November 27, 2016

" ချစ်ကြည်ရေးရဲ့ ဟိုဘက်ကမ်း" ၂၈ရက် နိုဝင်ဘာလ ၂၀၁၆ခုနှစ်၊ ဒိလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၆)

                                                                              
                                   " ညည်းကို ပြောပြောနေတာပဲလေ အဲဒီအကောင်က ကောင်မလေးတွေ ခပ်များများလို့ "
                                   " ကွမ်းတယာလောက် ကျွေးပါအုန်းကွ" "   အေးကွာ ကျေးဇူးပဲ"
                                   "  မနေ့က (၅) တလုံးပတ်တာ ဒီနေ့မှ ထွက်သွားတယ် ၅၆ တဲ့" " ၅၆ ဆိုရင် ငါရတယ်ဟ"
                                   " ဘယ်လောက်ဖိုး ရလဲ " " ငါးဘတ်ဖိုး ရလိုက်တယ် တော်သေးတယ်"
                                   " ကလင်.. ကလင်.. ကလင် "
                                     " ဟဲ့ သောက်ပလုတ်တုတ် ဈေးထဲဒီလောက် လူတွေအများကြီးသွားနေတာ စက်ဘီးကို သောက်ရမ်းနင်းရလားဟဲ့ " " ကိုယ့်ဖာသာ ကြည့်ရှောင်ပါလား ဒီလောက်ဘဲလ်တီးနေတာ နားကန်းနေလား" " ဘာပြောတယ် သေနာကျလေး မလောက်လေးမလောက်စားကများ ငါလုပ်လိုက်ရ "
                                   " မြဝတီ ပြန်မယ် တံတားကို တံတားကို " " အမကြီး ပြန်မှာလား"
                                  ထိုင်းနိုင်ငံ၊ တာ့ခရိုင် မဲဆောက်မြို၊  မဲဆောက်ဈေးကြီးထဲက အသံဗလံအချို့က မြန်မာသံတွေ သောသောညံရုံမက မြန်မာ့ဓလေ့  အော်သံဟစ်သံ ဆူဆူညံညံဖြင့် ကြားနေရလေသည်။ မြန်မာပြည်ကို မကူးရသေးပေမယ့် မြန်မာပြည်များ ရောက်နေပြီလားလို့  အခါခါ ပြန်တွေးရသည်။  များလိုက်သည့်မြန်မာတွေ မြို့ခံ ဦးရေထက် ပိုလို့ပင် များနေနိုင်လေသည်။ မဲဆောက်မှာ အနှစ်(၂၀) ကျော်နေထိုင်နေသည့် မိတ်ဆွေ တယောက်အပြောကတော့ မြန်မာက သုံးပုံနှစ်ပုံခန့် ရှိနေလောက်ပြိလို့ ဆိုလေသည်။ ချင်းမိုင်ခရိုင်မှာ မြန်မာဖက်က လာရောက် နေထိုင်သူတွေ အများစုက နယ်စပ်ဒေသ တိုင်းရင်းသားတွေ များသည်။ တာ့ခရိုင် မဲဆောက်မှာက တကယ့် ဗမာ တွေ အများဆုံး ဖြစ်သည်။ တိုင်းရင်းသားထဲက ကရင် လူမျိုးတွေ နှင့် မြဝတီ၊ ပဲခူး၊ ရန်ကုန် ၊ ဧရာဝတီတိုင်း၊ မြေလတ်ဒေသအပါအဝင်  အညာက လူကြီးလူငယ်တွေ များသည်။ အချို့  သက်ကြီးပိုင်းတွေဆိုက နေလာတာ မြန်မာပြည်ထဲ နေတာထက်ပင် ပိုကြာသေးသည်တဲ့။
                  မြန်မာ့ဓလေ့ မပျောက်မပျက် လက်ဖက်ရည်ဆိုင်လေးမှာ မှာတဲ့အသံက ဝေဝေဆာဆာ၊ စားပွဲပေါ်က  လက်ဖက်ခြောက်ချိုးကပ်နေတဲ့ ဓါတ်ဗူး နှုတ်ခမ်းပဲ့၊ ညှိတက်နေတဲ့ ရေနွေးခွက်တွေက ဘယ်တိုင်းပြည်ရောက်ရောက် ဘာလို့ မပြောင်းပါလိမ့်လို့ မေးခွန်းထုတ်စရာ၊ ချင်းမိုင်မှာ ဗမာစကားသံ မကြားရသလောက် မဲဆောက်မှာက နေရာအနှံ့ ကျယ်ကျယ်လောင်လောင် ပြောရင်း သွားလာနေကြသည်။
            ချင်းမိုင် လဝကရုံးမှာ အသက်ကြီးကြီး လဝက ဝန်ထမ်းတယောက်က မြန်မာစကားဖြင့် " ထမင်းစားပြီးပြီလား၊ ခဏစောင့်ပါ" လို့ ပီပီသသ ပြောတဲ့အခါ မြန်မာစကား တတ်သလား ဆိုတော့ နဲနဲပါတဲ့၊ မဲဆောက်မှာ တာဝန်ကျတုန်း တတ်လာတာ ဆိုသည်။   မဲဆောက်မှာ တာဝန်ကျသည့် ထိုင်း ရဲ၊ လဝကနဲ့ အခြားဝန်ထမ်းတွေမှာ မြန်မာစကား တတ်အောင်သင်ထားရသတဲ့၊ ဒါမှအလုပ်ဖြစ်တယ်လို့ ဆိုစမှတ်ရှိလေသည်။ ချင်းမိုင်က ပလာဇာတခုမှာ ဈေးဝယ်ပြီး  ငွေရှင်းတဲ့အခါ ကောင်တာက ကလေးမလေးက ကျေးဇူးတင်ပါတယ် ၊ မန်ဘာကဒ်ရှိသလား ပီပီသသ မေးလို့ မြန်မာလား ဆိုတော့ မဟုတ်ပါတဲ့ မဲဆောက်မှာ အလုပ်လုပ်ခဲ့လို့ တတ်တာလို့ ပြန်ဖြေတာ သတိရသည်။ မဲဆောက်က ကုန်တိုက်မှာ ထို့အတူ ၊ "ဒါ လှဒယ်" တဲ့ ၊
           ကုန်တိုက်တွေ၊ ဈေးဆိုင်တွေ၊ လမ်းညွှန်ဆိုင်းဘုတ်တွေသာမက ဆေးရုံ၊ အစိုးရရုံးတွေမှာပါ မြန်မာစာတွေ ရေးထားကြသည်။ ထိုင်းလူမျိုးတွေလည်း မြန်မာလိုပြောကြသည်။  ဆိုင်ရှင်တွေမှာ မြန်မာအလုပ်သမားတွေကို အားကိုးရပြီး သူတို့ပါ စကားပြောတတ်အောင် သင်ယူထားကြရလေသည်။ နို့မို့မလွယ်၊ မြန်မာကြားထဲ ထိုင်းရောက်သလို ဖြစ်နေတဲ့ အဖြစ်၊
            
