Showing posts with label စာစု. Show all posts
Showing posts with label စာစု. Show all posts

June 7, 2012

သို့........... ကိုကြောင်

ကိုကြောင်(ခ) ကိုကျော်နိုင်ဦးက " အမရေ ဟင်္သာကိုးသောင်းစာအုပ်ဖတ်ပီးဘီ၊ မှတ်မှတ်ရရကတော့ ကိုရဲအမနှစ်ယောက်က ငရုတ်သီးလက်ဖက်ရည်တိုက်လိုက်တယ်တဲ့၊ အဲဒါ မခိုင်လားတဲ့၊ အခုမှ သိရလို့၊  ကိုကြောင်မေးတာကို ရီလိုက်ရတာ ပြောမနေနဲ့၊ ဟုတ်ရင်လဲဟုတ်မှာ၊ အဲဒီအချိန် ကိုယ်က ကျောင်းဆရာမလုပ်ရင်း နယ်မှာ။ အိမ်မှာ နေ့လည်နေ့ခင်းဆိုရင် ညီမအငယ်တွေပဲရှိတတ်တာ၊သူတို့က အကြီးတွေ လုပ်ပေးနေတာနဲ့ ဘာမှသေသေချာချာ မလုပ်တတ်ဘူး၊ ကိုကြောင်ကိုတော့ဖြေလိုက်ပါတယ်၊အမှတ်မှားဆိုတဲ့အတွက်။ ကိုရဲမှာ အမဆိုလို့ အမတစ်ယောက်ပဲရှိပါတယ်၊ (၂)ယောက်မရှိဘူးလို့၊ တကယ်တော့ ဒီရက်ပိုင်းမှာ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ပုံနဲ့ တောင်ကုန်းလေးအတိုင်းတက်လာတဲ့ ကိုကြောင်ရဲ့ပုံကို တွေ့နေရလို့ သတိရရင်း စိတ်ထဲတော်တော် မကောင်းဖြစ်နေတာ။ ဒီလိုအဖြစ်ကနေ ရယ်စရာလေးတွေ အခုထက်ထိမြင်တတ်ပြောတတ်တဲ့ ကိုကြောင်ကို သတိရမိပါတယ်။ ကိုကြောင်ကို လူချင်းသေချာ တွေ့မြင်ရတာက ၂၀၀၉ ခုနှစ်မှပါ။ တယောက်အကြောင်းတယောက် သိနေကြားနေပေမယ့် မဆုံဘူးတာပါ၊ ဘိုဘို ထောင်ကလွတ်တော့ သာယာဝတီကနေဆင်းလာပီး သတင်းအမေး ၊ ဘိုဘို့အိမ်မှာဆုံမိကြတာ။ ဒါတောင် ထုံးစံအတိုင်း ကိုကြောင်က လွဲဖြစ်အောင်လွဲပါသေးတယ်။ ကိုယ်ကအိမ်ထဲကို လှမ်းအဝင် ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲခင်ဗျာတဲ့၊ အိမ်ထဲမှာ ရောက်နှင့်နေတဲ့ ကိုယ့်မောင် ကိုရဲနားအသာကပ်ထိုင်လိုက်တော့မှ ပြုံးစိစိနဲ့ အော်... ကိုရဲအမကိုးတဲ့၊ အဲဒီလို။
ကိုရဲ၊ ဘိုဘို၊ မိုးကြီး(ခ) မိုးဇော်ထွန်း၊ ကိုထိန် စတဲ့မြောက်ပိုင်းပြန်တွေ တကျော့ပြန်ထောင်နန်းစံတဲ့အချိန် ကိုကြောင်က ကံကောင်းသွားတယ်၊ ဘယ်လိုလွတ်သွားလဲ မေးတော့ ကျနော်က အပြေးသန်တယ်လေအမရဲ့တဲ့ ၊ သူနောက်ပီးရယ်စရာပြောတာပါ။ တကယ်တော့ ကိုရဲတို့၊ ဘိုဘိုတို့ကို ညဖက် လာခေါ်သွားပီး နောက်ရက်မှာ ကိုကြောင်က ဘိုဘို့ဆီရောက်လာတာ။ ဘိုဘို့အဖေက ဟေ့ကောင်.. ဒီမှာအကုန်ဖမ်းနေတာ ဘာလာလုပ်တာလဲဆိုမှ ဘာ့ကြောင့်ဖမ်းမှန်းမသိပဲ ပုန်းရတာတဲ့လေ။ ကိုကြောင့်အကြောင်း ပြောတိုင်း သူ့အလွဲတွေက စိတ်ညစ်ရာက ရယ်စရာတွေဖြစ်ရတယ်။
