June 27, 2014

မွေးနေ့ရက်မှာ

            ငယ်ငယ်တုန်းကတော့ လူကြီးမြန်မြန်ဖြစ်ချင်စိတ်ကြော
င့် မွေးနေ့ရောက်ဖို့ တစ်နှစ်ဆိုတာကို အကြာကြီးနေမှ ရောက်တယ်လို့ ထင်လေသည်။ လူကြီးဖြစ်ချင်တာက အဖွားတို့ အမေတို့နဲ့ အိမ်နီးချင်း လူကြီးတွေက စကားပြောရင် လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းကလေ ဘယ်လိုက ဘာပေါ့ ၊ အဲဒါ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကပေါ့ စသဖြင့် ပြောကြတာကို ကြည့်ပြီး ကိုယ်တိုင်ကလဲ လွန်ခဲ့တဲ့ (၁၀) နှစ် ငယ်ငယ်တုန်းကလေလို့ ပြောချင်လာ၍ ဖြစ်လေသည်။
             အသက်(၁၀) နှစ်လောက်မှာ လူကြီးတွေ ဝိုင်းဖွဲ့ပြောတဲ့ စကားဝိုင်းမှာ နားထောင်ရင်း လွန်ခဲ့တဲ့ (၁၀)နှစ် ကျမငယ်တုန်းကပေါ့လို့ ပြောလို့မရ၊ ဒီတော့ သူတို့ပြောတာနားထောင်ရင်း လူကြီးဖြစ်ချင်တာပင်။ (၁၀)နှစ်ပြီးတော့ (၁၁)နှစ်၊ ပြီးတော့ (၁၂)၊ (၁၃) (၁၄) စသဖြင့် တော်တော်ကြာလေသည်။ တစ်နှစ်တစ်နှစ် စာမေးပွဲ သုံးကြိမ်စစ်တာ ဖြေရင်း ဖြတ်သန်းရလေသည်။
            တကယ်တန်း လူကြီးဖြစ်လာတဲ့အခါ တစ်နှစ်တစ်နှစ် ရှိတ်ခနဲ ရိတ်ခနဲ အချိန်တွေက အကုန်မြန်လွန်းသည် ဟုထင်မြင်လာသည်။ အသက်(၄၀)ကျော်လာတဲ့အခါမှာ ပိုပြီးတောင်မြန်လာတယ် ထင်ရလေသည်။ ၄၁ ၄၂ ၄၃ စသဖြင့် စာမျက်နှာတွေ လှန်လိုက်သလို ဖျတ်ကနဲ ဖျတ်ကနဲ၊
ထိုဖျတ်ကနဲကို ကြာလာတော့ လန့်လာသည်။
" အမလေး နီးလာပဟ နီးလာပဟ"
မကြာမကြာ တွေးမိလေတော့သည်။
" ဟိုအရင်အချိန်တွေ တမ်းတမက်မော ပြန်လိုချင်တယ် အခုလေ..... " ဆိုတဲ့ သီချင်းက ခံစားလို့သာကောင်းတာ၊ ကဲ ဒါဖြင့် ဟိုအရင်အချိန်ကို ပြန်သွားမလားလို့ ဆိုလာရင်တော့
" အမလေး ကြောက်ပါတယ် တော်ပါ တန်ပါ" လို့ ပြောရမည်ပင်။
ဖြတ်သန်းခဲ့ရတဲ့ ဘဝအမော သောင်းခြောက်ထောင်ထဲက တစ်ခုလောက်နဲ့တင် ဒီအတိုင်းပဲ ကောင်းပါတယ်ပေါ့။
             နံနက်မိုးမလင်းခင် အိပ်ယာကထ နံနက်စာနဲ့ မိသားစု(၅)ယောက်စာ ထမင်းဘူးတွေ အတွက် ချက်ပြုတ်၊ ထမင်းဘူး(၅)ဘူးကို ထဲ့ရတာတောင် အချိန်အတန်ကြာလေသည်။ ချက်ရင်းပြုတ်ရင်း ကလေးတွေနှိုး ရေချိုး အဝတ်လဲ၊ သနပ်ခါးလိမ်း (၈)နာရီ ဒေါင်ဆို ရောက်လာမယ့် ကျောင်းကားအမီ အသင့်လုပ်ထား၊ ဒါတောင် ကျောပိုးအိတ်ထဲ စာအုပ်တွေ လိုအပ်တာကို ညကတည်းက အဆင်သင့်လုပ်ထားပေလို့သာ၊

တခါတလေ ကျောင်းကားလာကာနီးမှ ခဲတံချွန်ပေးပါအုန်းဆို ကမန်းကတန်း လုပ် ပါးစပ်ကလည်း အခုမှ ပြောရလား ပွစိပွစိပြော လက်ကလဲ ခဲဆံညှိ၊
တခါတလေ မီးဖိုထဲမှာချက်ရင်းပြုတ်ရင်းက  ကားလာပြီဆို ကမန်းကတန်း လိုက်ပို့ ၊ ကလေးတွေကို ကားပေါ်တင်ပေးရင်း အိမ်နီးချင်းတွေက
" အမရေ လုံခြည်လေး ပြင်ဝတ်လိုက်ပါအုန်း"
 ဆိုမှ ထမီက ဒူးခေါင်းရောက်နေမှန်းသိပြီး ရယ်ဖြဲဖြဲနဲ့ ပြန်ဝတ်ရတာ မကြာခဏ။
              ကလေး(၃)ယောက်စလုံး ကျောင်းကားနဲ့ပါသွားပြီဆို ပေါ့ပါးသွားလေတော့သည်။ ဒါပေမယ့် မပြီးသေး။  စားထားသောက်ထားတဲ့ ပန်းကန်တွေဆေး၊ ချက်ရင်းပြုတ်ရင်းက စိမ်ထားတဲ့ အဝတ်တွေလျှော်၊ တခါတလေ လျှော်ပြီးသား အဝတ်တွေ အချိန်မမီလို့ မလှမ်းခဲ့နိုင်ပါက သမီးကြီးက ကျောင်းအပြန်တွေ့ရင် လှမ်းထားပေးတတ်သည်။ နာရီကြည့်လိုက်ပါက ၈နာရီခွဲ ၊ တံမျက်လှဲပြီး အချိန်ရရင် ကြမ်းတိုက် ရေမိုးချိုး ပြီးသည့်အချိန် (၉)နာရီ၊ အလုပ်က ၉နာရီခွဲ အရောက်။ ကွက်တိ ရုံးရောက် (ဒါတောင်ရုံးနဲ့အိမ်က ကားတိုးမစီးပဲ လမ်းလျှောက်သွားလို့ရလို့) ။
            ရုံးချိန်က ၉နာရီခွဲပေမယ့် ရီကောဒင်းအချိန်က (၁၀)နာရီမှ စတာမို့ ရုံးရောက်မှပဲ နားရလေတော့သည်။ အဲကွန်းခန်းထဲမှာ ရောက်တာနဲ့သတင်းစာဖတ်၊ တီဗွီဖွင့် သတင်းနားထောင် ၊ ထိုအခါကျမှ တမနက်လုံး မထိုင်ရသေးတာ သတိရလေတော့သည်။ ကားတိုးစီးပြီး အဝေးကလာရသည့် အိမ်ထောင်ရှင်မတွေကလည်း ထိုင်ခုံမှာ အားရပါးရထိုင်ပီးတာနှင့်
 " အမလေး ရုံးရောက်မှပဲ နားရတော့တယ်"
 ဆိုတတ်လေရာ ထိုစဉ်တုန်းကတော့ ကိုယ်တစ်ယောက်ထဲ မဟုတ်တဲ့အတွက် ဘယ်လိုမှမနေ၊ အခုနေဆိုရင်တော့ အသက်ကလဲ စကားပြောလာပြီ၊ ဒီလို အလုပ်ကို နန်းစတော့ မလုပ်နိုင်တော့ပေ၊ ပြန်စဉ်းစားတာနှင့်ပင် မောလှသည်။
              ညနေရုံးဆင်းချိန်က (၄)နာရီခွဲဆိုပေမယ့် ရီကောဒင်းက (၄)နာ၇ီအထိသာ သတ်မှတ်ထားရာ (၄)နာရီဒေါင်ကနဲ ထိုးတာနှင့် အိမ်ပြန်ပြေးရလေသည်။ ဟင်းက မနက်စာညစာပေါင်းချက်ထားပေမယ့်  ထမင်းတစ်အိုးတည်ရမည်။ မနက်ကလျှော်ထားတဲ့ အဝတ်တွေ မီးပူတိုက်ရမည်။ နေ့တိုင်းမတိုက်ပါက လူ(၅)ယောက် ကျောင်းတက် ရုံးတက် နေ့စဉ်အဝတ်တွေက တောင်လိုပုံသွားလိမ့်မည်။  ညစာ ထမင်းစားပြီး အိုးခွက်ပန်းကန်တွေဆေးကြော နေတုန်း ကလေးတွေကို နာရီဝက်လောက် အိမ်ရှေ့ကွက်လပ်မှာ ဆော့ကစားဖို့ လွှတ်ထားရာက (၇)နာရိထိုးရင် အိမ်စာလုပ်၊ စာကြည့်ဖို့ ပြန်ခေါ်ရသည်။ အိမ်စာပါတာ လုပ်ခိုင်း၊ ကျက်စာပါတာ ကျက်ပြီး စာပြန်တာ နားထောင်ပြီးက ည(၈)နာ၇ီ။ သတင်းခေါင်းစဉ် နားထောင်ပြီး အိပ်ယာဝင်၊ နံနက်(၄)နာရီထိုးပါက ကြည့်မြင်တိုင်ဆိပ်ကမ်းက သင်္ဘေတစ်စီး ဥဩဆွဲသံ ပုံမှန်ကြားရလေသည်။ ကြည့်မြင်တိုင်ဆိပ်ကမ်းကို ငါးလာပို့တာလား၊ ငှက်ပျောဒိုင်ကို ငှက်ပျောခိုင်တွေ လာပို့တဲ့ သင်္ဘောလား မသိ။ အချိန်အမြဲမှန်သည်။ ထိုဥဩသံကြားပါက  ငေါက်ကနဲ အိပ်ယာကထ။
တခါတလေ တွေးမိလေသည်။
" ည(၈)နာရီက မနက်(၄)နာရီကြားမှာ ငါဘာမှ မသိပါလား၊ သေသွားရင်တောင် သိပါမလား" ပေါ့၊