ဒါပေမယ့် ကိုယ့်တိုင်းပြည်မှ မဟုတ်တာ၊ ရဲတွေက လူတွေကို ငွေလို့သာ မြင်ပုံရသည်။ အဖမ်းအဆီးက အမြဲရှိသည်။ မိုးလင်း နေထွက်တာနှင့် အစာရှာသည့် ငှက်တွေလို ရဲတွေ လမ်းပေါ်မှာ၊ မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတားဖက်ကို အသွား စီးလာသည့် စမ်လော့ ရဲက တားသည်။ အဆိုပါ စမ်လော့ဆိုတာ ဆိုက်ကားလည်း မကျ၊ ဘေးတွဲလည်းမဟုတ်၊ စီးသည့်လူက ရှေ့တွဲမှာ လမ်းကို မျက်နှာမူပြီး သွားရသည်၊  မောင်းသူက အနောက်က ဖြစ်သည်။ ချင်းမိုင်တို့ ဘန်ကောက်တို့က တုတ်တုတ်တွေလို စမတ်မကျ၊ လှတပတ တောက်တောက်ပြောင်ပြောင်မရှိ၊
" ပတ်စပို့ပြပါ"
တည်းခိုခန်းမှာ ထားခဲ့တယ် အပြောကို တုတ်တုတ်ဆရာက အံ့ဩတကြီးနဲ့ ဘာလို့ ထားခဲ့ရတာလဲ ပြောသည်။ ချင်းမိုင်မှာတော့ ပတ်စ်ပို့စာအုပ်က အံဆွဲထဲ သိမ်းထားတဲ့ အရာ၊ ဘယ်သွားသွား ဒိတိုင်းသွားတာပဲ ဖြစ်သည်။ လမ်းမှာသွားရင်း ကားစီးရင်း ဘယ်ရဲကမှ မစစ်၊ ကားစီးနေတဲ့ ခရီးသည်ကို စစ်တာဘာညာ မရှိ၊ မော်တော်ပီကယ်ရဲကသာ ကားမောင်းတဲ့သူ၊ ဆိုင်ကယ်စီးတဲ့သူကို ယဉ်မောင်းလိုင်စင် စစ်တာရှိသည်။ ယာဉ်မောင်းလိုင်စင် စစ်ရင်းကမှ ထိုင်းမဟုတ်မှန်းသိပြီး ပတ်စ်ပို့၊ အလုပ်သမားကဒ် စတာတွေ တောင်းတာတော့ ရှိတတ်သည်။  ညဖက်ထွက်မှ စီမံချက်ရှိတဲ့အခါမျိုးသာ ရဲတွေဘာတွေ ကင်းချမှ ပတ်စ်ပို့စစ်တာဘာညာ ရှိသည်။
       တားသည့်ရဲက မဲဆောက်ရောက်တာ ကြာသေးဟန်မတူ၊ မြန်မာလို နားမလည်၊ အင်္ဂလိပ်လိုပြောတော့ တုတ်တုတ်ဆရာ ကိုရွှေမြန်မာက သူတို့ရှေ့တင် " အမ သူတို့ကို အင်္ဂလိပ်လို သွားမပြောနဲ့ တလုံးမှမတတ်ဖူးတဲ့" ပြောလို့ အားနာရသေးသည်။ ဒါနဲ့ ထိုင်းစကား တတ်သလောက် မှတ်သလောက်နဲ့  သွားပြန်ယူလိုက်မယ် ဆိုတော့ တယောက်ဆင်းနေခဲ့ ဆိုတာနဲ့ အိမ်သားကို တည်းခိုခန်းလွှတ် ယူခိုင်းရသည်။
           လမ်းရဲ့ ဟိုဘက် အခြမ်းမှာ အသက်(၂၀) ခန့် ရှိမယ့် ကောင်လေးတယောက် ဖမ်းထားတာ တွေ့ရသည်။ စောင့်နေပုံထောက်တော့ သူ့ကို လာထုတ်မယ့် အလုပ်ရှင် ရှိပုံရသည်။ ရဲက နှစ်ယောက်၊ လမ်း ဟိုဘက်နဲ့ ဒီဘက်ကို တယောက်စီ တာယန်ယူပြီး စစ်နေတာပင်၊ တဖွဲဖွဲ ဖြတ်လာကြသည့်  မော်တော်ဆိုင်ကယ်၊ တုတ်တုတ်တွေကို တစီးမှ အလွတ်မပေး တားသည်။ ကိုယ်ပိုင်ကားတွေကိုတော့ မစစ်၊ ထူးဆန်းတာ စက်ဘီးစီးသူကိုလည်း မစစ်၊ နောက်မှ သိရတာက စက်ဘီးစီးသူ အများစုက ပန်းရံလုပ်သူတွေ၊ အလုပ်ကြမ်းသမားတွေတဲ့၊ သူတို့က အလုပ်ရှင်ရှိပြီး အလုပ်ရှင်က ရဲကို လိုင်းကြေးပေးထားပြီး ဖြစ်တာမို့ မစစ်တာလို့ ဆိုသည်။ ဒါ့ကြောင့် စက်ဘီးသမားတွေက ခပ်တည်တည် ဖြတ်သွားကြတာကိုး သဘောပေါက်ရသည်။ ဆိုင်ကယ်တစီး အလာ အနောက်က အမျိုးသမီးက အထောက်အထားတွေ ပြနိုင်တော့ သွားတဲ့၊ နောက် တုတ်တုတ် တစီးပေါ်က အမျိုးသမီး (၃) ယောက်။ ကွမ်းတွေစားထားတာ ပါးစပ်မှာရဲလို့ မြန်မာလိုတွေလည်း ပြောနေကြတာ၊ တယောက်က သူတို့စစ်တာ အကုန်ရှိပြီး ကျန်နှစ်ယောက်က တခုလိုလို့ဆို ရဲနဲ့ စကားပြောရင်း ရဲလည်း စကားမပေါက်လို့ ထင်ပါရဲ့ တဖက်လမ်းမှာ ရပ်နေတဲ့ လူတယောက်ကို လှမ်းခေါ်တဲ့ အခါ အဲဒီလူက မြန်မာလို ဒါတွေ ပါရမယ် ဘာညာ ရှင်းပြပြီး မရှိတဲ့အခါ ညှိကြဟန်၊ ၊ ငါးမိနစ်လောက် ကြာတော့ အဲဒီလူက လက်ကလေး ကျစ်ကျစ်ပါအောင်ဆုပ်လို့ လမ်းဟိုဘက်က ရဲဆီ သွားလေရဲ့၊ တုတ်တုတ်ကို သူပဲ သွားခိုင်လိုက်တာပဲ၊ အတော်ပိုင်ပါလား တွေးနေတုန်း အိမ်သားက အိတ်ကလေးကိုင်ပြီး ပြန်ရောက်အလာ စာအုပ်ထုတ်ပြတော့ စောစောကတားတဲ့ အသက်ကြီးတဲ့ရဲက မလာပဲ နဲနဲ ငယ်ပုံရတဲ့ ရဲက လာကြည့်ပြီး စာအုပ်ကို လိုတာထက် ပိုကာ အစအဆုံး ဖတ်နေတာ စောင့်ရတော့သည်။ ပြီးတော့မှ သိုင်းကျူး တဲ့
                     တုတ်တုတ် ထွက်လာတော့မှ  ရန်ကုန် အင်းစိန်က ရောက်လာတယ်ဆိုတဲ့ တုတ်တုတ်ဆရာက ဂျာကင်နဲ့ အရပ်ဝတ်လူ အကြောင်းပြောတော့သည်။ အဲဒီ ကိုယ့်မြန်မာထဲကပဲ ထိုင်းရဲတွေကို သင်ပေးနေတာတဲ့၊ အရင်က ထိုင်းရဲတွေက အလုပ်သမားကဒ်ပြပါ၊ ဒါပဲတဲ့ မြန်မာတွေက ဝပ်ပါမစ်ပါ စစ်၊ ကဒ်ပြလို့ ကဒ်ရှိရင် မလွှတ်နဲ့အုန်း ၊ ဟိုဟာစစ်လို့ရတယ်၊ ဒီဟာ စစ်လို့ရတယ်နဲ့ သူတို့က သင်ပေးတာလို့ ဆိုလေသည်။ ဝေစားမျှစားလုပ်နေတာတဲ့၊ ထိုင်းအလိုတော်ရိပေါ့လို့ စိတ်ထဲက ပြောမိသည်။ သူတပါးတိုင်းပြည်မှာ အောက်ကျခံ အလုပ်လုပ်နေရသူချင်းအတူတူ သူတို့ဘဝက ပိုလို့တောင် ဆိုးတာ ကိုယ်တိုင်တောင် သိရဲ့လား၊ သနားစရာကောင်းပါဘိ။
                ချစ်ကြည်ရေးတံတား ပေါ်မှာတော့ ထိုင်းဘက်အခြမ်းက ကုန်ကားတွေ တံတားပေါ် နေရာလပ်မရှိ စီတန်းသွားနေတာတွေ့ရသည်။ စားသောက်ကုန်တင်တဲ့ ကားတွေနဲ့အတူ အဆိုပါနေ့ကတော့ မြေကြီးကော်သည့် စက်တွေ တင်ထားသည့် ကုန်ကားစီးရေ များစွာ မြင်လိုက်ရသည်။ မော်တော်ဆိုင်ကယ်တွေ သယ်လာသည့် ကုန်ကားကြီးတွေလည်း မနည်းမနော၊ မြန်မာဘက်မှာ ဟွန်ဒါ၊ တိုရိုတာ၊ ယာမာဟာ စတဲ့ ကုမ္မဏီတွေ လာရောက်ပြီး ထုတ်နိုင်တဲ့အခါ ဒါတွေ တကူးတကန့် သွင်းဖို့ လိုမှမဟုတ်လို့ တွေးနေမိသည်။ နယ်စပ်စီးပွားရေးသတင်းတွေမှာတော့ ထိုင်းဖက်ကနေ သခွါးသီးက အစ တင်ရသတဲ့၊ ရေခဲတောင် ထိုင်းဘက်က ပို့တယ်ကြားလို့ သတိထားကြည့်တာ အဆိုပါနေ့ကတော့ ရေခဲကားတွေ မတွေ့၊ နံနက်စောစော တံတင်းဖွင့်ချိန်ကတည်းက သွားကြပြီ ထင်သည်။
                မြန်မာဘက်ကတော့ ကားလမ်းပေါ်မှာ အိမ်စီးကားတွေသာ မောင်းတာတွေ့ရပြီး လမ်းလျှောက်သွားရတဲ့ လူလျှောက်လမ်းမှာ တံတားအပြည့် လူတွေ စီတန်းလို့၊ လူတွေလူတွေ အတန်းလိုက် အဆက်မပြတ် တမျှော်တခေါ် ထိုင်းဘက်ကို တရွေ့ရွေ့ ၊ နေ့စဉ်သွားလိုက်ပြန်လိုက် အလုပ်လုပ်ကြသလား၊ အခုမှ အလုပ်ရှာထွက်ကြသလား မဆိုနိုင်ပေမယ့် မဲဆောက်က ကားဆရာအပြောကတော့ နေ့တိုင်း မြန်မာဖက်က လူတွေ လှိမ့်ဝင်နေကြတဲ့၊
             တနေ့လုံး မြန်မာသံတွေ ညံနေတဲ့ မဲဆောက်ဟာ နေဝင်မိုးချူပ် အလင်းရောင်ပျောက်တာနဲ့ တိတ်ဆိတ်သွားသည်။ လမ်းပေါ်မှာ အိမ်စီးကား ကျိုးတို့ကျဲတဲ သွားတာပဲ ရှိသည်။ လူတွေ ကြက်ပျောက် ငှက်ပျောက်၊ ညဖက်မထွက်ကျ၊
" ဝါးကနဲ ရယ်မောသံနဲ့အတူ ခပ်ကျယ်ကျယ် စကားပြောသံ တွေ ကြားလိုက်ရသည်၊ တည်းခိုခန်းရှိတဲ့ ဝင်းထဲက အများစုပြီး စားသောက်ရာနေရာလေးဆီက ဖြစ်သည်။ ပညာရေးအစီအစဉ်တခုနဲ့ အဖွဲ့အစည်းတခုက သင်တန်းပေးတာလာတက်နေကြတဲ့  ပြည်တွင်းက ဆရာ/ ဆရာမလေးတွေ ၊ အယောက်နှစ်ဆယ်တဲ့၊ ရခိုင်ပြည်နယ်ကလွဲပြီး တိုင်းရင်းသားဒေသအသီးသီးက ဘကကျောင်းတွေကပါ ပါကြသည်၊  မအိပ်ကြသေးဘူးထင်ပါရဲ့၊ သင်တန်းပြီးလို့ မဲဆောက်မှာရှိတဲ့ မြန်မာကျောင်းတွေမှာ လက်တွေ့ စာသင်နေကြတာလို့ သိရသည်။
                 ည(၇)နာရီမှာ သန်းခေါင်ယံလို တိတ်ဆိတ်လို့၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း မီးတွေကတော့ အပြိုင်လင်းလို့ ၊   မနက်မိုးလင်းရင်ဖြင့် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ကူးလူးကြပေအုန်းမည်၊ ချစ်ကြည်ရေးတံတားကြီးပေါ်မှာလည်း ကားတွေ လူတွေ အပြည့်၊ လူတန်းရှည်ကြီးက နေ့စဉ်မပျက် တမျှော်တခေါ် လျှောက်မြဲလျှောက်လျက် ၊  မဲဆောက်ဈေးကြီးလည်း မြန်မာစကားသံတွေ ဝေဝေဆာဆာနဲ့ ဆက်လက်သွားမြဲ သွားနေဆဲပေါ့။
ခိုင်ခိုင်စောလွင်

November 20, 2016

" ငှက်ခါးကလေးတွေပျံစေချင်" ၂၁ရက်နိုဝင်ဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၅)မှ

" ငှက်ခါးကလေးတွေ ပျံစေချင်"
                             
               
                                               ပြီးခဲ့တဲ့ အပတ်က ဆောင်းပါးမှာ ရေခွန်၊ မီးခွန်( ရေမီတာခ၊ မီးခ)တွေ  ဆောင်တဲ့ အကြောင်းရေးတာမှာ စာတိုက်ကနေ လုပ်ဆောင်ပေးတဲ့  လုပ်ငန်း ဆောင်တာတွေကိုပါ ထည့်ရေးဖို့ စဉ်းစားမိသေးသည်။ စာရှည်သွားမှာပဲ ဆိုကာ ထည့်မရေးဖြစ်တော့ပဲ ဒီအပတ်မှာမှ စာတိုက်လုပ်ငန်းနဲ့ ပတ်သက်တာလေး သတိတရ  ဆက်ပြီး ရေးဖြစ်လေသည်။ တကယ်က ဆက်သွယ်ရေး လုပ်ငန်းတခုဖြစ်တဲ့ စာတိုက် အကြောင်းကို ရေးချင်နေတာ ကြာပါပြီ။ နံနက် (၁၀)နာရီဆိုက အချိန်မှန် ရပ်ကွက်ထဲ ရောက်လာတဲ့ ဆိုင်ကယ်စီး စာပို့လုလင်ကို မြင်ရတိုင်း မြန်မာပြည်က စာပို့စနစ်ကို တွေးကာ သတိရမိသည်။ ပြီးခဲ့သည့် နှစ်က နေပြည်တော်ကို ရောက်ခိုက် ကြီးမားခန့်ထည်လှသည့်  နေပြည်တော်စာတိုက်ကြီးကို တွေ့မြင်ပြီး ဒီက စာပို့စနစ် အကြောင်း ရေးအုန်းမယ် စိတ်ကူးထပ်ပေါ်ပေမယ့်  အကြောင်းမတိုက်ဆိုင်တာရယ်၊ ရေးစရာ အခြားအကြောင်းတွေ ထပ်ကာထပ်ကာ ပေါ်လာတာရယ်ကြောင့် မရေးဖြစ်ခဲ့တာ အခုမှ တိုက်ဆိုင်စွာ ရေးဖြစ်ရပါတော့သည်။
                                    ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် လူစည်ကားရာ လမ်းမပေါ်က ဟောင်းနွမ်းပြိုပျက်တော့ မယောင် စာတိုက်အဆောက်အဦကို မြင်လိုက်ကတည်းက စာတိုက်တွေ မနည်းရပ်တည်နေရတာ ပေါ်လွင်ကာ အခုအချိန်ထိ စာတိုက်စနစ် ရှိနေအောင် ကျားကန် ရပ်တည်နေတာတွေ့ရ၍ အိုမင်းရင့်ရော်စွာဖြင့်  ရုန်းကန်နေရသည့် ငယ်သူငယ်ချင်းကို တွေ့လိုက်ရသလို စိတ်ထဲ ခံစားမိရသည်။ စာတိုက်ရှေ့က စာတိုက်ပုံးနီနီကို တွေ့တဲ့အခါ အခုခေတ်မှာ စာတိုက်ကနေ စာပို့ ကြသေးလား၊ စာပို့သည့်လုပ်ငန်း  တခုတည်းဖြင့် စာတိုက်လုပ်ငန်း တွေ ဘယ်လို ရပ်တည်ပြီး ဘာတွေ လုပ်နေကြသလဲ သိချင်နေမိလေသည်။ တဆက်ထဲလိုလို စာတိုက်ရဲ့ ကုဒ်နံပါတ်ဆိုတာ ဘယ်ဟာပါလိမ့်လို့ စာတိုက်မှာ လိုက်ရှာကြည့်မိပြန်သည်။
                                ထိုင်းနိုင်ငံမှာ နေထိုင်နေစဉ် မည်သည့် နိုင်ငံသားမဆို ရက်ကိုးဆယ်ပြည့်သည့်အခါတိုင်း ( 90 days report) ခေါ်သည့်  သူ့နိုင်ငံအတွင်း နေထိုင်နေကြောင်း တနည်းအားဖြင့် လူရှိနေကြောင်း  ပုံမှန် သတင်းပို့ရသည်။  ယခင်နှစ်တွေတုန်းကတော့ ဖောင်တရွက်ဖြည့်ပြီးက နောက်တကြိမ်  ထပ်တိုးဖို့ စာရွက် တရွက်ထပ်ကပ်ပေး ပြီး ပြီးတာဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဘန်ကောက် ဧရာဝန်နတ်ကွန်းအနီး ပေါက်ကွဲမှု ဖြစ်ပြီးကတည်းက လူဝင်မှုကြီးကြပ်ရေးဌာနကနေ နိုင်ငံခြားသားတွေ အပေါ် စည်းကမ်းတွေ ပိုမိုတင်းကြပ်လာလေသည်။ အဆိုပါ ရက်ကိုးဆယ် ရီပို့ သွားလုပ်က လျှောက်လွှာ နှစ်စုံ ဖြည့်ရသည်။ တစ်ရွက်က ယခင်ပုံစံအဟောင်းပဲ ဖြစ်ပြီး နောက်တရွက်မှာ  ဖြည့်ရသည့် ပုံစံမှာ မိမိတိုင်းပြည်က အိမ်လိပ်စာ ထည့်ပေးရသည်။ အဆိုပါ လိပ်စာမှာ အိမ်အမှတ်၊ လမ်း၊ မြို့နယ် တွေအပြင် စာတိုက်ကုဒ်( post code) ဆိုတာ ပါရာ တခါမှ မဖြည့်၊ အဲဒီ ပို့စ်ကုဒ်ဆိုတာ မြန်မာလူမျိုးတိုင်းလိုလို မဖြည့်ကြ၊ လဝက က အရာရှိက " မြန်မာတွေက စာတိုက် မသုံးဖူးလား၊ မသုံးပဲ ဘယ်လို လုပ်ကြသလဲ" ပြောသည်။ သုံးတဲ့ အကြောင်းနဲ့ စာတိုက်ရဲ့ ကုဒ်ကို လူတွေ မသိတာ ဖြစ်ကြောင်း ပြောပြတဲ့အခါ ခေါင်းတရမ်းရမ်းနှင့် နားမလည် သလို ပြုံးသည်။ ထိုင်းမှာကတော့ စာအိတ်ပေါ်မှာ ရေးသည့် လိပ်စာမှာ ကိုယ်ပို့လိုသည့် နယ်မြေစာတိုက် ကုဒ်နံပါတ်မပါက ချက်ခြင်း ဖြည့်ရေးခိုင်းသည်။ သူတို့ လူမျိုးတိုင်းကတော့ သိကြသည်။ မြန်မာပြည်မှာကတော့ နယ်မြေစာတိုက် ကုဒ်ကို စာတိုက်ဝန်ထမ်းတွေသာ မှတ်ထားတာ ဖြစ်မည်၊ ကိုယ်ပို့လိုသည့် အိမ်လိပ်စာပါက ရောက်သည်။ ငယ်ငယ်တုန်းက အမေ့ရွာက စာထည့်လိုက်က မြိုပနယ်နာမည် မရေးတာပင် အိမ်ကို ရောက်သည်။ သတင်းတပုဒ်မှာ  မြန်မာ့စာတိုက်လုပ်ငန်း ခေတ်မမီခဲ့ပဲ အရည်အသွေးကျဆင်းရတယ်လို့ ဖတ်ရဖူးသည်။
" နိုင်ငံတကာ စာပို့ အဖွဲ့ချုပ်နဲ့လည်း ဆက်သွယ် ဆောင်ရွက် ထားခဲ့ပြီး ၂၀၁၂ ခုနှစ် တုန်းက ဆိုလျှင် တစ်ကမ္ဘာလုံး မှာ မြန်မာ့ စာတိုက် ဟာ အဆင့် ၁၁ အထိ ချိတ် ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတကာမှာ မြန်မာ့စာပို့ စနစ် ဟာ အဆင့် ၆၅ အထိ ကျဆင်း ခဲ့တယ်လို့ ဆိုပါတယ်။