             မြောက်ပိုင်းကို မိဘတွေ လိုက်သွားကြတာ အားလုံး(၇)ယောက်၊ အဲဒီမှာ ကိုရဲက အိမ်ကိုစာသာပို့လိုက်တာ၊ သူ့စိတ်ထဲ အဖေ၊အမေ (၂)ယောက်စလုံးက ဝန်ထမ်းတွေ ဖြစ်နေတော့ လိုက်လာလို့ရပါ့မလားလို့ တွေးမိတယ်တဲ့၊ မရဲတရဲဖြစ်နေတာပေါ့လေ။ သူထင်မယ်ဆိုလဲ ထင်စရာ၊ ကိုရဲက ၁၉၈၈ ဇွန်၊ ကျောင်းသားအရေးအခင်းမှာပါပီး အိမ်ကနေထွက်သွားတာကို အဖေ့ရုံးကသိပီး အဖေ့ကို သတိပေးစာထုတ်ပီးသတိပေးတာကိုး။ service book  မှာအနီတားခံရတယ်။ အပြစ်က သားသမီးကို ကောင်းကောင်းမထိန်းနိုင်တဲ့ မိဘဖြစ်တဲ့အတွက် သတိပေးလိုက်သည်တဲ့။ ဒိလိုအခြေအနေမှာ ဝန်ထမ်းဖြစ်တဲ့ အဖေအမေကို မရတရဲပဲ သူမျှော်လင့်မိတာပေါ့။ အမေ့ရဲ့မှတ်တမ်းမှာ ရေးထာသလိုပါပဲ၊ မိဘနဲ့ ကလေးတွေ အတူပေးမတွေ့ခင်မှာ မိဘတွေက ကိုယ်နေတဲ့နေရာကနေ ကလေးတွေရှိတဲ့ တဲဆီ လှမ်းမျှော်ကြည့်ပီး ဟိုတစ်ယောက်က ဘိုဘို၊ ဒီတစ်ယောက်က ဝဏစသဖြင့် မှန်းဆနေသလိုပဲ ၊ ကလေးတွေကလဲ ဟိုဟာက ငါ့အမေ ဒီဟာက ငါ့အဖေ ငါ့အကို စသဖြင့် ပြောကြတယ်တဲ့။ အဲဒီအချန်မှာ အမေက ကျန်းမာရေးကောင်းစ၊ ကိုရဲရှိတုန်းကနဲ့ မတူ တော်တော်လေးပိန်သွားတယ်။ အေးလွန်းတော့ သဘက်တွေစောင်တွေအထပ်ထပ်ကလဲပတ်ထားရပြန်ဆိုတော့ ခပ်ပိန်ပိန်အဖွားအိုရုပ် ပေါက်နေပုံလဲရပါတယ်။ ဘိုဘိုက ဟိုကကျနော့်အမေ၊ မငယ်ကလဲ အန်တီကြီးပုံရိပ်ကို ဖမ်းပီးသူ့အမေ၊ အားလုံးပြောကြတော့ ယောင်္ကျားတစ်ယောက်၊ မိန်းမတစ်ယောက်ပဲ ကျန်တော့တယ်၊ ရွေးရမယ့်သူကလဲ ကိုကြောင်နဲ့ ကိုရဲပဲကျန်သတဲ့၊ အဲဒီအချိန်မှာ ကိုရဲက ယောင်္ကျားကြီးကတော့ အဖေမဟုတ်တာသေချာတယ်၊ အဖေ့အရပ်အမောင်းက သိသိသာသာရှည်တယ်လေ။ အခုတစ်ယောက်က အဲဒီလောက်အရပ်မရှည်ဘူး။ မိန်းမကြီးကျပြန်တော့ အဖွားကြီးဖြစ်နေတယ်။ အမေက အဲဒီလောက်အသက်မကြီးသေးတော့ မဖြစ်နိုင်ဘူး။ အားကိုးစရာက ကိုကြောင်ပဲကျန်တာ့တယ်၊ အဲဒီ လူကြီးသာ ကိုကြောင့်အဖေဆိုပီးဘီ။ ဘာပဲဖြစ်ဖြစ် ကျန်တာကိုယ့်အမေဖြစ်ရမယ်။ ကိုကြောင်က ထအော်တယ် အဲဒါ သူ့ဖေမဟုတ်ဘူးတဲ့၊ ကိုရဲက ကျနော့်အဖေလဲ မဟုတ်ဘူးဆိုတော့ ကျန်တဲ့ အမျိုးသမီးကြီးက တယောက်ယောက်အမေပေါ့၊ အဲဒီတော့ ကိုကြောင်က ဦးအောင်ထအော်သတဲ့ အဲဒါ ငါ့အမေ ငါ့အမေတဲ့၊  နဂိုကမှ အိမ်ကလိုက်လာပါ့မလား၊ လာလို့ရပါ့မလား မရဲတရဲဖြစ်နေတဲ့ ကိုရဲက ငိုချင်လိုက်တာ သေလုရောတဲ့၊ အဲလို ကိုကြောင်ပါလေ။

May 30, 2012

နေရာ

                                         နေရာ

ကိုယ့်နေရာက ဘာလဲ၊ ဘယ်မှာလဲ၊ အခု အချိန်အထိ နေရာ မရှိသေးပါလား။ မင်းထွက်သွားပါတဲ့လား၊ ရင်ဝကို တွန်းထိုးရင်း ပြောလာတဲ့ စကား၊ တကယ်တော့ ကိုယ့်အတွက် သွားဖို့နေရာ သေချာမရှိမှန်း သေချာသွားခဲ့တဲ့ အဖြစ်။ ကိုယ့်နေရာသာ ရှိခဲ့ရင် မင်းထွက်သွားဆို သွားလိုက်ယုံပါပဲ။ ခုတော့ ထွက်သွားချင်ပေမယ့် မသွားနိုင်တဲ့ ကိုယ့်အဖြစ်။ တကယ်တော့လည်း သူ့အနားမှာ လာနေပါဆိုတုန်းက သူပဲနေရာပေးခဲ့တာပဲ။ ကိုယ့်ဘဝအတွက် စွန့်လွှတ်မှုတွေ၊ နစ်နာမှုတွေ အပြည့်ပါပဲ။ ဒါပေမယ့် ဒါဟာ ကိုယ့်အတွက် နေရာမှန်ပဲလို့ ယူဆပြီး နေခဲ့တယ်။ ဒါပေမယ့် ဒါဟာ နေရာအစစ် မဖြစ်ပြန်ဘူးတဲ့လား။ ကိုယ့်ဘဝဟာ ငယ်ငယ်ကတည်းက နေရာမရခဲ့တဲ့ အဖြစ်တွေချည်းပါပဲ။ ဒါပေမယ့် ဒီအချိန်ရောက်မှတော့ နေရာတစ်နေရာ ရပြီလို့ အောက်မေ့တာတော့ အမှန်။
   ကိုယ့်အမေက ပြောဖူးတယ်၊ ကိုယ်ငယ်ငယ်က သိပ်သနားစရာ ကောင်းတယ်တဲ့။ အမေက သားသမီးကို (၂)နှစ်ခြားတစ်ယောက် မွေးလာလိုက်တာ ကိုယ်တို့မောင်နှမတစ်တွေ ပတ်လုံးတွေ စီထားသလို။ ကိုယ့်အထက်က အကို၊ ကိုယ့်အောက်ကမောင်လေး (သူနဲ့ကိုယ်က တစ်နှစ်နဲ့ဆယ်လပဲ ခြားတယ်) ၊ ကိုယ်တို့ကို အကြီးသုံးယောက်လို့ အမြဲခေါ်တယ်။ ကိုယ်တို့ အကြီးသုံးယောက်ငယ်ငယ်တုန်းကတဲ့ အမေအပြင်သွားရင် အကိုက လေးနှစ်သားကျော်ကျော်ဆိုတော့ သိပ်ဆော့တယ်တဲ့၊ ကားတွေ ဆိုက်ကားတွေ စိတ်ပူလို့ သူ့လက်ကို မလွှတ်တမ်းဆွဲထားရသတဲ့၊ မောင်လေးက ရင်ခွင်ပိုက်လေး ချီထားရသတဲ့။ အဲဒီတော့ ကိုယ်က နှစ်နှစ်သာသာ အရွယ်ကလေးကို ချီသူမရှိ၊ လက်တွဲမယ့်သူမရှိ၊ အမေ့ ထမီစ ဆွဲလိုက်ရသတဲ့။ သိပ်သနားစရာကောင်းသတဲ့၊ ကိုယ်မမှတ်မိပါဘူး၊ ဒါပေမယ့် အမေပြောတော့ ကိုယ်ငိုချင်တယ်၊ ကိုယ်ဟာ ကလေးဘဝထဲက နေရာ၊ ကလေးနေရာ ကိုယ့်အတွက်နေရာ ကိုယ်မရှိပါလား၊ အိမ်မှာနေရင် စားပွဲအောက်ထဲဝင်ပီး ဆော့သတဲ့၊ ကိုယ့်အဖေ အလုပ်ကပြန်လာမှ အဖေ့ရင်ခွင်ထဲ နေရသတဲ့၊ ဒါ့ကြောင့်ထင်ပါရဲ့ အဖေခရီးသွားရင် ကိုယ့်အတွက် အိမ်မှာ နေရာမရှိသလို အမြဲခံစားရတယ်။
ကိုယ့်ကို သူ့ဘဝထဲ နေရာပေးလို့ အရေးတယူပြုတဲ့သူ တွေ့ပြန်တော့ ဒါဟာ ကိုယ့်အတွက် နေရာတစ်ခုလို့ ယုံခဲ့မိပြန်တယ်။ ဒါပေမယ့် ကိုယ့်နေရာဟာ သူ့နေရာမှာသူ့အလိုကျ နေရာ ပြောင်းနေရတာပါပဲ။ အခုတော့ ဒီနေရာမှာ နေသားကျပြန်ပြီ။ ကိုယ့်အတွက် တခါမှ မတွေးမိတဲ့နေရာ။ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စထဲမှာ နှစ်မြုပ်ထားရမှာ ကိုယ့်နေရာတဲ့လား။ အစပိုင်းမှာ နေရာသစ်နဲ့ အထာမကျပေမယ့် ကိုယ်နေရမယ့်နေရာကို အံသားကျ နေရာကျအောင် နေခဲ့ရပြန်တယ်။
     အသက်အရွယ်လဲ ရလာပြီ၊ ကိုယ့်အတွက် နေရာမှန်ဟာ ဒါပါပဲလို့ နေသားတကျ နေရာကျပေမယ့်၊ ခုတော့ ကိုယ်ရှိနေလို့ သူလုပ်ချင်တာမလုပ်ရ ကျဉ်းကျပ်ဆိုပဲ၊ သွားချင်တာ မသွားရ စားချင်တာမစားရ သောက်ချင်တာမသောက်ရတာ ကိုယ့်ကြောင့်တဲ့လား။ ကိုယ့်ကိုထွက်သွားဆိုမှ ကိုယ့်နေရာမဟုတ်မှန်း သိလိုက်ရပြန်ပါပြီ။ နေရာ...နေရာ.  ကိုယ့်အတွက် နေရာ ၊ ထွက်သွားဆိုလဲ သွားနိုင်တဲ့နေရာ၊ နေပါဆိုလဲ နေရတဲ့ နေရာ၊ ကိုယ့်နေရာဘာလဲ၊ ဘယ်မှာလဲ။

December 21, 2011

နောက်ပြန်ကြည့်ရင်း၊ ရှေ့မျှော်ကြည့်ရင်း( ဒေါ်အောင်ဆန်းစုကြည် ) ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ်၇၁ ဆောင်းပါးမှ ကောက်နှုတ်ချက်

 မနေ့ကဆိုတာ
အိပ်မက်မျှသာ၊
မနက်ဖန်ဆိုတာ
စိတ်ထဲက ပုံရပ်အလား။
ဒါပေမယ့် ဒီနေ့ကိုသာ
ကောင်းကောင်းနေသွား။
မနေကအတိုင်း
ကြည်နူးစရာ
အိပ်မက်ဖြစ်သလို၊
မနက်ဖန်တိုင်း
မျှော်လင့်ချက်ပြည့်တဲ့
ပုံရိပ်ဖြစ်မယ်၊
ဒီနေ့ကိုသာ
ကောင်းကောင်း
ကြည့်နေသွား။








December 18, 2011

Feeling45


v  ကျမကိုငယ်စဉ်ကတည်းကစိတ်ကူးယဉ်တတ်သူ၊ခံစားလွယ်သူလို့သတ်မှတ်ကြပါတယ်။အခုအသက်ကလေးရလာပြန်တော့သမီးတွေအားလုံးကတညီတညွတ်ထဲဒီတိုင်းပြောကြပြန်ပါတယ်၊ဘယ်လိုဘဲပြောပြောဒီလိုလူမျိုးတွေဟာကြမ်းတမ်းခက်ထန်သူတွေမဟုတ်တဲ့အတွက်ကျေနပ်ပါတယ်။စိတ်ကူးယဉ်တယ်ဆိုတာကလဲကျမဘာဘဲလုပ်လုပ်စိတ်ကူးနဲ့ဖြစ်နိုင်မဖြစ်နိုင်ချိန်ဆပီးမှလက်တွေ့အကောင်အထည်ဖော်လုပ်တတ်တာမို့စိတ်ကူးယဉ်ကြောမြောနေတာမျိုးမဟုတ်ပါ၊
v  ကျမမေမေကသူ့သားသမီးတွေများလွန်းလို့မမှတ်နိုင်မှာစိုးတယ်ထင်ပါတယ်၊ကျမတို့ကိုစာဖတ်တတ်ကတည်းကိုယ့်မွေးသက္ကရာဇ်တခါတည်းအလွတ်မှတ်ဆိုပီးပြောထားပါတယ်၊ထူးခြားတာကကျမရဲ့မွေးနေ့တင်မဟုတ်မောင်နှမတတွေရဲ့မွေးနေ့ကိုပါအားလုံးမှတ်မိနေတာခုချိန်ထိပါဘဲ၊သူတို့မွေးနေ့ရောက်တိုင်းသူတို့မေ့နေပေမယ့်ကျမကအမြဲသတိပေးတတ်ပါတယ်၊နောက်ပိုင်းကျတော့လဲကိုယ့်အချစ်ဆုံးသူငယ်ချင်း၊မိတ်ဆွေ၊ချစ်သူခင်သူတွေရဲ့မွေးနေ့တွေကိုမှတ်မိနေတတ်ပါတယ်၊ကျမကတော့ကိုယ့်မွေးနေ့သိကတည်းကမွေးနေ့ရောက်တိုင်းသူငယ်ချင်းတွေကိုမုန့်ဝယ်ကျွေးပါတယ်။နောက်ပိုင်းကျတော့သူငယ်ချင်းတွေနဲ့ဘုရားသွား၊ရုပ်ရှင်ကြည့်၊မုန့်စားနဲ့မွေးနေ့ကိုဖြတ်သန်းခဲ့ပါတယ်၊ပျော်စရာပါ၊
v  ကိုယ်ပိုင်မိသားစုဘ၀ရောက်ပြန်တော့မွေးနေ့မှာအမှတ်တရမိသားစုစားချင်တာလုပ်စားကြပါတယ်၊ပြီးတော့အလုပ်ဌာနမှာလဲတခုခုချက်ပြုတ်ပီးဝိုင်းဖွဲ့စားသောက်ကြ ဆုတောင်းပေးကြနဲ့ပျော်ရွှင်စရာကောင်းလှပါတယ်။
