နေပြည်တော် ဇေယျာသီရိမြို့နယ် ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မဲတစ်ပြားဟာ အင်မတန်တန်ဘိုးရှိတဲ့ အကြောင်း အခုလို ပြောတာ နားထောင်ရပါသည်။
မြန်မာပြည်က ပြန်လာသည့်
သတင်းထောက်တစ်ယောက်က မြန်မာပြည်သူတွေ နေထိုင်ကြရတာ လွန်ခဲ့တဲ့ ငါးနှစ်ကထက်
အများကြီးဆိုးနေတယ်၊ ဒါပေမယ့် မြန်မာပြည်သူတွေကြည့်ရတာ
မျှော်လင့်ချက်တစ်ခုခု အတွက် ရုန်းကန်နေကြတဲ့ပုံ ပေါ်တယ်လို့ သူ့အမြင်ကို
ပြောပြသည်။ မြန်မာပြည်သူလူထုက ဆင်းရဲပေမယ့် မျှော်လင့်ချက်တခုခုရှိလို့
အားတက်နေပုံပဲ လို့ ဆိုသည်။ အလားတူပါပဲ၊ မိတ်ဆွေ တစ်ယောက်က လာအို နိုင်ငံက
ပြန်လာပြီး ကျမတို့နဲ့အတူတူ လွန်ခဲ့တဲ့ ငါးနှစ်က ရောက်ခဲ့တုန်းကအတိုင်း
ဘာမှ မပြောင်းလဲဟု ဆိုလေသည်။ လာအိုကလူတွေ သနားပါတယ်၊ သူတို့ကြည့်ရတာ
ဘာမှလည်း မျှော်လင့်ချက်မရှိပဲ နေနေကြသလိုပဲ လို့ ထပ်ပြောသည်။
လွန်ခဲ့သည့် ငါးနှစ်က လာအိုနိုင်ငံသို့ ရောက်စဉ် လာအိုလူမျိုးတွေ
အရပ်အခေါ် လော တွေကို ကြည့်ရတာ မျှော်လင့်ချက်မရှိပဲ စားဖို့ နေဖို့
အလုပ်လုပ်နေသည့် ပုံစံသာ တွေ့ရသည်။ လောတွေလည်း ဆင်းရဲကြသည်။
ငွေကြေးဖောင်းပွမှုက အံ့မခန်း၊ ထိုစဉ်က ထိုင်း တစ်ဘတ် မြန်မာငွေ
၃၀ကျပ်ရှိသည့် အချိန် ထိုင်းတစ်ဘတ်ကို လာအိုကစ်ပ်က( Kip) ၁၈၀Kips ၊
ရေသန့်ဘူးတစ်ဘူး ဝယ်ရာ နှစ်ထောင်တန် တစ်ရွက်ပေးရာ မဟုတ်သေး လိုသေးသည်တဲ့
နောက်ထပ် ငါးရာတန်ထပ်ပေးရာလည်း လိုပြန်သည်၊ ရေသန့်ဘူးတစ်ဘူး
သုံးထောင်ဝန်းကျင်ပေးရသည်။
အကြောင်းကြောင့် တည်းသည့် ဟိုတယ်မှာ တစ်ပတ်ခန့် သောင်တင်နေရာမှ
မန်နေဂျာနှင့် စကားစမြည်ပြောကြရင်း မန်နေဂျာလခ သိရရာ အံဩကြသည်။ အဲဒီအချိန်
ထိုင်းမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ တစ်လကို ဘတ်
ခြောက်ထောင်၊ အနည်းဆုံးပင် ဘတ်(၄၅၀၀) ရကြသည့်အချိန်၊ လာအိုက
ဟိုတယ်မန်နေဂျာက ဘတ်ငါးထောင်တဲ့၊ လာအိုလူမျိုး တွေရဲ့ ရည်မှန်းချက်က
ထိုင်းမှာ အလုပ်ကောင်းကောင်း ရချင်တာဖြစ်သတဲ့။ လာအိုမှာ ထိုင်းစကားပြောလို့
ရသည်။ စကားက မကွာ၊ ငွေကြေးမှာလည်း ဘတ်ငွေကို တရားဝင်သုံးကြသည်။ ဘတ်ငွေပေးက
သဘောကျသည်။ ဧည့်သည်တွေကလည်း လာအိုငွေကို မကိုင်ချင်ကြဆိုတော့ အတော်ပဲ
ဖြစ်သည်။ လာအိုငွေက ဘတ်တစ်ရာဖျက်လိုက်လျင် သောင်းနှင့်ချီပြီး ရရာ
ရေတွက်ရတာ များလှ၍ မကိုင်ချင်ပါ။ လာအိုတွေ ဆင်းရဲသည်။ သို့သော်
သူများပစ္စည်း မခိုးကြ၊ ဥပဒေက သူခိုးဆိုလျင် အပြစ်ကြီးသည်။ ယခင်ကတော့
သေဒဏ်အထိပေးသည်ဟု ကြားဖူးသည်။
ယခင်က သင်္ဘောသီးထောင်းရောင်းသည့် အမျိုးသမီးကြီးလည်း ဟော်တယ်နဲ့ကပ်ရက်မှာ
အဲဒီလိုပဲ ရောင်းတုန်း၊ ဟိုတယ်မန်နေဂျာကလည်း ဒီလူပဲ၊ တွေ့ရမြင်ရတဲ့
လူတွေဟာ ဒီအတိုင်းပဲလို့ မိတ်တွေက ဆိုသည်။ ယခင်က ထိုင်းမှာ
သန့်ရှင်းရေးပဲ လုပ်ရလုပ်ရ ၊ အလုပ်ရှိရင် ပြောပါလို့ သူ့ဖုန်းနံပါတ်လေး
စာရွက်နှင့်ရေးကာ အသာကပ်ပြီး လာပေးတဲ့ ဟိုတယ်က အခန့်သန့်ရှင်းရေး အမျို
းသမီးကလေးကို သတိရသွားသည်။ အဲဒီဟိုတယ်မှာ တစ်လ ဘတ်(၁၅၀၀)ပဲ ရသည်တဲ့၊
ကြားရသည့် လူတိုင်း မျက်လုံးပြူးကာ နဲလိုက်တာဟု ဆိုကြသည်။ အဆိုပါ
မိန်းကလေးရဲ့ ရည်မှန်းချက်က ထိုင်းကို သွားပြီး အလုပ်လုပ်နိုင်ဖို့ပဲ လို့
ဆိုလေသည်။
သူတို့နှင့် ယှဉ်သော် မြန်မာပြည်လူထုမှာ မျှော်လင့်ချက်တွေများစွာရှိသည်ထိုင်းစစ်တပ်က အာဏာမသိမ်းပါဘူးလို့ ဆိုခဲ့ပေမယ့် ယင်လတ်နဲ့ အတိုက်အခံတို့အကြား ပဋ္ဋိပက္ခတွေကြောင့် အာဏာသိမ်းခဲ့သည်။ သို့သော် ပြည်သူတွေက စစ်တပ်အုပ်ချုပ်တာကိုလည်း မနှစ်သက်၊ ထိုင်းပြည်သူတွေနှင့် မြန်မာပြည်သူတွေကြား လတ်တလော ယှဉ်ကြည့်လိုက်ပါက မြန်မာပြည်သူတွေကပင် မျှော်လင့်ချက်သာသည်။ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိနေသည်။ ဒီနေရာမှာ ထိုင်းမှာလည်း ဒီမိုကရေစီသာဆိုတာ စစ်တပ်က အာဏာသိမ်းတာပဲ ဆိုက မတူပါ။ ထိုင်းစစ်တပ်က အုပ်ချူပ်ရေးကို ယူထားပြီး အခြား ပညာရေး၊ ကျန်းမာရေး လူမှုအဖွဲ့အစည်း၊ အရပ်ဖက် အဖွဲ့အစည်းတွေမှာ ပါဝင်စွက်ဖက်ခြင်း မရှိချေ။ စစ်ဗိုလ်တွေ၊ ဗိုလ်ချူပ်တွေ ဗိုလ်မှုးတွေ က ဌာနဆိုင်ရာတွေမှာ မိုးကျရွှေကိုယ်လုပ်ပြီး ရာထူးဝင်ယူတာမျိုးမလုပ်ပေ။ အစိုးရဌာန လုပ်ငန်းခွင်တွေမှာ သက်ဆိုင်ရာ ပညာရှင်နှင့် ကျွမ်းကျင်သူတွေက လုပ်မြဲ နေမြဲ အတိုင်း မိမိတာဝန် မိမိထမ်းဆောင်နေယုံသာပင်။ စစ်တပ်အာဏာသိမ်း၍ ရာထူးက ဖယ်ရှားခံရသည့် အစိုးရအမှုထမ်း မရှိပါ။ ဒါ့ကြောင့် ထိုင်းလူမျိုးတစ်ချို့က စစ်တပ်အာဏာသိမ်းထားတာ တခါတလေ မေ့တောင်မေ့နေပြီး သတိပင် မထားမိဟုဆိုလေသည်။ သို့သော် သူတို့လည်း ရွေးကောက်ပွဲကျင်းပပေးမည့် အချိန်ကို မျှော်လင့်တာပဲ ဖြစ်သည်။
ယခင်က ထိုင်းနိုင်ငံရွေးကောက်ပွဲတွေမှ
ထိုင်းလူမျိုးတွေက နေထိုင်ရာ အိမ်၊ ရပ်ကွက်မှာ ဆူဆူပူပူ နေသည့် အကျင့်မရှိ၊ သီချင်းတွေ အကျယ်ကြီးဖွင့်တာမျိုး၊ အကျယ်ကြီး အော်ဆိုတာမျိုးတွေ မရှိ၊ ဒါမျိုး လုပ်ချင်ပါက လုပ်လို့ရသည့် ကာရာအိုကေတို့ ကလပ်တို့ သွားကြသည်။ ရပ်ကွက်ထဲမှာတော့ ညနေ နေဝင်မိုးချူပ်သည်နှင့် ကိုယ့်အိမ်ထဲမှာ ရုပ်မြင်သံကြားက ဇာတ်လမ်းတွဲတွေ ထိုင်ကြည့်ရင်း၊ လုပ်စရာရှိတာလုပ်ရင်း နေကြသည်။ လမ်းမပေါ်မှာ ဟေးလေးဝါးလေး ထိုင်နေသူမရှိ၊ အလကားနေရင်း လမ်းသလားနေသူမရှိ၊ ဆူသည့်အရပ်က သူ့နေရာနှင့်သူ ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေ နေရာဖြစ်ပြီး လူနေအရပ်သည် တိတ်တိတ်ဆိတ်ဆိတ်၊ ထိုသို့ တိတ်ဆိတ်သော လူနေအိမ်တွေမှာ ရွေးကောက်ပွဲကာလဆိုပါက ညသန်းခေါင် ခွေးတွေ အဆက်မပြတ်ဟောင်ကြသည်တဲ့။ ဒါဆိုသေချာပြီ ၊ နေ့လည်မှာ မဲဆွယ်ပြီး ညမှာ မဲဝယ်ကြတာလို့ ဆိုလေသည်။ သို့သော်လည်း ရွေးကောက်ပွဲ ရလဒ်ထွက်လာပါက ပြည်သူတွေအကျိုးကို ရှေ့ရှုပြီး ပြည်သူအများစု သဘောကျထောက်ခံသည့် ပါတီက အနိုင်ရစမြဲလို့ ဆိုလေသည်။
မြန်မာတွေ အတုယူစရာလို့ ထင်မိပါသည်။ ဒါ့ကြောင့် ပေးနိုင်တဲ့သူတွေက လာပေးရင် ပြည်သူတွေက ပေးတာယူ၊ ကြွေးတာစားပြီး ပြည်သူအတွက် အမှန်တကယ်ပြောင်းလဲပေးမည့်၊ ပြည့်ဘဝလုံခြုံဖို့အတွက် အာမခံနိုင်မည့် ပါတီကိုသာ မဲထဲ့မှ အနာဂတ်ကောင်းလာမည်။ မိမိရဲ့ တန်ဘိုးရှိတဲ့ မဲပြားကို ရောင်းစားလိုက်ရင်တော့ အနာဂတ်တွေ ပျောက်ကွယ်သွားပါလိမ့်မည်။ မဲပေးပိုင်ခွင့် ရှိသည့် ပြည်သူတစ်ဦးချင်းရဲ့ လက်ထဲမှာ ရှိသည့် မဲတစ်ပြားသည် မိမိနှင့် မိမိ မိသားစု၊ ထိုမှတဆင့် မိမိနိုင်ငံ အနာဂတ်ပင်ဖြစ်သည်၊ ထိုမဲတစ်ပြားသည် ပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲသွားစေနိုင်သည်အထိ အဖိုးထိုက်သည်။ သို့ဖြစ်၍ တိုင်းပြည်အတွက် အရေးကြီးသည့် အချိန်မှာ မဲတစ်ပြားကို တန်ဘိုးရှိရှိ အသုံးပြုနိုင်ကြစေချင်ပါသည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment