September 27, 2015

" မျှော်လင့်ချက်အပြည့်ရှိသောမြန်မာ" ၂၈ရက် စက်တင်္ဘာ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၃၇)မှ




                              
                     တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမလား၊ အခုတလော လူမှုကွန်ယက်မှာ  မဲပြားရောင်းမယ် မရောင်းဘူး  ဆိုတဲ့ စကားသံတွေ ပြောကြဆိုကြတာ ဖတ်နေတဲ့ အချိန်မှာ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌရဲ့ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းကို တချိန်ထဲ နားထောင်နေခိုက် မဲကိုရောင်းမစားဖို့  ပြောတာ  နားထောင်လိုက်ရသည်။  မြန်မာပြည်မှာ ရွေးကောက်ပွဲမတိုင်ခင် မဲပြား အရောင်းအဝယ် ကိစ္စတွေ ရှိလာလို့ ဒီအသံထွက်သလား စဉ်းစားစရာ ဖြစ်လာမိသည်။
 နေပြည်တော် ဇေယျာသီရိမြို့နယ် ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မဲတစ်ပြားဟာ အင်မတန်တန်ဘိုးရှိတဲ့ အကြောင်း အခုလို ပြောတာ နားထောင်ရပါသည်။
                              
          "  ကျမတို့ပြည်သူတွေရဲ့ ခေါင်းထဲမှာ သေသေချာချာ စွဲပြီး မှတ်ထားရမှာက မဲတိုင်း တစ်ခုချင်း တစ်ခုချင်းဟာ  အင်မတန်မှ တန်ဘိုးရှိပါတယ်။ အဲဒီမဲတွေကို မဖြုန်းပါနဲ့၊ အဲဒီမဲတွေကို မရောင်းစားပါနဲ့၊ တကယ်တော့ မဲကို ရောင်းစားတာဟာ ကိုယ့်ရဲ့ အနာဂတ်ကို ရောင်းစားတဲ့ဟာနဲ့ အတူတူပဲ "
                             လူဆိုတာမှာ မျှော်လင့်ချက်ရှိမှ အသက်ရှင်နိုင်ကြတယ်လို့ ပြောကြသည်။ မျှော်လင့်ချက်ရှိမှ တိုးတက်မည်လို့ ဆိုလေသည်။  မျှော်လင့်ချက်ဆိုတာ အနာဂတ်အတွက်ပဲ ဖြစ်သည်။ ရှေ့ဆက်ရမည့် အနာဂတ်အတွက် မျှော်လင့်ချက် နောက်ကို လိုက်ကြရင်း လူ့ဘဝကို ဖြတ်သန်းနေကြတာပဲ ဖြစ်သည်။  အနာဂတ်မှာ ဘာမျှော်လင့်ချက်မှ မရှိပဲ လူ့ဘဝကို ဖြတ်သန်းရပါက လူဖြစ်ရကျိုးနပ်မည်မထင်။
                              မြန်မာပြည်က ပြန်လာသည့် သတင်းထောက်တစ်ယောက်က မြန်မာပြည်သူတွေ နေထိုင်ကြရတာ လွန်ခဲ့တဲ့  ငါးနှစ်ကထက် အများကြီးဆိုးနေတယ်၊ ဒါပေမယ့် မြန်မာပြည်သူတွေကြည့်ရတာ မျှော်လင့်ချက်တစ်ခုခု အတွက် ရုန်းကန်နေကြတဲ့ပုံ ပေါ်တယ်လို့ သူ့အမြင်ကို ပြောပြသည်။  မြန်မာပြည်သူလူထုက ဆင်းရဲပေမယ့် မျှော်လင့်ချက်တခုခုရှိလို့ အားတက်နေပုံပဲ လို့ ဆိုသည်။ အလားတူပါပဲ၊ မိတ်ဆွေ တစ်ယောက်က လာအို နိုင်ငံက ပြန်လာပြီး ကျမတို့နဲ့အတူတူ  လွန်ခဲ့တဲ့ ငါးနှစ်က ရောက်ခဲ့တုန်းကအတိုင်း ဘာမှ မပြောင်းလဲဟု ဆိုလေသည်။ လာအိုကလူတွေ သနားပါတယ်၊ သူတို့ကြည့်ရတာ ဘာမှလည်း မျှော်လင့်ချက်မရှိပဲ နေနေကြသလိုပဲ လို့ ထပ်ပြောသည်။
                            လွန်ခဲ့သည့် ငါးနှစ်က လာအိုနိုင်ငံသို့ ရောက်စဉ် လာအိုလူမျိုးတွေ အရပ်အခေါ် လော တွေကို  ကြည့်ရတာ မျှော်လင့်ချက်မရှိပဲ စားဖို့ နေဖို့ အလုပ်လုပ်နေသည့် ပုံစံသာ တွေ့ရသည်။ လောတွေလည်း ဆင်းရဲကြသည်။  ငွေကြေးဖောင်းပွမှုက အံ့မခန်း၊ ထိုစဉ်က ထိုင်း တစ်ဘတ် မြန်မာငွေ ၃၀ကျပ်ရှိသည့် အချိန် ထိုင်းတစ်ဘတ်ကို  လာအိုကစ်ပ်က( Kip) ၁၈၀Kips ၊ ရေသန့်ဘူးတစ်ဘူး ဝယ်ရာ နှစ်ထောင်တန်  တစ်ရွက်ပေးရာ မဟုတ်သေး လိုသေးသည်တဲ့ နောက်ထပ် ငါးရာတန်ထပ်ပေးရာလည်း လိုပြန်သည်၊ ရေသန့်ဘူးတစ်ဘူး သုံးထောင်ဝန်းကျင်ပေးရသည်။
                             အကြောင်းကြောင့် တည်းသည့် ဟိုတယ်မှာ တစ်ပတ်ခန့် သောင်တင်နေရာမှ မန်နေဂျာနှင့် စကားစမြည်ပြောကြရင်း မန်နေဂျာလခ သိရရာ အံဩကြသည်။  အဲဒီအချိန် ထိုင်းမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ တစ်လကို ဘတ် ခြောက်ထောင်၊ အနည်းဆုံးပင် ဘတ်(၄၅၀၀) ရကြသည့်အချိန်၊ လာအိုက ဟိုတယ်မန်နေဂျာက ဘတ်ငါးထောင်တဲ့၊ လာအိုလူမျိုး တွေရဲ့ ရည်မှန်းချက်က ထိုင်းမှာ အလုပ်ကောင်းကောင်း ရချင်တာဖြစ်သတဲ့။ လာအိုမှာ ထိုင်းစကားပြောလို့ ရသည်။ စကားက မကွာ၊ ငွေကြေးမှာလည်း ဘတ်ငွေကို တရားဝင်သုံးကြသည်။ ဘတ်ငွေပေးက သဘောကျသည်။ ဧည့်သည်တွေကလည်း လာအိုငွေကို မကိုင်ချင်ကြဆိုတော့ အတော်ပဲ ဖြစ်သည်။ လာအိုငွေက ဘတ်တစ်ရာဖျက်လိုက်လျင် သောင်းနှင့်ချီပြီး ရရာ  ရေတွက်ရတာ များလှ၍ မကိုင်ချင်ပါ။  လာအိုတွေ ဆင်းရဲသည်။ သို့သော် သူများပစ္စည်း မခိုးကြ၊ ဥပဒေက သူခိုးဆိုလျင် အပြစ်ကြီးသည်။ ယခင်ကတော့ သေဒဏ်အထိပေးသည်ဟု ကြားဖူးသည်။
                          ယခင်က သင်္ဘောသီးထောင်းရောင်းသည့် အမျိုးသမီးကြီးလည်း ဟော်တယ်နဲ့ကပ်ရက်မှာ အဲဒီလိုပဲ ရောင်းတုန်း၊ ဟိုတယ်မန်နေဂျာကလည်း ဒီလူပဲ၊  တွေ့ရမြင်ရတဲ့ လူတွေဟာ ဒီအတိုင်းပဲလို့  မိတ်တွေက ဆိုသည်။  ယခင်က ထိုင်းမှာ သန့်ရှင်းရေးပဲ လုပ်ရလုပ်ရ ၊ အလုပ်ရှိရင် ပြောပါလို့ သူ့ဖုန်းနံပါတ်လေး စာရွက်နှင့်ရေးကာ အသာကပ်ပြီး လာပေးတဲ့ ဟိုတယ်က အခန့်သန့်ရှင်းရေး အမျိုးသမီးကလေးကို သတိရသွားသည်။  အဲဒီဟိုတယ်မှာ တစ်လ ဘတ်(၁၅၀၀)ပဲ  ရသည်တဲ့၊ ကြားရသည့် လူတိုင်း မျက်လုံးပြူးကာ နဲလိုက်တာဟု ဆိုကြသည်။  အဆိုပါ မိန်းကလေးရဲ့ ရည်မှန်းချက်က ထိုင်းကို သွားပြီး အလုပ်လုပ်နိုင်ဖို့ပဲ လို့ ဆိုလေသည်။
                           သူတို့နှင့် ယှဉ်သော်  မြန်မာပြည်လူထုမှာ မျှော်လင့်ချက်တွေများစွာရှိသည်
။ အနာဂတ်အတွက် ကောင်းလာမည့် အခြေအနေတွေ များစွာရှိသည်။ ထိုကောင်းသော အနာဂတ်အတွက် အပြောင်းအလဲ တစ်ခုကို လုပ်ရတော့မည့် အခြေအနေကို ရောက်လာပြီ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ပြောင်းလဲဖို့ ပြည်သူတစ်ဦးချင်းမှာ အခွင့်အရေး တစ်ခုစီ ရရှိထားပြီ။ အသက်(၁၈) နှစ်ပြည့်ပြီးသော မြန်မာပြည်ပြည်သူတွေမှာ အခွင့်အရေး တစ်ခုစီ မျှော်လင့်ချက် ကိုယ်စီ ရှိနေပေပြီ။
                             အိမ်နီးချင်းထိုင်းနိုင်ငံကို  ကြည့်လိုက်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဟာ အာရှနိုင်ငံတွေထဲမှာ အစောဆုံး ဖြစ်ယုံမက၊ ကျား/ မ တန်းတူ မဲပေးခွင့်မှာ အမေရိကန်ထက်ပင်  နှစ်နဲနဲစောသည်။  ဒါပေမယ့် ယနေ့အချိန်မှာ သူတို့အတွက် မျှော်လင့်စရာ နည်းနေသည်။ သူတို့ တိုင်းပြည်မှာ လူထုတစ်ရပ်လုံးက ချစ်ခင်ယုံကြည်လေးစားတဲ့ နိုင်ငံရေး  ခေါင်းဆောင်မရှိချေ။  သက်တော်ရှည်ပြီး ဂုဏ်သိက္ခာနှင့် နိုင်ငံရေးဩဇာကြီးမားသည့် ပြည်သူတစ်ရပ်လုံးက ချစ်ခင်ရိုသေသည့် ဘုရင်ကြီးရှိနေ၍ တော်သေးသည်ဟု ဆိုကြသည်။ သူတို့က မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး သိပ်လိုချင်သည်။ အဲဒါ လတ်တလော မြန်မာပြည်သူတွေမှာ ရှိနေတဲ့ မျှော်လင့်ချက်နဲ့ အခွင့်အရေးပင်ဖြစ်သည်။