v  ဒါပေမယ့်သုမောင်ရဲ့စာတစ်ပုဒ်ကိုဖတ်လိုက်မိတဲ့အချိန်ကစပီးကျမရဲ့မွေးနေ့ဖြတ်သန်းမှုပုံစံဟာလုံးဝပြောင်းလဲခဲ့ရပါတော့တယ်၊သူဟာသူ့ရဲ့မွေးနေ့ရောက်တိုင်းမွေးသမိခင်ကျေးဇူးရှင်ကိုအလေးအနက်ထားပီးကန်တော့ပါတယ်တဲ့၊အမေမွေးခဲ့လို့ဒီနေ့အသက်ဘယ်နှစ်နှစ်ပြည့်ပါဘီဆိုပီးကန်တော့တာပါတဲ့။ခါတိုင်းသီတင်းကျွတ်ကန်တော့သလို၊ခရီးထွက်ခါနီးကန်တော့တာမျိုးမဟုတ်ဘဲခံစားရတဲ့ပီတိကမတူပါဘူးတြဲ့အဲဒီနောက်ပိုင်းတော့ကျမလဲမွေးနေ့ရောက်တိုင်းကျမအမေကိုနှစ်စဉ်မပျက်မကွက်ကန်တော့ပါတယ်။ဘာကြောင့်ကန်တော့တယ်ဆိုတာကတော့စပီးကန်တော့တဲ့နှစ်ကပြောပြပီးနောက်မပြောရတောပါဘူး။ကျမနေမကောင်းဖြစ်လို့မထနိုင်တာတောင်အမေကသူကိုယ်တိုင်အိမ်ရောက်လာပီးဒီနေ့သမီးမွေးနေ့မို့သမီးမေမေ့ကိုကန်တော့ချင်နေမှာသိလို့လာခဲ့တာဘဲဆိုပီးရောက်လာတတ်ပါတယ်၊
v  ဒီနှစ်မှာတော့ကျမဟာအမိမြေနဲ့ဝေးတဲ့တနေရာမှာရောက်နေရပါဘီ၊မေမေ့ကိုကန်တော့ချင်ပေမယ့်အဝေးကနေစိတ်ထဲကနေဘဲရည်မှန်းရပါတော့တယ်၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့လဲဝေးခဲ့ရဘီမို့ ဆုတောင်းသံဆုပေးသံတွေနဲ့ဝေးရပါဘီ။မွေးနေ့နီးလာလေစိတ်ကိုလျှော့ထားပီးအရာအားလုံးကိုကံကိုသာလွှဲထားလိုက်ပါတော့တယ်၊ဒါတွေဟာကိုယ့်ရဲ့ကံအကြောင်းတရားတွေပေဘဲလို့စိတ်ကိုထားနိုင်အောင်နေလိုက်ပါတယ်၊
v  မွေးနေ့မတိုင်ခင်တစ်ရက် ဇွန်လ(၂၆)ရက်မှာ f.b ၀င်လိုက်တဲ့အခါမှာ ကျမပီတိဖြစ်လွန်းလို့မျက်ရည်ကျမတတ်ဖြစ်ခဲ့ရပါတယ်၊ကျမလေးစားရတဲ့၊ကျမမေမေနဲ့သက်တူရွယ်တူဖြစ်တဲ့ဆရာမောင်ဝံသရဲ့မွေးနေ့ဆုတောင်းလေးကိုဖတ်လိုက်ရလို့ပါဘဲ။
v  Happy birthday and so many returns : ချစ်သူများနဲ့ကွေကွင်းရခြင်းဆင်းရဲ၊မချစ်မနှစ်သက်သူများနှင့်ပေါင်းဖော်ရခြင်းဆင်းရဲတို့မှလွတ်ကင်းပါစေသတည်း။တဲ့
v  ကျမရဲ့ ၄၅နှစ်မြောက်မွေးနေ့ဟာအလုံးစုံပြည့်စုံသွားတယ်လို့ခံစားလိုက်မိပါတယ်။
v   
v  (ဆရာမောင်ဝံသရဲ့စာအုပ်တွေဖတ်တော့ ဟိုအရင်ကာလတွေကစာရေးသူရဲ့အထ္ထုပတ္တိကိုစာအုပ်ရဲ့နောက်ကျောဖုံးမှာရေးတတ်ပါတယ်၊အဲဒီမှာကတည်းကဒီစာရေးဆရာကမေမေနဲ့မွေးတဲ့နှစ်အတူတူဘဲဆိုပီးမှတ်မိနေခဲ့တာပါ)
v  အဲဒီနောက်မှာတော့ဖဘ ကသူငယ်ချင်းတွေရဲ့ ဆုတောင်းပို့သတာတွေတဖွဲဖွဲရောက်လာပါတော့တယ်၊ကျမကအပြင်မှာသူငယ်ချင်းအပေါင်းအသင်းထားရင်လူအင်မတန်ရွေးပါတယ်၊ကိုယ့်စိတ်ထဲနှစ်နှစ်ကာကာမရှိရင်၊မခင်ရင်အပေါင်းအသင်းမလုပ်ပါဘူး၊ဟန်ဆောင်ပီးလဲမပေါင်းတတ်တဲ့အတွက်အင်မတန်ရင်းနှီးမှသူငယ်ချင်းဖြစ်ပါတယ်၊ဒီအကျင့်ကဖဘ ထဲထိပါလာပီးဖဘမှာလဲသူငယ်ချင်းနဲပါတယ်၊ခုလိုအနည်းငယ်သောမိတ်ဆွေသူငယ်ချင်းများမှပို့သသောဆုမွန်များကြောင့် ပျော်ရွှင်ခဲ့ရပါဘီ၊