားနေရသူတို့ ဘဝကို အစိုးရမှ မည်သို့ ဖြေရှင်းပေးမလဲ၊ ဘယ်တော့ ဖြေရှင်းပေးမလဲ သိချင်နေခဲ့တာ ကြာပြီ ဖြစ်သည်။
              ထိုမျှမက ရန်ကုန်မြို့ အစွန်ရှိ လယ်မြေတွေမှာ အိမ်လခ ပေးနေပါသော်လည်း  စီမံကိန်း နယ်မြေဖြစ်၍ ဆိုကာ ကျူးကျော်သတ်မှတ်ပြီး အတင်းအဓမ္မ ဖျက်သိမ်းခံခဲ့ ရပြီး အိမ်မဲ့ ယာမဲ့ ဖြစ်ရသူတွေ အကြောင်း တွေ့မြင်ရသည့်အခါ  အိမ်ငှားနေ၍ အိမ်လခ မှန်မှန်ပေးနေခဲ့သည့် ထိုလူတွေ အတွက် ခံစားခွင့်က နတ္ထိ၊  နေစရာအိမ်၊ ခိုလှုံရာအိမ် ၊ လုံခြုံရာအိမ် လူဆိုသော သတ္တဝါ တွေ ယဉ်ကျေးမှု အဆင့်အတန်း မြင့်လာသည့်အခါ မိုးထဲ ရေထဲ နှင်းတောထဲ တိုးဝင် သွားလာရာက အရိပ်ခိုစရာ အမိုး အကာ စပြီး တည်ကာ နေခဲ့ ကြသည်။ ယခုသော် အမိုး အကာပင် မရှိ လမ်းဘေး ငုတ်တုတ် ထိုင်နေရမည့် အိမ်မဲ့ယာမဲ့ များကို တွေ့မြင်ရတာ များလာသည့်အခါ  ထိုသို့သော ပြည်သူတွေအတွက် အစိုးရက ဘယ်လို ဘယ်ပုံ စီမံထားသလဲဆိုတာ ဘာမှ ရေရေရာရာ  မတွေ့မမြင်ရသည့်အခါ မျှော်လင့်ချက်မဲ့ အိမ်ယာမဲ့ များအတွက် စာတစ်ပုဒ် ရေးချင်စိတ်ပေါက်လာသည်။
             ထိုအခိုက်အတန့်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ဒီဗွီဘီ ဒီဘိတ်အစီအစဉ်မှ " မြန်မာနိုင်ငံရဲ့ အိမ်ယာမဲ့တွေကို ဘယ်လိုဖြေရှင်းကြမလဲ " ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးငြင်းခုန်ကြမည် ဆိုတာ ဖတ်လိုက်ရသည့်အခါ ကိုးကားစရာ အချက်အလက် တစ်ခုခု ရလေမလား  ဒါမှ မဟုတ် မျှော်လင့်စရာ တခုခုများ ရှိလေမလား ဆိုကာ  စောင့်ကြည့်ပြီးမှ  ဆက်ရေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုဒီဘိတ် အစီအစဉ်ကို ကြည့်ပြီးသည့်အခါမှာတော့ စာရေးသူရဲ့ ရေးလက်စ စာမူမှာ လုံးဝကို ရပ်တံ့သွားရလေတော့သည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနက ညွှန်ကြားရေးမှုးအဆင့်ရှိ တာဝန်ရှိသူ တစ်ဦးပါ  တက်ရောက် ဆွေးနွေးရာမှာ အစိုးရက ဘာမှ လုပ်မပေးနိုင်တဲ့ အခြေအနေကို ပြောသွားတာ ကြားရသည့် အတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားရခြင်းပါပဲ။
         သူပြောသွားတာက အစိုးရမှာ မြေမရှိပါဘူးလို့ ပြောသွားရာ  အိုးမဲ့ အိမ်မဲ့တွေအတွက် အစီအစဉ် လုပ်ပေးဖို့ဆိုရင်  စီမံကိန်းလုပ်ခွင့်ရထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဆောင်ရွက်ပေးမှ ရမယ့် သဘောရှိသည်။
“အစိုးရရဲ့လက်ထဲမှာ မြေတွေအများကြီးရှိသေးတယ်ပေါ့ေ
နာ်…ခုန ဆရာမပြော သွားတဲ့အခါကျတော့ဌာနလက်ထဲမှာ မြေလွတ်တွေမရှိပါဘူးဆိုတော့ ဘယ်ရောက် ကုန်တာလဲ မသိဘူး” လို့ တစ်ယောက်က  ထောက်ပြတဲ့အခါ သူလဲ မဖြေနိုင်၊
        ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးကတော့  တန်ဖိုးနဲ အိမ်ယာ၊ တန်ဖိုးမျှတ အိမ်ယာ ဘယ်လိုပင်ဆိုဆို သိန်းရာဂဏန်း တန်ဘိုးရှိသည့် အိမ်ကို မည်သည့် အိမ်ယာမဲ့ကမှ ဝယ်နိုင်မှာ မဟုတ်သည့်အတွက် အငှားချထားနိုင်သည့် အိမ်ယာများ ဆောက်လုပ်ကာ အိမ်ငှား ချထားပေးက အဆင်ပြေဆုံးဟု ပြောသွားလေသည်။ ရုတ်တရက် ဟုတ်မလိုလိုနှင့် ပြီးတော့ ထိုအိမ်ယာများ ဆောက်လုပ်ဖို့အတွက် အစိုးရက သင့်တင့်မျှတသည့် ဈေးဖြင့် မြေဧကများစွာကို လုပ်ငန်းရှင်တွေကို ချပေးရမည်တဲ့၊ ဆောက်လုပ်ရေးအတွက် အစိုးရက ချေးနိုင်ကချေး၊ မချေးနိုင်က နိုင်ငံခြားဘဏ်မှ ချေးယူရမည်ဟု ဆိုပြန်ရာ အစိုးရနှင့် ခရိုနီတို့ အကြား မြေယာ ကိစ္စက ထပ်မံပေါ်လာပြန်သည်။ နောက်ဆုံးတော့ အိမ်ယာမဲ့များ နေစရာပေးနိုင်ဖို့ နေနေသာသာ ဘယ်လိုဖြေရှင်းရမလဲ ဆိုသည့် နည်းလမ်းပင် မုန့်လုံးစက္ကူကပ် ဖြစ်နေတော့သည်။
        တကယ်တော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ အိမ်ငှား ပြဿနာ ပိုပြီး ကြီးထွားလာနေရသည်။ အဓိကအကြောင်းက နယ်မြို့နဲ့ ကျေးလက်က လူထုတွေမှာ  မြေယာသိမ်းဆည်းခံရမှုတွေ၊ အလုပ်လက်မဲ့ဖြစ်လာတာတွေနဲ့ စီးပွားရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါမှု
တွေကြောင့် မြို့ပြတွေဆီကို အလျှိုလျှိုတိုးဝင်ရောက်ရှိလာ
ကြလို့ပဲ ဖြစ်သည်။တဖက်မှာလည်း စီးပွားရေးသမားတွေက အိမ်၊ခြံ၊မြေ၊တိုက်ခန်းတွေကို ၀ယ်ယူရင်းနှီးမြှုပ်နှံပြီး ရောင်းချ၊ငှားရမ်းလာရာကနေ မြို့ပြရဲ့ အိမ်ခြံမြေဈေးနှုန်းဟာ အဆမတန်ကြီးမြင့်လာကာ  အကျိုးဆက်အဖြစ် သာမန်
လူတန်းစားတွေအဖို့ အဆိုပါဈေးနှုန်းတွေကို လက်လှမ်းမမှီတော့ပဲ အိမ်ရာမဲ့ပြဿနာတွေ၊ ကျူးကျော်ပြဿနာတွေ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ အဓိကဖြစ်ပေါ်နေပြီး အခြားမြို့ပြတွေမှာ တစ်နေ့တခြားကြီးထွားလာနေခြင်းပဲ ဖြစ်သည်။
            
မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းဟာ စတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် ရှိရာ  နေထိုင်သည့်
လူဦးရေ သန်း ၅၀ ကျော်နှင့် တွက်သော် တစ်စတုရန်းမိုင်မှာ (၁၈၇) ယောက်နဲ့ ဒေသတွင်း လူနေထူထပ်မှု အနဲဆုံးနိုင်ငံ ဖြစ်နေတာကို အံ့ဩဖွယ် တွေ့ရလေသည်။ အိမ်နီးချင်းနိုင်ငံတွေမှာ ကြည့်ပါက  တစ်စတုရန်းမိုင်
ပတ်လည် လူနေထိုင်မှုမှာဘင်္ဂလားဒေရှ်က ၂၈၇၀ ယောက်၊ အိန္ဒိယက ၉၅၄၊ တရုတ်က ၃၆၅ နဲ့ ထိုင်းနိုင်ငံ
က ၃၂၇ ယောက် ရှိနေတာကို တွေ့ရသည်။ အာရှမှာရော ကမ္ဘာမှာပါ မြေအပေါဆုံး လူနေထပ်မှုအနည်းဆုံးတိုင်းပြည်က  အိမ်၊ခြံ၊မြေဈေးနှုန်း အမြင့်ဆုံးဖြစ်နေပြီး၊ အိုးမဲ့ အိမ်မဲ့ အများဆုံးဖြစ်နေလေသည်။
                  နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ရပေတော့သည်၊ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် အမှန်တကယ် လုပ်နိုင်ကိုင်နိုင်သူများကို နေရာမပေးခြင်း၊  အဂတိလိုက်စားမှုတို့ကြောင့် လို့ပဲ ပြောရပေတော့မည်။
ဒီဘိတ်အစီအစဉ်မှာ ဝင်ရောက်ဆွေးနွေးသွားသည့် မြို့ရွာနှင့် အိုးအိမ်မှာ တာဝန်ရှိ ဝန်ထမ်းနှင့် တွေ့ဆုံ  မေးမြန်းချက်တစ်ခုကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရသည့်အတွက် မျှော်လင့်ချက်ရောင်ခြည်လေး လင်းလက်လာသဖြင့် ယခုစာမူလေး ပြန်အသက်ဝင်လာရလေသည်။  ထိုသတင်းအရ အစိုးရနှင့် ပုဂလိက ဝန်ထမ်းတွေ အတွက် အိုးအိမ်များကို ဘဏ်ချေးငွေ စနစ်ဖြင့် ရောင်းချပေးဖို့ စီစဉ်နေပြီ ဟုဆိုလေရာ မုန့်လုံးစက္ကူကပ်စနစ်မှ တစ်ဆင့် ထွက်ပေါက်များ ရလေမလားလို့ ဝမ်းသာ မိရပြန်သည်။ တဖန် အစိုးရဖက်ကလည်း ကျူးကျော်ဟုဆိုသူများကို ရွာတစ်ရွာတည်ပေးပြီး နေလို့ရအောင် စီစဉ်ပေးမည်ဟု ဆိုပြန်သည်။
           တကယ်တော့ တန်ဖိုးနဲလည်း မဟုတ်၊ တန်ဖိုးမျှတလည်း မဟုတ်၊ တန်ဖိုး ရေးမထားသော အိမ် အမျိုးအစား မြန်မာပြည်မှာ ရှိခဲ့ ဖူးလေသည်။ ၁၉၆၇- ၆၈ ခုနှစ်ခန့်က ရန်ကုန်မြို့ ၊ သင်္ကန်းကျွန်း ရန်ကုန်သစ်ရပ်ကွက် အနီး ကျယ်ပြောလှသော လယ်ကွင်းပြင်ထဲမှာ " သုဝဏလုပ်အားပေးတိုက်ခန်းများ"  အစီအရီ ပေါ်လာခဲ့သည်။ ယနေ့ထက်တိုင် ဝန်ထမ်းမိသားစုများ သားစဉ်မြေးဆက် နေထိုင်နေကြလေသည်။  ထိုအချိန်က  သာမာန် ရုံးစာရေး အဆင့်မှသည် အရာရှိ အဆင့်အထိ တစ်ပတ်မှာ အလုပ်ပိတ်ရက် စနေ တနင်္ဂနွေနေ့မှာ ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လုပ်အားပေးသွားရသည်။ အုတ်သဲကျောက် ဘိလပ်မြေ တို့ကို ဝိုင်းဝန်း သယ်ပိုးပေးရသည်။ တိုက်ခန်းများ ဆောက်လုပ်ပြီးစီးသည့်အခါ  မဲစနစ်ဖြင့်  နေရာချထားပေးသည်။ နှစ်ထပ်တိုက်ပုံစံကို တိုက်ခန်းအတွဲလိုက် ဆောက်ထားခြင်းဖြစ်သည်။  ရှစ်ခန်းတွဲ နှစ်ထပ်တိုက်မှာ အောက်ထပ်က ဧည့်ခန်းနှင့် မီးဖိုချောင်၊ မီးဖိုချောင်တွဲရက်မှာ ရေချိုးခန်းနှင့် အိမ်သာ သီးသန့် တစ်ခန်းစီ၊ အပေါ်ထပ်မှာ အိပ်ခန်းနှစ်ခန်းနှင့် ဝရန်တာ နှင့်  ခြောက်ခန်းတွဲ နှစ်ထပ်တိုက်မှာ အောက်ထပ်က ဧည့်ခန်းနှင့် မီးဖိုချောင်၊ မီးဖိုချောင်တွဲရက်မှာ ရေချိုးခန်းနှင့် အိမ်သာတွဲရက် တစ်ခန်း ၊ အပေါ်ထပ်မှာ အိပ်ခန်း တစ်ခန်းနှင့် ဝရန်တာ စသဖြင့် ဆောက်လုပ်ထားရာ မဲကျရာ ယူရသည်။  အိမ်ဖွဲ့စည်းပုံက ခပ်ညံ့ညံ့မဟုတ်၊ အရည်အသွေးကလည်း တော်ရိလျော်ရိ မဟုတ်၊ ယနေ့ဆိုပါက နှစ်ပေါင်း (၄၅) နှစ်တိုင် ပြီဆိုသော်လည်း နေထိုင်နေကြဆဲပင် ဖြစ်သည်။ အိုးအိမ်ဦးစီးဋ္ဌာနကို နှစ်ခန်းတိုက်က (၃၅)ကျပ်နှင့် ပြားစွန်းသည်။ အတိအကျ မမှတ်မိပေ၊ အိပ်ခန်းတစ်ခန်းပါ တိုက်က (၂၇)ကျပ်နှင့် ပြားစွန်းသည်၊ အိမ်လခ အလို့ငှာ လစဉ် ပေးသွင်းရသည်။ ယနေ့ထက်တိုင် လုပ်အားပေးစဉ်က ဝန်ထမ်းများ မရှိတော့သည့်တိုင် သူတို့သားသမီးများက ဆက်လက်ပေးဆောင်ပြီး နေထိုင်၍ ရနေလေသည်။ ထိုတိုက်ခန်းများသည် တန်ဖိုးနည်းလည်းမဟုတ်၊ တန်ဖိုးမျှတလည်း မဟုတ် မည်သို့သော တန်ဖိုးမျှ ရေးထိုးထားခြင်းမရှိ၊ သို့သော် လူပေါင်းများစွာ အဆင်ပြေစွာ နေထိုင်နေကြလေသည်။  အရေးကြီးသည်က အိုးမဲ့ အိမ်မဲ့ ပြည်သူတွေအတွက်  တန်ဖိုးနည်း၊ တန်ဖိုးမျှတ နာမည်တွေ မဟုတ်၊ ဘာတန်ဖိုးမှ ရေးမထားသော်လည်း အဆင်ပြေစွာ နေထိုင်လို့ရမည့် အိမ် ၊ လုံခြုံဖို့နေရာ တစ်ခု လိုနေတာပဲ ဖြစ်လေသည်။
                " မနက်ဖန်   ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ်...... လက်ထဲမှာ ဘယ်မလဲ ငွေ....ထပ်ငှားဖို့စဉ်းစားတာနဲ့ စိတ်ညစ်လည်း ဘာထူးမှာလဲ အသက်တွေကသာကြီးခဲ့တယ်၊ တို့နှစ်ယောက်အတွက် အိမ်ဘယ်မှာလဲ...... အကောင်းဆုံးနားခိုဖို့အတွက်..... နေရာလေးလိုချင်မိတယ်၊ တစ်နေကတော့တစ်နေ့ပေါ့ ဘယ်တော့လဲ    မမေးလိုက်နဲ့ကွယ်......ဘယ်တော့မှ မဖြစ်လာတော့ဘူးလို့အားမလျှော့ပါနဲ့၊ လိုက်လေဝေးလေ ပြေးနေဆဲ တို့အိပ်မက်တွေ ဝိုးတဝါးရယ်............................................................................................................................................................................"
အဆိုတော် အငဲရဲ့ " အိမ်" ဆိုသည့် သီချင်းသံက အာရုဏ်ထဲ ပျံ့လွင့်လို့ လာလေသည်။

ခိုင်ခိုင်စောလွင်
Photo
Maung Maung Myo Sane ဖေ့စ်ဘွတ်မှ

March 23, 2015

တကယ်ချစ်သလား( ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၂၆)ပါ သဘောထားအမြင်

ရန်ုကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မတ်လ(၅)ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းမဖက်ရေး၊ လွှတ်တော်မှာ လေးပွင့်ဆိုင် သဘောတူထားတဲ့ သဘော တူညီချက်တွေကို ကတိက၀တ်တွေအတိုင်း မချိုးမဖောက်ဘဲနဲ့ အကောင်အထည်ဖော်ပေးဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေကို အကြမ်းဖက် လူစုခွဲခဲ့တဲ့ ဖြစ်စဉ်ရယ်၊ မရှေးမနှောင်း မတ်လ(၁၀)ရက်မှာ လက်ပံတန်းက ကျောင်းသားတွေကို ရဲအင်အားသုံးပြီး ဥပဒေအရ ဖြိုခွင်းပါတယ် ဆိုတဲ့ လုပ်ရပ်တွေ ဆက်တိုက် ဖြစ်ပေါ်လာလေသည်။ ထိုဖြစ်စဉ်များမှာ အစိုးရမှ နှိမ်နှင်းသည့် လုပ်ရပ်များ နိုင်ငံတကာသတင်းဋ္ဌာနများမှာ တွေ့ရသည်မှာ အင်မတန် ရှက်စရာ ကောင်းသည့် လုပ်ရပ်အဖြစ် တွေ့ရလေသည်။
                            
                        မြို့တော်ခန်းမရှေ့ ဖြိုခွင်းမှုတွင် တာဝန်ရှိသည့် အဖွဲ့အစည်းမှ လုပုဂိုလ်များ မဟုတ်ပဲ စွမ်းအားရှင်( အစိုးရကတော့ ယခုခေတ်မှာ စွမ်းအားရှင်မရှိပါ ပြည်သူ့အကျိုးဆောင် ရပ်မိရပ်ဖ ဟုဆိုလေသော) များက ကသောင်းကနင်း ရိုက်နှက် ဖမ်းဆီး ကြသည့် ပုံတွေ တက်လာလေသည်။                            

                                                        အသက်(၁၈)နှင့် အသက်(၂၀) ဝန်းကျင် လူငယ်များက အတင်းအဓမ္မ ဆွဲရမ်း ခေါ်ဆောင်သွားသည့်ပုံတွေထဲမှာ ကျောင်းသူမိန်းကလေးတစ်ဦး၏ လည်ပင်းကို လက်ကောက်ဝတ်ဖြင့် ညှစ်ပြီး ဖမ်းထားသည့် ပုံသည် မြင်ရသူ ပြည်သူလူထုကို အံ့ဩ ဒေါသထွက် စေခဲ့လေသည်။ အစိုးရ၏ ပုံရိပ်သည် ဇောက်ထိုးဆင်းသက်သွားလေတော့သည်။
                          ထိုမျှမက လက်ပံတန်းမှာ ကျောင်းသားထုကို ရဲများက ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးသည့် ပုံတွေ တွေ့မြင်ရပြန်သည်။ အဓိကရုန်း နှိမ်နင်းရာမှာ ပြန်လည်ခုခံ၍ ဖြစ်စေ၊ အဖမ်းမခံပဲ ထွက်ပြေးလျင် ဖြစ်စေ ရိုက်နှက် ဖမ်းဆီးသည် မှန်သောလည်း ယခုတွေ့ရသော ပုံများမှာ အရိုက်ခံရမည် စိုး၍ ခေါင်းငုံ့ပေးသူကို ဆက်ကာဆက်ကာ ရိုက်သည်။ မရိုက်ပါနှင့် ဟုအဖမ်းခံမည့်ဟန်ရှိသူကိုလည်း ရိုက်သည်။ အသာတကြည် ခေါ်သွား၍ ရနေသည့်သူကို လှိမ့်ကာလှိမ့်ကာ ရိုက်နေသည့် မြင်ကွင်းတွေက မိဘပြည်သူ အများရဲ့ ရင်ဝကို မီးတိုက်သကဲ့သို့ ပူလောင် နာကျင်ကြရလေသည်။
                                 ထိုမျှမက ရပ်ထားသည့် သပိတ်မှောက်တိုက်ပွဲဝင် ကျောင်းသားများ၏ ကားကို အညှိုးတကြီး ရိုက်နေသည့် ရဲတွေကို တွေ့ရသောအခါ ဒီအဖွဲ့အစည်းကို ခိုင်းစေသည့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို မေတ္တာစူးကြသည်။ သားသမီးမကောင်း မိဘခေါင်း ဆိုသကဲ့သို့ ဘယ်လို ဆုံမသွန်သင်ထားသလဲ၊ ဘယ်လို သင်တန်းတွေ ပို့ချပေးထားပါသလဲ ဝိုင်းဝန်း မေးမြန်းကြလေသည်။ လူနာတင်ယာဉ်ကဲ့သို့သော အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်နေသည့် ပုဂလိက အဖွဲ့အစည်းပိုင်ကားနှင့်တကွ ကားပေါ်မှာ ကုသခံနေသည့် လူနာကိုပါ အတင်းဝင်ရိုက်လေသောအခါ ဒီလူတွေ လူမှဟုတ်ရဲ့လားလို့ ပြည်သူလူထုက တညီတညွတ်ထဲ ဝေဖန်ကြလေတော့သည်။
ဤပုံရိပ်များ နိုင်ငံတကာသို့ ပျံ့သွားလေပြီ။ ရှက်စရာ ကောင်းလိုက်သည့် အဖြစ်၊ ကြောက်လန့်တကြားပြေးလွှားနေကြသည့် မြန်မာပြည်သူ ပြည်သားများ၊ သားရဲသားဘက်စီးသလို အနောက်က ကမူးရှုးထိုး လိုက်နေသည့် လူရမ်းကားအသွင် ပုံရိပ်များ ၊ ထိုပုံရိပ်များသည် မြန်မာပြည်က မြန်မာလူမျိုးတွေ၏ ပုံရိပ်ဖြစ်နေသည်။ တိုင်းပြည်ပုံရိပ် ကျဆင်းရလေပြီ။ နိုင်ငံတိုင်းနိုင်ငံတိုင်းသည် ကမ္ဘာပေါ်မှာ ကိုယ့်တိုင်းပြည်ပုံရိပ်ကောင်းအောင် နည်းမျိုးစုံဖြင့် တည်ထောင်ကြလေသည်။ စီမံကြလေသည်။
မြန်မာပြည်၏ ပုံရိပ်သည် ရှယ်ဖွယ်လိလိပါလား။


                                                မိသားစုတစ်စုချင်းပင် ကြည့်ပါ၊ ရပ်ကွက်ထဲမှာ သားသမီးကို အော်ဟစ် ဆုံးမတတ်သည့် မိဘ၊ သားသမီးကို တုတ်ဖြင့် ရိုက်ပြီး ဆုံးမ၍ သားသမီးက အိမ်ကိုပတ်ပြေး၊ အနောက်ကလိုက်ရိုက် လမ်းပေါ်ထွက်ပြေး ဆူညံစွာ ဆုံးမတတ်သည့် မိဘမျိုးကို ဘယ်သူကများ ကြည်ညို လေးစားတာရှိပါသလဲ၊ ထို့အတူပါပဲ မိဘကို ကျယ်လောင်စွာ ခွန့်တုန့်ပြန်တတ်သော သားသမီးကို ပတ်ဝန်းကျင်က ဘယ်သူတွေကမှ ချစ်ခင်ကြမှမဟုတ်။
မိသားစု တစ်စုချင်းမှာပင် ကိုယ့်အိမ်တွင်းရေးကို ဖြေရှင်းကြရာမှာ၎င်း၊ ကိုယ့်သားသမီး ကိုယ့်မိဘ မကျေလည်တာရှိရင်သော်၎င်း အေးအေးဆေးဆေး နှစ်ဦးနှစ်ဖက် နားလည်အောင် ပြောဆို ရှင်းလင်းကြရာမှာသာ အဆင့်အတန်းရှိသည့် မိသားစု၊ တစ်ဦးနှင့်တစ်ဦး လေးစားသည့် မိသားစုလို့ အများက အသိအမှတ်ပြုကြပေလိမ့်မည်။

                               အစိုးရကို လေးစားပါ၊ ကြည်ညိုပါ လို့တဖွဖွပြောယုံနဲ့ ကြည်ညိုမှာမဟုတ်၊ လေးစားမှာမဟုတ်၊ ကြည်ညိုလေးစားအောင် နေပါမှ ကြည်ညိုလေးစားပါလိမ့်မည်။ ကိုယ့်ပြည်သူက လေးစားလျင် ပတ်ဝန်းကျင် ပြည်သူကပါ လေးစာလာလိမ့်မည်။ ပတ်ဝန်းကျင်ကပါ လေးစားလာလျင် ကမ္ဘာအရပ်ရပ်ကပါ လေးစားပါလိမ့်မည်။ ခက်ခဲသော အလုပ်မဟုတ်ပါ။
                   
                      လက်ရှိ မြန်မာအစိုးရသည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသော အစိုးရလို့ ကိုယ့်ဖာသာ တွင်တွင် အော်ရင်း အငုံ့စိတ်ဖြင့် ပြည်သူကို ရန်လိုလေသည်။ ပြည်သူကို ရန်ပြုလေသည်။ မိဘပြည်သူများခင်ဗျာဟု နှုတ်ချိုချိုဖြင့် စကားပြောပြီး လက်တွေ့မှာ နှိပ်စက်ညှင်းပန်းလေသည်။ တိုင်းပြည်ကို ချစ်လှချည်ရဲ့လို့ ပါးစပ်က တဖွဖွ ပြောသည်။ သီချင်းတွေစပ်သည်။ ဇာတ်လမ်းတွေ ဆင်သည်။ တိုင်းပြည်ကို အမှန်တကယ်ချစ်သည် ဆိုပါက တိုင်းပြည် တိုးတက်အောင်၊ အမှားကိုထောက်ပြလျင် လက်ခံဖို့၊ အမှန်ကို ပြင်ပါဆိုကလည်း လက်ခံနိုင်ဖို့၊ ပြည်သူတွေ မကြိုက်ပါဘူး ဆိုတာကို စဉ်းစားပေးဖို့ ဘာ့ကြောင့် တုံ့နှေး ပျက်ကွက်နေသလဲ စဉ်းစားစရာတွေ ဖြစ်နေသည်။
                 
                     အိမ်နီးချင်းနိုင်ငံတစ်ခု ဆိုပါက သူတို့ တိုင်းပြည်ရဲ့ ပုံရိပ်ကို သိပ်ကို အလေးထားသည်။ မှတ်မှတ်ရရ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သူတို့ နိုင်ငံမှာ တရားမဝင် လာရောက်အလုပ်လုပ်နေသည့် အလုပ်သမားတွေကြောင့် မှုခင်းတွေ များလာသည်၊ အမှုတွေ ရှုပ်ထွေးသည်၊ ကူးစက်ရောဂါတွေ ဖြစ်လာပါက ရောဂါဇစ်မြစ်ရှာရခက်သည်၊ အစစသော အကြောင်းပြချက်များဖြင့် မြန်မာအပါအဝင်၊ လာအို ကမ္ဘောဒီးယားနိုင်ငံတို့မှ အထောက်အထားမရှိသည့် အလုပ်သမားများကို စစ်ဆင်ရေးအသွင် ရှင်းလင်း ဖမ်းဆီးရာ အလုပ်သမားသိန်းချီ ထွက်ပြေးကြလေသည်။ ထရပ်ကားကြီးများ၊ ရထားများဖြင့် အထုတ်အပိုးများ နိုင်သလောက်ဆွဲကာ စိုးရိမ်သောမျက်နှာများဖြင့် ထွက်ပြေးကြသော အလုပ်သမားများ၊ ကလေးတွေလက်ကဆွဲလို့ အထုတ်အပိုး မနိုင့်တနိုင် လက်ကဆွဲကာတဖုံ ခေါင်းပေါ်ရွက်ကာတနည်း ထွက်ပြေးကြသော မိခင်အရွယ် အလုပ်သမားတွေရဲ့ ပုံရိပ်တွေ ကမ္ဘာအရပ်ရပ်က မီဒီယာတွေမှာ တက်လာလေရာ တိုင်းပြည်ပုံရိပ် ထိခိုက်သည်၊ သူတို့တိုင်းပြည်က လူတွေကို လူသားချင်းမစာမနာ နှင်ထုတ်သည်ဟု ကမ္ဘာ့အလည်မှာ ထင်သွားတော့မည်ဟု စိုးရိမ်လာကြကာ သူတို့ပြည်သူတွေ အထူးသဖြင့် လုပ်ငန်းရှင်တွေက ဝိုင်းဝန်းတောင်းဆိုကြရာ အာဏာသိမ်း စစ်အစိုးရက ချက်ချင်းဆိုသလို မဖမ်းပါလို့ ကတိပေးပြီး ထိုအလုပ်သမားတွေကို တရားဝင်အောင် လုပ်ပေးနိုင်ဖို့ နည်းလမ်းတွေ အဖြေရှာလေသည်။ ယခုဆိုသော် သန်းနှင့်ချီသော အလုပ်သမားတွေကို နေထိုင်ခွင့် ကဒ်ပြားများထုတ်ပေးလိုက် သဖြင့် တရားဝင်နေထိုင်ခွင့် ရရှိသွားကြလေပြီ။
                           
                                              ပြဿနာတစ်ခုကို လူကြီးလူကောင်းပီသစွာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ လူတစ်ယောက်ချင်းမှာသာ မက လူအများကို အုပ်ချူပ်နေသော အစိုးရနှင့်လည်း သက်ဆိုင်လေသည်။ တိုင်းပြည်ကို ချစ်လှပါချည်ရဲ့၊ တိုင်းတပါး လက်အောင်ကျသွားမဟဲ့၊ ချောက်ထဲ ကျတော့မလို့ ကံသီလို့ ၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေကြောင့် တိုင်းပြည်ပြိုကွဲမဟဲ့လို့ ပူပင်သောကဖြင့် ချစ်ကြသည့် အစိုးရမင်းများ တိုင်းပြည်ကို တကယ်ချစ်သလား ၊သံသယဝင်မိသည်။
           တဆက်ထဲမှာပင်  တိုင်းပြည်ပုံရိပ်၊ နိုင်ငံပုံရိပ်၊ ပြည်သူပြည်သား မြန်မာလူမျိုးတွေရဲ့ ပုံရိပ်ကို မညှိုးနွမ်းအောင် လုပ်ဆောင်ပေးနိုင်မည့် တကယ်ချစ်တဲ့ အစိုးရ လိုချင်မိလေသည်။



ခိုင်ခိုင်စောလွင်