                    ထိုင်းစစ်တပ်က အာဏာမသိမ်းပါဘူးလို့ ဆိုခဲ့ပေမယ့် ယင်လတ်နဲ့ အတိုက်အခံတို့အကြား ပဋ္ဋိပက္ခတွေကြောင့် အာဏာသိမ်းခဲ့သည်။ သို့သော် ပြည်သူတွေက စစ်တပ်အုပ်ချုပ်တာကိုလည်း မနှစ်သက်၊ ထိုင်းပြည်သူတွေနှင့် မြန်မာပြည်သူတွေကြား လတ်တလော ယှဉ်ကြည့်လိုက်ပါက မြန်မာပြည်သူတွေကပင် မျှော်လင့်ချက်သာသည်။ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိနေသည်။ ဒီနေရာမှာ ထိုင်းမှာလည်း ဒီမိုကရေစီသာဆိုတာ စစ်တပ်က အာဏာသိမ်းတာပဲ ဆိုက မတူပါ။ ထိုင်းစစ်တပ်က အုပ်ချူပ်ရေးကို ယူထားပြီး အခြား ပညာရေး၊ ကျန်းမာရေး လူမှုအဖွဲ့အစည်း၊ အရပ်ဖက် အဖွဲ့အစည်းတွေမှာ ပါဝင်စွက်ဖက်ခြင်း မရှိချေ။ စစ်ဗိုလ်တွေ၊ ဗိုလ်ချူပ်တွေ ဗိုလ်မှုးတွေ က ဌာနဆိုင်ရာတွေမှာ မိုးကျရွှေကိုယ်လုပ်ပြီး ရာထူးဝင်ယူတာမျိုးမလုပ်ပေ။ အစိုးရဌာန လုပ်ငန်းခွင်တွေမှာ သက်ဆိုင်ရာ ပညာရှင်နှင့် ကျွမ်းကျင်သူတွေက လုပ်မြဲ နေမြဲ အတိုင်း မိမိတာဝန် မိမိထမ်းဆောင်နေယုံသာပင်။ စစ်တပ်အာဏာသိမ်း၍ ရာထူးက ဖယ်ရှားခံရသည့် အစိုးရအမှုထမ်း မရှိပါ။ ဒါ့ကြောင့် ထိုင်းလူမျိုးတစ်ချို့က စစ်တပ်အာဏာသိမ်းထားတာ တခါတလေ မေ့တောင်မေ့နေပြီး သတိပင် မထားမိဟုဆိုလေသည်။ သို့သော် သူတို့လည်း ရွေးကောက်ပွဲကျင်းပပေးမည့် အချိန်ကို မျှော်လင့်တာပဲ ဖြစ်သည်။
                    ယခင်က ထိုင်းနိုင်ငံရွေးကောက်ပွဲတွေမှ
ာ အာဏာရအစိုးရက အိမ်စောင့်အစိုးရအနေနဲ့ ပြောင်းလဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပပေးရသည်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာကို အိမ်စောင့်အစိုးရက ခန့်တာဖြစ်သည်။ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလမှာ မဲဝယ်တာတွေ ရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲမှာ မဲလိမ်တာ၊ တနည်းဆိုသော် မဲခိုးတာ မရှိဟု မှတ်သားဖူးသည်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာ " ခွေးဟောင်သောည" တွေ များသည်လို့ ဆိုသည်။
               ထိုင်းလူမျိုးတွေက နေထိုင်ရာ အိမ်၊ ရပ်ကွက်မှာ ဆူဆူပူပူ နေသည့် အကျင့်မရှိ၊ သီချင်းတွေ အကျယ်ကြီးဖွင့်တာမျိုး၊ အကျယ်ကြီး အော်ဆိုတာမျိုးတွေ မရှိ၊ ဒါမျိုး လုပ်ချင်ပါက လုပ်လို့ရသည့် ကာရာအိုကေတို့ ကလပ်တို့ သွားကြသည်။ ရပ်ကွက်ထဲမှာတော့ ညနေ နေဝင်မိုးချူပ်သည်နှင့် ကိုယ့်အိမ်ထဲမှာ ရုပ်မြင်သံကြားက ဇာတ်လမ်းတွဲတွေ ထိုင်ကြည့်ရင်း၊ လုပ်စရာရှိတာလုပ်ရင်း နေကြသည်။ လမ်းမပေါ်မှာ ဟေးလေးဝါးလေး ထိုင်နေသူမရှိ၊  အလကားနေရင်း လမ်းသလားနေသူမရှိ၊  ဆူသည့်အရပ်က သူ့နေရာနှင့်သူ ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေ နေရာဖြစ်ပြီး လူနေအရပ်သည် တိတ်တိတ်ဆိတ်ဆိတ်၊ ထိုသို့ တိတ်ဆိတ်သော လူနေအိမ်တွေမှာ ရွေးကောက်ပွဲကာလဆိုပါက ညသန်းခေါင် ခွေးတွေ အဆက်မပြတ်ဟောင်ကြသည်တဲ့။ ဒါဆိုသေချာပြီ ၊ နေ့လည်မှာ မဲဆွယ်ပြီး ညမှာ မဲဝယ်ကြတာလို့ ဆိုလေသည်။ သို့သော်လည်း ရွေးကောက်ပွဲ ရလဒ်ထွက်လာပါက ပြည်သူတွေအကျိုးကို ရှေ့ရှုပြီး ပြည်သူအများစု သဘောကျထောက်ခံသည့် ပါတီက အနိုင်ရစမြဲလို့ ဆိုလေသည်။
                       မြန်မာတွေ အတုယူစရာလို့ ထင်မိပါသည်။    ဒါ့ကြောင့် ပေးနိုင်တဲ့သူတွေက လာပေးရင် ပြည်သူတွေက  ပေးတာယူ၊ ကြွေးတာစားပြီး ပြည်သူအတွက် အမှန်တကယ်ပြောင်းလဲပေးမည့်၊ ပြည့်ဘဝလုံခြုံဖို့အတွက် အာမခံနိုင်မည့် ပါတီကိုသာ မဲထဲ့မှ အနာဂတ်ကောင်းလာမည်။ မိမိရဲ့ တန်ဘိုးရှိတဲ့ မဲပြားကို ရောင်းစားလိုက်ရင်တော့ အနာဂတ်တွေ ပျောက်ကွယ်သွားပါလိမ့်မည်။ မဲပေးပိုင်ခွင့် ရှိသည့် ပြည်သူတစ်ဦးချင်းရဲ့ လက်ထဲမှာ ရှိသည့် မဲတစ်ပြားသည် မိမိနှင့် မိမိ မိသားစု၊ ထိုမှတဆင့် မိမိနိုင်ငံ အနာဂတ်ပင်ဖြစ်သည်၊  ထိုမဲတစ်ပြားသည် ပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲသွားစေနိုင်သည်အထိ အဖိုးထိုက်သည်။ သို့ဖြစ်၍  တိုင်းပြည်အတွက် အရေးကြီးသည့် အချိန်မှာ မဲတစ်ပြားကို တန်ဘိုးရှိရှိ  အသုံးပြုနိုင်ကြစေချင်ပါသည်။
ခိုင်ခိုင်စောလွင်

September 21, 2015

ဆင်စခန်းက ပြန်ခဲ့တယ် ( ကောင်းကင်မဂဇင်းမှ)



                             
                        ဇူလိုင်လဆန်းမှာ ချင်းမိုင်မှာရှိတဲ့ မဲ့ဆာ ဆိုတဲ့ အရပ်မှာ ရှိတဲ့ ဆင်စခန်းက ပြန်လာပြီး စာရေးမယ် စိတ်ကူးနေတုန်း ဆင်အကြောင်းတွေ ဆက်တိုက် ဆိုသလို သတင်းတွေမှာ ဖတ်ရပါတော့တယ်။ ချင်းမိုင်မှာ ဆင်စခန်း( ၃)ခု ရှိတယ်၊ အဲဒီ (၃)ခုထဲကမှ မြို့နဲ့ အနီးဆုံးကို ရွေးပြီး သွားတာမှာ အသွားတစ်နာရီခွဲ အပြန်တစ်နာရီခွဲ ကြာအောင် သွားရတယ်။  ဆင်စခန်းဖွင့်ထားတဲ့ နေရာတွေက မြို့ပြင်မှာ ရှိပြီး သဘာဝတောတောင် လျို  မြောင်တွေ၊ စိမ့်စမ်းတွေ ရှိတဲ့ ဆီမှာ ဆင်တွေကို ထိန်းသိမ်း လေ့ကျင့်ထားတာပဲ ဖြစ်ပါတယ်။
                         ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားဖွယ် ဖြစ်အောင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ မြန်မာပြည်မှာလည်း ၁၉၉၆ခုနှစ် ခန့်က တော်တော်လေး လှုပ်လှုပ်ရှားရှား လုပ်ခဲ့တာ အမှတ်ရမိပါတယ်။ ဖိုးကျား ဆင်စခန်းတို့ အင်းတော်ကြီး သဘာဝဘေးမဲ့ ဥယျာဉ်တို့ ကြားဖူးခဲ့ပါတယ်။
                       မဲ့ဆာ ဆိုတဲ့ ဆင်စခန်းမှာတော့ ဆင်တွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးထားပြီး  ကမ္ဘာလှည့်ခရီးသည်တွေ ဆင်စီးဖို့ရယ်နဲ့ ဆင်တွေရဲ့ ကပွဲတွေကို ပြသပါတယ်။ တစ်ရက်မှာ နှစ်ပွဲပြတယ်လို့ သိရပါတယ်။  နံနက် ၉နာရီမှာ တစ်ပွဲရှိပြီး မွန်းလွဲ တစ်နာရီခွဲမှာ တစ်ပွဲရှိပါတယ်။  ဆင်စီးဖို့ ရည်ရွယ်ချက်မရှိတာမို့ ပွဲမစခင် ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း တကယ့်တောတွေ တောင်တွေကြားမှာ စိမ့်အေး နေတာကို သတိထားမိပါတယ်။ အိမ်ရှင် ထိုင်းလူမျိုးတွေ မရှိသလောက် နည်းပါးပြီး နိုင်ငံခြားသား ခရီးသွားတွေ အများဆုံး တွေ့ရပါတယ်။ အဲဒီထဲမှာမှ တရုတ်လူမျိုးတွေ သိသိသာသာ လာကြတာ တွေ့ရပါတယ်။   တစ်နေရာမှာ ပွဲစချိန်မရောက်သေးလို့ နားနေကြတဲ့ ဆင်ထိန်းတွေကို သူတို့ ဆင်တွေနဲ့အတူ အေးအေးလူလူ စကားပြော နေတာတွေ့ရတ.်၊ ဆင်ထိန်းတွေက လူငယ်တွေ များတယ်၊ အားလုံး ကရင် တိုင်းရင်းသားဝတ်စုံတွေ ဝတ်ထားကြတယ်။  ထိုင်းမှာလည်း ကရင် တိုင်းရင်းသား ရှိတယ်၊ ထိုင်း ကရင်တဲ့၊ မြန်မာပြည်က ကရင်တွေလည်း ပါချင်ပါမယ်၊
                  ပွဲစမယ့်နေရာမှာ သွားထိုင်လိုက်တယ်ဆို လူတွေတဖွဲဖွဲ ရောက်လာကြတယ်။ ပွဲကြည့်စဉ်က ကွင်းတစ်ခုရဲ့ ဘေးပတ်လည်မှာ ရှိတယ်။ အလယ်မှာ ကွင်းတစ်ခုရှိပြီး ကွင်းရဲ့ လေးဖက်လေးတန်မှာ ထိုင်ခုံတွေ အမိုးနဲ့ဘာနဲ့ အကျအန၊ ပန်ကာတွေ ဘေးဘယ်ညာ အပေါ် စုံအောင် ဖွင့်ထားပေးတယ်။  ဆင်စီးတဲ့ လူတွေကလည်း စီးတုန်းပဲ၊  ဆင်တစ်ကောင်မှာ လူသုံးယောက် စီးလို့ရတယ်၊  တချို့က နှစ်ယောက်၊ တစ်ချို့ကတော့ တစ်ယောက်ထဲ လှုပ်လှုပ်နဲ့ ဘယ်ယိမ်း ညာယိမ်း သွားနေတာ တွေ့ရတယ်၊ ဆင်စခန်းဆီ ဝင်ခက ပွဲအတွက်ပါ ပါပြီး တစ်ယောက် ဘတ်(၂၀၀)၊ ဆင်စီးခက တစ်စီးကို ဘတ်(၄၀၀) ၊ အတူလာတဲ့အထဲ သမီးတစ်ယောက်က ကျောင်းသားကဒ်ပါလာလို့ လက်မှတ်ဝယ်တဲ့ ဆီမှာ ပြလိုက်တာ သူ့အတွက် မပေးရ၊ ကျောင်းသားဆို ဖရီးတဲ့၊
               ဆင်စီးပြီး သွားနေကြတဲ့ သူတွေက အရှေ့က ကွင်းဘေးကနေ ပတ်ပြီး တောင်ကုန်းပေါ်တက် ပြန်လာ ဒီလို သွားနေကြတာပဲ၊ ဘယ်နှစ်ပတ် ပတ်ပေးတယ် မသိ၊ ဆင်ကောင်ရေ လိုက်ရေရင်း ကျောပေါ်မှာ တင်ထားတဲ့ ခုံပေါ်က ဆင်ရဲ့ နာမည်နဲ့ အသက်တောင် အကြိမ်ကြိမ် ပြန်တွေ့ရတယ်။ ကိုယ့်ဘာသာ ရေလိုက်တာ အားလုံး (၅၀) ကျော်တယ်၊ ပွဲကြည့်ပရိတ်သတ်ကလည်း တစ်ဘက်စီမှာ အနည်းဆုံး လေးငါးဆယ်မကဘူး။ လေးဘက်လေးတန်ဆို အနည်းဆုံး လူ(၂၀၀) ကျော်ပဲ၊ လူဝင်ခ တစ်ယောက် ဘတ် (၂၀၀) နဲ့ မြှောက်ကြည့်ပြီး ဆင်စီးခတွေနဲ့ ပေါင်းရင်း တစ်နေ့ ဝင်ငွေ မနည်းပါလား တွက်မိတယ်။ ပြန်အထွက်မှာ  ရုံးခန်းကို  ဝင်မေးတော့ မဲ့ဆာ ဆင်စခန်းမှာ ဆင်ကောင်ရေ (၇၃) ကောင်ရှိတယ်လို့ သိခဲ့ရတယ်။
                 ဆင်တွေ ဖြောင့်ဖြောင့် သွားအောင် လမ်းမှာ ကြံရွက်တွေကို  မြက်လို အထုံးတွေ လိုက်ချပေးနေတဲ့ ကလေးမလေးကို ကြည့်နေမိတယ်၊ စားတဲ့ဆင်ကစား၊ တချို့က နှာမောင်းနဲ့ ဆွဲသွားပြီး ဆော့၊ ဟိုကျဒီကျ ၊ အဲဒါတွေ ကလေးမလေးက ပြန်ကောက်၊ အစကနေ ပြန်ချ၊ သူ့ကို ကြည့်ပြီး ပျင်းလာတယ်၊ သူ့မှာ နိစ္စဓူဝ ဒါလိုက်လုပ်နေရတာ မပျင်းဘူးလား တွေးရင်း ဒီလို အလုပ်မျိုးကို ထိုင်းလူမျိုးတွေ မလုပ်ဖူးလို့  အတူပါတဲ့ တစ်ယောက်က မှတ်ချက်ပြုတာ ကြားလိုက်မိတယ်။
                  ဆင်တွေရဲ့ ယဉ်ကျေးလိမ္မာ ပြပွဲ အစီအစဉ်စတော့ ကွင်းထဲ ဝင်လာတာ စောစောက လူတွေ စီးနေတဲ့ ဆင်တွေ မဟုတ်ဘူး၊ ဆင်တင်းကုပ်မှာ နားနေတဲ့ ဆင်တွေ ဖြစ်နေတယ်။  ဆင်တွေက လက်အုပ်ချီပြီး " ဆဝါဒီခပ်" လို့ နှုတ်ဆက်ပြီး ဝင်လာတယ်၊ ပြီးတော့ ပုသိမ်ထီးလေးတွေ နှာမောင်းနဲ့ ချိတ်လို့ ခြေထိုးကာ သီချင်းလေးနဲ့ ကကြတယ်၊ ဘာဂျာမှုတ်ပြတယ်၊ ဘောလုံးကန်တယ်၊ ဂိုးတိုင်ကို ဂိုးသွင်းတဲ့အခါ ဝင်တဲ့ အကောင်က ဝင်အောင် သွင်းနိုင်တယ်၊ မဝင်တဲ့ သူလည်း မဝင်ဘူး၊ နှစ်ကောင် တစ်ယောက် တစ်လှည့် ဂိုးသွင်းရင် ဝင်တဲ့ ကောင်က တဖက်က ဆင်ကို မခံချင်အောင် ဖင်လေး လှုပ်ပြတာမျိုး ခေါင်းလေးနဲ့ အမူအယာလုပ်ပြတာမျိုး လုပ်ပြတော့ သဘောကျရတယ်။ နောက်တချီမှာတော့ တစ်ကောင်က ဂိုးစောင့်ပြီး တစ်ကောင်က ကန်ရတယ်၊ သူက ကန်ကာနီးရင် ခြေထောက်ကို သေသေချာချာ မြှောက်ပြီး အနောက်ကို ဆုတ်လို့ အားယူလိုက်သေးတယ်၊ တခါတလေ ဂိုးစောင့်တဲ့ ဆင်ကို ကန်တဲ့ဆင်က ကန်မလို အားရပါးရ ဟန်ပြင်ပြီးမှ မကန်သေးပဲ ပြန်ရပ်တာ လုပ်ပြသေးတယ်၊  ကြည့်ရင်းက ဆင်ဆိုတာတောင် မေ့မေ့သွားတယ်၊  တခုသတိထားမိတာ ရှိတယ်။ ဆင်တွေရဲ့ အမူအယာမှာ သူတို့ ဆင်ထိန်းတွေရဲ့ ဟန်ပန်တွေ ထင်ဟပ်နေတယ်၊ အားလုံးထဲမှာ အသက်အငယ်ဆုံးလို့ ထင်ရတဲ့ ဖြူဖြူ သွယ်သွယ် ပိန်ပိန်ပါးပါး ပျော်ရွှင်သွက်လက်တဲ့ ဟန်ပန်ရှိတဲ့ ဆင်ထိန်းရဲ့ ဆင်ကလေးကလည်း  ပြကွက်တစ်ခု ပြီးလို့ တစ်ခုပြောင်းတိုင်း ကွင်းထဲ ပြန်ဝင်လာရင် သူ့သခင် ဆင်ထိန်းပုံနဲ့ ပြောင်စပ်စပ် နောက်တောက်တောက် ပေါ့ပေါ့ပါးပါး ပြေးဝင်လာတတ်တာ ချစ်စဖွယ်ပဲ၊ ပရိတ်သတ်က အဲဒီဆင်လေးကို သတိထားမိကြတယ်။
                   နောက်ဆုံး ပန်းချီဆွဲကြမယ် ဆိုတော့ ဆင်တွေက ကိုယ်အရောင်ချယ်မယ့် ဆေးခွက်တွေကို ကိုယ့်ဘာသာ နှာမောင်းတွေနဲ့ ချိတ်ယူလာကြရတယ်၊ ဆင်ဦးစီးတွေက ဒေါက်တိုင်နဲ့ ကင်းဘတ်စတွေ နေရာချပေးတယ်။ အငယ်ဆုံး ဆင်ကလေးက အစောကြီးဆွဲပြီးတယ်၊  မျဉ်းတစ်ကြောင်းဆွဲနဲ့ ဆင်ပုံဆွဲပြီး လက်အုပ်ချီ နှုတ်ဆက် သူ့နေရာကိုသူ ဖင်လေး လှုပ်ပြပြီး ပြန်သွားတယ်၊ သူ့ကြည့်ရတာ တခြားဆင်တွေလို အေးအေးဆေးဆေး စိတ်ပါလက်ပါ  ဆွဲတာ မတွေ့ရဘူး၊  ငယ်ရွယ်သူတို့ ပုံစံအတိုင်း ဖြိုးကနဲဖြတ်ကနဲပဲ၊  အားလုံးလေးကောင်မှာ ကိုယ်တွေနဲ့ မျက်နှာချင်းဆိုင်မှာ သရုပ်ပြတဲ့ဆင်ရဲ့ လက်ရာက အကောင်းဆုံးပဲ၊ ပွဲလည်းပြီးရော သူဆွဲတဲ့ ပန်းချီကားကို ဝယ်ဖို့ လူတွေ  အပြေးအလွှား သွားကြတာတွေ့လိုက်တယ်။  ပန်းချီဆရာ တစ်ယောက် လက်စွမ်းပြသလိုပဲ၊ ဆင်ဆွဲတဲ့ ပန်းချီက၊ သစ်ပင်ကြီး တစ်ပင်မှာ အရွက်တွေ ပင်စည်တွေ ကိုင်းတွေကို အရောင်နဲ့ စုတ်ချက် သေသေချာချာ ဆွဲတာ၊ အပင်အောက်က မြက်ပင်ကလေး မြေကြီးတွေကိုတောင် နှာမောင်းမှာ စုတ်တံချိတ်လို့ တချက်ခြင်း ဆွဲသွားတာ၊ အံ့ဩစရာကောင်းတယ်။
               ပြပွဲပြီးသွားတဲ့အခါ ဆင်ထိန်းတွေက သူတို့ဆင်တွေနဲ့အတူ လူတွေနဲ့ ဓါတ်ပုံ အရိုက်ခံတယ်၊ တချို့က ဆင်ရဲ့နှာမောင်းမှာ ပိုက်ဆံချိတ်ပေးတယ်၊ ဆင်က သူနဲ့ အတူ ဓါတ်ပုံရိုက်မယ့်သူကို နှာမောင်းနဲ့ ခပ်တင်းတင်းလေး ဖက်ထားလိုက်သေးတယ်၊ ကြည့်ရင်းက လိမ္မာလို့ တော်သေးရဲ့ စိတ်ဖောက်ပြီး တခုခုလုပ်လိုက်ရင် အခက်လို့ အစွယ်ကားကားကြီးတွေ ကြည့်ရင်း ကျောချမ်းမိတယ်။
              တလောက သတင်းတစ်ခု တွေ့လိုက်ရတယ်၊ ချင်းမိုင် မဲ့ဝမ်ဖက်က ဆင်စခန်းမှာ ဆင်စီးတဲ့ မိသားစုကို တင်ရင်း မုန်ယိုပြီး ဆင်ထိန်းကို နင်းသတ်တာ သေရော၊ ဆင်ထိန်းက ကရင်တဲ့၊ အဲဒီဆင်စခန်းက တောပိုနက်တယ်၊ သူက ဆင်စီးပြီး  တောထဲကို တကယ်တိုးသွားတာ၊ မြစ်တွေ ချောင်းတွေကိုလည်း ဖြတ်သွားရတယ်၊ ဆင်နဲ့ တောထဲ ခရီးသွားတဲ့ အရသာကို ပေးတယ်၊ မဲ့ဆာကတော့ ကွင်းနားတင် ပတ်တာ၊ အဲဒီမှာ ဆင်က ဆင်ဦးစီးကို သတ်ပြီး တောထဲ ထွက်ပြေးတာ ဆင်စီးနေတဲ့ တရုတ်မိသားစုပါ ပါသွားပါလေရော၊ လင်မယားနှစ်ယောက်နဲ့ ကလေး အားလုံး (၃)နာရီကြာသတဲ့၊ အဲဒီဆင်ကို ငယ်ငယ်ကတည်းက ထိန်းခဲ့တဲ့ ငယ်ဆင်ထိန်းက တခြား ဆင်စခန်းမှာ အလုပ်လုပ်နေတာကို သွားခေါ်ပြီး ဆင်ယဉ် တစ်ကောင်နဲ့ မြှားပြီး ပြန်ခေါ်လာရသတဲ့။
               ကိုယ်ကတော့ တိရိစ္ဆာန်ဆိုတာ အစိုးမရဘူးလို့ အစောကတည်းက တွေးမိသားဆိုတော့ အသိတစ်ယောက်က ဆင်တွေက လိမ္မာတယ်၊ အသိဉာဏ်လည်းကြီးတယ်၊ သူဖတ်ဖူးတဲ့ စာရေးဆရာ ဖိုးကျော့ စာတွေထဲမှာ ဖတ်ရတာ ပြန်ပြောပြတယ်၊ ဆင်တွေက သိပ်သိတယ်၊ ဆင်ထိန်းတွေ ဖောက်လွဲဖောက်ပြန်လုပ်ရင် သိတယ်၊ ဆင်တွေက အဲလိုဆို သီးမခံဘူး လို့ သူ့အမြင်ကို ဆိုပြန်တယ်။  သတင်းမှာတော့ အဲဒီဆင်က ခရီးသည်တင်ပြီး အသွား ရေကန်တစ်ခုမှာ သူ့ကို ရိုက်နှက်ပြီး ထိန်းခဲ့ဖူးတဲ့ သူမကြိုက်တဲ့ ဆင်ထိန်းက တခြားဆင်တစ်ကောင်ကို ရေချိုးပေးနေတာ တွေ့ပြီး ဒေါသထွက်လာတာလို့ ဆိုတယ်၊ လူ့စိတ်တောင် လူချင်းနာမလည်တာ၊ တိရိစ္ဆာန်ဆိုတော့လည်း မသိနိုင်တဲ့ အရာတွေပေါ့၊
                  ဆင်အကြောင်း သတင်းက ဆက်တိုက် ဆိုသလို ကြားရ သိရပြန်တယ်၊ ကျောက်ပန်းတောင်း ညောင်ဦး ဖက်မှာ တောဆင်ရိုင်း ခြောက်ကောင် မျက်စေ့လည် လမ်းမှားလာလို့ လူတွေ မောင်းရတာ ဖတ်ရပြန်တယ်၊ တချို့က တောတွေ တောင်တွေ ပြုန်းတီးကုန်လို့ နေစရာ၊ စားစရာ ခက်ခဲတဲ့ အတွက် တောပြောင်းတာလို့ ဆိုသလို နေစရာ မရှိလို့ လိုက်ရှာရင်း မျက်စေ့လည်တာလို့ ဆိုပြန်တယ်။ သစ်တောဌာနနဲ့ ဆင်ဆရာဝန်တွေက ပဲခူးရိုးမဖက်ရောက်အောင် မောင်းနေကြသတဲ့၊ နောက်ဆုံးတော့ ရောက်သွားပြီလို့ သိရတယ်၊ ဒါပေမယ့် ဆင်ကလေးလေး တစ်ကောင်ကျန်နေခဲ့တာ သိရတယ်၊ ရေးတဲ့သူတွေကလည်း ရေးတတ်ကြတယ်၊ " သားအညာမှာကျန်ခဲ့ပြီ" တဲ့ စိတ်မကောင်းစရာ၊ အဲဒီဆင်လေးကို ယဉ်အောင်မွေးပြီး သစ်ထုတ်ရေးစခန်းမှာ သုံးမယ်လို့ ဖတ်ရတယ်၊ အဲဒီ ဆင်ခြောက်ကောင်သတင်းနဲ့ အတူ ဆင်အကြောင်း မှတ်သားဖွယ်ရာတွေ ဖတ်ရတာ အကျိုးရလိုက်တယ်။
               ဆင်အုပ်စုမှာ အထီးက ခေါင်းဆောင် ဗိုလ်လုပ်ရသတဲ့၊ ဒါ့ကြောင့် ဆင်မက ဆင်ကလေးမွေးလာလို့ အထီးပါလာရင် အဖေအရင်းဖြစ်တဲ့ ဆင်ထီးကတောင် ရန်မူပါသတဲ့၊ ဒါ့ကြောင့် အဲဒီ ဆင်ကလေးလေး အထီးလေးကို တခြားဆင်တွေ ရန်မမူရအောင် မိခင်နဲ့ ကြီးဒေါ်တွေက စောင့်ရှောက် ကာကွယ်ရတယ်တဲ့၊  အခုဆင်ခြောက်ကောင်မှာ ကလေးလေး နှစ်ကောင် ပါလာတယ်ဆိုတော့ ဆင်ထီးလေးတွေ ဖြစ်ပြီး ကျန်တဲ့ ဆင်ကြီးတွေက ဆင်ထီးလေးတွေကို  အုပ်စုဗိုလ်လုပ်နေတဲ့ ဆင်ထီးတွေ ရန်က လွတ်အောင် လိုက်လံ ထိန်းသိမ်း စောင့်ရှောက်နေတဲ့ အမေနဲ့ ကြီးတော်တွေ ဖြစ်နိုင်တယ်လို့ နားလည်သူတွေ ရေးတာ ဖတ်ရပြန်တယ်၊  ဘယ်လို အကြောင်းကြောင့်ရယ် မသိပေမယ့် သနားစရာအဖြစ်တွေချည်းပဲ ဖြစ်နေတယ်။
                  ဆင်ရိုင်းတွေကို ယဉ်ပါးအောင်လုပ်ပြီး လူတွေက လိုသလို ခိုင်းကြတယ်၊ ခိုင်းလို့လည်းရတယ်၊ ယဉ်ပါးပြီး လူတွေနဲ့ အတူနေတဲ့ ဆင်ကလည်း ရုတ်တရက် ဆင်ရိုင်းလို ပြောင်းလည်း သွားပြန်တယ်၊ အရိုင်းနဲ့ အယဉ်ကို လူတွေ ဖန်တီးနိုင်ကြတာ အံ့ဩစရာ၊  လူထက်  အဆမတန် အရွယ်ရော အင်အားပါ ကြီးတဲ့ တိရိစ္ဆာန်ကို လူ့စကား နားထောင်အောင်လည်း လူတွေ လုပ်နိုင်ကြတယ်၊  ဆင်စခန်းမှာတွေ့ခဲ့ရတဲ့ လူနဲ့ ဆင်တို့ကြားက အရိုင်းနဲ့ အယဉ်ကို မြင်မိရင်း  အရာရာကို ပြောင်းလဲနိုင်စွမ်းဆိုတာ လူတွေမှာ ရှိတဲ့ စွမ်းအင်တစ်ခုပါလားလို့ အတွေးနယ်ချဲ့နေမိပါတော့တယ်။
ခိုင်ခိုင်စောလွင်

September 20, 2015

" ချိန်တန်ပြီ " ( ၂၁ရက် စက်တင်္ဘာ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၃၆)မှ)



အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ဓါတ်ပုံတွေ လူမှုကွန်ယက်မှာ ကိုယ်ရေးအကျဉ်းနဲ့ အတူ ဖော်ပြလာတာကြည့်ပြီး အားလုံး ကျေနပ် သဘောကျ ဝမ်းသာအားရဖြစ်ကြတဲ့ အသံတွေ ကြားရသည်။
ကျမတို့ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေ ထွက်လာတဲ့အခါ ပြည်သူတွေ ကျေနပ်ကြမှာပါလို့ ပြောခဲ့တဲ့ လူထုခေါင်းဆောင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို ပြန်ကြားယောင်မိပါသည်။
ကိုယ်စားလှယ်လောင်း အမည်တင်သွင်းစဉ်က ဝေဖန်သံ အပြစ်တင်သံ ရှုံ့ချသံတွေကို တိတ်ဆိတ်သွားစေလေသည်။ လက်ရှိအာဏာရ ပါတီမှ လွှတ်တော်အမတ် အချို့ NLD ကို ပေါ်ပေါ်ထင်ထင် ဝေဖန်သည့် NLD မှာ ဒေါ်အောင်ဆန်းစုကြည်က လွဲပြီး သုံးစားစရာ လူမရှိဆိုသောအသံနှင့် NLD ဆိုတာ ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ စသဖြင့် တမင်နှိမ့်ချ ပြောသည့်အသံများ မီးကိုရေနှင့် ငြိမ်းသည့်အလား ငြိမ်သက်သွားကြလေသည်။
ကျမမှာ အရင်းနှီးဆုံး မိတ်ဆွေလို့ ပြောရမည့် စာရေးဖော် ရဲဖော်ရဲဖက် လူတစ်ယောက်ရှိပါသည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ( လုံးဝ) ယုံကြည်သည်။ ပြီးခဲ့သည့် ငါးနှစ် နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်အချို့ ၊ ပြဿနာဖြေရှင်းပုံအချို့ကို ဝေဖန်ပြောကြားသူများကို သူက တစ်ခွန်းပဲ ပြန်ပြောသည်။
" ခင်ဗျားတို့ ဒေါ်အောင်ဆန်းစုကြည်ကို အပစ်တင် ဝေဖန်တာ ခင်ဗျားတို့က သူ့လောက် သိလို့လား"
ဒီစကားက အမှန်ပင်ဖြစ်သည်။ နိုင်ငံရေးနှင့်ပတ်သက်ပါက အတွေ့အကြုံနည်းသော ပြည်သူတွေမှာ တခါတလေ လိုက်မမီ မီအောင်မတွေးနိုင်၊ မမြင်နိုင်ဖြစ်ကြသည်။ တချို့ တော်သည့် ထက်သည့် လူကြီးတွေ ပြောသလို တို့က သူများထက် ပိုမြင်တော့ မမြင်နိုင်တဲ့ လူတွေက အမှန်ကို မသိနိုင်ကြဘူး ဆိုသည့် စကားပမာပင် ။ သူများထက် ရှေ့ရောက်နေသူကို နောက်လူတွေက မမြင်နိုင်သည့် အခါ အပြစ်တွေ ပြောကြတာ မြန်မာ့ဓလေ့လို ဖြစ်နေတာပင်။
" ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီကို မဲမပေးရင် မထောက်ခံရင် ခင်ဗျားတို့ ဘယ်သူ့ကို ထောက်ခံမလဲ၊"
ကျမမိတ်ဆွေရဲ့ စကားသည် လူအတော်တော်များများကို နှုတ်ဆွံ့သွားစေသည်။ ပြည်သူတွေ နားယောက်ပယောင် ဖြစ်ရန် သွေးခွဲနေသည်များကို သေသေချာချာ တည့်တည့်မတ်မတ် ကြည့်တတ်ဖို့ပင်၊ ဝေဖန်နေသောသူများလည်း နောက်ဆုံးတော့ အလကားရလို့ ဝေဖန်နေကြမှန်း ပေါ်လွင်သွားသည်။ မိတ်ဆွေကတော့ " အလကားလူတွေ စစ်အာဏာရှင်လည်း မကြိုက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် လူသိတယ်ဆိုပြီး နာမည်ကျော်ချင်တဲ့ စိတ်ကူးတမျိုး ၊ တနည်းအားဖြင့် ပခုံးလှမ်းဖက်ချင်တဲ့ လူတန်းစားတွေ " လို့ ပယ်ပယ်နယ်နယ် အပစ်တင်သည်။ ဒီလောက်အရေးကြီးတဲ့ကလာမှ ကိုယ်ရပ်ရမယ့်နေရာမှာ သေသေချာချာ ရပ်ရမှာလို့ ထပ်ပြောသည်။
အခုတော့ ပထမအဆင့်အနေဖြင့် အားလုံး သဘောကျ ငြိမ်းအေးသွားကြလေပြီ။ ရှေ့ကို ကြိုမမြင်တတ်သည့် လူပြိန်းထဲ ကိုယ်တောင် တခါတလေ ပါခဲ့တာကို ပြန်ပြီး ပြုံးမိသည်။ တဆက်ထဲ ၂၀၁၁ခုနှစ် ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အခုလိုပဲ ပညာတတ်လူငယ်တွေ အပြိုင်းအရိုင်း ယှဉ်ပြိုင်ကြတာ သတိရသွားသည်။ ထိုစဉ်က အာဏာရ ဒီမိုကရက်ပါတီက ဝန်ကြီးချူပ် အဘီဆစ်ကလည်း ရုပ်ရည် ချောမောခန့်ထယ်သည်။ သူဝန်ကြီးချုပ်ဖြစ်သည့် ၂၀၀၈ခုနှစ်မှာ သူ့အသက်က (၄၄)နှစ်၊ ပညာတတ်တစ်ယောက်၊ အမေရိကန်နိုင်ငံ အောက်စဖို့နှင့် အင်္ဂလန်တို့မှ ဘွဲ့တွေ ရထားသည်။ တစ်ခုပဲ သူက ပညာတတ်၊ လူချမ်းသာအသိုင်းအဝန်းမှာ မွေးဖွားကြီးပြင်းလာတာ ဖြစ်သည်။
ချင်းမိုင်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် ဒီပလိုမာသင်တန်း တက်ရောက်နေသည့် ထိုင်းကျောင်းသူတစ်ယောက်က ထိုင်းနိုင်ငံရဲ့ လူတန်းစားအနေအထားကို ရှင်းပြရာမှာ တြိဂံပုံကို ပမာပြု ပြောသည်။ တြိဂံပုံကို သုံးပိုင်းပိုင်းပြလေသည်။ ထိပ်ဆုံးက ချွန်ချွန်လေးက ဘုရင်နှင့် ဆွေတော်မျိုးတော် မိသားစုတွေပါဝင်သည့် ချမ်းသာသူလူတန်းစား၊ နောက်တစ်ဆင့် ပိုင်းလိုက်လျှင် အပေါ်ယံ ခပ်ကျဉ်းကျဉ်းထဲက ပညာတတ်၊ ချမ်းသာသည့် သူဌေးသူကြွယ် လူတန်းစားများ၊ ထိုလူတန်းစားတွေက သူတို့ရဲ့ သားသမီးတွေကို နိုင်ငံရပ်ခြားမှာ ပညာသင်စေပြီး ပညာတတ်တွေ ဖြစ်အောင် လုပ်သည်။ အဲဒီအောက်ကတော့ အလုပ်သမား၊၊ အစိုးရဝန်ထမ်း၊ ဆင်းရဲသား တောသူတောင်သား လူတန်းစားတွေလို့ ဆိုသည်။
သူတို့ပြောသည့် တြိဂံပုံမှာ အောက်ဆုံးက ကျယ်သည်၊ ဧရိယာလည်းများသည်။ ဆိုလိုတာက အလုပ်သမား လယ်သမား ဆင်းရဲသားက အများစုဖြစ်ပြီး သူတို့ အကျိုးကို လုပ်ပေးမည့်သူက တိုင်းပြည်ကို ဦးဆောင်နိုင်မည်။ အစိုးရဖွဲ့နိုင်မည်။ ဒါ့ကြောင့် ၂၀၁၁ခုနှစ်ရွေးကောက်ပွဲမှာ ယင်လတ်ရှနဝပ်ဦးဆောင်တဲ့ ဖွေထိုင်းပါတီက အနိုင်ရသည်၊ အစိုးရဖွဲ့နိုင်သည်။ မဲဆွယ်စဉ်က ထိုင်းနိုင်ငံရဲ့ အလုပ်သမားတွေကို တစ်ရက် လုပ်ခ အနိမ့်ဆုံးလုပ်ခ ဘတ်(၃၀၀) ပေးမည်၊ လူတစ်ယောက် ကားတစ်စီး အိမ်တစ်လုံး ဝယ်နိုင်အောင် လုပ်ပေးမည် မဲဆွယ်ရာ အမှန်တကယ်လည်း လုပ်ပေးနိုင်ခဲ့လေသည်။
အရင်က ကျမစိတ်ထဲမှာ ဒီမိုကရက်ပါတီက အဘီဆစ်ကို သဘောကျမိသည်။ ရုပ်ချောလို့ မဟုတ်ပါ။ ပညာတတ် ဒီမိုကရက်တစ်ယောက်မို့ ဆိုတာကြောင့်ပင်၊ တကယ်တော့ ကျမတို့ မြန်မာလူမျိုးတွေရဲ့ စိတ်မှာ ပညာတတ်တွေကို နေရာမပေး၊ နှိမ်ထား၊ သူ့ပညာနဲ့သူကျွမ်းကျင်ရာနယ်ပယ်မှာ ထူးချွန်သူကို အလေးမပေး၊ ပညာရှင်တွေပြောတဲ့ စကားကို အလေးမထားတဲ့ စစ်အာဏာရှင်တွေရဲ့ အုပ်ချူပ်မှုအောက်မှာ နေခဲ့ရတဲ့အတွက် ပညာတတ် ဒီမိုကရက်ဆိုတာနဲ့ ထောက်ခံချင်စိတ် ဖြစ်လာတာပင်၊
ယင်လတ်ရှနာဝပ် ဝန်ကြီးချူပ် ဖြစ်လာသည့်အချိန်မှာ သူ့အသက်က (၄၄)နှစ်၊ ရုပ်ရည်ချောမောလှပပြီး ပညာတတ်၊ ချမ်းသာသည့် အသိုင်းအဝန်းက ဖြစ်သည်။ သို့သော် ဝန်ကြီးချူပ်ဟောင်း အဘီဆစ်က ဆင်းရဲသားလူတန်းစားကို နားမလည်၊ ပညာတတ် ကြေးရတတ်အသိုင်းအဝန်းမှာ မွေးဖွားလာသူ၊ ရှနဝပ်မိသားစု အဆက်အနွယ်က ဆင်းရဲသောဘဝကနေ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားရာမှ ချမ်းသာလာသူ၊ သူတို့က ဆင်းရဲသားလူတန်းစားကို နားလည်သဘောပေါက်သည်ဟု ပြည်သူအများစုက လက်ခံယုံကြည်ကြသည်။
သက်ဆင်လက်ထက်ကတည်းက ဆင်းရဲသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးဖို့ ကြိုးစားရင်း မဲဆွယ်သည်။ ဥပမာ အခမဲ့နီးနီး ဆေးကုသခွင့် ဖြစ်သည့် ဘတ်(၃၀)နှင့် ဆေးကုသခွင့်၊ အထက်တန်းပညာအထိ အခမဲ့ ပညာရေး စတဲ့ ပေါ်လစီတွေ အကောင်အထည်ဖော်ပေးသည်။ သက်ဆင်လက်ထက်နဲ့ ယင်လတ်လက်ထက် မှာပါ မဲဆွယ်စဉ်က ပေါ်လစီတွေကို လက်တွေ့ အကောင်အထည်ဖော်ပေးတာ အတုယူစရာကောင်းလှသည်။ ဆက်လက်ပြီး အစိုးရအပြောင်းအလဲမှာလည်း ယခင်အစိုးရ လက်ထက်က ပြည်သူတွေအတွက် အကောင်အထည်ဖော်ပေးသွားတဲ့ စနစ်တွေကို ဆက်လက်ပြီး လုပ်ဆောင်ပေးနေတာ တွေ့ရပြန်သည်။ ဘတ်(၃၀) ဆေးကုသခွင့်ဆိုပါက ယခုအချိန်မှာ အစိုးရက မတတ်နိုင်တော့သော်လည်း ပြည်သူတွေ လက်ခံနှစ်သက်သည့် အတွက် ဖျက်သိမ်းခြင်းမပြုပဲ အခြားနည်းလမ်းများဖြင့် ကျားကန် ရပ်တည်ထားရသည်ဟု ဆိုလေသည်။
ယခု ထိုင်းစစ်ကောင်စီကတော့ အသံနဲနဲ ထွက်လာသည်။ သူတို့ ပြည်သူတွေကို ထိလို့ မရသည့်အခါ ရွှေ့ပြောင်းအလုပ်သမားတွေဖက် လှည့်ပြီး မဲဟန်ရှိသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဝန်ကြီးချူပ် ပရာယွတ်က ၂၀၁၇ခုနှစ်က စပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မှီခိုသူ သားသမီး မိဘ တွေကို လက်မခံတော့ဘူးလို့ အာဆီယမ်အစည်းအဝေးတစ်ခုမှာ ပြောသွားသည်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက သူတို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေဟန်ရှိသည်။ အထူးသဖြင့် ဘတ်(၃၀) ဆေးကုသခွင့် ကို ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ခံစားခွင့် ပြုထာားကို ဆိုလိုဟန်ပင်။
၂၀၁၁ခုနှစ် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ယင်လတ်ရှနဝပ်ရဲ့ ဖွေထိုင်းပါတီ ( ထိုင်းအတွက်ပါတီ) က အနိုင်ရခဲ့တာမှာ ယင်လတ်က ရုပ်ရည်ချောမောပြီး ပညာတတ်လို့ ဆိုတာထက် ပြည်သူတွေအတွက် အပြောင်းအလဲ ဆိုတာကို လုပ်ပေးမယ်လို့ ယုံကြည်လို့ ဖြစ်သည်။ ရုပ်ချောပညာတတ်တာကတော့ ဝန်ကြီးချူပ် အဘီဆစ်လည်း အတူတူပါပဲ။ ဒါပေမယ့် အဘီဆစ်အစိုးရ အာဏာရနေစဉ် ၂၀၁၀ခုနှစ်က သက်ဆင်မျိုးဆက်ကို ထောက်ခံတဲ့ ရှပ်နီတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်များက ပစ်ခတ် နှိမ်နင်းရာမှာ လူ ၉၀ ကျော် သေဆုံးခဲ့ရကာ ၁၉၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ အဘီဆစ်က နိုင်ငံရေးအရ ဖြေရှင်းသည်ဟု ပြောဆိုခဲ့ပေမယ့် ပြည်သူတွေက လက်မခံပါ။ သက်ဆင်ရှနဝပ် လက်ထက်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အဘီဆစ်ဝန်ကြီးချူပ် ဖြစ်လာတာမှာ စစ်တပ်ရဲ့ ထောက်ခံမှု နောက်ကွယ်က ကြိုးကိုင်မှုတွေ ရှိတယ်ဆိုတဲ့ ယူဆမှုတွေ ရှိတဲ့အတွက် အခုလုပ်ရပ်အပေါ် တရားစွဲဆိုတဲ့အထိ ဖြစ်ခဲ့လေသည်။
၂၀၁၁ခုနှစ် ရွေးကောက်ပွဲမှာ ငယ်ရွယ် ချောမောလှပသော အဘီဆစ်နှင့် ယင်လတ်ရှနဝပ်တို့ ယှဉ်ပြိုင်သည့်အခါ အဘီဆစ်ကိုအရင်က ဒီမိုကရက် ပညာတတ် ငယ်ရွယ်သူဆိုကာ သဘောကျသည့် စိတ်များ ပျောက်ကွယ်ခဲ့ရသည်။ အကြောင်းကတော့ ဆန္ဒပြသည့် ပြည်သူတွေကို လက်နက်ဖြင့် ဖြေရှင်းလိုက်၍ပဲ ဖြစ်သည်။ မြန်မာလူမျိုး တစ်ယောက်အနေနှင့် ခံစားပြီး တွေးမိ၍ ဖြစ်မည်။ ထိုစဉ်က ထိုင်းရွေးကောက်ပွဲ နီးလာတဲ့အခိုက်မှာ ကျမရဲ့ အိမ်သားဖြစ်သူကို "ရှင်သာ ထိုင်းလူမျိုးဆိုရင် ဘယ်သူ့ကို မဲထဲ့မလဲ" လို့ မေးမိသည်။ သူကတော့ " ယင်လတ်ရှနာဝပ်ပဲ နိုင်မှာပါ" လို့ ဆိုသည်။
သက်ဆင်မျိုးဆက်ရဲ့ ဇာတိဖြစ်တဲ့ ချင်းမိုင်ကတော့ ဆိုဖွယ်ရာမရှိ၊ အိမ်နားက မဲဆန္ဒနယ်မြေက ကိုယ်စားလှယ်လောင်းမှာ အသက်(၂၇)နှစ် ဥပဒေဘွဲ့ရ အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူက ဘယ်လိုလူလဲလို့ ရပ်ကွက်ထဲကလူတွေ မေးတော့ ရေရေရာရာ မသိ၊ သို့သော် သူသည် ယင်လတ်ပါတီက၊ ဒါ့ကြောင့် သူ့ကို မဲပေးရမည် လို့ပဲ သိထားလေသည်။ နောက်ဆုံးမှာ တြိဂံပုံရဲ့ အောက်ခြေက ဆင်းရဲသားလူတန်းစားတွေက ယင်လတ်နဲ့ သူ့ပါတီကို ရွေးချယ်ခဲ့ကြသည်။
မြန်မာပြည်မှာ ရွေးကောက်ပွဲရက် နီးလာပြီ၊ ပြည်သူတွေက အပြောင်းအလဲကို လိုချင်သည်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကလည်း ပြောင်းလဲချိန်တန်ပြီ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲထဲ့စို့ဟု ဆိုလာပြီ။ ထိုင်းလူမျိုး နိုင်ငံရေးသိပ္ပံကျောင်းသူက သူတို့ လူတန်းစားတွေက တြီဂံပုံလို့ ပြောပြီးပြီ၊ မြန်မာတွေကရောလို့ ဆိုလေသည်။ ပထမတော့ ထိုင်းနှင့် မြန်မာ မကွာပါ၊ မြန်မာတွေလည်း တြိဂံပုံအတိုင်းပဲ ရှိမယ်လို့ ပြောမိသည်။
အပေါ်ဆုံးထိပ်က ချွန်ချွန်လေးက ဘုရင်ကဲ့သို့ စိတ်ကြီးဝင်နေတဲ့ အာဏာရှင်လူတန်းစားနဲ့ အပေါင်းအပါတွေ၊ အဲဒီနောက် အာဏာရှင်တွေနဲ့ပေါင်းစားပြီး ချမ်းသာလာတဲ့ ခရိုနီအုပ်စုနဲ့ ခရိုနီတွေရဲ့ လုပ်ငန်းတွေအတွက် လာဘ်ပေးလာဘ်ယူလုပ်ရင်း ချမ်းသာလာတဲ့ ဌာနဆိုင်ရာက ချမ်းသာသူ အကြီးအကဲတွေ၊ အဲ အောက်ဆုံးကတော့ ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေလို့ ပြောပြီးမှ တြိဂံပုံကို သုံးပိုင်းပိုင်းရာမှာ ဆင်းရဲမွဲတေနေသည့် လူတန်းစားမှာ အပေါ်ကလူတန်းစားတွေနဲ့ သိပ်မကွာသလို ဖြစ်နေတဲ့ အတွက် ထိုင်းလို မဟုတ်ဘူး အဲဒီထက်ဆိုးတယ်ဟု ကမန်းကတန်း ပြန်ရှင်းပြမိသည်။ ထိုင်းနိုင်ငံနှင့် ကျမတို့ မြန်မာနိုင်ငံ ဘယ်လိုမှ မတူပါ။ ကျမက သူ့လို နိုင်ငံရေးသဘောတရားတွေကို အဖြစ်မှန်အတိုင်း မသင်ခဲ့ရပါ၊ ဒါပေမယ့် သိသလောက်နဲ့ မြင်သလောက် ပုံကြမ်းဆွဲပြလိုက်ပါသည်။
မြန်မာပြည်က လူတွေက ဒီစက်ဝိုင်းကြီးပေါ့လို့ စက်ဝိုင်းပုံ ဆွဲရင်း ပြောလိုက်သည်။ ပြည်သူတွေအားလုံးဟာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အလုံးစုံ ခြွတ်ခြုံကျနေတာ ဒီအဝိုင်းထဲက လူတွေ အဲဒါ မြန်မာပြည်သူတွေပါလို့ ဆိုလိုက်သည်။ သူက ချမ်းသာတဲ့ သူတွေက သိပ်ကိုချမ်းသာတယ်ဆို၊ ထားစရာနေရာမရှိလို့ နိုင်ငံခြားဘဏ်တွေမှာတောင် သွားထားနေကြတာဆို သူတို့ကရော ဘယ်လို ကိုယ်စားပြုလဲ၊ သူတို့နေရာ မပါဘူးလားဆိုတဲ့ အမေးကို စက်ဝိုင်းလေးကို ထောက်ပြရင်း ဖြေလိုက်ပါသည်။ စက်ဝိုင်းရဲ့ အလည်တည့်တည့်မှာ ဗဟို ရှိတယ်လေ၊ အစက်ကလေး သေးသေးလေး အဲဒါ မြန်မာပြည်က ချမ်းသာတဲ့ လူတွေပေါ့လို့ ဖြေမှ သူက သဘောကျစွာ ရယ်မောလေတော့သည်။ တဆက်ထဲမှာ ကျမတို့ မြန်မာပြည်မှာ ပြောင်းလဲဖို့ အချိန်ရောက်လာပါပြီ ၊ ပြောင်းလဲလာတော့မှာပါလို့ အားပေးစကားဆိုရင်း မြန်မာပြည်သူတွေကို ကံကောင်းပါစေလို့ ဆိုလေရာ ကျမလည်း သူဆုတောင်းသလို ပြည့်ချင်ပါတယ် လို့ ပြန်ပြောမိလေသည်။
ခိုင်ခိုင်စောလွင်

September 13, 2015

" အားလုံးကိုပျော်စေချင်တဲ့သူ" ၁၄ရက် စက်တင်္ဘာလ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်( ၃၅)မှ


တေးသံရှင် စိုင်းထီးဆိုင် သီဆိုထားတဲ့ အားလုံးကိုပျော်စေချင်တဲ့သူ သီချင်းရဲ့အဓိပ္ပါယ်နဲ့ မတူပေမယ့် ခေါင်းစဉ်လေးက အတော်လေးကို အပ်စပ်နေလို့ ယူသုံးလိုက်ပါသည်။
မြန်မာလူမျိုးတွေဟာ သိပ်ကို ပျော်ရွှင်တတ်တဲ့ လူမျိုး၊ စိတ်ညစ်စရာတွေ ဘယ်လောက်ရှိရှိ ပျော်အောင် နေတတ်ကြသည်။ ဇာတ်ပွဲများ ရှိလို့ကတော့ မိုးအလင်း နေရောင်ထွက်တဲ့အထိ မအိပ်မနေ ကြည့်ကြတာ၊ ဇာတ်ပွဲကြည့်ရင်း တရေးအိပ်လိုက် ထကြည့်လိုက် လုပ်သူရှိသလို တမှေးမှမမှေးပဲ လူရွှင်တော်တွေ ပျက်သမျှ တဝါးဝါး၊ နောက်ပိုင်းဇာတ်ထဲက ဇာတ်နာရင် လိုက်ငို ဒီလို ခံစားကြည့်၊ အိမ်ရောက်မှ မထတမ်း ခေါင်းပြားအောင် အိပ်ပစ်လိုက်ကြတာလည်း ရှိသည်။ မြန်မာလတွေမှာ ကြည့်လိုက်ရင် ဆယ့်နှစ်လစလုံးမှာ ပွဲတော်မရှိတဲ့ အချိန် မရှိ။
ဆယ့်နှစ်လရာသီပွဲ ဆိုပြီး သင်ခဲ့ရတာမှာ တန်ခူးလ သင်္ကြန်ပွဲ ကနေ တပေါင်းလ သဲပုံစေတီပွဲအထိ ပွဲတော်တွေချည်းပါပဲ၊ ခေတ်အဆက်ဆက် ကျောင်းကပွဲတွေ၊ ဘယ်လို အခမ်းအနားတွေမှာ ဖြစ်ဖြစ် ဖွင့်ပွဲတွေမှာ တနည်းမဟုတ် တနည်း ကခုန်နေကြတာ တွေ့ရမှာပါ။ အမြဲတန်း ပြုံးပျော်နေတတ်တဲ့ မြန်မာတွေပါ၊
ထိုင်းနိုင်ငံမှာလည်း ထို့အတူပါပဲ၊ အသက်အရွယ်မရွေး ကတတ်ကြလည်း တွေ့ရပါသည်။ ရိုးရာအက တင်မက ခေတ်ပေါ်အက စုံအောင် ကကြသည်။ သူတို့လည်း မြန်မာတွေလိုပင် ဘယ်လို အခမ်းအနားမဆို ဝိုင်းဝန်းကခုန်ကြသည်။ ကသည့်နေရာမှာ ထိုင်းလူမျိုးတွေက ပိုကနိုင်သည်ဟု ပြောရမလိုပင်၊ တခါက ကျမနေတဲ့ အိမ်ရှေ့က အိမ်မှာ နာရေးဖြစ်သည်။ နံနက်ပိုင်းမှာ သတင်းမေးသည့် ဧည့်သည်တွေကို ကျွေးမွေး ဧည့်ခံကြသည်။ ညဖက်ရောက်သည့်အခါ မဏ္ဍပ်ထိုးထားသည့် သူတို့ အိမ်ရှေ့မှာ ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးသည့် ရပ်ကွက်ထဲက ကလေးကအစ၊ လူငယ် လူကြီး အစုံ ဝိုင်းပတ်ကကြသည်။ ဦးလေးကြီးတစ်ယောက်က တယောလေးကို စတင်ထိုးလိုက်ရာ ကျန်လူများက အတန်းလိုက် လက်လေးတွေ မြှောက်ကာ ကကြသည်။ ကျမက အသုဘအိမ်မှာ ကနေကြတာ တွေ့ရတဲ့အတွက် အံ့ဩပြီး လှမ်းကြည့်ရာ ကျမကိုပင် လာပါ အတူကလှည့်ပါ ခေါ်လေသည်။ သူတို့ကသည့်အကက မြန်မာပြည်က တိုင်းရင်းသားလူမျိုးတစ်မျိုးရဲ့ အကနှင့် ခပ်ဆင်ဆင် ဖြစ်သည်။
တို့ လူမျိုးတွေ အကအခုန် ဝါသနာကြီးတယ် ထင်တာ၊ သူတို့က နာရေးတောင် က သဟလို့ ရေရွတ်မိသည်။ ပျော်ရွှင်မြူးတူးစွာ ကနေကြတဲ့ လူကြီးလူငယ်တွေကို ကြည့်ပြီး ထိုင်းလူမျိုးတွေဟာ မြန်မာလူမျိုးတွေလိုပဲ အင်မတန်ပျော်တတ်ကြတယ်လို့ ပြောမိတဲ့ အထိပါပဲ။ ထိုင်းနဲ့ မြန်မာ ဘယ်သူတွေက ပိုပြီး ပျော်ကြမယ် ထင်သလဲလို့ မိတ်ဆွေ တစ်ယောက်ကို မေးကြည့်တော့ အတူတူပဲ ထင်တယ်လို့ သူ့အမြင်ကို ပြောပြသည်။ ဒါပေမယ့် ထိုင်းလူမျိုးတွေက သူတို့ တိုင်းပြည်က ပိုပြီး ချမ်းသာတော့ ပျော်စရာတွေ ပိုများသလားလို့ လို့ ဖြည့်ပြောပြန်သည်။
ပြောရရင် ထိုင်းနဲ့ မြန်မာ ယဉ်ကျေးမှုခြင်းလည်း နီးစပ်ပြီး ပွဲတော်တချို့ ကျင်းပတာလည်း တူနေတာ ရှိသည်။
ဥပမာ- မြန်မာပြည်က သင်္ကြန်ပွဲတော် သူတို့ဆီမှာ စုံခလာန်လို့ခေါ်တဲ့ ရေသဘင်ပွဲ ၊ ကျင်းပတဲ့ ရက်လည်း မတိမ်းမယိမ်း တစ်ရက်လောက်ပဲ ကွာသည်။ ပွဲတော်ရက် အကျ ၊ အကြတ်၊ အတက် အတူတူပင်၊ နောက်တစ်ခုက တန်ဆောင်မုန်းလမှာ ကထိန်ပွဲ ရှိသလို သူတို့ဆီမှာ မီးမျှောပွဲ ရှိသည်။ ရောင်စုံမီးပုံးလေးတွေ၊ ကြာခွက်ကလေး၊ အုန်းရွက်ဖြင့်လုပ်ထားသည့် ခွက်ကလေးတွေမှာ ဆီမီးထွန်းပြီး မြစ်ထဲ ချောင်းထဲ မျှောကြသည်။ ဘုရားရှင်ကို ဆီမီးပူဇော်သည့် အလေ့အထ အတူတူပင်၊ အဆိုပါပွဲများတွင် လူအများ ပျော်ပျောပါးပါး သွားကြလာကြ လည်ကြ ကကြတာ တွေ့ရသည်။
ထိုင်းတွေ ပျော်ကြသလို မြန်မာတွေလည်း ပျော်ကြသည်။ ထိုင်းနှင့် မြန်မာ အပျော်ခြင်း မတိမ်းမယိမ်း။
သို့သော် World Happiness Report အရ အပျော်ရွှင်ဆုံး နိုင်ငံစာရင်းထွက်လာတာမှာ နိုင်ငံပေါင်း (၁၅၆) နိုင်ငံမှာ ထိုင်းနိုင်ငံက အမှတ်စဉ်( ၃၆) မှာရှိပြီး မြန်မာနိုင်ငံက အမှတ်စဉ် (၁၂၁) မှာ ရှိနေလေသည်။ ၂၀၁၄ခုနှစ် စာရင်းအရ မြန်မာတွေဟာ အောက်အဆင့်မှာ ရှိနေတဲ့ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ရဝမ်ဒါ တို့လိုပဲ မပျော်နိုင်ကြပါဘူးတဲ့။
ဘူတန်နိုင်ငံရဲ့ စတုတ္ထမြောက်ဘုရင်က တီထွင်ခဲ့တယ်ဆိုတဲ့ တမျိုး သားလုံးပျော်ရွှင်ချမ်းမြေ့မှု ( Gross National Happiness ) GHN အယူအဆတွေနဲ့ စီးပွားရေးပညာရှင် အမတ္တာဆင်ရဲ့ အယူအဆတွေနဲ့ တိုင်းတာတယ်လို့ ဖော်ပြထားတာ ဖတ်ရသည်။
လူတစ်ဦးချင်းစီရဲ့ ဂျီဒီပီ ပမာဏ၊ ကျန်းမာစွာအသက်ရှင်နေထိုင်ရတဲ့ ကာလ၊ လူမှုဖူလုံရေးအထောက်အပံ့ အခြေအနေ၊ လာဘ်ပေးလ်ာယူမှု ကင်းစင်သော အတိုင်းအဆ၊ အလှုအတန်းရက်ရောမှု နဲ့ ဘဝအတွက် လွတ်လပ်စွာ ရွေးချယ်နိုင်မှု အစရှိတဲ့ စံတွေနဲ့ တိုင်းတာပြီး ထွက်လာတဲ့ အစီရင်ခံစာအရ မြန်မာတွေ မပျော်နိုင်ကြပါတဲ့။
အင်္ဂလိပ်အုပ်ချူပ်နေတဲ့ သူ့ကျွန်ဘဝမှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးတွေက မြန်မာလူမျိုးတွေရဲ့ ဘဝတွေကို လေ့လာသိရှိပြီး သူတို့ရဲ့ စာတွေမှာ မြန်မာလူမျိုးတွေဟာ ပျော်ပျော်နေတတ်ကြပြီး အင်မတန်ပျော်ရွှင်တတ်တဲ့ လူတွေလို့ စာရေးသားခဲ့ မှတ်တမ်းတင်ခဲ့ကြသည်။ သူတို့သာ သိရင် မျက်စေ့လည်စရာပါ။ လူအတော်များများ ခပ်ထေ့ထေ့နဲ့ မချိတင်ကဲ ပြောကြတဲ့ သူ့ကျွန်ဘဝထက် ငါ့ကျွန်ဘဝက သာဆိုးနေတယ် ဆိုတဲ့ စကားကို သတိရစေသည်။
နှစ်ပေါင်း(၆၀)နီးပါး စစ်အာဏာရှင်တို့ အုပ်ချူပ်ခဲ့တဲ့ ကလာမှာ မြန်မာပြည်သူတွေ ဆင်းရဲမွဲတေခဲ့ကြရပါသည်။ GHN ရဲ့ စံနဲ့ ကိုက်ညီတာ တစ်ခုတော့ ရှိပါသေးသည်။ အလှုအတန်းရက်ရောတာပါ၊ သဘာဝဘေးဒဏ်ကို ပြည်သူတွေခံရတဲ့အခါ အစိုးရမင်းများနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဟာ ဘာ့ကြောင့်ရယ်မသိ ကယ်ဆယ်ရေးအတွက် ချက်ခြင်း ထွက်မလာနိုင်ပါ။ ပြည်သူအချင်းချင်း ယိုင်းပင်းပြီး ကူညီကယ်ဆယ် လှုကြတန်းကြ ဝိုင်းလုပ်ကြရတာ နာဂစ်ကာလနဲ့ လတ်တလော ရေဘေးသင့်ဒေသ ကိစ္စများက သက်သေခံနေလေသည်။
လူဆိုးတွေ ထောင်ကလွှတ်၊ ပြည်သူတွေ စိုးရိမ်မကင်းစွာ နေရ၊ ကျောင်းသားတွေ၊ အလုပ်သမား၊ လယ်သမားတွေ ထောင်ထဲထဲ့၊ မိဘတွေ ဆွေမျိုးသားချင်းတွေ စိုးရိမ်ပူပန်ရ ၊ လယ်သိမ်းယာသိမ်း နေစရာ စားစာရာမရှိ၊ ဒုက္ခ္ခတွေ ပွေလီအောင် ခံစားနေရသည့် ပြည်သူတွေ ရှေးက မြန်မာတွေလို အေးချမ်းပျော်ရွှင်စရာ အခြေအနေမရှိ ။
တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ဘဝအာမခံချက်ရှိအောင် လုပ်ပေးနိုင်မယ့် အစိုးရတစ်ရပ် မြန်မာပြည်မှာ မရှိခဲ့ပါ၊ သယံဇာတတွေ များစွာ ထွက်ခဲ့ပြီး ထိုသယံဇာတရဲ့ အကျိုးအမြတ်ကို ပြည်သူတွေ မခံစားရပဲ၊ ပြည်သူ့အကျိုးအတွက် လုပ်ဆောင်မပေးပဲ ကိုယ်ကျိုးရှာ၊ မိမိမိသားစု စီးပွားရေးအဖြစ် အသွင်ပြောင်းဆောင်ရွက်ကြတဲ့ အစိုးရလက်အောက်မှာ မြန်မာပြည်သူတွေ ဆင်းရဲမွဲတေခဲ့ကြရပါသည်။ သယံဇာတအမြတ်အစွန်းကို ပုဂလိက စီးပွားရေးသမားတွေ ရရှိပြီး ချမ်းသာကြသည်။ ဆက်သွယ်ရေး၊ မွေးရေလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ကျွန်းနဲ့ သစ်လုပ်ငန်း အားလုံး စစ်အာဏာရှင်တို့ရဲ့ မိသားစုပိုင် စီးပွားရေးတွေ ဖြစ်လာပြီး အာဏာရှင်တွေ ချမ်းသာလာကြသည်။ အာဏာရှင်တွေ ထားစရာမရှိအောင် ချမ်းသာပြီး တိုင်းသူပြည်သားတွေ စားစရာမရှိ ဖြစ်သည်အထိ ဆင်းရဲမွဲတေ သွားရသည်။
ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ဖြတ်နိုင်မည့် ပြောင်းလဲချိန်ကို ဆိုက်ရောက်လာခဲ့ပြီ၊ ယခုတစ်ကြိမ် ရွေးကောက်ပွဲသည် အစိုးရသစ်တစ်ရပ်ကို ရွေးချယ်ပေးရမည့် သာမာန်ရွေးကောက်ပွဲတွေထက် အဓိပ္ပါယ်ပိုရှိသည်။ ပြည်သူတွေ မလိုလားသည့် အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မည့် အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။ တိုင်းပြည်ကို ပြည်သူတွေလိုလားတဲ့ စနစ်ဆီကို အရောက်လှမ်းနိုင်မယ့် အစိုးရတစ်ရပ်ကို ပြည်သူတွေ ရွေးချယ်မှ မြန်မာပြည်သူတွေ ပျော်နိုင်တဲ့ ဘဝကို ရောက်လာပါလိမ့်မည်။
အိမ်နီးချင်းတွေ ပျော်သလို ပြည်သူတွေ ပျော်ရွင်လိုပါက အပြောင်းအလဲကို အမှန်တကယ် ပြောင်းလဲပေးနိုင်မည့်သူ ရှိနေပါပြီ။ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာအောင် ပြည်သူတွေ ရွေးချယ်ဖို့ လက်တကမ်းသာ လိုပါတော့သည်။ ဒါမှာ ပျော်ရွှင်တဲ့ လူမှုဘဝပုံစံကို ပြန်လည်ရရှိပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ နိုင်ငံ၊ ပျော်ရွှင်ချမ်းမြေ့တဲ့ လူမျိုးးအဖြစ် ပြန်လည် ရရှိပေမည်။ အားလုံးကို ပျော်စေချင်တဲ့သူ ဘယ်သူဆိုတာ ပြည်သူတွေ အသိဆုံးဖြစ်မယ်လို့ တထစ်ချ ယုံကြည်မိပါသည်။
ခိုင်ခိုင်စောလွင်

September 3, 2015

" ပြောင်းလဲဖို့ များစွာထဲက မျှော်လင့်ချက်တစ်ခု" ( ၁ရက် စက်တင်္ဘာ ၂၀၁၅ ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၄၉) မှ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင် လူစည်ကားပြီး ကမ္ဘာလှည့်ခရီးသွားတွေ အများအပြား လာရောက်ကြတဲ့ ဧရာဝဏ်နတ်ကွန်း နားမှာ ပေါက်ကွဲမှု ဖြစ်တာမှာ လူ(၂၇))ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရရျိခဲ့ပါတယ်။ ထိုင်းအစိုးရက ဖေါက်ခွဲမှု ကျူးလွန်သူလို့ ယူဆရတဲ့ တရားခံရဲ့ ပုံကို ဖြန့်ဝေလိုက်ပြီး ဆုကြေးငွ ဘတ်တစ်သန်းပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်းမှာပဲ ရုပ်မြင်သံကြားတွေကနေ flash news အဖြစ် တိုက်ရိုက် ထုတ်လွှင့်ပေးပါတယ်။ အဲဒီလို လွှင့်တဲ့အချိန်မှာ မီးလောင်ပျက်ဆီးနေတဲ့ မော်တော်ဆိုင်ကယ်နှစ်စီးကို အဓိကထား မကြာမကြာ ရိုက်ပြတာတွေ့ရပါတယ်။ တဆက်ထဲမှာပဲ ပေါက်ကွဲစေနိုင်တဲ့ အရာကို မော်တော်ဆိုင်ကယ်မှာ တင်ထားခဲ့ပြီး အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတာ ဖြစ်နိုင်တယ်လို့ တာဝန်၇ျိသူတွေက ဖြေကြားခဲ့ပြီး မကြာမီ နောက်ရက်မှာတော့ စီစီတီဗွီ မှတ်တမ်းအရ တီရှပ်အဝါရောင် ဝတ်ထားပြီး ကြောပိုးအိတ်ကို လွယ်ကာ နတ်ကွန်းနားက ခုံမှာ ကျောပိုး အိတ်ကို ထားခဲ့တဲ့ မသင်္ကာဖွယ်လူတစ်ယောက်ကို တွေ့ရှိရာက ပေါက်ကွဲမှု ကျူးလွန်သူကို ရှာဖွေ နေတာဖြစ်ပါတယ်။ အဲဒီလို တီရှပ် အဝါရောင်ဝတ်ထားတဲ့သူရဲ့ ပုံပန်းသဏ္ဍန်ဟာ နိုင်ငံခြားသားဖြစ်တယ်ဆိုတာ တွေ့ရှိရပြီး မကြာမီမှာ လူမှုကွန်ယက်တွေမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။
အဲဒါကတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဩဇီနိုင်ငံသားရဲ့ နာမည်နဲ့ သူ့ရဲ့ စာမျက်နှာကပုံတွေ ပျံ့နှံလာတာ ဖြစ်ပါတယ်။ အဲဒီပုံတွေထဲကမှ မြန်မာပြည်ကို အလည်အပတ်ရောက်စဉ် သနခါးပါးကွက်နဲ့ ဓါတ်ပုံတွေပါ တွေ့မြင်ရပါတယ်။ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ပြီး မကြာမီမှာပဲ ထိုင်းရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ မော်ဒယ်က သူဟာ အက်ြမးဖက်သမား တစ်ယောက် မဟုတ်တဲ့အကြောင်းနဲ့ အက်ြမးဖက်သမား ဝတ်ဆင်ထားတဲ့ ဝတ်စားဆင်ယင်မှုမျိုးလည်း တခါမှ မဝတ်ဖူးဘူးလို့ ဆိုပါတယ်။ စီစိတီဗွီက ထွက်ပေါ်လာတဲ့ အကြမ်းဖက်သမားရဲ့ ရုပ်နဲ့ ဆင်ယုံမျှနဲ့ သူ့ကို စွပ်စွဲမှုတွေ မလုပ်သင့်ကြောင်း ပြန်လည် ရေးသားလာပါတယ်။ ဒါတင်မက ရဲတပ်ဖွဲ့ကို သွားရောက်ပြီး အစစ်ခံ ထွက်ဆိုပါတယ်။ ရဲတပ်ဖွဲ့ကလည်း သူ့ရဲ့ လူခြုံရေးအရ ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။
ဒီသတင်းကို ကြားရတဲ့အခါ့  မိသားစုနဲ့ မိတ်ဆွေ တချို့ စကားပြောဖြစ်တာမှာ အားလုံးတစ်လေသံထဲ ပြောမိတာကတော့ " ဒီလူ မြန်မာပြည်မှာဆိုရင် သွားကျွတ်အောင် အထိုးခံရပြီး ဟုတ်ပါတယ်လို့ တရားခံရှာခံရပြီး ဝန်ခံ လိုက်ရပြီ" လို့ ပြောဖြစ်ကြပါတယ်။ အကြောင်းတွေကလည်း ရှိခဲ့တာ မဟုတ်လား၊ ဖောက်ခွဲခံရပြီး မကြာမီမှာ အာဏာပိုင်တို့က ရဲတပ်ဖွဲ့ကို ဖိအားပေးလိုက်တာနဲ့ တရားခံတစ်ယောက်ကို ချက်ခြင်း ရှာဖွေပေးရတာ မြန်မာပြည်က ရဲတွေပဲ ဖြစ်တယ်၊
နမူနားအားဖြင့် သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှု ဖြစ်တော့ သန်လျင်က NLD လူငယ်တွေကို ဖမ်းပြီး အဲဒီထဲကမှ အမှုတည်ဆောက်ကာ ဖောက်ခွဲတာ သူပါပဲလို့ အမိန့်ချလိုက်တာပါပဲ။ ဒါတင်မကပါဘူး ရှမ်းပြည်နယ်ဖက်မှာ ဖခင်ရှိရာ ရွာကို သွားလည်ပြီး ပြန်လာတဲ့ ရွာသားတစ်ယောက်ကို သူပြန်လာရာ လမ်းခရီးနားက ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး တရားခံ အဖြစ် သတ်မှတ် ဖမ်းဆီးသွားပြီး မဟုတ်ပါဘူး အတန်အတန်ငြင်းနေရက်က တရားစွဲ ထောင်ချခဲ့ပါတယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ အုပ်ချူပ်ရေးနဲ့ ဥပဒေမဏ္ဍိုင်တွေကို အပြစ်မဲ့ပြည်သူတွေ ခါးစီးခံခဲ့ရတာပါ။
ထိုင်း ရဲတပ်ဖွဲ့က စီစီတီဗွီ ရလဒ်တွေကို တဖြည်းဖြည်း ကြည့်ရှုနေရာက ရလဒ်တွေကို ထုတ်ပြန်နေတာမှာ နောက်ရက်မှာ အဲဒီ တီရှပ်အဝါနဲ့လူကို တုတ်တုတ်တစ်စီးက လာပို့တာဖြစ်ပြီး ထိုင်ခုံမှာ ဝင်ထိုင်ကာ လွယ်ထားတဲ့ ကျောပိုးအိတ်ကို မသိမသာ လျှောချကာ ချထားခဲ့ပါတယ်။ ပြီးတော့မှ လက်ထဲကဖုန်းကို ပွတ်သလိုလိုနဲ့ ထသွားပြီး နတ်ကွန်းရှေ့က ထွက်ခွားသွားတာတွေ ထုတ်လွှင့်ပြသပါတယ်။ နတ်ကွန်းက ထွက်ခွာသွားတာမှာ ဆိုင်ကယ်ကယ်ရီနဲ့ ထွက်ခွာသွားတာ ဖြစ်တဲ့အတွက် ဆိုင်ကယ် ကယ်ရီသမားနဲ့ လာပို့တဲ့ တုတ်တုတ်သမားကို ထိုင်းရဲတပ်ဖွဲ့က ဆက်သွယ်ဖို့ ကြေညာပါတယ်။ မော်တော်ဆိုင်ကယ် ကယ်ရီသမားနဲ့ တုတ်တုတ်ဆရာတို့ရဲ့ ထွက်ဆိုချက်အရ အဲဒီလူဟာ ကားငှားစဉ်မှာ စကားမပေါက်တဲ့အတွက် သူသွားမယ့်နေရာကို အလာတုန်းက မြေပုံပြတယ်ဆို့သိရပြီး အပြန်မှာတော့ အင်္ဂလိပ်လို ရေးထားတဲ့ လိပ်စာကို ပြပြီး ပို့ခိုင်းတယ်လို့ဆိုပါတယ်။ လမ်းမှာ ဖုန်းပြောတာမှာ သူပြောတဲ့ စကားက ထိုင်းနဲ့ အင်္ဂလိပ်စကား မဟုတ်ပဲ ဘယ်ဘာသာ စကားဆိုတာ သူတို့ မသိကြဘူးလို့ ထွက်ဆိုကြပါတယ်။
စာရွက်မှာလုမ္ပဏီ ပန်းခြံလို့ အင်္ဂလိပ်လို ရေးထားတဲ့ နေရာကို ပို့ပေးခဲ့ရပြီး ဘယ်ကို ဆက်သွားလဲ ဆိုတာ မသိဘူးလို့ ဆိုပါတယ်။ ထိုင်းနိုငငံရဲ့ နာမည်အချို့ဟာ ပါဠိလို ဖြစ်တဲ့ အတွက် မြန်မာနာမည်ပေးထားသလားလို့ ရုတ်တရက် ထင်မှတ်ဖွယ်ဖြစ်ပါတယ်။ ချင်းမိုင်မှာဆိုရင် နာမည်ကျော် မဲ့ပင်းဖြစ်ကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ မြို့ပြင်နဲ့ မြို့ထဲ သွားလာရာမှာ အင်မတန် အသုံးဝင်တဲ့ တံတားနာမည်က နဝရတ်တံတားတဲ့၊ နောက် ဘန်ကောက်က လေဆိပ်နာမည်က သုဝဏဘူမိ လေဆိပ်၊ ထိုင်းသံနဲ့ဆို ဆူဝမ်နာဘူမိပေါ့၊ ထိုင်းစကားရဲ့ သုံးဆယ့်ငါး ရာခိုင်နှုန်းက ပါဠိဘာသာ အသုံးတွေ ပါရှိတယ်လို့ ဆိုပါတယ်။ ပါဠိဘာသာ သုံးပေမယ့် ထိုင်းသံနဲ့ကျ နဲနဲ အသံထွက်ကွာနေပေမယ့် အဓိပ္ပါယ်က အတူတူပါပဲ။
ဥပမာ- အတိတ်ကို အဒိတ်၊ အနာဂတ် ကို အနာဂွတ်၊ သာဓု ဆာဒု၊ နဂိုမူလဖြစ်တဲ့ ပကတိကို ပို့ကသိ၊ ဓမ္မတာကို ထမထာ၊ ပရမတ်၊ အန္တရာယ်ကို အန်သရိုင်၊ စသဖြင့် အများသုံးမှာကို သုံးကြပါတယ်။ မုန့်ပွဲ တစ်ခုခုမှာရင် ထမထာလား ဖိဆေ့လား အဲလိုမေးပါတယ်။ ထမထာက ရိုးရိုးပဲ ဖြစ်ပြီး ဖိဆေ့ကတော့ special အထူးပေါ့။
ထိုင်းရဲတပ်ဖွဲ့ရဲ့ စီစီတီဗွီခြေရာခံချကိအရ တီရှပ်အဝါရောင် ဝတ်ထားတဲ့ လူကို မြင်ကွင်းကနေ ကာပေးနေတယ်လို့ ယူဆရတဲ့ အင်္ကျီ အနီဝတ်နဲ့ အဖြူဝတ် လူငယ်နှစ်ယောက်ကို ဖော်ထုတ်ဖို့ ပုံတွေ ကြေညာပြန်ပါတယ်.။ နောက်ရက်မှာပဲ အင်္ကျီ အနီဝတ်ထားတဲ့သူက ရဲစခန်းကို လာရောက်ပြီး ထွက်ဆိုပါတယ်။ သူကအဲဒီနေရာကို ရောက်ရှိနေတာဖြစ်ပြီး ထိုင်းကျောင်းသား တစ်ယောက်လို့ ဆိုပါတယ်။ အက်ျိအဖြူ ဝတ်ထားတဲ့ သူကတော့ တရုတ်လူမျိုး ခရီးသွားတစ်ယောက်ဖြစ်ပြီး သူ့နိုင်ငံကို ပြန်ရောက်နေပြိလို့ စုံစမ်းသိရပါတယ်၊ မြန်မာပြည်မှာဆိုရင်ဖြင့် အဲဒီလို ရဲတပ်ဖွဲ့ကို ယုံယုံကြည်ကြည်နဲ့ လာပြီး အစစ်ခံဝံ့ပါ့မလား၊ မဖြစ်နိုင်လို့ တွေးမိပါတယ်။ အနည်းဆုံး ကာယာကံရှင်က ငါ့တော့ အမှုတည်ဆောက်တဲ့အထဲ ဆွဲထဲ့မှာပဲ။ နောက်ဆုံး ဘယ်လိုမှ တရားခံမမိရင် ငါ့ကို ထုတ်ပြပြီး တရားခံ လုပ်မှာပဲ ဆုပြီး တနေရာရာကို ရှောင်နေရတော့မှာလို့ တွေးမိပါတယ်။ သူက မရှောင်ရင်တောင် မိသားစုဝင်တွေက ထိတ်လန့်ပြီး တနေရာကို ပို့ထားမှာ သေချာပါတယ်။ ဒါက ဘာကို ပြနေသလဲဆိုတော့ တရားဥပဒေစိုးမိုးမှု မရှိ၊ ထင်တိုင်းလုပ်တတ်တဲ့ မြန်မာပြည်ရဲ့ အုပ်ချူပ်ရေးအဖွဲ့ကို ပြည်သူတွေက ယုံကြည်မှု မရှိတာရယ်၊ ရွံ့ရှာထိတ်လန့်တာရယ်တွေကြောင့်ပဲ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်ဆိုတာ ကိုယ့်ဘာသာ အန္တရာယ်ကင်းအောင် နေနေကြရတာ နှစ်ပေါင်း (၆၀)ကျော်ပါပြီ။ အစိုးရနဲ့ကင်းလေ ရဲတို့၊ စစ်တပ်တို့နဲ့ မပတ်သက်ရလေ အန္တရာယ်ကင်းလေလို့ ယူဆပြီး နေနေကြတာ အကျင့်လို့တောင် ဖြစ်နေတာပါ။ ထိုင်းလူမျိုးတွေကတော့ ဒီမိုကရေစီဆန်တဲ့ အုပ်ချူပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ယန္တယားအောက်မှာ အပြစ်မရှိက ထုချေ ရှင်းပြနိုင်ခွင့် ရရှိနေတာ ကံကောင်းခြင်းတခုပါပဲ။ တရားခံကို မမိသေးပေမယ့် ယူဆထားသူတွေက ရဲတပ်ဖွဲ့ကို ယုံယုံကြည်ကြည်နဲ့ လာရောက် ထွက်ဆို ရှင်းလင်းတဲ့အတွက် ဝေဝါးဖို့ မလိုပဲ တခြား အဓိက လုပ်ရမယ့် အလုပ်ဖက်ကို အားစိုက် လုပ်ကိုင်နိုင်တဲ့အတွက် အထောက်အပံ့လည်း ဖြစ်တာပါပဲ။
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဩဂုတ်လ (၂၅) ရက်နေ့က ကျင်းပပြုလုပ်တဲ့ MPF And EU Closing Ceremony ပွဲသို့ လူထုခေါင်းဆောင် အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရော က်ခဲ့ပြီး မိန့် ခွန်းပြောကြားရာမှာ
" ရဲတပ်ဖွဲ့က ရဲဝတ်စုံကို ၀တ်ဆင်ထားတဲ့ ရဲတစ်ယောက်ကိုမြင်တာနဲ့ ပြည်သူစိတ်မှာ ဒါငါတို့ ရဲ့အားကိုးစရာဆိုတဲ့ စိတ်ဖြစ်ပေါ်လာဘို့နဲ့ ကလေးလေးက အစ့ ရဲကြီးမြင်လို့ရှိရင် သြော် “ ငါတို့လုံခြုံပြီ၊ စိတ်ချရပြီဆိုတဲ့ စိတ်ကို ကလေးလေးကနေအစ ဟိုးလူကြီးပိုင်းအထိ အားလုံးဖြစ်စေချင်တယ် ဒီလိုရဲတပ်ဖွဲ့မျိုးဖြစ်လာဖို။ ဒီ ရဲတွေရှိတာ ငါတို့ လုံခြုံရေးအတွက်၊ ငါတို့ကို ဖိနှိပ်ဖို့ မဟုတ်ဘူး၊ ငါတို့ကို ကူညီပေးဖို့ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ကျမတို့ရဲ့ပြည်သူ့ရဲတပ်ဖွဲ့တွေကို ကျမတို့ ပြည်သူတွေက မြင်နိုင်ပြီဆိုရင် ကျမတို့ရဲ့ ကြိုးစားမှုတွေ၊ အခုလုပ်နေတာဟာ အောင်မြင်လာပြီလို့ ပြောနိုင်မှာဖြစ်ပါတယ်။”လိုပြောကြားခဲ့ပါသေးတယ်။
ဘန်ကောက် ပေါက်ကွဲမှု ဖြစ်စဉ် သတင်းတွေကို နားထောင်ရင်း ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက် ထုတ်ပြန်ချက်တွေကို ကြည့်ရင်း ဒီမိုကရေစီ ကျင့်သားရနေတဲ့ အုပ်ချူပ်ရေး အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို( ဒါတောင် လတ်တလောအခြေအနေက ထိုင်းစစ်တပ်က အုပ်ချူပ်နေတဲ့ အချိန်ပါ) တွေ့ရှိပြီး အပြစ်မဲ့သူတွေကို အပြစ်ရောက်အောင် အမှုတည်ဆောက်တာမျိုး၊ နာမည်ခံရအောင် လူရှာတာတွေ မတွေ့ရတဲ့ အတွက် မြန်မာပြည်မှာလည်း အဲဒီလို လူထုက အားကိုးပြီး ယုံကြည်ရတဲ့ အုပ်ချူပ်ရေးအဖွဲ့တွေ၊ ဒီမိုကရေစီကျင့်သားရပြီး ပြည်သူတွေ ယုံကြည်အားထားရမယ့် ၊ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးမယ့် ၊ ပြည်သူ့ဖက်ကရပ်တည်မယ့် စနစ်ကောင်းတွေ ပေါ်ပေါက်လာစေလိုတဲ့ ဆန္ဒဖြစ်ပေါ်လာမိပါတယ်။
ခိုင်ခိုင်စောလွင်