တကယ်လဲ ငလျှင်လှုပ်လဲ မသိ၊ ဆူနာမီလဲမသိ၊ မှတ်မှတ်ရရ ဆူနာမီဖြစ်တဲ့ ရက်က ပိတ်ရက်၊ အလုပ်နားရက်မို့ ထုံးစံအတိုင်း  နံနက်(၇)နာ၇ီကျော်သည်အထိ အိပ်ယာကမထ၊  အိမ်နီးချင်းတစ်ယောက်က တံခါးကို တဝုန်းဝုန်းပုတ်ကာ"
" ငလျှင်လှုပ်တယ် အောက်ဆင်းကြမယ် အပေါ်ထက်ကလူတွေ အကုန်အောက်ရောက်ပြီ"
နှိုးမှ သိလေသည်။
အင်ဒိုနီးရှားနှင့် ထိုင်းက ဖူးခက်တို့က သတင်းတွေ ကြည့်ရင်း အပျက်အဆီးတွေတွေ့မှ အတော်ပြင်းပါလားသိရလေသည်။
 ကိုင်း အတိတ်ကို ပြန်မသွားချင်ရင် အနာဂတ်ကိုရော ဆိုပါက အနာဂတ်ကတော့ ပြောခဲ့သလို နီးဖို့ရာပဲ ရှိတော့သည်။
 ကျန်တာကတော့ မနက်ဖန် ဘာချက်ရပါ့၊ ကလေးတွေက
" အမေ ရှမ်းခေါက်ဆွဲ မစားရတာကြာပြီ ချက်ပါလား"
ဆိုလာရင်
"မနက်ဖန် ချက်စားကြတာပေါ့"
 ဒါမျိုးတွေသာ များလာသည်။
                    တစ်ချိန်တုန်းက အနာဂတ်ကို အတော်တွေးပူ ဖူးလေသည်။ ကလေးတွေ စာတတ်ပါ့မလား၊ ကျောင်းပြီးပါ့မလား၊ စာဖတ်ပါ့မလား၊
အခုတော့  လျှမ်းလျှမ်းတောက် မဟုတ်ပေမယ့် လမ်းကြောင်းတစ်ခုပေါ်တော့ လျှောက်နေကြပြီ။ သူတို့ မယိမ်းမယိုင်ပဲ တည့်တည့်လေးလျှောက်ရုံနှင့် အထိုက်အလျှောက် အဆင်ပြေလိမ့်မည်။
ကိုယ့်အတွက်ကတော့ အနာဂတ်က တစ်လမ်းပဲ ရှိသည်။ ထိုအနာဂတ်ကို လူတိုင်းရောက်မှာပင်။ ဒါပေမယ့် တတ်နိုင်သလောက် ဖြည်းဖြည်းပေါ့။
              ဒါဆို ဘုရားဟောအတိုင်း ပစ္စုပန်တည့်တည့်သာ ကြည့်၊ တည့်တည့်မှတ်၊ မှတ်ပါသည်။ သို့သော် စိတ်က အတိတ် အနာဂတ်ဆီကို ဝဲလည်လှဲ့နေသည်။
             အနည်းဆုံး ကိုယ်အသက်ရှုနေတာလေးကိုမှတ် မှတ်ပါသည်။ ဝင်လေ ထွက်လေကို မှတ်၊ မှတ်ပါသည်။ ကိုယ့်အတွက်က ဒါပဲရှိသည်။
မနက်တိုင်း အိပ်ယာကထသည်နှင့် နာရီဝက် မှတ်လေသည်။ ဒီကုသိုလ်လုပ်ခွင့် ရလာတာတော့ ကိုယ့်ဘဝမှာ ကျေနပ်လေသည်။ ဟိုယခင်တုန်းကလို မျက်စိနှစ်လုံး ပွင့်တာနှင့် လုပ်ဟ လုပ်ဟ လို့ တွန်းအားပေးနေတဲ့ အရာတွေ မရှိတော့ပေ။
              ဖြစ်နေတာက ကိုယ်ကိုယ်တိုင်ပင်။ ဝင်လေ ထွက်လေ မှတ် ၊ ဝင်လာတဲ့လေက အေး၊ ထွက်တဲ့လေက နွေး ဒါလဲသိ၊ မှတ်ရာက ဟော ရေချိုးခန်းမှာ ရေသံကြားတယ်၊ ဘယ်သူနိုးပြီလဲမသိဘူး၊ ဘာလို့ အစောကြီးထလာတာလဲ၊ ညကတော့ ဘာမှမပြောထားပါလား၊ သွားစရာရှိတယ် ထင်တယ်။ မနက်စာ ဘာမှ လုပ်မထားရသေးဘူး၊ နေပစေလေ သူ့ဘာသာ ခေါက်ဆွဲပြုတ်ပြီး စားသွားလိမ့်မယ်။ အဲ ငါမှတ်တာ အာရုံပျက်သွားပြီ။ မထူးပါဘူး ရပ်လိုက်တော့မယ်။ ဒါမျိုးက မကြာခဏ။
           မဖြစ်ချေဘူး၊ ကိုယ့်အတွက်ပဲ လုပ်တော့မယ်၊ ပြန်တွေးကြည့်ရင် အတိတ်မှာ မောခဲ့တယ်၊ အနာဂတ်ကလဲ နီးလာပြီ။
" အမလေး ပစ္စုပန်ပဲ ကောင်းပါတယ်"
 ပစ္စုပန်တွေ ကြာပါစေ ပစ္စုပန်ရယ်နေပါအုန်း အဖွားကြီးအို ခါးကုန်းကုန်း

June 13, 2014

ဘောလုံးပွဲထဲမှာ အားရပါးရ အော်လိုက်တာများရှင်......................

                                                     ပန်းချီစံမင်း
 
                                      ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ စပြီဆိုတဲ့ အခါ အမာစိန်ဆိုထားတဲ့ သီချင်းလေးကို တစ်ပိုင်းတစ်စ သတိရရင်း  ဘောလုံးပွဲတွေအကြောင်း ခေါင်းထဲ ရောက်လာလေသည်။  မိန်းကလေးနဲ့ ဘောလုံး ဘာဆိုင်လို့တုန်း ပြောလာရင်တော့ ဆိုင်မဆိုင်မသိပေမယ့် ကိုယ့်အတွက်ကတော့ ဘောလုံးပွဲဆို ကြည့်ရတာ ဝါသနာကြီးယုံမက  ဘောလုံးပွဲနှင့် ပတ်သက်ခဲ့ဖူးတာကို သတိရမိလေသည်။
               ရုပ်မြင်င်သံကြားဆိုတာ မပေါ်ခင်ကတော့  ရေဒီယိုက  နားထောင်ရတာ အင်မတန်ဝါသနာကြီးလေသည်။  အရုပ်မမြင်ရပါပဲ နားထောင်ရတာနှင့်ပင် ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် ပြောတတ်ကြ သဖြင့် ထိုစဉ်က အရုပ်မမြင်ရသည်လို့ပင် မထင်မိပေ၊ ဘောလုံးပွဲ ပြီးသွားလျှင်ပင် တကယ်ကြည့်လိုက်ရသလို ကျေနပ်သွားလေသည်။ ဘောလုံးပွဲ ဝါသနာက ထိုမျှနှင့်ရပ်မသွား။ ပိုလို့ပင် ကြီးလာအောင် အကြောင်းတွေက ဖြစ်လာလေသည်။ 
               ကျမတို့ အိမ်ရှေ့ ကွက်လပ်မှာ ကျမရဲ့အကိုနဲ့မောင်လေးတွေ အပါအဝင်  ရပ်ကွက်ထဲက ယောင်္ကျားလေးတွေ ဘောလုံးကို တောင်ကန် မြောက်ကန် ကန်ရာက အကိုကြီးတစ်ချို့က ဘောလုံးနဲ့ပတ်သက်တဲ့ နည်းပညာတွေကို သေသေချာချာ သင်ပေးလေသည်။ ပြည်နယ်တိုင်း ဘောလုံးပွဲရှိပါကလည်း ထိုစဉ်က အောင်ဆန်းကွင်းအထိ လိုက်ပြလေသည်။ ကလေးတွေ  လက်ရည်တက် အဲ ခြေရည်တက်လာတဲ့အခါ နီးစပ်ရာ ရပ်ကွက်ကလူတွေနှင့် ချိန်းပြီးကန်ကြလေသည်။ ထိုမှ ရပ်ကွက်အလိုက် ဘောလုံးအသင်းတွေ ပေါ်လာရာ ရပ်ကွက်ဘောလုံးပြိုင်ပွဲကြီး နှစ်စဉ်ကျင်းပ ဖြစ်လေတော့သည်။
 
               ဒိုင်းတွေဘာတွေ ပေးရာက ပြိုင်ပွဲက အကြိတ်အနယ် ဖြစ်လာလေတော့သည်။ ကျမတို့လမ်း အသင်းက ကစားသမားတွေက စနစ်တကျ ဘောလုံးနည်းပညာ တတ်မြောက်ထားလေရာ ကစားလျှင် ပရိတ်သတ်က အံ့ဩရလေသည်။
 အသက်(၁၃)ဝန်းကျင် (၇)တန်း၊ (၈)တန်း ကျောင်းသားလေးတွေက တကယ့်ဘောလုံးသမားတွေလို ကစားကွက်နှင့် ကစားသည်ဖြစ်ရာ လူပေးပြေးကန် အသင်းတွေနှင့် ယှဉ်လိုက်သည့်အခါ ဆီနှင့်ရေပမာ ကွာခြားလေသည်။

           ပထမဆုံးပြိုင်သည့်နှစ်မှ (၃) နှစ်ဆက်တိုက် ဒိုင်းရရှိခဲ့လေသည်။ တခြားအသင်းတွေကလည်း နောင်နှစ်တွေမှာ ဘောလုံးနည်းပြတွေဘာတွေ ငှားပြီး သင်ရာက အသင်းကောင်းတွေ ဖြစ်လာပြီး အပြိုင်အဆိုင် ကြည့်လို့ ကောင်းလာလေသည်။

          အဲဒီတုန်းက ကိုယ်တွေလမ်းထဲက  အသင်း ဘာဖြစ်လို့ အောင်မြင်ပါသလဲလို့ အခုနေ ပြန်စဉ်းစားကြည့်မိတော့ စည်းလုံးညီညွတ်လို့ဆိုတဲ့ အဖြေကို တွေ့ရလေသည်။
 ကစားသမားတွေက တဖက်အသင်းက ကစားသမားတွေထက် နည်းပညာတတ်တာ၊ တော်တာက တပိုင်း၊ ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ ပံ့ပိုး အားပေးတာက ပိုမည်ထင်သည်။

 တခြားအသင်းတွေက နာမည်ပေးပီး ဝင်သာပြိုင်တာ အဝတ်အစားက ကြုံသလို ဝတ်ချင်တာ ဝတ်သည့်အချိန်တွင်  ကျမတို့ လမ်းထဲက အသင်းက အားကစားဝတ်စုံကို  ကိုယ်တိုင်ဒီဇိုင်းဆွဲ အရောင်သတ်မှတ်ပြီး ဆင်တူ ဝတ်စုံဖြင့် ကန်ကြလေသည်။

ကွင်းထဲကို  နှစ်ဖက်အသင်းဝင်လာပြီဆိုမှဖြင့် ကိုယ့်အသင်းက ဟန်နဲ့ပန်နဲ့ ကြွားကြွားရားရား၊ ဟိုဘက်အသင်းက ကန်တောင်မကန်ရသေး မျက်နှာငယ်လေးနှင့် ကုပ်ကုပ်ကလေး  ဖြစ်နေသည်။  ဒါကတော့ လမ်းထဲက မိသားစုတွေရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်လေသည်။

 ဝန်ထမ်းရပ်ကွက်မို့ မိဘတွေက ကိုယ့်ကလေးတွေ အတွက် မပေးနိုင်တာလဲ ရှိသည်။ မတတ်နိုင်သူက ရံပုံငွေ မထဲ့နိုင်က ထဲ့ရန်မလို၊ တတ်နိုင်သူက လိုတာ အကုန်စိုက်လေသည်။ ထိုစဉ်က ကျမတို့လမ်းထဲမှာ  သာရေးနာရေး ၊ လမ်းခင်းတာကအစ အားလုံးကို  ရှေ့ဆုံးက ပံ့ပိုးပြီး ရပ်ကွက်တိုးတက်အောင် လုပ်ပေးသူက အမျိုးသမီးကြီးတစ်ယောက် ဖြစ်လေသည်။

                   လူရွှင်တော် ဇာဂနာ(ခ) ကိုသူရရဲ့ တစ်ဝမ်းကွဲ အမပင်။ စာရေးဆရာမကြီး ကြည်ဦး၏ တူမ၊ ဒေါ်ကြည်ဦးရဲ့ အကိုကြီးက မွေးသည့် ထိုအန်တီကြီးသည် ရပ်ရေးရွာရေးဆို အလွန်တက်ကြွလေသည်။ လူအားငွေအား အကုန်စိုက်သည်။  လမ်းထဲက အပျိုပေါက်၊ အပျိုကြီး၊ အပျိုဟိုင်းမကျန် ထိုအန်တီ ခေါင်းဆောင်တဲ့ နောက်က လိုက်ပြီး ဘောလုံးပွဲကို အားပေးကြလေသည်။ နိုင်လာပါကလည်း ချက်ပြုတ်ကြွေးမွေးဖို့ ဝယ်ရချမ်းရလေသည်။

            ကျမတို့ကတော့ (၁၀)နှစ်ကျော် ကလေးအရွယ်ဆိုတော့ အားပေးသည့် အဖွဲ့က ဖြစ်လေသည်။ အားပေးတယ်ဆိုတာက ဒီတိုင်း ဘောလုံးကွင်းထဲ သွားရတာမဟုတ်၊ ရေခဲရေတွေ၊ ရေခဲတုံးတွေကို ရေခဲဘူးနဲ့သယ်တာကို ဝိုင်းသယ်ရသည်။ လိမ္မော်သီး အခွဲနွာထားတာတွေ၊ သံပုရာသီးစိတ်တွေကို အိတ်တွေနှင့် သယ်ရသည်။ ဆေး၊ ပလာစတာ ဂွမ်း ပတ်တီးတွေ ကူသယ်ပေးရသည်။

ကွင်းထဲ ရောက်ရင်တော့ ထိုအထုပ်တွေချကာ သံကုန်ဟစ်၍ အားပေးလေတော့သည်။ အကြောင်းကတော့ ကျမတို့ အကိုအကြီးဆုံးလဲ ပါ၍ပင်၊ အတန်းထဲက သူငယ်ချင်းတွေလည်းပါသည်ပင်။
               ဘောလုံးပြိုင်ပွဲ စသည့်ရာသီမှာ ကိုယ့် အသင်းပြိုင်သည့်နေ့ဆို ကျောင်းချိန်နှင့်ကိုက်နေပါက ခွင့်ပင်ယူလိုက်သေးသည်။ နောက်ပိုင်းနှစ်တွေမှာ ရပ်ကွက်ပွဲက နာမည်ကြီးလာပြီး ရပ်ကွက်လူကြီးတွေပါ မနေသာပဲ အားပေး လာသည့်အခါ တကယ့်ပွဲကြီးပွဲကောင်း ဖြစ်လာပြီး ကျောင်းမှာ ခွင့်စာရေးပါက နေမကောင်းပါသဖြင့်လို့ လိမ်တိုင်စရာ မလိုပဲ ဘောလုံးပွဲ ရှိပါသဖြင့်လို့ တိုင်လို့ရသည်အထိ ဖြစ်လာလေသည်။


               မှတ်မှတ်ရရပွဲ တစ်ခုက အတန်းပိုင်ဆရာမရဲ့သား ပါတဲ့ အသင်းနဲ့ကျမတို့လမ်းထဲက အသင်း ပြိုင်သည့်ပွဲပင်။
               ဆီမီးဖိုင်နယ်ဖြစ်ပြီး နိုင်သည့်အသင်းက ဗိုလ်လုပွဲ တက်ရမည်ဖြစ်ရာ ထိုပွဲကန်သည့်နေ့ပိတ်ရက်မို့ အေးအေးဆေးဆေး သွားပြီး အားပေးရလေသည်။
 တကယ်တော့ ကန်သည့်ကွင်းက တကယ့်ဘောလုံးကွင်းမဟုတ်၊ ကိုယ့်ဘာသာ မြေညှိပြီး လုပ်ယူထားသည့် ကွင်းသာ၊ စန္ဒာဦး ကဇာတ်ရုံရဲ့ အရှေ့က မြေကွက်လပ်မှာ ကန်ရခြင်းဖြစ်လေသည်။ ယခု ထိုကဇာတ်ရုံကြီး မရှိတောပေ၊ ကမာကြည်အိမ်ယာဆိုလား ဖြစ်နေပြီး ဘယ်ကလူတွေ ပြောင်းလာသည်မသိ၊ သူဌေးတွေနေသည့် အိမ်ယာဖြစ်နေချေပြီ။

  ကျမတို့ငယ်ငယ်ကတော့ ထိုကဇာတ်ရုံမှာ မိုးတွင်းဆိုပါက စန္ဒာဦး ဇာတ်အဖွဲ့ဇာတ်နားစဉ် အကတိုက်ချိန်သာ ဆိုင်းသံ ဗုံသာ ကြားရလေသည်။
         ကျောင်းဆင်း၍ ဆိုင်းသံ ဗုံသံ ကြားပါက
        " စန္ဒာဦးလာပြိဟေ့" ဆိုကာ
အိမ်နီးချင်းသူငယ်ချင်းတွေ လက်တို့ပြီး   ထမင်းကပျာကယာ စားကာ သွားထိုင်ကြည့်သည်။
ဇာတ်အဖွဲံ့ ပြောတာဆိုတာတွေ ကလေးပီပီ ထိုင်ငေးရင်း ပက်လက်ကုလားထိုင် တစ်လုံးကို လူတစ်ယောက်လာမှ သူ့ကို ပေးထိုင်သည်။ သူလာလျှင် အားလုံးက ပျာပျာသလဲ ဖြင့် " ကိုကျော်စွာ"လို့ ခေါ်ကြတာ မှတ်မိသည်။

 နောက်ပိုင်း အရွယ်ရောက်လို့ စာတွေဘာတွေ ဖတ်တော့မှ ထိုဦးလေးကြီးသည် စာရေးဆရာ ချစ်ဦးညို ဆိုတာ သိရလေသည်။ လူရွှင်တော်တွေကလည်း ဆိုနီ မိုးကျော်ဆိုတာ နောက်မှသိရလေသည်။
အဲဒီ ကဇာတ်ရုံအပိုင် သူ့ရှေ့က ကွက်လပ်ကလေးကို ဘောလုံးကွင်းအမှတ်ဖြင့် ကန်ကြခြင်းဖြစ်သည်။
            ထုံးစံအတိုင်း နေရာယူကတည်းက ကိုယ့်ရပ်ကွက်ကလူက ကိုယ့်အခြမ်း သတ်သတ်ခွဲပြီး နေရာယူကြသည်။  ပထမတော့ ထိုင်ပြီး အားပေးရာက ပွဲရှိန်မြင့်လာသည့်အခါ အားလုံးမတတ်ရပ်ပြီး အော်ကြဟစ်ကြလေသည်။ ကျမတို့လည်း လူကြီးတွေကြားတိုးတိုးဝှေ့ဝှေ့ အားပေးရသည်။ ရေပေးပါဆို လှမ်းပေးရသည်။  ဘယ်သူဖြင့် မောနေပြီ သံပုရာသီး သံပုရာသီး ဆို ပြေးပြီး ပေးရလေသည်။

         ကိုယ့်အကိုတစ်ယောက်လုံး ပါနေသည့်အတွက် သူ့ကိုလည်း ကြည့်ရသေးသည်။ အမေက သူကိုယ်တိုင် ဘောလုံးပွဲလည်း ဝါသနာမပါ၊ အားပေးတာကိုလည်း ဝါသနာမပါယုံမက အပိုတွေဟု ရှုံချပေမယ့် သူ့သားကြီးကိုတော့ ဂရုစိုက်လို့ သေချာမှာလိုက်လေသည်။
 ဘောလုံး သူ့ခြေထောက်ထဲ ရောက်သွားပါက အကိုရဲ့ နာမည်ကို သံကုန်ဟစ်ပီး အော်ပေးလိုက်သည်၊ တခြားသူတွေကလဲ လိုက်ပြီး အော်ကြလေသည်။             
          အဲဒီ ဆရာမရဲ့သားနဲ့ ကန်ရတဲ့ ပွဲမှာ ကျမတို့ အသင်းကတစ်ယောက်ကို ဆရာမသားက  မသိမသာ လူချလေသည်။
 ဒိုင်က မမြင်တာလား မမြင်ချင်ယောင်ဆောင်တာလား မသိ၊ ဘာမှမပြော၊ ခရာမမှုတ်၊ ရပ်ကွက်က ကလေး၊ ကျောင်းသား အသင်းတွေသာ ဆိုတာ ထိုပွဲတွေမှာပင် ဘောလုံးပွဲပီသစွာ ခေါက်ဆွဲစားတာတို့ ဘာတို့ ရှိလေသည်။
အဲဒီ ကလေးဘဝကတည်းက လူကျွံဘော၊ လက်ပစ်ဘော၊ ပြစ်ဒဏ်ဘော တို့  သာမက ခေါက်ဆွဲစားတာပါ ကြားဖူးခဲ့လေသည်။
          ထိုအခါ ကျမတို့ ခေါင်းဆောင် အန်တီကြီးက ဒိုင်ကို အပီအပြင်ဆဲလေတော့သည်။
" ကန်းနေသလား၊ ခေါက်ဆွဲစားသလား..............စသဖြင့်"
တဖက်အသင်းကတော့ ကျေနပ်စွာပဲ သူ့ဘာသာဖြစ်တာ ဘာညာ အော်ကြရာက ပရိတ်သတ်အချင်းချင်း စကားများလေတော့သည်။
        ကစားသမားတွေက ကစားမပျက်၊ ဟိုဘက်က မိန်းမတစ်ယောက်အသံကလည်း  စွာကျယ်စွာကျယ်နှင့်ဟိန်းထွက်နေသည်။ ဒီဘက်ကလည်း အနိုင်ပိုင်းပြီး အော်ကြပြောကြလေသည်။
" စွာလိုက်တာ"
ဆိုပြီး တစ်ဖက်အသင်းရဲ့ ပရိတ်သတ်ကို လှမ်းအကြည့်
" အမလေး"

 ဆိုပြီး လန့်သွားကာ ကိုယ့်ကို မမြင်အောင် ခေါင်းပုပြီး ကွယ်နေလိုက်ရသည်။
  တစ်ဆက်ထဲ  လက်သီးလက်မောင်းတန်းပြီး အော်နေသည့် အန်တီ့ အနောက်က အသာလေး လက်တို့လိုက်ရာ လှည့်ကြည့်သည့်အခါမှာတော့

