သမ္မတရုပ်ရှင်ရုံအနီးရှိ ခုံးကျော်တံတားဘေးမှာ အမျိုးသမီးတစ်ဦးကိုသတ်ပြီး အ လောင်းပစ်သွားသည့် တရားခံသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းတွေမှာ ဖတ်ရပြီး ဖမ်းမိတဲ့ တရားခံတွေအထဲ အရွယ်မရောက်သေးသည့် ကလေး နှစ်ယောက်ပါနေတာ ဖတ်ရသည်။ အသက်(၁၆)နှစ်အရွယ် နှစ်ယောက်နှင့် အသက်နှစ်ဆယ် လူငယ်တစ်ဦးတို့က ပြစ်မှုကို ကျူးလွန်ကြခြင်းဖြစ်သည်တဲ့။ သေဆုံသူမိန်းကလေးက သူတို့ဆီက ချေးယူထားတဲ့ ငွေသုံးသောင်းဝန်းကျင်ကို ပြန်မပေးတဲ့အတွက် ယခုလို အမှုကို ကျူးလွန်လိုက်ကြတာဖြစ်သည်။ ကြားရတာ ကြောက်စရာ အံ့ဩစရာ ထိန့်လန့်စရာ ကောင်းလှသည်။
ငွေသုံးသောင်းဆိုသည်မှာ ဆင်းရဲလှသူတွေအဖို့ မနည်းရှာဖွေ ထားရတာမှန်ပေမယ့် ဒီလောက်အထိ လက်ရဲဇက်ရဲ လုပ်ရဲတာတော့ စိုးရိမ်ထိတ်လန့်ဖွယ်ရာပင်။ ချမ်းသာသူတွေအဖို့ အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်စာပင် မရှိသော်ငြား စက်ရုံအလုပ်ရုံ ဝန်ထမ်းလေးတွေအဖို့ တစ်လစာဝင်ငွေနီးပါးရှိမည်ထင်သည်။ ဆင်းရဲချမ်းသာ ကွာခြားလှသည့် မြန်မာပြည်ရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်တစ်ခုပင်။
တကယ်ဆိုလျင် အသက်(၁၆)နှစ်ဆိုတာ အရွယ်မရောက်သေးသည့် အရွယ်၊ မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေရမယ့်အရွယ်၊ မိဘဆရာသမားတို့ရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ပညာသင်ကြားနေရမယ့် အရွယ်၊ သို့သော် မြန်မာပြည်မှာက ဆင်းရဲမွဲတေမှုတွေပြဿသာနာတွေကြောင့် မိဘတွေမှာ အသက်(၁၀)နှစ်ခန့် ရောက်သည့် ကလေးတွေကို လက်ဘက်ရည်ဆိုင် စားပွဲထိုးကစလို့ ဈေးရောင်း ပန်းရောင်း မုန့်ရောင်း ခိုင်းနေကြရသည်။ ကလေးတွေ ပညာသင်ဖို့ မစဉ်းစားနိုင် မငတ်အောင် မိသားစု အလျင်မီ စားလို့ရအောင် တအိမ်လုံး ကလေးပါမကျန် ရှာဖွေ စားသောက်ကြရသည်။ ဒီလိုဘဝတွေ များစွာထဲက ကလေးတွေသည် ဆိုဆုံးမမှု တိုင်းထွာ ချင့်ချိန်တတ်မှု၊ ကောင်းတာ မကောင်းတာ လုပ်သင့်မလုပ်သင့်တာ အကောင်းနဲ့အဆိုးကို ခွဲခြားစိတ်ဖြာနိုင်သည့် အသိဉာဏ်တွေ နည်းပါး ချို့တဲ့ကုန်တာပဲ ဖြစ်မည်။
အသက်ငယ်ရွယ်သည့် လူငယ်တွေ၊ လေလွင့်နေသည့် လူငယ်တွေ၊ ပြစ်မှုကို အလွယ်တကူ ကျူးလွန်နေကြသည့် လူငယ်တွေ တွေ့ရှိကြားသိရာက လေလွင့်တိုင်းပြည် ဆိုပြီး စာရေးသူ ရေးသားခဲ့ဖူးပါသည်။ အနာဂတ်တိုင်းပြည်သည် စီးပွားရေးချွတ်ခြုံကျ၍ ဆင်းရဲမွဲတေယုံမက လူတွေပါ ပညာသင်ကြားမှု မရှိကြရင်ဖြင့် တိုင်းပြည်တစ်ခုလုံး ဒီလိုလူတွေချည်း များပြားလာလျင်ဆိုကာ စိတ်ပူပန်စွာ ရေးသားခဲ့ပါသည်။
အသက်(၁၆)နှစ်အရွယ် ကလေးတွေက မုဒိန်းမှုနှင့် လူသတ်မှုကို လွယ်လွယ်ကူကူ ကျူးလွန်သည်ဟု သိရသောအခါ စာရေးသူ စိတ်ထဲမှာ ယနေ့တိုင် မှတ်မှတ်ရရ ရှိနေသည့် အဖြစ်အပျက် တစ်ခုကို သတိရမိလေသည်။
လွန်ခဲ့သည့် ( ၁၅နှစ်) ၂၀၀၀ခုနှစ်ဝန်းကျင်ခန့်က စာရေးသူနေထိုင်ရာ ဟံသာဝတီလမ်းမှ ကြည့်မြင်တိုင် ညဈေးဘက်ကို အသွား စလင်းကွင်းရှိရာဘက်ကို လမ်းလျှောက်လာစဉ် ဆိုင်တစ်ဆိုင်ရှေ့မှာ လူတချို့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေ၍ လမ်းရဲ့ တဖက်က အသာအကဲခတ်ကြည့်မိလေသည်။ အသက် ၃၀ကနေ ၄၀ ဝန်းကျင်ခန့်၇ှိမည့် ယောင်္ကျားကြီးတွေက အသက်(၁၀)နှစ်ခန့် ရှိသည့် ယောင်္ကျားလေး တစ်ယောက်ကို ဂုတ်ကနေဆွဲသည့်လူကဆွဲ၊ လက်ကို ဖမ်းကိုင်သည့်သူက ကိုင်ဖြင့် ချူပ်ထားကြလေသည်။ သူခိုးမိတာ လို့ သိရသည်။ စာရေးသူစိတ်ထဲ ထိုကလေးကို ကြည့်ပြီး ဖြစ်နိုင်ပါ့မလား၊ ဒီအရွယ်က ခိုးစရာလား၊ သူ့မိဘသိရင် သူ့ကလေးကို သူခိုးစွပ်စွဲခံရလို့ ဘယ့်လောက် ရင်ထုမနာ ဖြစ်လိုက်မလဲ တွေးရင်း အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ အတူပါသည့် သူငယ်ချင်းက သွားရအောင်ဆိုတာကို တရားခံ အစစ်ဟုတ်မဟုတ် စောင့်ကြည့်ရအောင်၊ စွပ်စွဲခံရတယ်ဆိုရင် သူ့မိဘ ဘယ်မှာနေတယ် မေးစမ်းပြီး ပြန်ပို့ပေးဖို့ပြောရမယ်၊ လူတွေက ဆင်းရဲတဲ့သူဆို သူခိုးချည်းထင်နေတာ လို့ ပြောလိုက်မိသည်။ သူငယ်ချင်းဖြစ်သူက ကောင်လေးပုံကို ကြည့်အုန်းလေ စုပ်ပြတ်သတ်နေတာ ဟုတ်မှာပေါ့ လို့ ပြောနေသေးသည်။
" ရဲခေါ်ထားတယ်၊ လာနေပြီ မလွတ်စေနဲ့" လို့ ဖမ်းထားတဲ့ လူကြီးတွေက ရုန်းနေသည့် ကောင်လေးကို တိုးလို့ ချုပ်ကိုင်ရင်း ညာသံပေးနေကြလေသည်။ ရဲအလာကို သိပ်မစောင့်လိုက်ရ၊ ဟံသာဝတီကုန်း အကွေ့နားက စည်ပင်ရဲက လာတာဖြစ်သည်။ ချက်ချင်းဆိုသလို ဆိုင်ကယ်နဲ့ ရောက်လာပြီး ကောင်လေးကို မြင်သည်နှင့် တပြိုင်နက်ထဲ ဆိုသလို ဇက်ပိုးကို လှမ်းအုပ်ပြီး " အော် ဟော် ဘယ်သူများလဲလို့ မင်းကိုး တော်တော် အလုပ်ပေးတဲ့ အကောင်တွေ တက်" ဆိုကာ ဆိုင်ကယ်ပေါ် တက်ခိုင်းရာ ထိုကလေးက သူ့ဦးလေး ဘကြီး ဆွေမျိုးသားချင်းက လာပြန်ခေါ်သလို ဆွေ့ကနဲ တက်လိုက်သွားလေတော့သည်။
စာရေးသူ စိတ်ထဲမှာ နင်တင်တင် ဖြစ်သွားခဲ့ရသည်။ ဒီလိုအရွယ်လေးမှာ ရဲမကြောက် ဂတ်မကြောက် အချုပ်စခန်းမကြောက် ရပ်တည်နေရ ရှာဖွေ စားသောက်နေရတာကို ရင်နာနာဖြစ်သွားရသည်၊ ဒီကောင်လေးက အခုမှ (၁၀)နှစ်ခန့်၊ ၊ ပြန်လွတ်လာလည်း ဒီလိုပဲ လုပ်စား ထောင်ကျနဲ့ သူ့ဘဝ ရှေ့လူလုပ် လူအဖြစ်ရပ်တည်ရမယ့် ကာလတွေမှာ ပိုဆိုးလာသည့် ပိုပြီးအမှောင်နက်လာမည့် အရေးတွေးကာ " ဘယ်လို လုပ်ကြမလဲ" လို့ ရေရွတ်မိလေသည်။