စာတစ်စောင် ပို့ခကို ပြည်တွင်းမှာ တစ်ရာ ကျပ်သာ ကောက်ယူခဲ့ပေမယ့် တကယ်တန်း ကုန်ကျစားရိတ်က (၂၃၇၈ )ကျပ် ရှိတာကြောင့် နိုင်ငံတော် အနေနဲ့ စာတစ်စောင် ပို့တိုင်းမှာ ကျပ် နှစ် ထောင်ကျော် အရှုံးခံ လုပ်ဆောင်နေရတယ်လို့ လည်း ဆက်ပြောပါတယ်။ "တဲ့
            ထိုင်းနိုင်ငံက စာတိုက်တွေကတော့ နီနီရဲရဲ သစ်လွင်နေလေသည်။ နေ့စဉ် စာတိုက်ကို ဝင်ထွက် နေကြသည့် လူတွေ မပြတ်၊ ဝန်ထမ်းတွေကလည်း တောက်ပသော ဝတ်စုံတွေဖြင့် တက်ကြွစွာ လုပ်ကိုင်နေတာ မြင်ရသည်။ စာတိုက်ထဲ ရုတ်တရက် ဝင်သွားက ဘဏ်ခွဲတခုအလား ထင်မှတ်ရသည်၊ တိုကင်ကို စက်ကနေနှိပ်ယူပြီး အီလက်ထရောနစ် ကောင်တာမှ တိုကင်နံပါတ် ပေါ်လာတာနှင့် အလှည့်ကျ ကောင်တာထံ သွားရသည်။ စာအိတ်၊ ပစ္စည်းထည့်သည့်အိတ်၊ စာတိုက်တံဆိပ်ပါသည့် ကဒ်ထူပုံး ဆိုဒ်မျိုးစုံ တခါထဲဝယ်ကာ မိမိပို့လိုသည့် စာရွက်စာတမ်း၊ စာအုပ်သာမက အခြား ပစ္စည်းမျိုးစုံကို တခါထဲ ထည့် ပို့ လုပ်နေကြတာ တွေ့ရသည်။ တချို့ကလည်း စာအိတ် အရွယ်မျိုးစုံနှင့် ကဒ်ထူပုံးတွေ လာဝယ်တာလည်း ရှိသည်။ ကောင်တာက စာရေး၊ အရာရှိ အားလုံး သွက်သွက်လက်လက် လုပ်ကိုင် ချိန်တွယ်ရင်း တသဲသဲဝင်လာသည့် ငွေတွေ သိမ်းဆည်းနေတာ ကြည့်ကာ သူတို့ စာတိုက်လုပ်ငန်းက ဝင်ငွေ ရှာပေးနိုင်ပါသေးလားလို့ တွေးမိသည်။
                  ရပ်ကွက်ထဲကို နံနက်( ၁၀)နာရီ ဆို ရောက်လာတတ်သည့် စာပို့လုလင်မှာ အင်တာနက် ကုမဏီက ဘေလ်စာရွက်နှင့် အခြား အကြောင်းကြားစာတွေ၊ အချို့ကုမဏီတွေရဲ့ ကြော်ညာစာရွက်တွေ၊ ဘဏ်တွေကနေ ကာစတန်မာတွေဆီ ပို့ပေးတဲ့ အချက်အလက် စာတွေ တအိမ်တက်ဆင်း အမြဲ ပို့ပေးသည်။ ပို့စ်မင်း မလာသည့် နေ့မရှိ၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်မှာ နားကြသည်။ အဆိုပါ ရက်တွေမှာတော့ အမြန်ချောပို့ သမားတွေ၊ Express ကနေပို့ တာတွေ အတွက် ပို့ပေးသူတွေ ရှိသေးသည်။ စာပို့လုလင်ကတော့ အွန်လိုင်းကနေ ဈေးဝယ် ဈေးရောင်းသူတွေအတွက်လည်း ပို့ပေးရာ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လုပ်ငန်းလုပ်ပုံပါ ပြောင်းလဲ လာတာဖြစ်သည်။ တချို့  ( online shopping) အွန်လိုင်းဈေးသည်တွေက ကုန်ကျစားရိတ်သက်သာသည့် စာတိုက်ကနေ ပို့ပေးတာ များသည်။ EMS အမြန်ချောပို့၊ Express လုပ်ငန်းက ပိုပတာထက် ဈေးသက်သာသည့် အတွက် ရောင်းသူဝယ်သူ အဆင်ပြသည်။ အချိန်လည်း သိပ်မကြာ၊ ပုံမှန် စာတိုက်ကနေပုံ့က (၃) ရက်အပြင် ပိုမကြာ၊ စာတိုက်လုပ်ငန်းက အထောက်အကူများစွာ ဖြစ်လေသည်။
                   နေပြည်တော်က ရုံးခန်းတခုမှာ အင်တာနက်ဖိုး သွင်းဖို့ အကြောင်းပေါ်လာတဲ့ အတွက် အင်တာနက်ဖိုးကို ဘယ်လို သွင်းရသလဲ ၊ ဘေလ်လာပြီလား မေးရာ ဘေလ်မပို့ပါတဲ့၊ စာတိုက်က ဝန်ထမ်းအမျိုးသမီးကြီးက ငွေသွင်းဖို့ တယ်လီဖုန်းဖြင့် ဆက်ပြောတာလို့ ဆိုသည်။ သူဖုန်းဆက်မှ သွားသွင်းရသည်တဲ့၊ စနစ်တကျသာ လုပ်ပါက လုပ်ငန်းတွေ တခုနှင့်တခု ဆက်စပ်ကာ ဆင့်ကဲ အကျိုးဖြစ်မှာ သေချာသည်။ စာတိုက်ကနေ အသုံးပြုသူထံ ဘေလ်စာရွက်ပို့ ပေး၊ အဆိုပါ စာရွက်မှာ ဘယ်နေ့ ဘယ်ရက် နောက်ဆုံး ဆိုတာ ပါပြီးသား၊ ဆက်သွယ်ရေး စာတိုက်လုပ်ငန်းက ဝန်ဆောင်ခ၊ တနည်းအားဖြင့် နိုင်ငံတော်က စာပို့ခ တံဆိပ်ခေါင်း အခွန်ရသည်။ အခွန်အခတွေ လေလွင့်မှု မရှိက လုပ်ငန်းတွေ ပုံမှန်လည်ပတ်အောင် လုပ်နိုင်ပြီး အရှုံးမပေါ်နိုင်လို့ မြင်သည်။
                     ထိုင်းနိုင်ငံမှာလည်း တနေရာနှင့်တနေရာ ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ ကားလမ်းတွေ ရှိပေမယ့် ဈေးကြီးတဲ့ အတွက် စာတိုက်ကနေ ပေးပို့တဲ့ လုပ်ငန်းက အောင်မြင်နေဆဲ ဖြစ်သည်။ မြို့တွင်းမှာပင် တနေရာနှင့်တနေရာ ဆက်သွယ်ဖို့ ပို့ဆောင်ဖို့ စာတိုက်ကို သုံးကြဆဲ  ဖြစ်သည်။ စာတိုက်လုပ်ငန်းကနေ ခေတ်မမီတော့သည့် အခြေအနေတွေကို ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲကာ လုပ်ဆောင်ကြသည့်အတွက် အရှုံးမပေါ်ယုံမက လုပ်ငန်းတွေပင် ပိုများလာပြီး လုပ်စရာတွေ မနားမနေ လုပ်နေရတော့သည်။
                မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်နေတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းလာတဲ့ အတွက် ဘီဘီစီ သတင်းဌာနရဲ့ အမေးကို အထွေထွေမန်နေဂျာက ဖြေသွားတာတွေ  သတိရမိသည်။
" အများပြည်သူ ယုံကြည်မှု နည်းပါး ပြီး အရှုံးပေါ် နေတဲ့ မြန်မာ့ စာတိုက် လုပ်ငန်းကို ခေတ်မီ တိုးတက်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်"
" နိုင်ငံတကာ စာပို့ အဖွဲ့ချုပ်နဲ့လည်း ဆက်သွယ် ဆောင်ရွက် ထားခဲ့ပြီး ၂၀၁၂ ခုနှစ် တုန်းက ဆိုလျှင် တစ်ကမ္ဘာလုံး မှာ မြန်မာ့ စာတိုက် ဟာ အဆင့် ၁၁ အထိ ချိတ် ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတကာမှာ မြန်မာ့စာပို့ စနစ် ဟာ အဆင့် ၆၅ အထိ ကျဆင်း ခဲ့တယ်"
" မြန်မာ့ စာပို့ စနစ်ကို ကျေးရွာ နဲ့ နယ်စွန် နယ်ဖျားတွေ အထိ တိုးချဲ့ ပို့ဆောင်ဖို့ အစီအစဉ်တွေ၊ အွန်လိုင်း အရောင်းအဝယ် ထွန်းကား လာတာနဲ့ အမျှ စာပို့ လုပ်ငန်း စနစ် တွေကို တိုးတက်အောင် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကိုလည်း ချမှတ် ထားတယ်"
                 ခေတ်မီ တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ ခေတ်ကာလမှာ ပြည်သူတွေအနေနဲ့ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်လာကြရသည်။ ပြည်သူတဦးနဲ့ တဦး ဆက်သွယ်ဆောင်ရွက်ဖို့။ လုပ်ငန်းတခုနဲ့ တခု ချိတ်ဆက် ဆောင်ရွက်ဖို့၊ လုပ်ငန်းတွေ များပြားလာတာနဲ့အမျှ နိုင်ငံတော်က ရသင့်တဲ့ အခွန်အခတွေ အပြည့်အဝ ရရှိဖို့ စနစ်တကျ ကြားက လုပ်ဆောင်ပေးရမည့် အစိုးရ လုပ်ငန်း အဖွဲ့ထဲမှာ ဆက်သွယ်ရေး လုပ်ငန်းလည်း အပါအဝင်ဖြစ်သည်။ ဒါ့ကြောင့် သူများတိုင်းပြည်တွေမှာ လုပ်ငန်းသေးသေး နေရာသေးသေးလေးကနေ တိုင်းပြည်ဝင်ငွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးနေတာ မြင်ရသည့်အခါတိုင်း  မြန်မာ့စာတိုက်လုပ်ငန်းတွေမှာလည်း အဲဒီလို တိုးတက်  ပြောင်းလဲလာကာ အောင်မြင်စေချင်သည့် ဆန္ဒဖြစ်မိပါသည်။
ခိုင်ခိုင်စောလွင်

November 13, 2016

" စကားနဲနဲ အလုပ်များများ" ၁၄ရက် အောက်တိုဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၄) မှ

" စကားနဲနဲ  အလုပ်များများ"

                             
                ဒီကနေ့  နိုဝင်ဘာလ(၈)ရက်၊ မြန်မာပြည်မှာ  ရွေးကောက်ပွဲ ကျင်းပခဲ့တာ တစ်နှစ်တိတိပြည့်တဲ့ နေ့ပါလား၊ မနှစ်ကတော့ ဒီနေ့ ဒီအချိန် အမိမြန်မာပြည်ကို ရောက်လို့နေသည်။ ဒီလို မနက်ထက် စောတဲ့ အချိန်၊ အာရုဏ်မလင်းခင် အလင်းရောင် မမြင်ခင်ကတည်းက မဲရုံရှေ့ ရောက်နေခဲ့တာ သတိပြန်ရသည်။ မဲမထည့်ခင် အချိန်က နေပြည်တော်သို့ ရောက်နေရာ နိုဝင်ဘာ(၄)ရက်နေ့မှာ  နေပြည်တော်မှ ရန်ကုန်ကို ပြန်လာတာ ဖေ့စ်ဘွတ်ကနေ ဓါတ်ပုံတွေနဲ့ အတူ memory ဆိုကာ  ပြန်ပေါ်လာသည်။ တစ်နှစ်ဆိုတဲ့ အချိန်က ခဏလေးထင်ရပေမယ့် ဒီတစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာသည်။ (၁၁၅)မိုင်မှာ ရိုက်ထားတဲ့  ဓါတ်ပုံကို ပြန်ကြည့်ရင်း နေပြည်တော်သို့ အသွားလား နေပြည်တော်က အပြန်လား ပြန်စဉ်းစားရသေးသည်။ ရက်စွဲကို မြင်မှ နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲ မဲထည့်ဖို့ ပြန်တာ သတိရပြီး အပြန်ခရီး ဆိုတာ ပြန်သတိရလာလေသည်။
                             ဒီဓါတ်ပုံတွေ ပြန်မြင်လို့ ကိုယ်တိုင်က သတိရစရာ ပေါ်လာသလို ဖေ့စ်ဘွတ်မှာ ပြန်ရှယ်တော့ မိသားစုထဲက အငယ်ဆုံး မောင်လေးကလည်း သူ့ဖက်မှာ ကိစ္စတခု ပေါ်နေချိန် ဒီပုံတွေ့ပြီး တစုံတခုကို အမှတ်ရသလို ပြန်မေးလာလေသည်။ ဒါက ဒီစာရေးဖို့ အကြောင်း ဆက်ဖြစ်လာတာပဲ ဖြစ်လေသည်။
            " ရေမီတာ ဆောင်ထားတဲ့ ဘောင်ချာစာရွက် ယူသေးလား" တဲ့
မဲထည့်ပြီး မကြာ ပြန်ဖို့ ပြင်ဆင်ကြရင်း ပိုင်ဆိုင်မှု ပြဖို့ အတွက် လျှပ်စစ်မီတာ၊ ရေမီတာ ပြဖို့ အမေ့အိမ်က ယူရသည်။
             ယူတဲ့ အကြောင်းနဲ့ ယူတဲ့ လနှစ်လ နာမည် ရွတ်ပြတော့ သူက " ဒါဆို မဟုတ်သေးဖူး" ဆိုလေသည်။ အိမ်မှာ ရှာမတွေ့တာက ( ၂၀၁၆) ခုနှစ် တလပိုင်းနဲ့ နှစ်လပိုင်းက ဖြတ်ပိုင်း ပါတဲ့။ ဖြစ်ပုံက ရေမီတာကောက်တဲ့သူက အဲဒီနှစ်လစာ မပေးရဖူးသေးဆိုကာ အခု(၁၁)လပိုင်းမှာမှ လာကောက်သတဲ့။
တချို့အိမ်တွေက ဖြတ်ပိုင်းပြနိုင်လို့ မပေးရပါတဲ့၊ လာကောက်တဲ့သူက မပေးရသေး အပြောကို  အိမ်ရှင်က  ပေးပြီးသားဆိုကာ ဖြတ်ပိုင်းပြနိုင်တော့
 " ဒါဆိုလည်း နေပစေ " လို့ ဆိုသတဲ့၊ အိမ်ကတော့ တလက ပြန်ရှာတွေ့ပြီး နောက်တလစာ စာရွက်က ရှာမတွေ့တာဆိုလေသည်။ တမင် ဂွင်ရှာမှန်းသိသိနှင့်  အထောက်အထားမပြနိုင်လို့ ထပ်ပေးရမည့်သဘောမို့ သူလည်း ပေးပြီးသား ငြင်းလို့မရ ၊ ဒီလိုအချိန်မှာ ဓါတ်ပုံတွေ့တော့ သတိတရ ထိုကိစ္စကို မေးတာဖြစ်သည်။
               ကိုယ်ကတော့ အတွေးတွေတပုံတပင်၊ နားမလည်နိုင်အောင် ဖြစ်ရသည်။ တလပိုင်းမှာ ရေမီတာ မဆောင်ပါက သတ်မှတ်ထားတဲ့ရက် ကျော်က  ရေဖြတ်တာမဟုတ်ဖူးလား၊ ဝန်ထမ်းက  ရေမီတာ ဆောင်ထားသလား မဆောင်ထားဖူးလား တအိမ်တက်ဆင်း လိုက်မေးရတဲ့ အလုပ်ကို အချိန်ကုန်ခံပြီး လုပ်နေကြတာလား၊  ငယ်ငယ်တုန်းက တော့ အခုလို ရေဖိုးမပေးရသေး၊ လျှပ်စစ်မီတာခသာ ပေးရသည်။ ရေက အစိုးရပေးတဲ့ ဂျိုးဖြူရေကို အလကား သုံးရသည်။ ဒါ့ကြောင့် မီတာခ ဆိုက လျှပ်စစ်မီး အသုံးပြုခလို့သာ သိကြသည်။ အခုကတော့ မီတာခဆိုလျှင် ရေမီတာ လျှပ်စစ်မီတာ ခွဲပြောရတော့သည်။ ထိုစဉ်က မီတာခ မကောက်ခင် ဝန်ထမ်းက မီတာဘောက်စ်ကို တအိမ်တက်ဆင်း လိုက်ဖတ်ကာ စာရွက်ပေးခဲ့သည်။ လစဉ်  သတ်မှတ်ထားသည့် ရက်မတိုင်ခင် မီတာရုံးမှာ သွားဆောင်ရသည်။ အဆိုပါ ရက်ကျော်က မီးဖြတ်သည်။ ဒါလုပ်ထုံးလုပ်နည်း ရှိပြီးသားဖြစ်သည်။ ရေမီတာလည်း ထို့အတူ သတ်မှတ်ထားသည့် ရက် မဆောင်က ဖြတ်၊ ဒါဖြင့် မဖြတ်ပဲ နေလို့လား၊  ကျသင့်ငွေ မပေးလည်း မဖြတ် ဆိုက လုပ်ထုံးလုပ်နည်းကို ဝန်ထမ်းက မလိုက်နာတာလား၊ ဥပဒေကို လိုတိုးပိုလျှော့ လုပ်နေကြသလို ဖြစ်နေသည်။
            တိုးတက်သည့် အနောက်နိုင်ငံတွေကို ခဏ ထားလိုက်၊ ထိုင်းလို နိုင်ငံမှာပင် ဒီလို ပြည်သူတွေရဲ့ လူမှုဘဝ ဝန်ဆောင်မှုတွေအတွက် လုပ်ထုံးလူနည်းတွေက ဥပဒေနှင့်အညီ တိတိကျကျ သတ်မှတ်ထားပြီးဖြစ်သည်။  ပြည်သူအားလုံး ဆင်းရဲ ချမ်းသာ တပြေးညီ ကိုယ်သုံးတာ ကိုယ်ပေးရမည်၊ မပေးက ဆက်လက်သုံးစွဲဖို့ ခွင့်မပြုတော့ပေ၊ မပေးတာ နောက်ကျလို့ ဖြစ်စေ၊ မေ့နေလို့ ဖြစ်စေ အကြောင်းတစုံတရာရှိပါက သက်ဆိုင်ရာ ဌာနနှင့် ဆက်သွယ်ကာ ပေးစရာရှိတာ ပေးသွင်းပြီးပါမှ မူလအတိုင်း  ပြန်ရမည်။ ဒါသည် တိကျသော လုပ်ထုံးလုပ်နည်း ဖြစ်သည်။ စကားများများ မပြောရ၊ အချင်းချင်း မငြင်းရ၊ ရန်ဖြစ်စရာလည်းမလို၊
               အဆိုပါ ရေခ၊ မီးခ အပြင် အင်တာနက်ဖိုးတွေ အားလုံးကို  ရပ်ကွက်တိုင်း လမ်းတိုင်းမှာ ရှိတဲ့ ဆဲဗင်းအလင်းဗင်း( 7-11) လို ၊ စတိုးဆိုင်အသေးလေးတွေကနေ ၊ ဈေးဝယ်စင်တာတွေ ဖြစ်တဲ့ တက်စ်ကို လိုတပ်စ်( Tessco Lotus) လို နေရာတွေမှာ ပေးသွင်းလို့ရသည်။ ဝန်ဆောင်ခ (၁၀)ဘတ် ပေးရသည်။ တချို့ကတော့ (၇)ဘတ်သာယူသည်။ လဆန်းရက်မှာ အိမ်အတွက် တလတာ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ရင်း အိမ်အတွက် ပေးစရာရှိတာတွေ တနေရာထဲမှာ ပေးသွားလို့ရလေသည်။ ဒါမှမဟုတ်  ဆိုင်ရာဌာနမှာ သွားရောက်ပေးသွင်းလို့လည်းရလေသည်။ ဝန်ဆောင်ခ (၁၀)ဘတ် သက်သာသည်။ ဌာနမှာ တန်းစီစရာမလို၊ စကားလည်း ရှည်ရှည်ဝေးဝေး ပြောစရာမလို၊ တိုကင်ယူ၊ ကောင်တာမှာ ကိုယ့်နံပါတ်ကျက ဖြတ်ပိုင်းနဲ့ငွေ ပေးလိုက်ယုံပင်၊ လက်ခံဖြတ်ပိုင်းပြန်ရက ပြီးပြီ။
                အစိုးရ  အနေနဲ့လည်း အခွန်အခ တခါထဲ ရပြီးသားဖြစ်သည်။ မီတာခ၊ ရေခ၊ အင်တာနက်သုံးစွဲခတွေအတွက် အခွန်က (၇)ရာခိုင်နှုန်း ကောက်ယူရာ ကျသင့်ငွေမှာ တခါထဲ ပေါင်းပြီးသားဖြစ်သည်။ သုံးစွဲသည့် ယူနစ်အလိုက် မီတာခ ဘတ်(၁၀၀၀) ကျပါက သွင်းရမည့် ငွေပမာဏမှာ (၁၀၇၀) ဘတ်ဖြစ်သည်။ အစိုးရလည်း အခွန်အခ အပြည့်ရသလို သုံးစွဲသည့် ပြည်သူကလည်း ယူနစ်များလေ ကုန်ကျငွေများလေ၊ ကုန်ကျငွေပေါ် ကောက်သည့် အခွန်အခလည်း လိုက်တက်လေရာ ချွေတာ သုံးသည့် အကျင့်ဖြစ်လာလေသည်။ တချို့  ထိုင်းလူမျိုးတွေဆိုက တအိမ်လုံးမှာ လူရှိနေသည့် နေရာမှာပဲ မီးတပွင့်သာ ထွန်းပြီးနေလေသည်။ အကြောင်းမဲ့ မီးဖွင့်ထားတာ၊ ရေပိုက်ကရေတွေ သွန်ကျနေတာ မဖြစ်အောင် ဂရုစိုက်ကြသည်။
                ရန်ကုန်မှာနေတုန်း ဆိုင်တဆိုင်ကို  ခေတ္တရောက်စဉ် စည်ပင်က အခွန်လာကောက်တာနှင့် ကြုံတာ  သတိရသည်။ စည်ပင်ဝန်ထမ်းကိုယ်တိုင် အိမ်တိုင်ရာရောက် အခွန်ကောက်သည်။ လုပ်ငန်းခွန် ဆောင်ပြီးသား ဆိုလိုက်တော့ အမှိုက်ခွန် ကောက်တာပါတဲ့၊ စက်ချူပ်တာ နဲနဲပါးပါးပဲ လုပ်ငန်းကြီး မဟုတ်ပါ ဆိုတော့ ပေးရမည်တဲ့၊ ဘယ်လောက်လဲဆိုတော့ ငါးရာကျပ်ပါတဲ့ ၊ ပေးရမည့် သူက များတယ် ၊ ရုံးမှာလာဆောင်မယ်ဆိုတော့ (၃၀၀)ကျပ်သာ ပေးပါတဲ့၊ စိတ်ထဲကနေ ဘယ့်နဲ့ အခွန်စည်းကျပ်တယ်ဆိုတာ ဒီလို အတိုးအလျှော့လုပ်လို့ရသလား တွေးတောနေတုန်း ဆိုင်ရှင်က  ရုံးကိုပဲ လာပေးမယ် ပြောတာ မကျေမနပ် ပွစိပွစိ ရေရွတ်ကာ ထွက်သွားလေသည်။ ဒီမြင်ကွင်းကို ကြည့်ပြီး အဆိုပါ ဝန်ထမ်းနေရာမှာ ကိုယ်သာဆို ဥပဒေ လုပ်ထုံးလုပ်နည်း မှန်ရင် ဘာဖြစ်လို့ ပြန်ထွက်သွားရမလဲ ၊ ရအောင်တောင်းရမယ်လို့ တွေးမိသည်။ လူတယောက်မှာ သူ့ဂုဏ်နဲ့ သူသိက္ခာဆိုတာ ရှိသည်။ ဒီဝန်ထမ်းကိုကြည့်ကာ  မှန်ရက်သားနဲ့ ပြန်မပြောတာလား ၊ မဟုတ်မမှန်လုပ်တဲ့အတွက် ပြန်မပြောတာလား သူ့အစား စိတ်မကောင်းဖြစ်မိလေသည်။ ထို အသိဆိုင်က ရုံးကို အခွန် သွားပေးတယ် ပြောသံမကြားရပါ။
                         လုပ်ငန်းကြီးက ကြီးသလို အခွန်အခပို ပေးရမှာ ဓမ္မတာပင်။ မပေးက လုပ်ငန်းလုပ်ခွင့်ရပ်၊  လျှပ်စစ်သုံးစွဲတာ၊ ရေသုံးစွဲတာ၊ အခြား တိုင်းပြည်ရဲ့ အရင်းအမြစ်ကို ရယူသုံးစွဲတာမှာ မိမိအမှန်တကယ် သုံးစွဲလိုက်တဲ့အတိုင်း ကျသင့်ငွေ ပေးဖို့ တာဝန်ရှိသူတွေကိုယ်တိုင်က စနစ်တကျ ကောက်ခံ ဖို့ လိုသည်။ နည်းပညာတွေ မတိုးတက်တာချည်း လက်ညှိုးထိုးနေ၍ မပြီးပါ၊ လွန်ခဲ့သည့် အနှစ်(၄၀)ခန့်က မိတာခမပေးက မီးဖြတ်သည့် စနစ် ရှိပြီးဖြစ်သည်။ ရေမီတာ မပေးက ရေဖြတ်၊ ဒါ လုပ်သင့်သော အလုပ်ဖြစ်သည်။ ပြည်သူက အခွန်ဆောင်ရမည့် တာဝန် ရှိသလို အစိုးရဝန်ထမ်းတွေက အခွန်ကို တိတိကျကျ ရအောင် လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန် လုပ်ဖို့ လိုနေတာ သိသာထင်ရှားနေလေသည်။
                 လုပ်ထုံးလုပ်နည်း ဥပဒေ တိတိကျကျ ရှိက ထိုအတိုင်းအားလုံး လိုက်နာသော် အခုလို စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေဖို့လည်း မလို၊ ပေးစရာရှိတာ တိတိကျကျပေး၊ မပေးက လိုအပ်သလို အရေးယူ၊ အလုပ်များများလုပ်၊ စကားနည်းနည်းပြော အလုပ်တွင်မည်သာ။ ရှေးလူကြီးတွေ ဆုံးမလေ့ရှိသည့် စကားတခွန်းရှိသည်။ " စကားနဲရန်စဲ"
လုပ်ထုံးလုပ်နည်းမမှန်၊ မမှန်ပဲ ပြည်သူတွေနဲ့ မလိုအပ်တဲ့ စကားတွေပြော၊ ရန်ဖြစ်၊ စကားများ ၊  ရှေ့မရောက် ဒီလို အဖြစ်တွေက ရုန်းထွက်ဖို့ နိုင်ငံသူနိုင်ငံသားတိုင်း မဲထည့်ခဲ့ရုံနှင့်မပြီး သေး၊  စကားနဲနဲပြော အလုပ်များများလုပ်ကာ ကိုယ်တိုင် တဦးချင်းမှသည် အဖွဲ့လိုက်၊ ဌာနဆိုင်ရာအလိုက် အားလုံးပြုပြင် ပြောင်းလဲကြဖို့ လိုနေပါသေးသည်လို့ ဆိုချင်ပါသည်။
ခိုင်ခိုင်စောလွင်

November 11, 2016

" နာရီမပတ်သူ" ၁၂ရက် နိုဝင်ဘာလ ၂၀၁၆ ကောင်းကင်အနုရသမဂဇင်းမှ



                             
" နာရီမပတ်သူ"
                               နာရီမပတ်ပဲ နေခဲ့တဲ့  နှစ်တွေ ပြန်ကြည့်လိုက်တာ ငွေရတု သက်တမ်းတောင် ရောက်နေပါပေါ့လား။ ကျမက နာရီပတ်ရတာ မကြိုက်၊ အခုနောက်ပိုင်း နာရီနှင့်ပင် မတည့်တော့ပေ။  နာရီပတ်တာ မကြိုက်ပေမယ့် မဖြစ်မနေပတ်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့သည်။ နာရီမကြိုက်တဲ့သူ မှာ နာရီကို ကိုယ်ကြိုက်တဲ့ ရုပ်ရှင်မင်းသားမျက်နှာကို ကြည့်သလို  တစိုက်မတ်မတ် ကြည့်ရတဲ့ အချိန်တွေ များစွာ ရှိခဲ့သေးသည်။ ပြောရရင် နာရီနဲ့ ပတ်သက်တဲ့ နောက်ခံအကြောင်းတွေ အများကြီး ရှိလေသည်။ တကယ်တော့ နာရီဆိုတာ ကြည့်ဖို့ သက်သက်ဆိုပေမယ့် သူက လူတွေရဲ့ ဘဝမှာ အရေးပါသည့် နေရာက ရှိနေသည်။ သူ့ကြောင့် လူတွေ ဝမ်းသာရသည်။ သူ့ကြောင့် လူတွေ ပြဿနာဖြစ်ကြသည်။ ချစ်သူက လက်ဆောင် နာရီဝယ်ပေးလို့ ဝမ်းသာကြသည်။ ချစ်သူနှင့်ချိန်းတာ နာရီနောက်ကျနေတာ မသိလို့ လွဲသွားပြီး စကားများကြသည်။ စိတ်ကောက်ကြသည်။
" နာရီလေ အဲဒီနာရီကြောင့်ပေါ့" အပြစ်ဆိုကြသည်။ နာရီကတော့ သူ့ကြောင့် ဘယ်သူတွေ ဝမ်းနဲလို့ ဘယ်သူတွေ ဝမ်းသာလည်း ဂရုမစိုက် ၊ သူ့အလုပ် သူလုပ်နေတာပဲ ဖြစ်သည်။
                              
  ကျမ ဘဝမှာ နာရီကြောင့် ဝမ်းနဲရတဲ့ ကာလတွေ ရှိခဲ့တာ ဘယ်လိုမှ မေ့မရ၊ ဒါပေမယ့် နာရီမရှိတဲ့ ကာလတွေ ကျမတို့ အိမ်မှာ အတန်ကြာ ရှိနေခဲ့သည်။ မှတ်မှတ်ရရ တအိမ်လုံးမှာ အချိန်သိချင်က အမေ့ရဲ့ လက်ပတ်နာရီ သေးသေးလေး ကို ကိုင်ကြည့်ရသည်။ လက်ပတ်နာရီက အမေ ကျောင်းသူဘဝကတည်းက ပတ်တဲ့ နာရီ၊ အကောင်းစား ရိုလက်စ် မိန်းမပတ်၊ အမေ့ရဲ့ အဖေက ဆီစက်ပိုင်ရှင်မို့  အမေ ဟိုက်စကူးအောင်တဲ့ နှစ်က ဝယ်ပေးတာလို့ ဆိုလေသည်။ ကျမတို့ သုံးလေးတန်း ရောက်တော့ အဲဒီ နာရီက အချိန်မမှန်တော့ တဲ့အတွက် အမေက လက်ပတ်နာရီ မပတ်တော့ပဲ နေသည်။ အဆိုပါ နာရီက အိမ်ရဲ့ နံရံဘောင်မှာ ဒီအတိုင်း ထားသည်။ နာရီက အချိန်မှန်မပြနိုင်ပေမယ့် စက်က သွားနေတာဖြစ်သည်။ ဒါ့ကြောင့် ကျမတို့ မောင်နှမတတွေ အဲဒီ နာရီကို ကြည့်ပြီး ကျောင်းချိန်၊ စာကြည့်ချိန် တွက်တာမှာ ဂဏန်းတခုကို (၁၅) ထည့်ပေါင်းတာ ကျွမ်းကျင်လာသည်။ နောက် ကျွမ်းကျင်တာ ရှိသေးသည်။
                        နာရီ မကြည့်ပဲ အချိန်ကို ကျွမ်းကျင်တယ်လို့ ချီးမွမ်းသွားတာ အဖေ့ရဲ့ မိတ်ဆွေ တယောက်၊ သူက တခါပဲ ကြုံပြီး ရုံးမှာ တခြား မိတ်ဆွေတွေကို  ပြန်ပြောလေသည်။ ကျမတို့တတွေ တော်တယ်တဲ့။
အဖေ့အလုပ်က နယ်မှာ၊ ရန်ကုန်မှာ ခဏသာ နေတာဖြစ်သည်။ အဖေ့မှာလက်ပတ်နာရီရှိသည်။ အဖေလာရင် အဖေ့လက်ပတ်နာရီကို ကြည့်ရသည်။ အဖေက လက်ပတ်နာရီကို အမြဲလိုလို ပတ်ထားတော့ ဧည့်သည်နဲ့ စကားပြောချိန် " အဖေ ဘယ်နှစ်နာရီ ထိုးပြီလဲ " မေးလို့ မဖြစ်၊ တကယ်တော့ မေးစရာလည်း မလို၊ ခဏခဏ ကြည့်ပြီး ၁၅ပေါင်းရ၊ နောက်တော့ ၃၀ကျော်အောင် ပေါင်းနေရတဲ့ အမေ့နာရီလည်း မကြည့်ဖြစ်တော့တဲ့ အခါ အချိန်သိရတာ ရေဒီယို၊ ကျမတို့ အိမ်မှာ မိုးလင်းက မိုးချူပ် ရေဒီယို ဖွင့်ထားသည်။ ဧည့်သည်ရှိက မပိတ်၊ အသံကို တိုးရုံသာ တိုးထားလိုက်သည်။ အဖေနဲ့ ဧည့်သည် စကားပြောနေတာ ထိုင်နားထောင်တုန်း"  ဟော ဖတ်စရာမှတ်စရာ လာပြီ" လို့ ပြောပြောဆိုဆို ထအသွား ဧည့်သည်က အဖေ့ကို မေးသည်။
" ရေဒီယိုက ဖတ်စရာမှတ်စရာ လာတာနဲ့ သမီးက ဘာလို့ ထသွားတာလဲ" တဲ့
အဖေရဲ့ ရယ်မောရင်း ပြန်ဖြေသံကို အပေါ်ထပ်တက်ရင်း လှေကားမှာပဲ ကြားရသည်။
" ဖတ်စရာမှတ်စရာလာရင် ၁၁နာရီထိုးဖို့ ၁၅မိနစ်အလိုလေ၊ သူတို့ ရေချိုးမယ်၊ သနပ်ခါးလိမ်းမယ်၊ တူပုံ့ တူပုံ့ တီးလုံးလာရင် (၁၁)နာရီထိုးပြီ။ သူတို့ ကျောင်းသွားကြမယ်"
                     အိမ်မှာ တိုင်ကပ်နာရီ မရှိ၊ မဝယ်နိုင်တာ ဖြစ်မယ်လို့ ပြန်တွေးမိသည်။ နောက်ပိုင်း ရေဒီယိုလေး ပျက်သွားတော့ နာရီသိချင်က ဘေးအိမ်ကို သွားကြည့်ရသည်။ ဘေးအိမ်က သူဌေးတွေ ဖြစ်သည်။ သူတို့အိမ်ကို ခြံခတ်ထားသည်။ အိမ်ချင်းက နံရံခြင်းကပ်နေတာဆိုတော့ အိမ်ရှေ့ ထွက်ပြီး ခေါင်းလေးပြူပြီး ချောင်းလိုက်တာနှင့် သူတို့ ဧည့်ခန်းက နာရီကို ကြည့်လို့ရသည်။ တိုင်ကပ်နာရီကို ဧည့်ခန်းနဲ့ ထမင်းစားခန်း အကူး နံရံ အမြင့်မှာ အိမ်ရှေ့ကို မျက်နှာမူပြီး ချိတ်ထားတာဖြစ်သည်။ ကျမတို့ ကလေးတွေ ခေါင်းကလေးတွေ ခြံစည်းရိုး တိုင်တွေကြားက ဖြတ်ကနဲ ပေါ်လာ ပြီး ဖြတ်ကနဲ ပျောက်သွားတော့ အစ ပထမ သူတို့ လန့်သွားသည်တဲ့၊ နောက်မှ ကျောင်းသွားဖို့ နာရီ လာကြည့်ကြမှန်း သိသွားသည်။ တခါတလေ ချောင်းပြီး နာရီကို ကြည့်မယ်ပြင်တုန်း ဆယ်နာရီနဲ့ သုံးဆယ့်ငါးလို့ သူတို့ လှမ်းပြောပေးသည်။ တခါတလေ နာရီကြည့်တာ သတိမထားမိက ခြံစည်းရိုးပေါ် ခေါင်းကလေးထွက်လာပြီး
 " ကလေးတွေ ကျောင်းမသွားကြသေးဖူးလား" လို့ ဟိုဘက်ကနေသတိလှမ်းပေးတတ်သည်။ ကျမတို့ နာရီ ကြည့်လို့ရအောင် သူတို့အိမ်တံခါးကို မပိတ်ပဲ ထားပေသည်။ အဝင်က ခြံတခါးသာ ပိတ်ထားတာဖြစ်သည်။ အမေက မိုးလင်းတာနဲ့ ကျောင်းသွားရပြီဆိုတော့ ကလေးတွေချည်း ကျန်တာမို့ စောင့်ရှောက်ပေးသည်။
                   ကျမငယ်ဘဝမှာ နာရီမရှိတာ ဝမ်းနဲစရာ မဟုတ်၊ ရှက်စရာ မဟုတ်လို့ ခံယူမိတာ အဲဒီကစသည်။ ဘဝအတွက် အင်မတန် အရေးပါတယ်ဆိုတဲ့ ဆယ်တန်းဖြေတုန်းကတောင် နာရီမရှိ၊ အဖြေလွှာသိမ်းကာနီးမှာ ဆရာမတွေက နာရီဝက်ပဲ လိုတော့တယ်နော်၊ နောက်တဖြည်းဖြည်း (၁၀)မိနစ်ပဲ လိုတော့တယ်နော် ပြောမှာ ကြိုသိသည်၊ ဒါ့ကြောင့် နာရီမရှိတာ ဘယ်လိုမှမနေ၊ ကျမလိုပဲ လက်ပတ်နာရီ မရှိတဲ့ ကျောင်းသားတွေ များပုံရသည်။ စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေက အချိန်ကို အော်အော်ပေးသည်။ တချို့ဆို အချိန်တဝက်ကျိုးပါပြီ နောက်ထပ် တနာရီခွဲ ကျန်ပါတယ် ဒီလို ပြောတာ သတိရမိသည်။ ကျောင်းတွေမှာလည်း ကျောင်းအုပ်ဆရာကြီးရုံးခန်းကလွဲပြီး ဘယ်စာသင်ခန်းမှာမှ တိုင်ကပ်နာရီမရှိပါ။ နာရီ ရှားသည့် ခေတ်၊
                   နာရီကြောင့် ဝမ်းသာရသည့် အချိန်က ကျမ တက္ကသိုလ် ဒုတယ်နှစ်၊ အမေက ကျမတို့ မောင်နှမ သုံးယောက်စလုံးကို တယောက် လက်ပတ်နာရီ တလုံးစီ တပြိုင်ထဲ ဝယ်ပေးသည်။ အဲဒီအချိန်က တရုတ်ကလာတဲ့ ဓါတ်ခဲ နာရီလေးတွေ ပေါ်ကာစ မှာ အမေက ဝယ်နိုင်တုန်း ကောင်းတာ တခါထဲ ဝယ်ပေးမယ်ဆိုကာ ဂဏန်းလေးတွေ လှုပ်စိလှုပ်စိ ပြောင်းတဲ့ တရုတ်နာရီတောင် မဝယ်၊  ဆီကိုနဲ့ ဆီတဇင် အမျိုးအစား ဝယ်ပေးသည်။ အကောင်းစားကြီး မဟုတ်ပေမယ့် နာရီတလုံးရဲ့ တန်ဘိုးက အဖေ့ရဲ့ အရာရှိလစာ တလကျော် တန်သည်။ နာရီသွားဝယ်တော့ ကိုယ်နဲ့ အမေနဲ့ နှစ်ယောက်ထဲ၊ ကိုယ်က ကိုယ်ကြိုက်တဲ့ ပုံစံကိုယ်တိုင် ရွေးယူဖို့ အခွင့်သာသည်။  ငွေရောင်အိမ်မှာ ဒိုင်ခွက်ကလေးက ပါးပါးလေး၊ မှန်က နှစ်ထပ်၊ လက်မှာ ပတ်ထားရင်း ခဏခဏ နာရီလေးကို ကြည့်မိသည်၊ သူငယ်ချင်းတွေက ဒီဇိုင်းလေးက ဆန်းလိုက်တာ လှလိုက်တာ ပြောတိုင်း သဘောကျရသည်။
                     အဲဒီဆိုင်ကို မှတ်ထားလိုက်သည်။ ဆိုင်ရှင်က ထူးထူးဆန်းဆန်း  ဗမာ ဖြစ်သည်။ နာရီရောင်းတဲ့ ဆိုင်တွေ တဆိုင်ဝင်တဆိုင်ထွက် လိုက်ကြည့်တာ  ဆိုင်ရှင်တွေက လူမျိုးခြားချည့်သာ၊ အဲဒီဆိုင်က ဦးလေးကြီးက ဖော်ဖော်ရွေရွေနှင့် အင်မတန် စကားပြောကောင်းပြီး စိတ်ကောင်းနှလုံးကောင်း ရှိပုံ အထူးပေါ်လွင်သည်။ 
                     ဒါ့ကြောင့်လည်း နောက်စာသင်နှစ် အစမှာ အမေ့ရဲ့ အကြပ်အတည်းကြောင့် စိတ်ညစ်နေဆဲမှာ ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။  ကျောင်းကအပြန် ဆူးလေကို တယောက်ထဲ သွားခဲ့ပြီး အဆိုပါ ဆိုင်မှာ နာရီ ရောင်းမယ်ဆိုတော့ ဦးလေးကြီး မရှိ၊ ဆိုင်ဝန်ထမ်းတွေက မေးခွန်းတွေ အများကြီးမေးသည်။ မှတ်မိတာက ဘောင်ချာ မပြနိုင်ရင် မဝယ်ပါတဲ့၊ ဒီဆိုင်ကနေ ဝယ်တာပဲ လို့ ဘယ်လိုပြောပြော မရ၊ ဒါနဲ့ ဆိုင်ထဲကနေ ပြန်အထွက် လမ်းမပေါ် ရောက်တုန်း " ကလေးမလေး လာအုန်းတဲ့ ဘာလို့ ပြန်ရောင်းတာလဲ" တဲ့
ဆိုင်ရှင် ဦးလေးကြီး ၊ ဆိုင်ခန်း အနောက်က အခန်းလေးထဲက ထွက်လာဟန်တူသည်။ သူ့ကို မြင်လိုက်တာနှင့် အဆင်ပြေမယ်ဆိုတာ အလိုလို သိသွားသည်။
                   " ကျောင်းလခသွင်းဖို့ ငွေလိုလို့ပါ၊ အမေလည်း သိပါတယ်" အပြောကို ခေါင်းလေးငြိမ့်ပြီး အံဆွဲထဲက ငွေ တခါထဲ ထုတ်ပေးသည်။ ဝယ်တုန်းက (၄၅၀) ကျပ်ကို (၅၀၀)ကျပ်ပင် ရလိုက်သည်။
" သေချာထည့်သွားနော်၊ ကျောင်းစားရိတ်ဆိုလို့ ဈေးမနှိမ်ပဲ ပြန်ဝယ်လိုက်တာ" လို့ ထပ်ပြောသေးသည်။ ဘာစကားမှ အပိုမပြော၊ အိမ်ရောက်တော့ အမေက အခက်အခဲ ပြေလည်သွားလို့ ဝမ်းသာပုံ သိပ်မရပဲ ခပ်တွေတွေနဲ့ ခေါင်းငြိမ့်သည်။
                  နောက်ပိုင်း ကားပေါ်မှာ အချိန်သိချင်ရင် ကားလက်တန်းကို ကိုင်ထားသည့် လက်တွေ များစွာထဲက နာရီအမျိုးအစားမျိုးစုံကိုပင် တချိန်ထဲ တပြိုင်ထဲ ကြည့်လို့ပင်ရသေးသည်။ နာရီမရှိတာ ကိုယ့်အတွက် အခက်အခဲမဟုတ်၊
                 ကျောင်းသူဘဝကနေ အလုပ်ဝင် သည်အထိ ကျမက နာရီမပတ်သူ၊ အခု ခင်ပွန်းဖြစ်လာမယ့် ကျမချစ်သူရဲ့ မွေးနေ့လက်ဆောင်က လက်ပတ်နာရီ၊ နာရီကြိုးအနက် ဒိုင်ခွက်အသေးလေး မို့ ချစ်စရာ၊ ဒါပေမယ့် ကျမမှာ နာရီအလာ့ဂျစ် ဖြစ်လာသည်။  နာရီရဲ့ ဒိုင်ခွက်နဲ့ အရေပြားထိတဲ့ နေရာက အမြဲလိုယားယံလာပြီး အဖုတွေ ထွက်သည်။ နာရီ လုံးဝပတ် မရတော့ပေ၊ ဒါပေမယ့် ကျမနဲ့ နာရီက ဘယ်တော့မှ စိမ်းမသွား၊ ဝေးကွာမသွားသည့်အပြင် နာရီများစွာနှင့် မျက်နှာအပ်ဖို့ ဖြစ်လာရပြန်သည်။ အိမ်မှာ နာရီကြည့်ပြီး အပြေးအလွှားလုပ်ရသလို အလုပ်ကလည်း အချိန်နဲ့ တပြေးညီ လုပ်ရသည့် အလုပ်ဖြစ်နေပြန်သည်။ တခုတော့ ကောင်းသည်၊ ဘဝတခုလုံး ကြာမည့်နှစ်တွေကို တွေးမပူအားတော့ပဲ (၃)မိနစ်စာဆိုသည့် အချိန်ပင် သီချင်းတပုဒ်စာ လွှင့်၍ ရသည်လို့ တွေးတတ်လာသည်။ ထိုသီချင်း တပုဒ် သုံးမိနစ်စာအချိန်ထဲမှာ ဝမ်းနဲရတာနားထောင်ရသည်၊ လွမ်းရဆွေးရ ပျော်ရ ရွှင်ရတာတွေ ကြားရသည်။ စက္ကန့် မိနစ် နာရီတွေ ကို မျက်ခြေမပြတ် စောင့်ရင်းက အချိန်ကို စောင့်ရတာ အတော်ကြာမှန်းသိပြီး အချိန်ကိုက်ရတာ ပျော်ရွှင်လာသည်။ စံတော်ချိန်ကိုက် ကာ သီချင်းအဆုံး တင် ..တန် တန့်  တန်းးးးး ဆိုသည့် စံတော်ချိန်သံမှာ (၁၀) စက္ကန့် ကြာတာ အသေးစိတ် မှတ်သားရသည်။ တူပုံ တူပုံ့ သတင်းတီးလုံးက နှစ်မိနစ်ခွဲ အချိန်ကြာမြင့်ပေမယ့် နှစ်မိနစ်ခွဲလုံး ကုန်အောင် တီးထားရတာ နားထောင်သူ ပရိတ်သတ် မကြိုက်သလို ဌာနအကြီးအကဲတွေမကြိုက်၊ သတင်းတီးလုံးကြာနေတာ သတင်းဖတ်သူ ရောက်မလာလို့လား လို့ အူမချေးခါးသိသည့် အချင်းချင်း နောက်တနေ့ ပြန်မေးစရာ အဖြစ်၊ ဒါ့ကြောင့် တာဝန်ယူထားတဲ့ အချိန် စိတ်ကို ဘယ်မှ မလွင့်အောင် ထိန်းရင်း နာရီကို အရိပ်တကြည့်ကြည့်လာရတာ (၁၅) နှစ်တာ၊
                          လုပ်ငန်းခွင် ရှိရာ နေရာအနှံ့ မျက်နှာလွှဲရာ နာရီ ရှိသည်။ လက်ပတ်နာရီ ပတ်သူတွေပင် ကိုယ့်လက်ကို ငုံ့ပြီး ဘယ်နှစ်နာရီထိုးပြီလဲ ကြည့်သည့် အကျင့် ပျောက်ကုန်သည်။ ဘဝမှာ နာရီက အရေးပါသည့် နေရာမှာ ရှိခဲ့ပေမယ့် ကိုယ်တိုင် နာရီပတ်စရာမလို၊ ကိုယ့်ပတ်ဝန်းကျင်မှာ နာရီတွေ ဝန်းရံနေသည်။ နာရီတွေ ရောင်းတာ တွေ့တော့ ကိုယ်နဲ့ မဆိုင်တဲ့ အရာတွေလို့  တွေးနေမိပေမယ့် လက်တွေ့က နာရီမကြည့်ပဲ အလုပ်လုပ်မရသည့်အဖြစ်၊ ဒါပေမယ့် ကျမက  နာရီမပတ်သူပါ။

November 6, 2016

" ချစ်တဲ့စိတ်" ( ၇)ရက် နိုဝင်ဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်( ၄၃)

"  ချစ်တဲ့စိတ်"

                              ဒီခေါင်းစဉ်ပေးပြီးကာမှ  အခု တလော ရေးလိုက်တဲ့ ဆောင်းပါး နာမည်တွေက အချစ်နဲ့ မကင်းပါလားလို့ တွေးရင်း ပြုံးမိရသည်။ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၁) မှာ ရေးခဲ့တဲ့ " ချစ်ကြသည်ဆိုရာဝယ်" မှာ စာမူရှည်မယ်မှန်း  သိပါသော်လည်း ထိုင်းဘုရင်ကြီးရဲ့စာကို အစအဆုံး ထည့်ရေးခဲ့ပါသည်။ ဒါတောင်မှ စာမူလက်စသတ်ပြီးလို့   ပို့ကာနီးမှာမှ အဆိုပါ စာကို ဖတ်မိပြီး  မူလရေးထားတဲ့ ဆောင်းပါးထဲက နှစ်ပိုဒ်ကို မဖြုတ်ချင် ဖြုတ်ချင် ဖြုတ်လိုက်ရသေးသည်။ ထိုင်းဘုရင် ဘူမိဘောအဒူယာဒက် (ထိုင်းအသံထွက်ကတော့ ဒီလောက်မမာ စာနဲ့က ဒီလောက်ပဲ အသံထွက်လို့ ရလေသည်) နတ်ရွာစံပြီးနောက်  ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို
  တစ်နှစ်သတ်မှတ်ပြီး  ဈာပနအခမ်းအနားကို တစ်လ သတ်မှတ်ထားချိန်မှာ ထိုင်းဘုရင်ကြီးရဲ့ မှတ်တမ်းတွေကို ရုပ်မြင်သံကြားမှာ  နေ့စဉ်ပြသလေသည်။ ထိုအခါ တိုင်းပြည်ဥသျှောင်တစ်ယောက်ရဲ့  ကြီးမားတဲ့ မေတ္တာစိတ်ကို နေ့စဉ်လိုလို တွေ့မြင်ရပြီး ချစ်ခြင်းမေတ္တာရဲ့ အောင်မြင်မှုတွေကို ခံစားရတဲ့အတွက် ချစ်ခြင်းမေတ္တာအကြောင်းတွေ ရေးဖွဲ့နေဖြစ်တာလို့ပဲ ယူဆမိလေသည်။
                    ထိုင်းဘုရင်ကြီးအကြောင်းနဲ့ ထိုင်းပြည်သူတွေရဲ့ ဘဝတွေ ရေးပါအုန်းလို့  စာဖတ်သူ အချို့က ပြောကြပေမယ့် သူများတိုင်းပြည်က ဘုရင်ကြီးကောင်းကြောင်း ရေးနေဖို့ ဒီလောက်ပဲ တော်ပါပြီ၊ တော်ကြာ အမေကျော်ဒွေးတော်လွမ်း တို့ဘာတို့ ပြောနေပါအုန်းမယ်လေလို့  စိတ်ထဲကနေ စကားပြန်မိပေမယ့်  ဒီတခါလည်း  ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အကြောင်း ရေးမှာဆိုတော့ မေတ္တာကြီးမားတဲ့သူတွေထဲ ထိုင်းဘုရင်ကြီးလည်း ပါတာမို့ ဘုရင်ဘူမိဘော အကြောင်း  ကျိန်းသေ  ပါလာမှာလို့ ဆိုရပေလိမ့်မည်။
                  ကောင်းမွန်သောနေရာကို ရောက်ဖို့ဆိုရင်နည်းလမ်းရှိပါတယ်။
အဲဒါကတော့ သူတပါးကို ချစ်ခင်ခြင်းပါပဲ။
ဘာကြောင့်လဲဆိုတော့ သူတပါးရဲ့ ချစ်ခင်မှုကို ရခဲ့ရင် ပြဿနာတိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်။
ဒီကမ္ဘာမှာ ချမ်းသာသုခတွေနဲ့ပဲ ရှိစေချင်တယ်ဆိုရင် ငြိမ်းချမ်းမှုပဲ ရှိစေလိုတယ်ဆိုရင် လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှဖြစ်မယ်။ တဲ့
ထိုင်းဘုရင်ကြီးက သမီးတော် သီရိဒုံဆီပေးတဲ့စာရဲ့ နိဒါန်းလေးဟာ ချစ်ခြင်းမေတ္တာနဲ့ စခဲ့လေသည်။                 
            ထိုင်းနိုင်ငံမှာတော့ ဘုရင်ကြီးရဲ့ ဆောင်ရွက်ချက်တွေကို မြင်ရ တွေ့ရ ကြုံရသည့်အခါ မေတ္တာရဲ့ အကျိုးဆက် အောင်မြင်မှုနဲ့ ချစ်ခင်ခြင်းကို ခံစားသိရလေသည်။ ဘုရင် မဟာဘူမိဘောအဒူယာဒက်မှာ ပင်ကိုယ်က နှလုံးသားနူးညံ့သူဖြစ်သည့် အပြင် မိမိကိုယ်ကို ချစ်ခင် တန်ဘိုးထား နေထိုင်သွားပုံရလေသည်။  လက်ရှိ ဘုရင်မင်းဆက်မှာ ရာမ မင်းဆက်ဖြစ်သည်။ ထိုင်းနိုင်ငံမှာ စိုးစံခဲ့သည့် ဘုရင်များစွာ ရှိရာ သမိုင်းမှာ ဂုဏ်သတင်းကြီးမြတ်သည့် ဘုရင်၊ နောင်လာနောက်သားတွေအထိ  မှတ်တမ်းတင်ခံခဲ့ရသည့် ဘုရင် မျိုး ဖြစ်အောင် သူ့ကိုယ်သူ ထိန်းသိမ်း နေထိုင်ခဲ့ပုံရလေသည်။ ချစ်ခြင်းမေတ္တာကို အခြေခံသည့်စိတ်နှင့် မိမိကိုယ်ကို တန်ဘိုးထား ကြီးမြတ်သည့်စိတ်တို့ ဖြင့် တိုင်းပြည်ကို စောင့်ရှောက်ခဲ့လေသည်။ ရုပ်သံဖန်သားပြင်က ဘုရင်ဘူမိဘောရဲ့ အသက်အရွယ် တဆင့်ပြီးတဆင့် ကြီးရင့်လာသည့် လှုပ်ရှားမှုတိုင်းမှာ အသက်ရှင်နေသမျှ လုပ်နိုင်တာ အားလုံးလုပ်ပေးသွားမည့် ဟန်ပန်တွေ ပြည့်နေသည်။ အလုပ်လုပ်နိုင်သည့် အရွယ်ကာလမှာ အင်တိုက်အားတိုက် အလုပ်တွေ အများကြီး လုပ်သွားတာ သိခွင့်ရသည်။ အရွယ်ရလာသည်နှင့်အမျှ တွန်းတွန်းတိုက်တိုက်တိုက် အားစိုက်ကာ  ပြည်သူ့အကျိုးတွေကို ထဲထဲဝင်ဝင်ဖြင့်  တောင်ပေါ်ဒေသ တောရွာ အနှံ့ တရစပ် သွားလာလုပ်ကိုင်ပေးတာ သိခွင့်ရသည်။
               လူမှုကွန်ယက်မှာ တယောက် ရှယ်ထားတာ ဖတ်မိတာက တပါတီအာဏာရှင်ကြီးနဲ့ ခေတ်ပြိုင် ခေါင်းဆောင်တစ်ယောက်လို့ ဆိုလေရာ နှစ်တွေ ပြန်တွက်ကြည့်တာမှာ မကွာလှပါ၊ သို့သော် တိုင်းပြည်တိုးတက်မှု၊ ပြည်သူတွေရဲ့ဘဝနေထိုင်မှုတွေကတော့ မိုးနဲ့မြေလို ကွာခြားလှပေသည်။ ဒါ့ကြောင့်လည်း မြေးအရွယ် ကျောင်းသားတွေက သူ့နာမည်ကို အော်ဆဲလို့ ဆင်းပေး ဆင်းပေး ကြားရတာ ရှက်လှတဲ့အတွက် တပါတီကြိုက်သလား၊ ပါတီစုံကြိုက်သလား ပြောပြီး ဆင်းပေးလိုက်ရသည်။ အဆင်းကမလှ၊ မေတ္တာတွေ ရောင်ပြန်ဟပ်ကာ မျိုးဆက်တိုင် လူမုန်းများလှလေသည်။
              ယခု စာရေးနေသည့် အချိန်မှာပင် ဖေ့စ်ဘွတ်မှာ တင်လိုက်သည့်  ဓါတ်ပုံပုံဟောင်းတပုံ တွေ့လိုက်ရသည်။ တက္ကသိုလ်ပါမေက္ခချူပ်က ကျောင်းတိုးချဲ့ဆောက်ဖို့ ရှင်းပြနေတာ အာဏာရှင်မျိုးးဆက် ဗိုလ်ချူပ်တစ်ယောက်က  ကုလားထိုင်မှာ ခြေချိတ်ကာ ကျောမှီပြီး နားထောင်နေကာ ပညာရှင်က မတ်တပ်ရပ် အရိုအသေပေး ပြောပြရသည်။ တင်သည့်သူက " အဂါရဝ" လို့ နာမည်ပေးထားသည်။
                တကယ်တော့ ဘုရင်ဆိုတာ သက်ဦးဆံပိုင်ခေတ်ကဆိုပါက သေဆိုသေ ရှင်ဆိုရှင် အင်မတန်မှ ဩဇာကြီးသည့်သူ၊  စည်းမျဉ်းခံဘုရင်စနစ်မှာပင် ဘုရင့်ဩဇာသည် အင်မတန် ထက်မြက်ပါသည်။ သို့သော် ပြည်သူပြည်သားတွေအပေါ် ချစ်ခြင်းမေတ္တာဖြင့် စောင့်ရှောက်သည့် ဘုရင်မို့  ပြည်သူတွေရဲ့ ပြောစကားကို အာဏာရှင်လို ခက်ထန်စွာ နားထောင်တာ မတွေ့ရပါ၊  လူထုကြားထဲ လူထုအသံကို ကြမ်းတပြေးထဲ သေသေချာချာ မှတ်သား နားထောင်လေသည်။ ဝန်ထမ်းအကြီးအကဲတွေကိုလည်း အားလုံး အတူ ရပ်နေရာက မှာစရာရှိတာ မှာကြားတာ တွေ့ရသည်။ လူအချင်းချင်း လေးစားတာကို တွေ့မြင်ရလေသည်။ သားသမီးတွေက မိဘကို အတုယူကြသလို တိုင်းပြည်ရဲ့ အထွတ်အမြတ် အလေးထားရာ ဘုရင်ကြီးကိုယ်တိုင်က လူအချင်းချင်းလေးစား နေထိုင်ပြတော့ ပြည်သူတွေမှာလည်း အချင်းချင်းလေးစားသည့် စိတ်တွေ အမူအကျင့်တွေ တထပ်တည်း ဖြစ်လာသည်။ ဒါတွေက သင်တန်း အထူးပေးဖို့ မလိုပဲ ရယူလိုက်ကြတာ ဖြစ်သည်။
             ရုပ်မြင်ဖန်သားပြင်ပေါ်က အသက်အရွယ်(၅၀) ကျော်ပြီဖြစ်တဲ့ ဘုရင်ဘူမိဘော လယ်ကွင်းတွေ တောတွေတောင်တွေ ဖြတ်ရင်း မြေပုံတစ်ချပ်ကိုင်ကာ ဘောပင်နဲ့ မြေနေရာညွှန်ရင်း နှာခေါင်းထိပ်မှာ ချွေးစက်ကလေးက
 တောက်ကနဲကျမတတ်ဖြစ်နေပြီး   နဖူးက ချွေးတွေကို လက်နဲ့ သတ်ချလိုက်တဲ့ ဟန်က အမှတ်တမဲ့ပေမယ့် ဘုရင်ကြီးရဲ့ ပြည်သူတွေအပေါ်  စေတနာထားပုံကို မျက်လုံးထဲက မထွက်၊ တလက်စထဲ ထီးတော်မိုးတွေ တပြုံတမ၊ နောက်လိုက်နောက်ပါ အခြွေအရံတွေနဲ့ ဟန်ရေးပြခဲ့တဲ့ ကိုယ့်နိုင်ငံက ခေါင်းဆောင်တွေကို နှိုင်းယှဉ်ရင်း တိုင့်းပြည်ဆင်းရဲချွတ်ခြု့ကြရတဲ့
တရားခံတွေကို ပြေးမြင်မိလေတော့သည်။
                         ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်အပါအဝင် ခရိုင်တိုင်း ဒေသတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ နေ့စဉ် ကျင်းပနေကြသည်။ ချင်းမိုင်မှာလည်း ထို့အတူ၊ ဘုရင်ကြီးအတွက်ရည်စူးပြီး အလှုအတန်း ကုသိုလ်ကောင်းမှုတွေ လုပ်ပေးကြသည်။ ဘုရင့်အထိမ်းအမှတ် အခမ်းအနားလုပ်ရာနေရာတွေမှာ အစားအသောက်၊ ရေ တွေ ဝေငှပေးသည်။ နေ့စဉ်လိုလို  ပြည်သူတွေ အလှုအတန်းတွေ လုပ်ပေးသည်။  သတင်းသမားမိတ်ဆွေက"  ထိုင်းဘုရင်ကြီးက နတ်ပြည် နိဗ္မာန် ရောက်မှာပါပဲ၊ သူ့ကြောင့် ပြည်သူတွေ အေးချမ်းပြီး သက်တောင့်သက်သာနေရတယ်၊ ပြည်သူတွေက အရမ်းချစ်တယ်၊ သူဟာ တို့တိုင်းပြည်က ဗိုလ်ချူပ်အောင်ဆန်းလိုလူ၊ အများကောင်းကျိုးသာ တစိုက်မတ်မတ် လုပ်ခဲ့လို့  အများက ချစ်တဲ့သူ၊ သူ့စေတနာက ပြည်သူတွေကောင်းစားရေးပဲ လုပ်ခဲ့တာ" လို့ မှတ်ချက်စကား ဆိုလေသည်။
                           တရက် ထိုင်းခေါက်ဆွဲပြုတ် (ထိုင်းအခေါ် ကွေ့တီယို) ဆိုင်မှာ ဘုရင်ကြီးရဲ့ မှတ်တမ်းပြနေတာ ဆိုင်ရှင်က ကြည့်နေသည်။ သူတို့ အားလုံး အနက်ရောင်သာ ဝတ်ထားကြသည်။ ပိုက်ဆံ ရှင်းမည်ဆိုလို့ ဒီဘက်လှည့်လာတော့ မျက်လုံးမှာ မျက်ရည်တွေ အပြည့်၊ ဘုရင်နတ်ရွာစံတာ နှစ်ပတ်ခန့် ရှိပြီ။ ဝမ်းနည်းသည့် အထိန်းအမှတ် အနက်ရောင်ကို နိုင်ငံခြားသားတွေပါ ဝတ်ဆင်ကြသည်။ အားလုံးက ထိုင်းပြည်သူတွေ ချစ်သည့် ဘုရင်ကြီးကို ချစ်ကြသည်။ လေးစားကြသည်။ သူတို့ ဝမ်းနည်းသလို ဝမ်းနည်းကြသည်။ ဝတ်ပါလို့ စည်းကမ်းထုတ်ဖို့မလို စိတ်ထဲက အလေးထားကြသည်။
                     နေ့စဉ်လမ်းလျှောက်နေကြ  စစ်တပ်ရှေ့က အားကစားကွင်းမှာ ညနေ ခြောက်နာရီဆိုက သီချင်းတီးမှုတ်တာနှင့်  နိုင်ငံတော်အလံကို အလေးပြုရသည်။ ထိုအားကစားကွင်းမှာ နိုင်ငံခြားသားတွေလည်း ရှိသည်။ အားလုံး လမ်းလျှောက်၊ ပြေးလျွား အားကစားကျင့်ရာက ငြိမ်သက်စွာ အလေးပြုကြသည်။ သူ့နိုင်ငံသားတွေ အားလုံးက စည်းကမ်းရှိရှိနှင့် အားလုံး အလေးပြုမှတော့ အခြားသူတွေကပါ အလေးထားတာ မဆန်း၊ ဈေးတွေ၊  ဈေးဝယ်စင်တာတွေမှာလည်း ထို့အတူ ၊ နိုင်ငံတော်သီချင်းလာသည့် အချိန်ဆိုက ထိုင်းလူမျိုး ကလေး လူကြီး သက်ကြီးရွယ်အို အားလုံး ရောက်သည့်နေရာကနေ ငြိမ်သက်စွာ အလေးပြုသည်။ သူတို့တိုင်းပြည်ကို လာရောက်နေသူတွေက သူတို့ချစ်သလို သူတို့တန်ဘိုးထားသလို လိုက်ပြီး လေးစားတန်ဘိုး ထားမိရလေသည်။
                  
                                       မြန်မာပြည်မှာ ဆိုရင်ဖြင့် ဗိုလ်ချူပ်အောင်ဆန်းကို ပြည်သူတစ်ရပ်လုံး ချစ်ကြသည်။ ဗိုလ်ချူပ်စကားကို အလေးထားသည်။ ဗိုလ်ချူပ်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ မေတ္တာတရားနဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်လုပ်ဆောင်ပေးတဲ့ တိုင်းချစ်ပြည်ချစ်စိတ်အပေါ် ပြည်သူတွေရဲ့ တုန့်ပြန်လိုက်တဲ့ ချစ်တဲ့စိတ်ပင်၊ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချူပ်အောင်ဆန်း ကျဆုံးခဲ့တာ (၆၉) နှစ်တိုင်ခဲ့ပေမယ့် တိုင်းသူပြည်သားတွေက ချစ်ခင်ဆဲ၊ မျိုးဆက်သစ်တို့တိုင် သူ့လုပ်ရပ်နဲ့ သူ့စေတနာကို သိရှိပြီး ချစ်ခင်ဆဲ၊ လူသာသေသော်လည်း နာမည်မသေ၊ မျိုးဆက်တို့အထိ မေတ္တာဓါတ်က စီးဆင်းမြဲ၊
            ယနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအားလုံး ချစ်ခင်ကြသည်။ လူထုရဲ့ " အမေ" လို့ သတ်မှတ်ကာ ချစ်ကြသည်။ ဒါကလည်း လူထုခေါင်းဆောင်ရဲ့ ကြီးမားလှတဲ့ မေတ္တာစေတနာ တွေကြောင့်ပဲ ဖြစ်လေသည်။လူထုခေါင်းဆောင်က ပြည်သူတွေအပေါ် အနှိုင်းမဲ့ မေတ္တာထားသလို မြန်မာပြည်သူတွေ တစ်ဦးနဲ့ တစ်ဦး မေတ္တာရှေ့ထား ဆောင်ရွက်ကြဖို့ မကြာခဏ စကားဆိုတာ မှတ်သားဖူးလေသည်။
" ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် လိုလားသူတွေဟာ ငြိမ်းချမ်းရေးရဲ့ အကြီးဆုံး ရန်သူဖြစ်တဲ့ မိမိတို့ အတွင်း အမုန်းစိတ်ကို တိုက်ဖျက်နိုင်ဖို့ လိုပါတယ်။ မျက်နှာထားချိုတာ၊ စကားချိုတာက အပေါ်ယံမျှသာပါ။ နှလုံးသားထဲကပါ ချိုမှ အမုန်းတရားရဲ့ အကျိုးဆက်တွေကို မေတ္တာ၊ ကရုဏာနဲ့ ပြန်ချေနိုင်မှ စစ်မှန်တဲ့၊ တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ကျမတို့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”
" “ကျမတို့ နိုင်ငံရဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ လုပ်ဆောင်ချက်များဟာ ကျမတို့ နိုင်ငံ အတွက် ကမ္ဘာ တည်သရွေ့ ဂုဏ်ယူစရာ၊ အတုယူစရာ ဖြစ်ရတဲ့ အကြောင်းခံကတော့ ထိုပုဂ္ဂိုလ်များရဲ့သတ္တိဟာ မေတ္တာကိုအခြေခံလို့ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာ၊ စေတနာကြောင့် အန္တရာယ်များတဲ့ လုပ်ငန်းတွေကို စွန့်စား ဆောင်ရွက် သွားကြတာပါ”
                  အပတ်စဉ်ထုတ် ဒီလှိုင်းစာစောင်တွေထဲက " ဒီစကား" မှာ  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မေတ္တာစကားတွေ လွှမ်းခြုံနေတာ ဖတ်ရလေသည်။ မေတ္တာစကားတွေ ကြားရတာ ငြိမ်းချမ်းလှပါသည်။  အေးချမ်းပြီး ပီတိဖြစ်ရသည်။ ကိုယ့်တိုင်းပြည်မှာ အခြားနိုင်ငံအသီးသီးက လူမျိုးတွေပင် ချစ်ခင်လေးစား တန်ဘိုးထားရသည့် ခေါင်းဆောင် ရှိနေပြီ၊ ချစ်ခြင်းတရားဖြင့် နိုင်ငံကို ပြုပြင်ပြောင်းလဲစေမည့် ခေါင်းဆောင်ကောင်း ရှိနေပေပြီ။
                  ချစ်ခြင်းအားဖြင့် ငြိမ်းချမ်းကြရအောင်၊ ချစ်ခြင်းအားဖြင့် အရာရာကို ပြောင်းလဲကြပါစို့။
ခိုင်ခိုင်စောလွင်