" အန်တီ မပြောတော့နဲ့ အဲဒါ သမီးတို့ အတန်းပိုင်ဆရာမ"
ဆိုတော့သူ ခဏ မှင်တက်သွားသည်၊
 ထိုအန်တီရဲ့ သားအငယ်ဆုံးက ကျမနဲ့အတန်းတူ တစ်ခန်းထဲ၊ ယခု ကစားသည့်အထဲ သူက တိုက်စစ်မှုး၊ သူ့သားရဲ့ အတန်းပိုင်လည်း ဖြစ်သည်လို့ သဘောပေါက်သွားသည်။
ဒါပေမယ့် အားကစားနတ်က ဖမ်းစားလေသလား မသိ။
" ဟေး ကျောင်းဆရာမဖြစ်ပြီး အမှန်ဘက်က လိုက်မပြောဘူး၊ ဘာဆရာမလည်း၊ ဒါလားဆရာမ မိုက်လဲ မိုက်ရိုင်းသေး၊ ကိုယ့်သားသမီးကို  မဆုံးမထားဘူးလား............. " လို့ ဟစ်လိုက်ရာ

ကျမမှာ ချွေးပြန်ပြီး ကုပ်နေရလေသည်။ ဘောလုံးပွဲပြီးလို့ အိမ်ပြန်သည့်လမ်းမှာ  တိတ်တိတ်သာ ပြန်လာတော့သည်။
 
               ဘောလုံးပွဲဂယက်က တော်တော်နှင့်မပြီး၊ ဒုတိယအစမ်း စာမေးပွဲမှာ ထိုအန်တီရဲ့သားက မကျစဖုး စာမေးပွဲကျလေသည်။
 အပတ်စဉ် အဆင့်(၁)မှ(၃) အတွင်းအမြဲရနေရာက ကျသည်ဆိုတော့ ဘောလုံးပွဲတုန်းက အမေကို မကျေနပ်၍ စာမေးပွဲချတာလို့ စွပ်စွဲပြီး အတန်းပြောင်းမယ်တွေ ဘာတွေ ဖြစ်လိုက်သေးသည်။
 အားလုံးက နှစ်လဲ ကုန်တော့မှာပဲ ပြောင်းမနေပါနဲ့၊ ဆရာမဆိုတာ အဲလိုမျိုး စာမေးပွဲကျအောင် အသားလွတ်ချလို့ သူ့စိတ်သဘောတစ်ခုနဲ့ လုပ်လို့မရဘူးလို့ ဝိုင်းပြောမှ လက်ခံလေသည်။

             နှစ်အနည်းငယ်ကြာလာတော့ ကစားတဲ့အထဲက ကျောင်းသားတစ်ချို့ (၁၀)တန်းတွေဘာတွေ ရောက်လာတဲ့အတွက် မိဘတွေက ကျောင်းစာကို သီးစားပေးပြီး  မကစားခိုင်းတော့တဲ့အတွက်  လူလျော့သွားတာရော၊ နည်းပြအဖြစ်  အသင်းကို ဦးဆောင်လမ်းပြတဲ့ အကိုကြီးက စစ်တက္ကသိုလ်တက်ခွင့်ရတဲ့အတွက် မေမြို့ကို သွားရတော့မယ် ဆိုတာတွေ ဖြစ်လာတဲ့အခါ အသင်းကို ဖျက်လိုက်ရလေသည်။ နာမည်အကြီးဆုံး အသင်းမရှိတော့ သည့်အခါ ကျန်သည့် အသင်းတွေလည်း အလိုလို နိဋ္ဌိတံသွားလေတော့သည်။
            ပြည်နယ်နှင့်တိုင်း ဘောလုံးပွဲတွေက နောက်ပိုင်း စိတ်င်စားဖွယ်မကောင်းတော့သလို အစိုးရကလည်း ကြည်း- ရေ- လေ ဘောပွဲတွေကိုသာ  လွှင်းပေးလေရာ ဘောလုံးပွဲကို စိတ်မင်စားဖြစ်တော့၊ ဒါပေမယ့် ကာလတစ်ခု အကြာမှာတော့ အရှေ့တောင်အာရှပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်း အောင်ပွဲတွေရပြီး နာမည်ထွက်လာတဲ့အခါ  ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တာတွေ ရှိလာတော့ ဘောပွဲပိုးက ပြန်လည်လာတော့သည်။
            မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ဝင်းအောင်၊ မောင်မောင်ဦး၊ သန်းဝေ၊ စသဖြင့် ကစားသမားတွေကို သဘောကျ  အားပေးရပြန်သည်။  အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲ တစ်နှစ်မှာတော့ အလုပ်ထဲမှာ တာဝန်ကျချိန်မှာ ရေဒီယိုက အသံလွှင့်ပေးရသည်။  အဲဒီတုန်းက  ရေဒီယို စက်ခန်းမှာ တီဗွီ( ရုပ်မြင်သံကြားစက် ထားမပေးပါ)။ အလုပ်လုပ်တာ အာရုံများမှာဆိုးလို့ လို့ပြောကြသည်။

 ထိုအခါ  ဘောပွဲကြည့်ချင်ပါက စက်ခန်းအပြင်က အနောင်စာတွေရှိတဲ့ အစီစဉ်အခန်းမှာ သွားကြည့်ရလေသည်။ တိုက်ရိုက်ထုတ်လွှင့်သည့်လိုင်းနှင့် ချိတ်ဆက်ပြီးပါက ဘောပွဲလွှင့်သည့်တစ်ချိန်လုံး ထိုင်နေရုံသာဆိုတော့ အနီးဆုံးဖြစ်သည့် အင်္ဂလိပ်ပိုင်း အစီအစဉ်ခန်းမှာ သွားကြည့်လေသည်။ အတူတွဲပြီး တာဝန်ကျသူက ဘောပွဲစိတ်မဝင်စားသူ ဖြစ်လျှင် ကျမကို အေးဆေးကြည့် ပွဲပြီးပါက သူပဲ လိုင်းချိန်းလိုက်မည် ဆို၍  စိတ်အေးလက်အေး သွားပြီး ကြည့်ဖြစ်လေသည်။
           အစီအစဉ်ခန်းထဲကို ကျမဝင်လာတာ မြင်ပါက ထိုင်ကြည့်နေသူတွေ အားလုံးလိုလို ထကာ နေရာပေးကြလေသည်။
ကျမက မပေါ့မပါး ကိုယ်ဝန်ကြီးနှင့် ဖြစ်နေ၍ပင်။  ထိုစဉ်က အင်္ဂလိပ်ပိုင်း အစီအစဉ်မှ  ကိုအောင်ထွန်းဦးဆိုသူက ကျမကို
" အမ ဗိုက်ထဲက ကလေးက ယောင်္ကျားလေးဖြစ်မှာပဲ"
 လို့ ဆိုတတ်သည်။
ဗိုက်ထဲက ကလေးက ယောင်္ကျားလေးဖြစ်နေလို့ ဘောပွဲကြည့်ချင်နေတာလို့ ထင်ဟန်တူသည်။ ကျမကတော့ ဘာမှမပြောပဲ ပြုံးနေလိုက်သည်။
            ကျမခင်ပွန်းသည်လည်း  ဘောလုံးပွဲ ဝါသနာပါသည်။ သို့သော် ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်တွေမှာ သွားပြီး ကြည့်လေ့မရှိ၊ ဘာ့ကြာင့်လဲဆိုတော့ အိမ်မှာ သူနဲ့လက်ရည်တူ အားပေးမယ့်သူ ဝိုင်းပြီးဆဲ မည့်သူ ဝေဖန်မည့်သူ အဖော်ရှိနေလို့ပင်။
 နောင် စိုးမြတ်မင်းတို့၊ အောင်အောင်ဦးတိုကခေတ်ရောက်တော့ အဖော်တွေက ပိုတောင်များလာသေးသည်။ သူ့သမီးတွေက အင်္ဂလန်က ဂျရတ်ကိုပင် အလွတ်မပေးပဲ အားပေးလေသည်။ 
            ဟော ယခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ပွဲစဉ်တွေ စပြီဆိုတော့ သမီးတစ်ယောက်က ပြောလေသည်၊
" အမေ သမီးတို့ ဒီကို ရောက်တာ (၄) နှစ်ပြည့်ပြီနော်" လို့
မှတ်မှတ်ရရ စကားဆိုလေသည်။
          လွန်ခဲ့သည့် (၄)နှစ်က ကျမတို့မိသားစု ပြည်ပထွက်ဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လေယာဉ်လက်မှတ် ယူသည့်အခါ ထွက်မည့်ရက်က ကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲရက် ဖြစ်နေလေသည်။ ကျောင်းတစ်ဖက်နှင့်မို့ နေခဲ့သည့် သမီးကြီးက
" အမေ ရက်ရွှေ့လိုက်ပါလား"
အပြောကို ငယ်ငယ်တုန်းက ဘောလုံးပွဲရှိ၍ ကျောင်းက ခွင့်ယူလိုက်သလို လုပ်လို့ မဖြစ်လို့ တွေးလိုက်သေးသည်။
ကံကောင်းချင်တော့ ကျမတို့ အားပေးသည့် အင်္ဂလန်အသင်းက စောစီးစွာပဲ အောင်ဖျာလိပ်သွားတဲ့ အတွက် စိတ်ချလက်ချ ဖြစ်သွားလေသည်။  ဖိုင်နယ် ဗိုလ်လုပွဲနေ့က ကျမတို့ ပြည်ပကို ရောက်သည့်နေ့မို့ မှတ်မှတ်ရရပင် ဗိုလ်လုပွဲ မကြည့်လိုက်ရပေ။
             ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေက ပုံမှန်အတိုင်း သူ့အလုပ်သူလုပ်ကာ (၄) နှစ်တစ်ကြိမ် ကျင်းပနေသည်သာပင်၊ (၄) နှစ်တစ်ကြိမ် ရောက်တိုင်း ချန်ပီယံကလည်း တစ်နိုင်ငံမဟုတ် တစ်နိုင်ငံ ရမည်သာပင်။ တစ်ခါတလေ ဆက်တိုက် ချန်ပီယံ ဖြစ်သည့် နိုင်ငံအသင်းတွေလည်း ရှိသေးသည်။ ဘာရယ်မဟုတ်  (၄)နှစ်တစ်ကြိမ် ဆိုတာကို တွေးရင်းက (၄)နှစ်ဆိုသောအချိန်သည် မကြာသေးခင်ကလို ရောက်ရောက်လာတတ်တာပင်။ ထိုအချိန်အတွင်း ကိုယ့်ဘဝမှာ Goal လို့ အားရပါးရ အော်ပြီး ကြုံးဝါး နိုင်ခဲ့တာရယ်၊ Goal လို့ အော်နိုင်ဖို့ ၊ Goal ကို ရောက်ရှိဖို့ ရုန်းကန်လှုပ်ရှားခဲ့ရတာတွေရယ် ညီညီမျှမျှ ရှိခဲ့သလား၊  ညီညီမျှမျှ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ  Goal တွေက တစ်ခုပီးတစ်ခု ပေါ်လာကာ ထိုGoal နောက်ကို အသက်ရှင်နေသ၍ အကြိမ်ကြိမ် ဖြတ်သန်းနေရပေအုန်းမည်ကတော့  အသေအချာပင်လို့  တွေးနေမိတော့သည်။

June 8, 2014

" လွမ်းမောစရာ"

မနေ့က ထိုင်းရုပ်မြင်သံကြား ချန်နယ်တစ်ခုမှာ မြန်မာပြည်အကြောင်း documentary တစ်ခု လွှင့်တာ ကြည့်လိုက်ရတယ်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပုဂံ တစ်လျှောက် သွားပြီး ရိုက်ခဲ့တာ။
ပထမဆုံး ရန်ကုန်က စတယ်။ သူကတော့ သည့်ပြင်သူတွေနဲ့ မတူဘူး။ဈေးနဲ့ ဈေးသည်တွေကို ရိုက်ပြတယ်။
ကားလမ်းပေါ်က ဈေးလို့ ပြောပြတယ်။
ကြည့်မြင်တိုင် ညဈေးတစ်ခုတော့ သေချာမှတ်မိလိုက်တယ်။ နောက်ဈေးတစ်ခုက မြို့လယ်ခေါင်က ဈေးတစ်ခုပဲ။
အဲဒီမှာ ကားလမ်းပေါ်မှာ ဈေးရောင်းတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်မှာ ရောင်းတာတင်မက လမ်းအလယ်မှာ ဈေးဗန်းချပြီး ရောင်းတာကိုပြတယ်။ လမ်းအလည်က ဈေးသည်တွေက ကားလာတဲ့အခါ ဗန်းတွေကို မသိမ်းဘူး။လူပဲ ရှောင်နေကြတာ၊ ဖြတ်သွားတဲ့ ကားတွေက ဈေးဗန်းတွေပေါ်က လွတ်အောင်မောင်းသွားတာ၊ ဈေးဗန်းတွေ ကားအောက်မှာ လွတ်လွတ်ကျွတ်ကျွတ် ကျန်နေတာတွေ အထပ်ထပ် ပြန်ရိုက်ပြတယ်။
အဲဒီထိုင်း အမျိုးသားက မြန်မာဝတ်စုံ ရှပ်အင်္ကျီအဖြူ၊ ၊ စတစ်ကော်လာလက်ရှည်၊ ကချင်ပုဆိုးဝတ်ထားတယ်။ သူပြောပြနေတဲ့ ဈေးဗန်းတစ်ခုထဲမှာ မုန်လာဥနီ ပိန်ချောက်ချောက် (၃)လုံးလောက်ကို တစ်ပုံစီပုံထားတာ သုံးလေးပုံရယ်၊ ပဲတောင့်ရှည်သီး အစည်းလေးတွေ လေး ငါးစည်းရယ်ရှိတယ်။
အဲဒါကိုကြည့်ရတဲ့ ထိုင်းတွေက အတော်အံ့ဩမှာသေချာတယ်။
သူတို့ဆီမှာက နည်းပညာနဲ့ လမ်းပမ်းဆက်သွယ်ရေး ကောင်းတော့ အသီးအနှင်္၊ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်တယ်။ ဆိုင်တွေမှာ ခင်းကျင်းထားရင် ပစ်ရမစ်လိုပဲ တောင်ပုံယာပုံ စီထားကြတတ်တာ အများကြီး။ ဈေးတွေမှာလည်း ရေပိုက်နဲ့ ဆေးတဲ့ကန်နဲ့ လုပ်ပေးထားတဲ့အတွက် ရေမရှားတော့ တစ်ချိန်လုံး ရေဆေး ရေဖြန်း လုပ်နေတာဆိုတော့ ခြောက်သွေ့နေတာ မရှိသလောက်ပဲ၊
သူတို့ဆီက ဈေးသည်တွေက မကောင်းတဲ့ မလတ်တဲ့ အသီးအရွက်ဆို ကိုယ်တိုင်လဲ မစားတဲ့အတွက် သူများကိုလည်း မရောင်ဘူး။ ကောင်းတာပဲ ရောင်းတယ်။
ဒါ့ကြောင့် ထင်ပါရဲ့ ဈေးဗန်းလေးကို ရိုက်ပြ ပြောပြနေပြန်တယ်။
အဲဒီကမှ တခြားမြို့တစ်မြို့ကို ရောက်ပြန်တယ်။ လမ်းဘေးမှာ ပလတ်စတစ်အိတ်တွေ၊ ကျွပ်ကွပ်အိတ်တွေ ပစ်ထားတာ ပြတယ်။
အမှိုက်ပုံတစ်ခုမှာ ကလေးတွေ တစ်ခုခု လုပ်နေတာ တွေ့တော့ စကားသွားပြောတယ်။ သူတို့ သေချာရိုက်ပြတာ ကြည့်တော့ ကလေး(၅)ယောက်၊ (၇)နှစ် (၈) နှစ်အရွယ်က ၄ယောက်နဲ့ (၁၂)နှစ်အရွယ် ကလေးမလေးတစ်ယောက်၊ အမှိုက်ပုံမှာ တစ်ယောက်ယောက် ပစ်သွားတဲ့ ငရုပ်သီးစိမ်းအညှာတွေနဲ့သိပ်မကောင်းတဲ့ ငရုပ်သီးစိမ်းတွေထဲကမှ ကောင်းမယ်ထင်တာတွေ ရွေးယူနေကြတယ်။
ကလေးတွေက ပထမတော့ မရဲတရဲနဲ့ မေးတာတောင် မဖြေရဲကြဘူး။ နောက်တော့ တစ်ရင်းတစ်နှီး ဓါတ်ပုံတွေ ရိုက်တယ်။ ပြန်ကာနီးမှာ မုန့်ဖိုး ပိုက်ဆံပေးတယ်။ အငမ်းမရ အလုအယက် မဟုတ်ပဲ ရှက်ကိုးရှက်ကန်းနဲ့ လှမ်းယူတာတွေ့တော့ တော်ပါသေးရဲ့ တွေးမိသေးတယ်။ ပီးတော့ လက်ဆောင်ပေးတယ်။ ကလေးတွေက ပထမ ဘာမှန်းမသိဘူး။ နောက်မှ နားကပ်ကလေးတွေ နားစွဲလေးတွေဆိုတာ ပြောလို့ သိသွားရော ကလေးမလေး တစ်ယောက်က နားကပ်ပါတဲ့ စက္ကူကဒ်ကလေးကို သူ့နားမှာ ကပ်ကြည့်တယ်။ ပြလိုက်တဲ့ ဖျတ်ကနဲမှာ မျက်ရည်စို့ကနဲ ဖြစ်သွားတယ်။
ထိုင်းမှာ အဲဒါလေးတွေ ကလေးတွေ ကြိုက်ကြတယ်၊ ဝယ်ကြတယ်။ ဖန်စီလေးတွေ မျိုးကိုစုံနေတာပဲ။ ၁၀ဘတ်၊ ဘတ်(၂၀) အဲလောက်ပဲ။ သူတို့မုန့်ဘိုးနဲ့ပဲ ဝယ်လို့ရတော့ ကျောင်းဆင်းရင် အဲလိုဆိုင်တွေမှာ ကလေးတွေ တိုးတိုးဝှေ့ဝှေ့ ဝယ်ကြတာ တွေ့နေရတယ်။ မိဘတွေကို ပူဆာစရာ မလိုဘူး။
အဲဒီ ထိုင်းအမျိုးသားနဲ့ နောက်တစ်ယောက်ရယ်၊ စကားပြန်ရယ် (၃)ယောက် စက်ဘီးကိုယ်စီနဲ့ စစ်ကိုင်းတံတားပေါ်က သွားကြတာ ပြတယ်။
စစ်ကိုင်းအဝင်၊ ရွာတစ်ရွာအရောက်မှာ ဝင်ကတည်းက မုခ်ဦးနဲ့ အလှုခံအုပ်စုကို ရိုက်ပြတယ်။ စကားတွေလည်းပြောကြနဲ့ တစ်ထောင်တန်ကို တဂျောက်ဂျောက်ခေါက်နေတဲ့ ငွေဖလားစေ့အောင် ထဲ့တယ်။ ပြီးတော့ ဖြတ်သွားတဲ့ ကားတွေပေါ်က ပစ်ချလိုက်တဲ့ ပိုက်ဆံတွေကို အပြေးအလွှားကောက်ပီး ငွေဖလားတွေထဲ ထဲ့တာပြတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တည်းကြ၊ ရေချိုးကြပြန်တယ်။
အဲဒီနောက် ပုဂံကိုသွားတာ ပြတယ်။ အဲဒီလိုပဲ ပုဂံလို့ သိလိုက်ပီးတဲ့နောက် မြို့အဝင်က မုခ်ဦးက ငွေဖလားနဲ့ အလှုခံ အုပ်စုကို အရင်ပြတာပဲ။
ဘုန်းကြီးကျောင်းမှာတည်းတယ်။ ရေချိုးတော့ ဆရာတော်က အမ်ပရီရယ်လယ်သာ ဆပ်ပြာခဲ အသစ်လေး ထုတ်ပေးတာ သဘောကျနေကြတယ်။ အဲဒီနားက ရွာတစ်ရွာကို သူတို့ သွားကြတယ်။
စက်ဘီးနင်းရင်းက ရပ်ပီး လမ်းမှာကတည်းက ညောင်းညာနေတဲ့ဟန် မောပန်းနေတဲ့ဟန်ပြတယ်။
သူ့နားမှာ ရွာကကလေးတွေ ဝိုင်းနေကြတယ်။ ပထဆုံး မြင်လိုက်ရတဲ့ ပြကွက်ကြောင့် ကြည့်ရင်း ဒေါသထောင်းကနဲ ဖြစ်ရတယ်။ ကလေးတစ်ယောက်စီက သူ့ရဲ့အောက် မြေကြီးပေါ်မှာ ထိုင်ပြီး ခြေထောက်တစ်ဖက်စီကို နှိပ်ပေးနေတယ်။ ခြေသလုံးတွေကို နှိပ်နယ်ပေးနေတာပြတယ်၊ ပြီးတော့ တစ်ချို့က လက်၊ တစ်ချို့ကကျော၊ အဲ ပြီးတော့မှ ယောင်္ကျားကလေးတစ်ယောက်က သူ့ကုပ်ပေါ်ခွထိုင်လို့ နှဖူးနဲ့ခေါင်းကို နှိပ်နေတာတွေ့မှ " ဟင်းကနဲ" ဖြစ်ရပြန်တယ်။
အဲဒီကလေးတွေကို တစ်ထောင်တန်တွေ ပေးပြန်တယ်။ ကလေးတွေနဲ့ရွာသားတွေက ရယ်လို့မောလို့ လက်ပြနှုတ်ဆက်ကြတယ်။
နေဝင်ကာနီး တိမ်တောက်နေတဲ့ ကောင်းကင်ကို နောက်ခံထားပြီး၊ ဘေးတစ်ဖက်တစ်ချက်မှာ ကုက္ကိုပင်တွေ ထနောင်းပင်တွေ အစီအရီရှိနေတဲ့ လမ်းပေါ်က စက်ဘီးကိုယ်စီနင်းပြီး ပြန်သွားကြတာကို နောက်ခံတီးလုံး ပါးပါးလေးတီးပီး နရေတာရဲ့ ပျော့ပျောင်းတဲ့ စကားင်္သလေးတွေနဲ့ လွမ်းမောဘွယ်ရာ နိဂုံးချုပ်သွားတဲ့ documentary လေးကိုကြည့်ပီး မြန်မာပြည်ကို လွမ်းရင်း မောသွားတယ်

June 4, 2014

စိတ်ရောင်စုံ


                                                                                         နှလုံးသားဝယ်အမုန်းတရားပယ်
                             
 လူစိတ်ဆိုတာ အမြဲပြောင်းလဲ နေတတ်တာ သဘာဝပါ၊ ထိုင်နေရင်း တခဏမှာတောင် စိတ်က ပြောင်းလဲတတ်တာဖြစ်တဲ့အတွက် နှစ်ကာလကြာ အသက်အရွယ်အပိုင်းအခြား ကာလ ကြာလာတဲ့အခါ မှာ ပိုတောင် ပြောင်းလဲ တတ်ကြပါသေးတယ်။ ဒီကြားထဲ ယုံကြည်ရာ အယူအဆ အတွေးအမြင်တွေကလည်း အချိန်နဲ့အလိုက် ပြောင်းလည်းတတ်ကြတာ လောက သဘာဝပါ။ အခုတလော  သဘာဝ ခံယူချက် ယူဆချက်၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြောဆို ဝေဖန်နေတာတွေ ဖတ်ရတဲ့အခါ ကိုယ်ကိုယ်တိုင်က ဘယ်သူဘယ်ဝါမို့လို့ မဟုတ်ပေမယ့် လူတစ်ယောက်ရဲ့ အယူအဆ အကြိုက်ကို သူကြိုက်သလို ပြောဆို ရေးသားတာတွေကို လက်မခံချင်လဲ ရပေမယ့် မှိုချိုးမျှစ်ချိုး ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်ဓါတ်တွေကို သဘောမကျမိပါ။ အံ့ဩမိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တိုင်းပြည်အတွက် ကောင်းမယ်လို့ ထင်တဲ့ နည်းလမ်းကို ပြောဆိုဆွေးနွေး ရေးသားချက်အချို့ကို အများစုက သဘောမတွေ့ရင် အဲဒီလူရဲ့ ကို်ယ်ရေးကိုယ်တာ အားနည်းချက်တွေ ၊ ငယ်ကျိုးငယ်နာတွေ ဟုတ်တာ မဟုတ်တာ ရေးပြီး အပုပ်ချကြတော့တာပဲ။ အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ လူမှုပတ်ဝန်းကျင် ဖြစ်နေပြီလားလို့ မကြာခဏ တွေးနေမိပါတယ်။
                          တိုက်တိုက်ဆိုင်ဆိုင်ပါပဲ နိုင်ငံရေးအယူအဆ တစ်ခုကြောင့်  ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရတဲ့  လူ(၃)ယောက် အကြောင်းကို   တစ်ရက်ထဲမှာ ဖတ်လိုက်ရပါတယ်။

" ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလရောက်တော့ ဖေန်သံမှမက ဆဲသံဆိုသံ တိုက်ခိုက်သံများဖြင့် ပွဲကြမ်းလာသည်။ အဓိက ပစ်မှတ်(၃)ခုမှာ မောင်စူးစမ်း ၊ နေဝင်းမောင် (အောင်ထွဋ်) ၊ ကျော်ဝင်း.....။ တကယ်တော့ စာရေးသူတို့(၃)ယောက်မှာ အချင်းချင်း ညှိနှိုင်းပြောဆိုသည်မဟုတ် ကိုယ်မြင်သလို ပြောကြသည်သာဖြစ်သည်။ အမြင်ချင်း ထပ်တူကျသည်လည်း မဟုတ်၊ ရွေးကောက်ပွဲ ဝင်သင့်သည်ဆိုသော" ပွိုင့်" တွင် ဆုံမိကြသည်သာ ဖြစ်သည်။ "

လို့ စာရေးဆရာ ကျော်ဝင်းက သူရေးတဲ့

" စာအုပ်များနှင့်နှစ်ပေါင်းများစွာ"

 စာအုပ်အမှာမှာ ရေးတာ ဖတ်ရပါတယ်။ ၂၀၁၀မှာ NLD ပါတီ ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ဝိုင်းဝန်း ဆွေးနွေး ငြင်းခုန်ခဲ့ကြတဲ့ အဖြစ်တွေကို ပြန်လည် အမှတ်ရရင်း ဒါဟာ လူတစ်ယောက်ရဲ့ ကို်ယ်ပိုင် အခွင့်အရေး တစ်ခုကို ထုတ်ပြတာပဲလို့ မြင်သည်။  လူတိုင်း တစ်ယောက်နှင့် တစ်ယာက်မတူပါ။ တစ်မိထဲ အမိဝမ်းတွင်းက အတူတူဆင်းသက်လာကြသူများပင် တွေးတာခေါ်တာ လုပ်တာကိုင်တာ မတူပါ။ တူအောင်လည်း ဘူဒိုဇာနဲ့ထိုး ပေးကြိုးနဲ့အတင်းညှိလို့လည်း မရပါ။ မတူသည့် အတွေးအခေါ်ယုံကြည်မှုတွေကို စုစည်းပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြရမည်သာဖြစ်သည်။
                           ဟုတ်မဟုတ်တော့ မသိ၊ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးတဲ့ နေရာမှာ ဆရာ မောင်စူးစမ်း လက်မှတ်ထိုးတယ် ဆိုတဲ့ သတင်းတစ်ခုရဲ့ အောက်က ကောမန့်မှာ ရေးထားတာတွေ ဖတ်ရတာ အင်မတန်မှ စိတ်ပျက်စရာပါ။ သစ္စာဖောက်တစ်ယောက် ဘက်ပြောင်းသလို အရေးအသားတွေကို ဖတ်ရတာ မရင့်ကျက်တဲ့ အယူအဆအတွေးအမြင်တွေပဲလို့ ထင်မြင်မိပါတယ်။ လူဆိုတာ ဒီတစ်ခုကို မကြိုက်ပေမယ့် နောက်တစ်ခုကို ကြိုက်နိုင်တာ သူ့အခွင့်အေ၇းပါပဲ။
ဆရာ မောင်စူးစမ်းနဲ့ ဒေါက်တာနေဝင်းမောင်( အောင်ထွဋ်) ရဲ့ စာတွေ ဖတ်ဖူးပေမယ့် ကျော်ဝင်းရဲ့ စာတွေကို အရင်က မဖတ်ဖူးပါ။  အဲဒီလို တိုက်ခိုက်နေတဲ့ အချိန်မှ စိတ်ဝင်စားသွားပြီး ဖတ်ဖြစ်တာပါ။ တကယ်တော့ လူငယ်တွေ ဖတ်သင့်တဲ့ စာတွေ အများကြီး ရေးထားပါလားလို့ သိလိုက်ရပါတယ်။ လက်မခံနိုင်တာကိုပယ်ပြီး လက်ခံနိုင်တာကို ရယူမယ်ဆိုရင် အင်မတန်ကောင်းတဲ့ စာတွေနဲ့ အတွေ့အကြုံတွေ ရမှာ ဖြစ်ပါတယ်။
                         လူတွေ အယူအဆ ပြောင်းလဲတာနဲ့ ပတ်သက်ပြီး တွေ့ကြုံခဲ့ရတာက အခုမှ မဟုတ်ပါ။
 ငယ်စဉ်ကတည်းက အဖေ နဲ့ပတ်သက်ပြီး ဒါမျိုးတွေ သိရှိခဲ့ပြီး ဖြစ်ပါတယ်။ အဖေ မိန့်ခွန်းပြောနေတဲ့ ဓါတ်ပုံတွေထဲကမှ အနီးကပ်သေချာရိုက်ထားတဲ့ ပုံကို တွေ့တိုင်း အမေပြောပြတတ်တာက
" အဲဒါ မြို့တော်ခန်းမရှေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ
့ တိုင်းပြည်ကို ချီတက်မယ်ဆိုရင် ဘယ်လိုကောင်းကြောင်းဟောနေတာလေ၊ အဲဒီမှာ ကျောင်းသားတွေဝိုင်းလာလို့ မနည်း ထွက်လာရတာ"
အဲလို ပြောရင် အဖေက ရီနေတတ်ပါတယ်။ တစ်ဆက်ထဲမှာပဲ

" အေးကွ အဲဒီ ၁၉၆၂ တုန်းကတော့ တို့တိုင်းပြည်အတွက် ဒီစနစ်ကို ကောင်းမယ်လို့တွက်ဆခဲ့တာ တက်တန်းကျ ကိုယ်ကျိုးရှာတဲ့ သူခိုးတွေများလို့ အခု လူတွေမကြိုက်ကြတာပေါ့" လို့ ပြောတတ်ပါတယ်။ အဲဒီအချိန်၁၉၇၀ဝန်းကျင် မှာ အဖေက ဘာပါတီဝင်မှ မဟုတ်တော့ပါဘူး။
အဖေ့အကြောင်းကို တွေးမိရင် ကျောင်းသားတွေက " သခင်ဘိုးလှကြီးကွ " လို့ ဝိုင်းပြီး လက်ခုပ်လက်ဝါးတီး အားပေးခဲ့တာကို လည်း သတိရမိရပြန်ပါတယ်။ အဖေက ကောင်းမယ်ထင်တဲ့ လမ်းစဉ်ကို ထောက်ခံတယ်၊ မကောင်းမှန်းသိတဲ့ အချိန်မှာ မကောင်းတာကို ထောက်ပြပြီး လက်မခံခဲ့ သလို အပြောင်းအလည်း ဖြစ်လာတော့လည်း မှန်တဲ့ အပြောင်းအလဲကို ထောက်ခံခဲ့ပါတယ်။ ကျမ သိသလောက် အဖေက နိုင်ငံရဲ့ သစ္စာဖောက် မဟုတ်ပါ။
" အဖေက သိန်းဖေမြင့်တို့ သခင်တင်မြတို့ လူကြီးတွေကို သဘောကျတယ်လေ၊ ဦးထွေးမြင့်ဆိုတာ ရှိသေးတယ်။ သိန်းဖေမြင့်ဟာ နိုင်ငံရေးလောကမှာ လူပြောစရာဖြစ်ပေမယ့် သူ့ရဲ့ အခြေခံစိတ်သဘောထားက ရိုးသားတယ်၊ နောက်ပြီး စာရေးဆရာ တစ်ယောက်အနေနဲ့ အဖေက လေးစားတယ်၊ ဒါ့ကြောင့် ဒီလူတွေ ပါဝင်ပြီး တိုင်းပြည်ကို တိုးတက်အောင် လမ်းစဉ်တစ်ခုနဲ့ သွားကြမယ်ဆိုတော့ အဖေက ယုံကြည်တယ်လေ အဲဒီတုန်းက အဖေ့ရဲ့ယုံကြည်မှုပေါ့"
               အဖေ့ရဲ့ယုံကြည်မှုက ဘာမှတောင်မခံပါ။ ပါတီတွင်း ကိုယ်ကျိုးရှာ လာဘ်စားတာတွေ သိလာ မြင်လာလို့ အမှန်အတိုင်းပြောဆို တင်ပြတဲ့အခါ ပါတီစည်းရုံးရေးပြိုကွဲအောင် လုပ်သူ။ ကွန်မြူနစ် စတဲ့ စွပ်စွဲချက်တွေ ထိုးနှက်ချက်တွေ ခံရပြီး အသက်တောင်ရန်ရှာ ခံခဲ့ရပါတယ်။ ကွန်မြူနစ်တွေ လွှမ်းမိုးနေတဲ့ မြို့လို့ နာမည်ကြီးတဲ့ မြို့သား အဖေက အဲဒီမြို့နယ်ရဲ့ ပါတီယူနစ်အတွင်းရေးမှုးဘဝမှာ အတိုက်အခိုက်မျိုးစုံ ခံခဲ့ရပါတယ်။ အဲဒီမြို့ရဲ့ ထက်ဝက်နီးပါး မီးလောင်ခံရပြီး အိမ်တွေဆောက်ဖို့ သစ်ပါမစ်တွေ ချပေးရာမှာ အမှန်တကယ် မီးဘေးသင့်သူတွေထက် ပါတီက လူတွေက သစ်ပါမစ်တွေ ရယူကြတာကို အမှန်အတိုင်းတင်ပြရာမှာ အများနဲ့တစ်ယောက်မှာ အမှန်က ရှုံးနိမ့်ခဲ့ရပါတယ်။ အဖေ့လို လူမျိုးတွေ ပါတီတွင်းမှာ ရှိနေတော့ ပါတီသန့်ရှင်းရေး ခေါင်းစဉ်အောက်မှာ အဖေတို့ လွင့်ခဲ့ရပါတယ်။
အဖေကတော့ မဆလ ပါတီဆိုတာ သူခိုးတွေချည်းပဲလို့ အမြဲပြောတတ်ပါတယ်။ တိုင်းပြည်ကတော့ ဆင်းရဲတွင်းနက်ဖို့ပဲရှိတယ်လို့ အမြဲပြောနေကျမို့ ကျမတို့ သိခဲ့ရတဲ့ အကြောင်းတွေပါ။ အဲဒီ ၁၉၇၃ ပတ်ဝန်းကျင်ကတည်းက အယုံအကြည်မရှိနေခဲ့တဲ့ အဖေက ၁၉၇၄၊  ၁၉၈၈  ကျောင်းသားတွေရဲ့ အရေးတော်ပုံကို ထောက်ခံခဲ့ပါတယ်။ ဌာနရဲ့နာမည်ပါတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ လူတွေရဲ့ဘေးမှာ လက်သီးလက်မောင်းတန်းလို့

" တစ်ပါတီစနစ်အလိုမရှိ"
"  " ဒီမိုကရေစီရရှိရေး တို့အရေး" စတဲ့
 ကြွေးကြော်သံကို ဟစ်ပြီး တိုင်ပေးတဲ့ အခါ မျက်နှာချင်းဆိုင်က ချီတက်လာကြတဲ့ စက်မှုတက္ကသိုလ်ကျောင်းက ကျောင်းသားတွေက
" သခင်ဘိုးလှကြီးကွ " လို့ ရပ်ပီး အားပေးတာကို   အိမ်မှာပြန်ပြောပြရင်း " စိတ်ထဲမှာ အကြွေးကျေသွားသလို ခံစားလိုက်ရတယ်လို့ " ပြောပြပါတယ်။
( တကယ်တော့ အဖေက အသားဖြူဖြူ ပိန်ပိန်ရှည်ရှည်မို့ သခင်ဘိုးလှကြီးနဲ့လုံးဝမတူပါ။ ကျောင်းသားတွေ ဘာလို့ အဲလိုမြင်ပီး အော်တာလဲ မသိပါ။ ထင်ရတာကတော့ အဖေ့အသံနဲ့ဟန်ကြောင့်ဖြစ်ဟန်တူပါတယ်။ အဖေအော်ပြောရင်  ရင်ခေါင်းကလာတဲ့ အသံနဲ့ အသံက ဟိန်းထွက်နေပါတယ်။ ပင်နီတိုက်ပုံကတော့ အဖေအင်မတန်ကြိုက်တာပါ။ ကျောင်းသားဘဝကတည်းကနေ ဝန်ထမ်းဘဝ တောက်လျှောက် အမြဲဝတ်ပါတယ်။)
ဒါဟာ အဖေ့ရဲ့ အယူအဆပါပဲ၊ တိုင်းပြည်အတွက် ကောင်းအောင်လုပ်တဲ့သူ၊ လုပ်ပေးနိုင်မယ့်သူကို အဖေ ထောက်ခံတာပါပဲ။ မကောင်းရင်တော့ အတူတွဲပြီး မလုပ်ဘူး၊ မှိန်းမနေဘူး။ စတာတွေကို သိခဲ့ရ ကြုံခဲ့ရတဲ့ အတွက် အယူအဆနဲ့ ပတ်သက်ရင် ကိုယ်ယုံကြည်ရာ ပြောဆို ရေးသားတာကို ကိုယ်နဲ့တူတူ မတူတူ ဖတ်နိုင်၊ နားထောင်နိုင် လာပါတယ်။
              ဘယ်ဘက်ကို လိုက်ရင်ကောင်းမလဲလို့  ယိမ်းထိုးနေတဲ့ အယူဝါဒသမားတွေ မဟုတ်ရင် အားလုံးရဲ့ အတွေးအခေါ်တွေက တိုင်းပြည်အတွက် ကောင်းပါလိမ့်မယ်။
ကျမရဲ့ ဖေ့စ်ဘွတ်သူငယ်ချင်းထဲမှာ အပြင်မှာပါ သိတဲ့ အမတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ အတွေးအခေါ်တွေက အများနဲ့ကွဲထွက်နေတတ်ပါတယ်။  သူ့ကို ဘလော့လိုက်ပြီလို့ ပြောတာ၊ ရေးတာ တွေ့ရ သိရ မြင်နေရပါတယ်။ ကျမကတော့ သူ့ရဲ့ အယူအဆကို သဘောမတွေ့တာ ရှိပေမယ့် သစ္စာဖောက် မဟုတ်၊ ဘက်ပြောင်းသူ မဟုတ်  ဆိုတာ သိနေပါတယ်။  တစ်နှစ်အတွင်းမှာကိုပဲ သူပြောတာ တစ်ချို့နဲ့ သူတွေးခေါ်တာ တစ်ချို့က မှန်နေတာ ၊ ဖြစ်နိုင်ချေကို ဦးတည်လာတာ တွေ့ရပါတယ်။ တခါတလေ လူတစ်ယောက်ရဲ့ အမြင်က သူများထက်ရှေ့ကို သိပ်ရောက်နေရင် လူတော်တော်များများက အဲဒီကို ကျော်ပြီး မမြင်နိုင်ကြတာ ဖြစ်တတ်ကြတယ်လို့ မှတ်ယူရမယ် ထင်မိပြန်ပါတယ်။
           နာမည်ကြီး အဆိုတော်တစ်ယောက် အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးတာကို အခုတော့ အမှန်ကို မြင်ဘီလား၊ ဘာ့ကြောင့် စိတ်ပြောင်းသွားသလဲ ၊ပရိတ်သတ်ဆဲမှာ ကြောက်လို့လား စသဖြင့် ဝိုင်းပြီး အမနာပ ပြောဆိုကြပြန်ပါတယ်။ အဲဒီအဆိုတော်က အသက်လည်း ငယ်လှသူမဟုတ်ပါ။ အသက်(၃၀) ရှိပြီ ဖြစ်နေတဲ့ လူတစ်ယောက်မှာ ထိုက်သင့်တဲ့ အတွေးအခေါ် အယူအဆ ဆုံးဖြတ်နိုင်စွမ်း ရှိနေလောက်ပါပြီ။
          လူတစ်ယောက်ချင်းစီမှာ ရှိနေတဲ့ လက်ချောင်း( ၅) ချောင်းမှာ အတို အရှည် မညိတာကို ညှိဖို့ ဘယ်သူမှ အားမထုတ်ပဲ မညီတဲ့ လက်ငါးချောင်းနဲ့လုပ်စရာတွေကို လုပ်နေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ နှလုံးသားမှာ အမုန်းတရားတွေ နည်းလာလေ လောကကို အလှဆင်နိုင်လေ ဖြစ်လာနိုင်မယ်ထင်ပါတယ်။
အလွယ်တကူတံဆိပ်ကပ်
         လူတွေဟာ လူတစ်ယောက်ကို ကိုယ့်အမြင်နဲ့ တံဆိပ်ကပ်ဖို့ သိပ်လွယ်ကြပါတယ်။ အပေါ်ယံကြည့်ပီး သေသေချာချာ မသိပဲ ကိုယ့်အမြင်နဲ့ကို်ယ် သတ်မှတ်ကြပါတယ်။
ဗွိုင့်စ်ဂျာနယ်မှာ ကျမရဲ့ စာမူ တစ်ပုဒ်စ နှစ်ပုဒ်စ ပါလာတော့ မိတ်ဆွေ တစ်ချို့က မေးခွန်းတစ်ချို့ မေးလာပါတယ်။ ရိုးရိုးမေးတယ် ထင်ပြီး ဖြေရာက တံဆိပ်ကပ်ဖို့ သိလာတော့ အားရပါးရ ရယ်မိပါတယ်။
ပထမဆုံး စာမူပါလာတော့
 " ဘယ်သူနဲ့သိတာလဲ" တဲ့
ဘယ်သူနဲ့မှ မသိပါ။
စာမူတစ်ပုဒ်ကို ရေးပြီးတဲ့ အချိန်မှာ ဗွိုက်စ်ကို ပို့မယ်လို့ ဆုံးဖြတ်ပြီး ဂျာနယ်အဟောင်းမှာ အီးမေးလ်လိပ်စာ ရှာပြီး ပို့ခဲ့တာပါ။ နောက်ပိုင်းမှာ အယ်ဒီတာချုပ်ရဲ့ ဖေ့စ်ဘွတ်ကနေ ပို့ခဲ့တာဖြစ်ပါတယ်။
နှစ်ပုဒ်ကနေ သုံးပုဒ် ဖြစ်လာတဲ့အခါ

 " အဲဒီဂျာနယ်ရဲ့ အယ်ဒီတာချုပ်က အရင်က ဒေါက်တာနေဝင်းမောင် နော်" တဲ့

သိတယ် ဘာဖြစ်လို့လဲ မေးတော့ ဒေါက်တာနေဝင်းမောင် မရှိတော့ပေမယ့် မြန်မာအီးဂရက်စ် အုပ်စုကပဲ ထုတ်နေတာလေတဲ့။
အင်မတန် စိတ်ပျက်မိပါတယ်။ အနှစ်ချုပ်လိုက်ရင်တော့ ကျမကိုပါ တံဆိပ်ကပ်ချင်ဟန် တူပါတယ်။ ကျန်တဲ့ ကိစ္စတွေ စိတ်မဝင်စားပါ။ ဗွိုက်စ်မှာ ရေးတာက ကိုယ့်အကြောင်းနဲ့ကိုယ်၊ ကိုယ်သာ အသိဆုံးပင်။ တံဆိပ်လာကပ်လည်း ဆွဲခွာဖို့ ကြိုးစားမှာမဟုတ်၊ သဘောကျလို့မဟုတ်ပါ။ အရေးမလုပ်ချင်၍ အရေးစိုက်စရာလို့ မခံယူလို့ပဲ ဖြစ်ပါတယ်။

" မနာလိုအားကြီး၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှုအားကြီး၊ ရန် ငါ စည်းခွဲလွန်းအားကြီးတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ဆရာ့ကို နည်းမျိုးစုံ အောက်တန်းကျကျ ဝေဖန်တိုက်ခိုက်ခဲ့ကြတယ်။ ဒီနေ့အထိတောင် ကြုံရင် ကြုံသလို ရိလုံး၊ ထေ့လုံးတွေနဲ့ တိုက်ခိုက်နေဆဲ လူတချို့ကို ကျနော် အတော်သနားမိတယ်။ ဟိုခမျာ ငြိမ်းအေးရာ ရောက်နေတာတောင် သူတို့မှာ ပူလောင်နေတုန်း။ "

 ဆိုတဲ့ လက်ရှိ အယ်/ ချုပ်ရဲ့ စကားတွေက သတိပြုစရာ တစ်ချို့ကို သိရပါတယ်။

                  ကျမ ဝန်ထမ်းဘဝမှာတုန်းက လစဉ်ထုတ် မဂဇင်း၊ အပတ်စဉ်ထုတ် ဂျာနယ်မှန်သမျှကို သူများထက် ဦးအောင် ဖတ်ရပါတယ်။ လုပ်ငန်းသဘောအရ ဌာနက ဝယ်တာမို့ ပိုက်ဆံမကုန်ပါ။ အပတ်စဉ် ဂျာနယ်တွေ ထဲကမှ အရင်ဆုံးဆွဲယူ ဖတ်ခဲ့တာက The Voice Weekly ပါ။ အဲဒီဂျာနယ်က စထွက်ကတည်းက အစိုးရရဲ့ အားနည်းချက်ကို ဆင်ဆာလွတ်အောင် ထောက်ပြရေးတာ ဖတ်သူသိအောင် တင်ပြနိုင်တဲ့ အစွမ်းကို သဘောကျတာပါ။ ဘယ်သူမှ မရေးရဲခင်ကတည်းက ထောက်ပြ ရေးနေတာကို သဘောကျတဲ့ အတွက် အဲဒီ ဂျာနယ်မှာ ရေးနေတဲ့ သူတွေကို အားကျခဲ့ပါတယ်။ " အောင်ထွဋ်" ရဲ့ ဆောင်းပါးတွေကို သဘောကျခဲ့ ပေမယ့် ဒေါက်တာနေဝင်းမောင် ဆုံးတဲ့ နာရေးသတင်းကို ဖတ်မိမှ တစ်ယောက်ထဲဆိုတာ  သိရပါတယ်။

           ၂၀၀၈ခုနှစ် အစပိုင်းမှာပဲ ဝန်ထမ်းဘဝက ထွက်လိုက်ရတဲ့ အခါမှာတော့ စာဖတ်ဖို့ပဲ အလှမ်းဝေးသွားပါတယ်။ ကိုယ်ပိုင်ဝင်ငွေ မရှိတော့ပဲ ခင်ပွန်းရဲ့ဝင်ငွေတစ်ခုနဲ့ မိသားစု လောက်ငအောင် သုံးရတဲ့အခါ စာအုပ်စာတမ်းဝယ်ဖို့ တွက်ချက်လာရပါတယ်။ ကလေးတွေက  မြတ်မင်္ဂလာ၊ မိုးသောက်ပန်း၊ ရွှေသွေး၊  ကလေးဂျာနယ်ဖြစ်တဲ့ ယဉ်ကျေးလိမ္မာကလေးဂျာနယ်၊ တတိုင်းမွှေး ဂျာနယ် စတာတွေကို အပတ်စဉ် ဝယ်ဖတ်ချင်ကြတဲ့ အတွက် ကိုယ့်အတွက် မဝယ်ဖြစ်တော့ပါဘူး။ ခင်ပွန်းဖြစ်တဲ့သူက အဝေးကနေ  အပတ်စဉ်ထုတ် ဂျာနယ်ထဲက တစ်ပတ်ကို တစ်စောင်တော့ ဝယ်ပါ နို့မို့ ဘာမှမသိပဲ အဆက်ပြတ်သွားမယ် အပြောကြောင့် အဲဒီအချိန် ထွက်နေတဲ့ ဂျာနယ်များစွာထဲက တစ်စောင်ကို ရွေးလိုက်ပါတ်။ The Voice Weekly ပါ။ ခင်းပွန်းက ကောင်းသားပဲ ကဏ္ဍစုံတယ်၊ သတင်းနဲ့ ဆောင်းပါးတွေ ကောင်းတယ်လို့ ထောက်ခံပါတယ်။ ဒီလိုနဲ့  ကျမမှာ အိပ်မက်တစ်ခု ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ဗွိုက်စ်မှာ ရေးနေတဲ့ စာရေးဆရာတွေကို အားကျပြီး တစ်နေ့မှာ  ဒီဂျာနယ်မှာ ကိုယ့်စာတွေ ရေးမယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်။
           ပြည်ပက ချိုးလင်းပြာအမျိုးသမီး မဂဇင်း၊ မောက္ခပညာရေးအွန်လိုင်း မဂဇင်းနဲ့ ကောင်းကင်မဂဇင်းတို့မှာ စာတွေ ရေးဖြစ်ရာက ပြောင်းလဲလာတဲ့ အခြေအနေအရ ပြည်တွင်းက ဂျာနယ်တွေမှာ ရေးဖို့ တိုက်တွန်းလာကြပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အွန်လိုင်းမှာပဲ ရေးရတာကို ကျေနပ်နေတဲ့ အတွက် ပြည်တွင်းဂျာနယ် တစ်ခုခုကို ပို့ဖို့ စိတ်မကူးမိပါ။ ပြီးခဲ့တဲ့ နှစ်ထဲက ထင်ပါတယ်။ (ဦး) မင်းဒင်က ပထမဆုံး ပြည်တွင်းက ဂျာနယ်မှာပါလာတဲ့ သူရဲ့ ဆောင်းပါးလေးကို ဖေ့စ်ဘွတ်မှာ share ရင်း စာလေးရေးတင်ပါတယ်။ စာလုံးအတိအကျ မဟုတ်ပေမယ့် အဓိပါယ်က ဒီလိုပါ။
ဘလော့တွေ၊ ဝက်ဆိုဒ်တွေ၊ အွန်လိုင်းတွေမှာ ရေးနေတဲ့သူတွေဟာ စာရေးဆရာမဟုတ်ကြသေးပါ။ ပြည်တွင်းက ဂျာနယ် မဂဇင်းတစ်ခုခုမှာ ရေးတဲ့သူမှသာ စာရေးဆရာဖြစ်တယ်လို့ နာမည်ရ စာရေးဆရာမတစ်ယောက်က ပြောတဲ့ အတွက် အခုတော့  ပြည်တွင်းဂျာနယ်မှာပါပြီဖြစ်တဲ့  ကျတော့်ရဲ့ ဆောင်းပါးပါ လို့ ရေးတာ ဖတ်လိုက်ရပါတယ်။

         ကျမလဲ သဘောကျသွားပြီး စာမူတစ်ပုဒ်ကို ရေးပြီးချိန်မှာ ပြည်တွင်းက ဂျာနယ်တစ်ခုကို ပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာပဲ  အစောကြီးကတည်းက ရွေးချယ်ထားတဲ့ အတိုင်း  ကျမစိတ်ကူး အိပ်မက် အကောင်အထည် ပေါ်သွားတဲ့အတွက် အင်မတန်ကိုပဲ ဝမ်းမြောက်မ်းသာ ပီတိ ဖြစ်ရပါတယ်။ ကျမရဲ့ ရည်ရွယ်ချက်က ဒါပါပဲ။ ဒါ့ကြောင့် လူတွေမှာ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတယ်ဆိုတာ ပိုလို့တောင် နားလည်လာရပါသေးတယ်။

အရောင်များနဲ့ကျမ

         ကျမ ငယ်ငယ်တုန်းက ဘာအရောင်ကြိုက်သလဲလို့ အမေးခံရရင်  အကုန်ကြိုက်တယ်လို့ ဖြေတတ်ပါတယ်။ အရောင်ဆိုတာ အကုန်လှတယ်လို့ ယုံကြည်ပါတယ်။ ဘာရောင်ဖြစ်ဖြစ်လှတယ်။ လှတော့ ကြိုက်တယ်၊ ဒါပေမယ့် ကျမတို့ ငါးတန်းနှစ်မှာ အရောင်ကို အင်္ဂလိပ်လို ခေါ်တဲ့ နာမည်တွေ သင်ရပါတယ်။ ကျမတို့တုန်းက ငါးတန်းနှစ်မှာမှ အင်္ဂလိပ်စာ အေ ဘီ စီ ဆိုတာ စပြီး သင်ရတာပါ။ White အဖြူရောင်၊ Black အမဲရောင် စသဖြင့် ကျက်ခိုင်းပြီး ဘာအရောင်ကြိုက်သလဲလို့ ဆရာမက အင်္ဂလိပ်လိုမေးမယ်၊ ကျောင်းသားတွေက ကိုယ်ကြိုက်တဲ့ အရောင်ကို အင်္ဂလိပ်လို ပြန်ဖြေရမယ် ဆိုတော့
ကျမက I like pink လို့ ဖြေပါတယ်။ အဲဒီတုန်းက ကျမအကြိုက်ဆုံးက ပန်းရောင်၊ အထက်တန်းရောက်တဲ့ အချိန်မှာ  ကိုယ်ကြိုက်တဲ့ အရောင်အကြောင်း အက်ဆေး ရေးခိုင်းတဲ့အခါ ကျမရေးခဲ့တာက အပြာ။
         ကျမကြိုက်တဲ့ အရောင် ဘာ့ကြောင့် ပြောင်းသွားသလဲ ကိုယ့်ဘာသာမသိ။ ပန်းရောင်ကို နုလွန်းတယ်လို့တော့ တွေးလာမိပါတယ်။ အခုအသက်အရွယ် ရောက်တဲ့ အခါ ကျမဝယ်တဲ့ အဝတ်အစား၊ အမြဲဝတ်လေ့ရှိတဲ့ ပုံစံကို ကြည့်ပြီး ရင်းနှီးတဲ့သူတွေက " အဖြူရောင်ကြိုက်တယ်နော်" တဲ့။
ကိုယ်တိုင်လည်း သတိထားမိလာတယ်။ အကျ င်္ီဝတ်ဖို့ ရွေးရင် အဖြူကိုပဲ ရွေးမိတဲ့ အပြင် အကျ င်္ီအဖြူတွေချည်းပဲ သီးသန့်ရောင်းတဲ့ဆိုင်ကို အဲဒီဘက်ရောက်တိုင်း ကြည့်ဖြစ်တယ်၊ ကြိုက်တာတွေ့ရင် ဝယ်တယ်။ ကျမ အဖြူရောင် ကြိုက်သွားပြန်ပြီထင်တယ်။ အသက်ကြီးသွားလို့ အရောင်တွေနဲ့ဝတ်ရတာ အလိုလို မကြိုက်တော့တာလား မသိပါ။
အသက်အရွယ်အရ အကြိုက်တွေ ပြောင်းလဲသွားတတ်တယ်လို့ ယူဆမိတာပါပဲ။
အဖြူကိုကြိုက်ပေမယ့် ပန်းရောင်ကို မုန်းသွားတာမျိုး မဟုတ်။ အပြာကို မလှဘူးလို့ ထင်တာလဲ မဟုတ်ပြန်၊ အရောင်တွေကတော့ လှနေတုန်းပင်၊ လှတယ်လို့လည်း ထင်ဆဲပင်၊

ကြိုက်ခြင်းနဲ့မကြိုက်ခြင်းကြား
မှာ ဘာမှန်းမသိတဲ့ အရာ ပါးပါးလေးရှိနေတာပင်။
ထိုအရာကို အမုန်းတရားအဖြစ် မသတ်မှတ်ဖူးဆိုရင်ပဲ  ကွာဟချက်က သေးငယ်သွားပါလိမ့်မယ်။
                                                                   ခိုင်ခိုင်စောလွင်
                                 သရုပ်ဖေါ်ပုံ သည်မော်နိုင်