ညဈေးမှာ ဈေးဝယ်ပြီး ပြန်လာတော့ ဟံသာဝတီဘူတာကနေ အိမ်ဘက်ကို ဖြတ်အကူး ရထားလာ၍ စောင့်နေစဉ်မှာ စောစောက တွေခဲ့တဲ့ ကလေးအရွယ် ယောင်္ကျားလေး မိန်းကလေး ပေတူးညစ်ထပ်ထပ် အဝတ်အစားတွေနဲ့ ရထားဆီ ပြေးတက်ကြသည်။ ရထားက ဘူတာကိုဝင်လာပြီး မရပ်သေးခင်မှာ တက်သည့်သူကတက်၊ ရထားထွက်သွားတော့မှ တမင်ခိုစီးချင်လို့ ပြေးပြီးလိုက်တက်ကာ တဟေးဟေး တဟားဟား အော်ကာ ပါသွားကြလေသည်။
သူတို့ဘယ်ကို ပြန်ကြပါလိမ့်၊ သူတို့ရဲ့ မိဘတွေကရော ဘယ်မှာပါလဲ
ထိုအဖြစ်အပျက်တွေကို အခွင့်အခါကြုံတိုင်း သတိရနေတတ်သည်။ ထိုကလေးတွေသည် ယခုဆိုပါက အသက်(၂၀) စွန်းစွန်း အရွယ်တွေ ဖြစ်ကုန်ကြရောပေါို့ တွေးမိသည်။
ထိုကလေးတွေသည် မိဘမဲ့တွေလား၊ ဒါဖြင့် မိဘမဲ့ဂေဟာတွေ၊ လူမှုဝန်ထမ်း စောင့်ရှောက်ရေးဌာနတွေ၊ လူငယ်ပြုပြင်ထိန်းသမ်းရေးစခန်းတွေက ဘယ်သို့ ဘယ်ပုံ အလုပ်လုပ်ကြသည် မသိ၊ လမ်းပေါ်မှာ လေလွင့်နေသည့် ကလေးတွေ များစွာ ရှိနေလေသည်။ သိပ်မကြာသေးခင်ကာလက စည်ပင်က ဝန်ထမ်းတွေ လမ်းဘေးကလေးတွေ လိုက်ဖမ်းတာမှာ ဆော့ကစားနေသည့် ကလေးတစ်ယောက် ရောယောင်ကာ ပါသွားပြီး သူ့မိခင် ဖြစ်သူက လိုက်ရှာရသည်။ ကံကောင်းထောက်မစွာဖြင့် စည်ပင်ဝန်ထမ်း တစ်ယောက်က လမ်းညွှန်သဖြင့် ဟံသာဝတီစည်ပင်ရဲစခန်းမှာ ကလေးတွေ ဖမ်းထားတာ ရှိတယ်ဆိုတာ သိရပြီး ပြန်ခေါ်လာနိုင်ခဲ့လေသည်။ ထိုကလေးက အိမ်ကနေ အပြင်မှာ ဆော့နေသည့်ကလေး၊ သူတက်နေသည့် ကျောင်းနာမည်ပါ ပြောပြသေးသည်။ ကျောင်းသားတစ်ယောက်ဖြစ်လေသည်။
ထိုကလေးကို ကျောင်းသားမှန်းသိရက်နှင့် ဘာ့ကြောင့် ပြန်မလွှတ်ပေးသလဲ၊ ကလေးက နှစ်နှစ် သုံးနှစ် အရွယ် ကိုယ်နေတဲ့ နေရာကို မပြောတတ်မဆိုတတ်တဲ့ အရွယ်လည်းမဟုတ်ပြန်လို့ တွေးမိစဉ်မှာ အင်တာနက်ကနေ သတင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသည်။ အနည်းငယ် ကူးယူ ဖော်ပြလိုက်ပါသည်။
" “စည်ပင်က တောင်းစားနေတဲ့ကလေးတွေ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ အပါအ၀င် အခြေအနေမဲ့ ကလေးတွေကို ဖမ်းပြီးတော့ ဟံသာဝတီ မှတ်တိုင် အနီးက ယာယီလေလွင့်ကလေးထိန်းသိမ်းရေးစခန်းကို ပို့တယ်၊ အဲဒီစခန်းမှာ ကလေးရာဂဏန်းလောက်ဆံ့ပါတယ်၊ မဆံ့ရင်တွံတေးမြို့မှာရှိတဲ့ဌက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်း(ကလေးထောင်) ကို ပို့ပါတယ်၊ အဲဒီမှာ အုပ်ထိန်းသူ လာမရွေးတဲ့ အသက် ၁၃ နှစ် က ၁၇ နှစ် အရွယ် ယောက်ျားလေးတွေကို တပ်သားသစ် လိုနေတဲ့ စစ်တပ်ကို ရောင်းတာပါ”ဟု ၎င်း က ပြောပြသည်။
စစ်တပ်မှ တပ်ကြပ်ကြီးများလက်သို့ အပ်လိုက်သော တပ်သားသစ်တဦးလျှင် စည်ပင်ဝန်ထမ်းက ကျပ်သုံးသောင်း ရကြောင်း၊ ယင်းတပ်သားသစ် ကလေးများကို တပ်ကြပ်ကြီးများက စစ်တပ်သို့ တာဝန်ယူခေါ်ဆောင်သွားကြောင်း စမ်းချောင်း မြို့နယ် စည်ပင် ၀န်ထမ်းက ရှင်းပြသည်။
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးတွင် ပန်းရောင်းနေသော မိခင်တဦးက အသက် ၁၇ နှစ်ရှိ ၎င်း၏သားမှာ စစ်တပ်ထဲသို့ လိမ်ညာ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ပြောသည်။
“အခုနှစ် ဇူလိုင်လလောက်မှာ ကျမသား ပျောက်သွားပါတယ်။ သားပျောက်သွားတာကို သက်ဆိုင်ရာမှာတိုင်ပါတယ်။ ကျမ ကိုယ်တိုင်လည်းလက်လှမ်းမီသလောက် ရှာပါတယ်။ စားဝတ်နေရေးက တဘက်ဆိုတော့ တလလောက် ရှာပြီးတဲ့အချိန်မှာ ကျမလက်လျှော့လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ကျမသားဆီက အဆက်အသွယ်ပြန်ရတယ်။ သူ့ကို စည်ပင်ကလူတဦးက ဖမ်းသွားတာတဲ့၊ လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ထမင်းပုံမှန် စားရမယ်၊ အ၀တ်အစားတွေပေးမယ် ဆိုပြီး ခေါ်သွားတာတဲ့၊ နောက်မှ စစ်တပ်ဖြစ်နေတာသိရတယ်လို့ စာရေးပါတယ်”ဟု သူမက ရှင်းပြသည်။
ရေးသားထားသည့် လိပ်စာအရ မှော်ဘီမြို့နယ် ခြေမြန် တပ်ရင်း ---- တွင် ၎င်း၏သား ရှိနေကြောင်း သိရသည်ဟု သူမက ဆက်လက်ရှင်းပြသည်။
ရန်ကုန် လှိုင်မြို့နယ်မှ မိခင်တဦးကလည်း“သားက ကိုးတန်းကျောင်းသားပါ။ မေလတုန်းက သားရယ် သူ့သူငယ်ချင်း နှစ်ယောက်ရယ် မြို့ထဲမှာ လျှောက်လည်မယ်ဆိုပြီး ထွက်သွားတာ ပြန်ရောက်မလာဘူး။ ပျောက်သွားတယ်။ ကျမတို့လည်း ချက်ချင်းစုံစမ်း မှုတွေလုပ် တိုင်သင့်တဲ့နေရာ တိုင်ပြီး လိုက်စုံစမ်းတာ ထောက်ကြန့်က ခြေမြန် တပ်ရင်း တစ်ခုမှာရောက်နေ မှန်းသိရတယ်။ ကျမရယ် သားသူငယ်ချင်း မိဘတွေရယ် ထောက်ကြန့်ကိုလိုက်သွားပြီး ကလေးတယောက်ကို ကျပ်နှစ်သိန်း နဲ့ရွေးလိုက်ရတယ်”ဟု ပြောပြသည်။
သူတို့ ပြောပြသည့် အဖွဲ့အစည်းတွေက အစိုးရဌာနအဖွဲ့အစည်းတွေ ဖြစ်လေသည်။ အထက်အဆင့်ဆင့် တာဝန်ရှိသူများက မသိတာလား၊ လူ ဆိုတာ ရောင်းကုန်မဟုတ်၊ ပြည်သူ အထူးသဖြင့် ကလေးသူငယ် ဆိုတာ နိုင်ငံရဲ့ အနာဂတ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအတိုင်း ပြောရလျှင် တိုင်းသူပြည်သားဆိုတာ နိုင်ငံရဲ့တန်ဖိုးအရှိဆုံး သယံဇာတ။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment