အခုခေတ်မှာ 'ပါရာဒိုင်း အရွေ့' ဆိုတာကို
နိုင်ငံရေး အရွေ့၊ စီးပွားရေး အရွေ့ စသဖြင့် တွင်တွင်ကျယ်ကျယ် သုံးကြတာ
ဖတ်ရလေသည်။
ဤနေရာတွင် အရွေ့ ပါရာဒိုင်း (Paradigm) ဆိုသည့်စကားကို ရှာဖွေကြည့်ရာ
အဘိဓာန် များတွင် ‘‘စံ’’ ‘‘နမူနာ’’ ဟုဖွင့်ဆိုထားသော်လည်း အချို့က
ပါရာဒိုင်းကို အကူး အပြောင်း အရွေ့ ဟုဆိုကြသည်။ အရွေ့ ဆိုသော
အဓိပ္ဋာယ်ကိုယူလျှင် Paradigm shift ဟုအပြည့်အစုံပြောမှ မှန်မည်ဟုလည်း
မှတ်သားထားဖူးပါသည်။ သို့သော် ပါရာဒိုင်း ဆိုလျှင်ပင် အရွေ့ ဟု
သဘောပေါက်ကြလေသည်။
၂၀၁၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဆရာမောင်းဆက်က
ပါရာဒိုင်းအပြောင်းအလဲကို အောက်ပါအတိုင်း ဖွင့်ဆို ရေးသားတာ ဖတ်ခဲ့ရပါတယ်။
ပါ””ဓ “ “”” ပါရာဒိုင်း အပြောင်းအလဲ ဆိုတာ ပတ်ဝန်းကျင် အနေအထား၊
ခြုံလွှမ်းနေတဲ့ အာဝါသ၊ လူတွေရဲ့ ပြုမှု လှုပ်ရှားမှု၊ အနေအထိုင် အမူအကျင့်
စိတ်ခံစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်၊ မျှော်မှန်းချက်တွေ အားလုံး
အရင်ကနဲ့မတူ ပြောင်းလဲ လာတာကိုမှ ပါရာဒိုင်း အပြောင်းအလဲလို့ ပြောလို့
ရမှာပါ”
လောလောလတ်လတ် လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှု '
အရွေ့' တစ်ခုကို တွေရသည့် အတွက် ပါရာဒိုင်း ( အရွေ့) ကို
လိုက်ကြည့်နေမိလေသည်။ ထိုသူက ဖေ့စ်ဘွတ်မှာ ဓါတ်ပုံလေးတွေ တင်သည်။
သူ့ယောက္ခမရဲ့ မြေကွက်မှာ အိမ်ဆောက်ဖို့ လုပ်နေသည့် မြင်ကွင်းကို
ဓါတ်ပုံတွေမှ တစ်ဆင့် တွေ့နေရသည်။ မြင်နေရသည်။
ပတ်ဝန်းကျင်မှာ သွေ့ခြောက်လျှက်၊ အိမ်တွေက ကျိုးတို့ကျဲတဲ၊
နေရာကို မေးမြန်းကြည့်တော့ ပဲခူးမြစ်ကမ်းဘေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊
ယခင် စစ်အစိုးရလက်ထက် ချဲ့ထွင်ထားသည့် ဒဂုံမြို့သစ်( တောင်/ မြောက်) က
လူနေထူထပ်လာပြီး စည်ကားနေပြီ၊ ယခု ရပ်ကွက်ကလေးကတော့ နောက်ထပ်
ချဲ့ထွင်ထားတဲ့ မြေကွက်တွေပင်၊ မြို့သစ်ရဲ့ အစွန၊် မြစ်ကမ်းဘေး ရောက်လုလု၊
မြို့နယ်ကတော့ စောစောကပြောတဲ့ ဒဂုံမြို့သစ်ထဲမှာ အပါအဝင် ဖြစ်နေသည်။
ထို သူ့အကြောင်းကို သိနေ၍ တွေးနေမိသည်။
လင်မယားနှစ်ယောက်စလုံး ဘွဲ့ရ ပညာတတ်၊ မိန်းမက အထက်တန်းပြဆရာမ၊
ဝန်ထမ်းလုပ်သက်က အနှစ်(၂၀)ကျော်ပြီ။ အိမ်ငှားနေရင်း ရန်ကုန်ဆင်ခြေဖုန်းမှ
ရွေ့ ရွေ့ လာသည်မှာ မြစ်ဘေးသို့ ရောက်လေချေပြီ။ အိမ်ရှင်တို့ရဲ့
အပြောင်းအလဲ မူယာမာယာတွေကြားမှာ ရွေ့ရင်း ရွေ့ရင်း အိမ်ငှားဘဝကို
နိဂုံးချုပ်လို သဖြင့် ရှိသည့် မြေကွက်တွင် အိမ်ဆောက်ရန် စိုင်းပြင်းလေသည်။
ရေမရှိ၊ မီးမရှိပေမယ့် လောလောဆယ် နေဖို့ အရေးကြီးသဖြင့် အိမ်ကို
ပြီးစီးအောင် ဆောက်ဖို့ စိုင်းပြင်းနေကြရသည်။ ပတ်ဝန်းကျင်က
အိမ်ကျိုးတို့ကျဲတဲကလည်း ဒီလို ဝေးလံပြီး ဘာမှ မရှိသည့် အရပ်တွင်
အကြောင်းကြောင်းတွေကြောင့် လာနေကြတာ ဖြစ်နိုင်သည်။
ဘာ့ကြောင့် ဒီလို ပြောနိုင်သလဲ ဆိုတော့ ဒီပဲခူးမြစ်ကမ်းနံဘေးကို လွန်ခဲ့တဲ့
အနှစ်(၂၀)ကျော်၊ အတိအကျ ပြောရလျှင် ၁၉၈၉ခုနှစ်က အမှတ်မထင် ရောက်ရှိခဲ့ဖူး၍
ဖြစ်လေသည်။
စာရေးသူ ကျောင်းဆရာမ တာဝန်ကျသည့် ရွာက
သန်လျှင်မြို့နယ်( ဖားကူးရွာ)၊ အလုပ်ခန့်သည့် အမိန့်စာမှာ
သန်လျှင်မြို့နယ်ကရွာ ဆိုတော့ သန်လျှင်ကိုသွားသည့် သီတာသင်္ဘောကြီးကို
စိတ်ကူးဖြင့် စီးနေမိသည်။
တကယ်တော့ အဲဒီလိုမဟုတ်၊ သန်လျှင်မြို့နယ် ပညာရေးမှုးရုံးကို သွားရောက်
စုံစမ်းတော့မှ အဲဒီရွာက သန်လျှင်ဆိပ်ကမ်းကို ကျော်ဖြတ်ပီး မော်တော်ဖြင့်
နောက်ထပ် (၂)နာရီခန့် ဆက်သွားမှ ရောက်သည့် ပဲခူးမြစ်ကမ်းဘေးက ရွာကလေး
ဖြစ်နေသည်။
ထိုရွာနှင့် ရန်ကုန် သွားသည့် မော်တော်က တစ်စီးသာရှိသည်၊ တစ်နေ့တစ်ကြိမ်ပဲ
ထွက်သည်၊ အချိန်က ပုံမှန်မဟုတ်၊ ရေတက်ရေကျ အချိန်ကို တွက်ချက်ပြီး ထွက်ရာ
မော်တော်ထွက်ချိန်က နေ့အလိုက် အမျိုးမျိုး ပြောင်းသည်။
အမေက အညာသူပီပီ ရေတက်ရေကျ မတွက်တတ်၊ ဘယ်အချိန်ထွက်မယ်ဆိုတာ မသိ၊ နောက်
ရေလမ်းခရီးဖြစ်တဲ့အတွက် ဒီခရီးလမ်းကြောင်းကို စိတ်မဝင်စားပဲ
တစ်ခြားကုန်းလမ်းခရီး ရှိမရှိ ကုန်းလမ်းက သွားလို့ရမရ စုံစမ်းရာ လမ်းကြော
တစ်ခုကို သိလာလေသည်။
အမေ စီးနေကျ ဆိုက်ကားဆရာက
" ' ဖားကူးရွာ' ဆိုတာ သူနေတဲ့ သရက်ပင်ချောင်ရွာနဲ့ မျက်စောင်းထိုး
ဟိုဘက်ကမ်းကို လှေနဲ့(၁၀) မိနစ်လောက် လှော်ရင် ရောက်ပြီ"
ဆိုလေရာ ရေလမ်းခရီးကို (၃)နာရီ စီးရမည့်အစား ကုန်းလမ်းက ကားစီးပြီး မြစ်ကို
(၁၀) မိနစ်ပဲ ဖြတ်ရမည့် လမ်းကို ရွေးလိုက်လေသည်။
တကယ်တန်းကျတော့ ထင်သလောက် မလွယ်တာကို တွေ့ရလေသည်၊ ကြုံရလေသည်။
အိမ်ကနေ နံနက်စောစော (၆)နာရီ ထွက်ပြီး သင်္ကန်းကျွန်းဈေးရှေ့ကို
ဆိုက်ကားနှင့် သွားရလေသည်။ ဈေးရှေ့မှာ လေးထောင့်ကန်ကို သွားသည့် ကားကို
တက်စီးရသည်။
(ထိုစဉ်က ဒဂုံ( တောင်/မြောက်) မြို့သစ်တွေ မဖော်ရသေး၊ လမ်းတွေလည်း
မဖောက်ရသေး၊ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အချိန်) ၊
လေးထောင့်ကန် ရောက်သည့်အခါ ကားက ဂိတ်ဆုံးပြီ။ ကားပေါ်မှာက
သင်္ကန်းကျွန်းဈေးမှာ ရွာကထွက်တဲ့ စိုက်ခင်းက အသီးအရွက်တွေ ရောင်းပြီး
ပြန်ကြသူတွေ ချည်းပင်၊ စာရေးသူတို့လို ခရီးဆောင်အိတ်နဲ့ ခရီးသည် ပုံစံမျိုး
တစ်ယောက်မှ မရှိ၊ သူတို့ကလည်း ကွက်ကြည့် ကွက်ကြည့် ကြည့်ကြသည်။ ကားပေါ်က
ဆင်းတော့ တမျှော်တခေါ် လယ်ကွင်းတွေ ၊ ရွာတွေ ရှိမယ်လို့ မှန်းလို့ရတဲ့
သစ်ပင် အုပ်အုပ်တွေ တွေ့ရပြီး ဘယ်ဆက်သွားရမှန်းမသိ၊ ဆိုက်ကား ဆရာပြောသည့်
လေးထောင့်ကန်ရောက်ပြီး မြစ်ဟိုဘက် (၁၀)မိနစ် ဖြတ်လျှင် ရောက်ပြီ အပြောကို
သတိရပေမယ့် မြစ်ဆိုတာကို အရိပ်ပင် မမြင်ရ၊
မြစ်မပြောနှင့် ရေနှင့်တူတာ ဆိုလို့ နွားခြေရာခွက်တွေမှာတောင် ရေမရှိ၊
ပတ်ကြားအက်နေပြီ။ စာရေးသူက စိတ်ပျက်ပြီး မျက်နှာအမူအယာပျက်ကာ
အမေ့ကို ဒီကနေပဲ အိမ်ပြန်လိုက်ရင် ကောင်းမယ်ဆိုသည့် စကားကို အမေက လက်မခံ၊
အလုပ်အကိုင် ရှားပါးနေသည့်အချိန်၊ အမေဝါသနာပါသည့် အမေဖြစ်စေချင်သည့်
ကျောင်းဆရာမအလုပ်ကလဲ ဖြစ်နေ၊ ဆရာမတွေ ဝန်ထမ်းတွေကို လခတိုးထားသည့် လခ
အသစ်ကလည်း ယခင် အရာရှိလစာနှုန်းဆိုတော့ အမေက ဇွဲမလျှော့၊ ဟိုမေး ဒီမေးရာ
လူဆယ်ယောက်လောက် မေးမှ တစ်ယောက်က သိပြီ ဟု ဆိုလေသည်။
သူပြောတော့မှ တခြားသူတွေက အံ့ဩတကြီးနှင့် သူတို့ဒီနားက
ရွာမှာနေတာ၊ တခါမှ အဲဒီဘက် သွားလဲ မသွား ရောက်လည်း မရောက်ဖူးပါတဲ့၊
မြစ်ရှိတာတော့ သိတယ်တဲ့၊
ဒီတော့မှ တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြလေရာ နောက်ထပ် တစ်နာရီလောက်
လမ်းလျှောက်ရမည့် လက္ခဏာပင်၊ အိမ်ကနေ ထွက်လာရာ ကားက
လေးထောင့်ကန်ရောက်အောင်ပင် (၂)နာရီခန့် စီးလာခဲ့ရလေသည်။
စာရေးသူသည်ပင် ရန်ကုန်မြို့မှာ ဒီလို ရွာတွေ ရှိနေတာ ထိုအခါကျမှ သိရ
ကြုံရလေတော့သည်။
စာရေးသူတို့ သားအမိ ရွာသားတွေ ညွှန်ပြသည့် မြေလမ်း အတိုင်း
လျှောက်လာရာ လျှောက်ရင်းလျှောက်ရင်း မလျှောက်နိုင်တော့၊ လယ်ကွင်းတွေကို
ဖြတ်အပြီး နောက်ထပ် ရွာတစ်ရွာကို အဝင်မှာတော့ ' သရက်ပင်ချောင်' ရွာ
လိုသေးလား မေးလိုက်၊ ဆက်လျှောက်လိုက် လုပ်ရာက မလျှောက်နိုင်တော့ပဲ နားနေရာ
ရွာသားတစ်ယောက်က အကြံပေးလေသည်။ အိမ်တစ်အိမ်မှာ မြင်းလှည်း ရှိသည်။
ပိုက်ဆံတော့ တောင်းသလောက် ပေးရလိမ့်မယ် အပြောကို စကားဆုံးအောင်တောင်
မစောင့်နိုင်ပဲ သွားငှားခိုင်းရာ ရောက်လာလေသည်။
သူတို့က ' သရက်ပင်ချောင်ရွာ' ကို အလည်လာတာလား၊ အမျိုးတွေ ရှိလို့လား မေးမှ
ှ တကယ်တော့ သွားမှာက ' ဖားကူးရွာ' ပါ ဆိုပီး ဇာတ်စုံခင်းပြမှ
" အိုး... ဒါဆို သရက်ပင်ချောင်ကို မသွားတော့နဲ့ ဖားကူးဖက်ကို ရောက်မယ့်
ကမ်းနားအထိ ပို့ပေးမယ်" ဆိုပီး ပို့ပေးလေသည်။
မြက်ရိုင်းတွေကြားမှာ ဆက်သွားလို့ မရမှ စာရေးသူတို့ကို ဆင်းခိုင်းပြီး
တစ်လုံးထဲသာရှိတဲ့ တဲလေးဆီကို အော်ခေါ်ပေးရင်း ဟိုဘက်ကမ်း
သွားချင်တယ်ပြောတော့ ခေါင်းပဲ ငြိမ့်ပြပီး လှေဆိပ်ကို ခေါ်လာလေသည်။
မြင်းလှည်းဆရာက ရပြီနော် ပြောပြီး ပြန်လှည့်သွားပါပြီ။
နုန်းတွေ ရွှံ့တွေ နင်းပြီး မြက်ပင်တွေကြား လျှောက်ရင်းက စိုးရိမ်စိတ်တွေ
ဝင်လာလေသည်၊ အပေါ်ပိုင်းကိုယ်ဗလာ၊ အရောင်အဆင်းရယ် ပြောရအောင် ဘာအရောင်မှ
မထွက်တဲ့ ပုဆိုးတိုတိုမှာ ၇ွှံ့တွေကခဲလို့ မျက်နှာကလည်း ဘာခံစားချက်မှ
မပြတဲ့ လှေသမားကို ကြည့်ပြီး အမေလဲ စိုးရိမ်သလား မပြောတတ်၊
စာရေးသူတို့ သားအမိနှစ်ယောက်စလုံး ကျောင်းဆရာမတွေ ဖြစ်တဲ့ အကြောင်း၊ အမေက
သူက သင်္ကန်းကျွန်းက ကျောင်းအုပ်ဆရာမကြီး ဖြစ်တဲ့ အကြောင်း မမေးပဲ
လျှောက်ပြောနေတော့သည်။
သားသမီးရှိလား၊ ကျောင်းနေလား၊ စပါးစိုက်တာလား၊
ဟိုပြော ဒီပြော လျှောက်ပြောရာ လှေသမားက ရိပ်မိလားမသိ၊
“ သူ့ကို မစိုးရိမ်ပါနဲ့၊ သူက ကုတို့ပို့တဲ့သူ မဟုတ်၊ ဆရာမတွေ
ဟိုဘက်ကမ်းသွားချင်တယ် ပြောကတည်းက လမ်းမသိလို့ ဒီခရီးလမ်း ရောက်လာတယ်ဆိုတာ
သိလိုက်ပါတယ်၊ ဒါ့ကြောင့် ကူညီတာပါ”
ဆိုမှ ဟင်းချနိုင်လေသည်။
ဒါတောင် မြစ်လယ်ကို ဖြတ်အကူးမှာ လှေက သေးသေး၊ မြစ်ကကျယ်ကျယ်မှာ
ဟိုဘက်ကမ်းကို ရုတ်တရက် မမြင်ရတဲ့ အခိုက် ရောက်ပါ့မလား သွားဘီထင်ပါရဲ့
ဆိုပီး အိမ်မှာ ကျန်ခဲ့တဲ့ အဖေနဲ့မောင်နှမတစ်တွေကို သတိရမိကာ တခုခုဆို
အိမ်ကလူတွေ သိပါ့မလား တွေးမိသည်အထိပင်။
ရောက်ပြီ ရောက်ပြီ ဆိုကာ ရေကျနေသဖြင့် ရွာက ဆိပ်ခံတံတားအောက်မှာ ရပ်ပေးလေရာ
ရွှံ့နွံတွေနင်းရင်း တံတားကို တွယ်တက်ကာ ရောက်ပါလေပြီ၊
စုစုပေါင်း(၄)နာရီခန့် ကြာမြင့်လေသည်။
ရွာက လူတွေက မော်တော်မဆိုက်ပဲ ရောက်လာသည့် စာရေးသူတို့ သားအမိကို
ဘယ်လိုလာခဲ့ကြသလဲ တလမ်းလုံး အမေးခံခဲ့ရပြီး အံ့ဩတကြီး စုပ်တသပ်သပ်
ကြည့်ကြလေသည်။ သူတို့တောင် တစ်ခါမှ အဲလို မသွားကြပါတဲ့၊
ထိုခရီးသည် စာရေးသူဘဝမှာ မမေ့နိုင်သည့် ခရီးဖြစ်လေရာ
လေးထောင့်ကန်မှ ပဲခူးမြစ်ကမ်းဘေးသို့ အသွား ဖြတ်လျှောက်ခဲ့ရသည့် အနီးအနားက
ရွာနာမည်အားလုံးကို ဘဝတလျှောက် မှတ်မိနေလေသည်၊
ရန်ကုန်မြို့မှာ ဒီလိုရွာတွေ ရှိနေပြီး လူတွေလည်း နေနေကြသည်။ မီးမရှိ၊
ရေမရှိ၊ မြို့ပေါ်က ဆင်းရဲလှပါတယ် ဆိုသူတွေထက် နှိုင်းယှဉ်ပြီး ဒီလို လူတွေ
အသက်ရှင်အောင် ဘယ်လို စိတ်ထားတွေနဲ့ နေနေပါလိမ့်၊ ဘာတွေကိုများ ချက်ပြုတ်
စားကြပါလိမ့်၊ သူတို့သားသမီးတွေကို ကျောင်းရော ထားကြရဲ့လား၊
ရွာစဉ်တောက်လျှောက် ဘာကျောင်းမှ မတွေ့၊ လေးထောင့်ကန်အဝင်မှာတော့
မြေစိုက်တဲသာသာ မူလတန်းကျောင်းလေးတွေ (၃)ကျောင်းလောက် တွေ့ခဲ့သည့်အပြင်
အထက်တန်းကျောင်းလည်း တွေ့မိသည်။ ရွာကကလေးတွေ ကျောင်းသွားတက်နိုင်ရင်တောင်
တစ်နာရီသာသာ လမ်းလျှောက်ပြီး ဆယ်မိနစ်ခန့် ကားစီးရပေအုန်းမည်။
နောင်(၁၀) နှစ်လောက်အကြာ( ဒဂုံမြို့သစ်( တောင်/ မြောက်)
မှာ အစိုးရဝန်ထမ်းတွေ၊ အိမ်ဖျက်ခံရသူတွေကို မြေကွက်တွေချပေးပြီး
မြို့သစ်ဖော်ပြီးတဲ့နောက်ပိုင်း) မှာ ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုတာ
ကြားဖူးယုံမက ရောက်ဖူးလေရာ ဆင်ခြေဖုံးမြို့ကို ဖြတ်အပြီး လယ်ကွင်းတွေ
ကြားမှာ ငွားငွားစွင့်စွင့် တိုက်သစ်ကြီးတွေကို ဘွားကနည်း အံ့ဩဖွယ်ရာ
တွေ့ရလေသည်။ ပဲခူးမြစ်လမ်းဆိုတာ တွေ့လိုက်မှ ဒီအငွေ့အသက်ကို ရရှိခဲ့ဖူးတာ
မှတ်မိလေတော့သည်။
တစ်ချိန်က စာရေးသူတို့ ရွှံ့တွေကြား မြေနီလမ်းတွေပေါ် ဖြတ်လျှောက်ခဲ့ရသည့် '
သရက်ပင်ချောင်' နှင့် အနီးပတ်ဝန်းကျင်က ရွာတွေပင် ဒဂုံအရှေ့မြို့နယ်ဖြစ်ကာ
ကျောင်းဖွင့်ပွဲတွေ လမ်းဖွင့်ပွဲတွေလုပ်တာ ရုပ်မြင်သံကြား သတင်းမှာ
တွေ့ရလေသည်။
စောစောက ပြောသည့် ပါရာဒိုင်းအရွေ့က ရွာသူရွာသားတွေ
အကျိုးဖြစ်ထွန်းခဲ့လေသည်။ သို့သော် လယ်မြေတွေ အသိမ်းခံခဲ့ရသည်ကတော့
နောက်ဆက်တွဲ အရွေ့တစ်ခုလို့ ပြောရလေမည်လားမသိ၊
ပဲခူးမြစ်ကမ်းနဘေးက မြို့သစ်ကြီးမှာ ထီးထီးမားမားရှိနေသည့်
ထိုတိုက်တွေမှာ လူတွေ အတော်များများ နေနေကြပေပြီ။ ဆိုင်ခန်းတွေ၊ ဈေးတွေလဲ
ရန်ကုန်မြို့ထဲမှာလိုပင် လိုတာ အကုန်ရသည်။ ညဖက်ဆိုပါက လမ်းမကြီးတစ်လျှောက်
ပွဲဈေးကဲ့သို့ စည်ကားနေသည်။ ခေါက်ဆွဲကြော်ဆိုင်၊ ကြေးအိုးဆိုင်၊
ရှမ်းခေါက်ဆွဲဆိုင်၊ အသုပ်စုံ၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုးဆိုင်တွေမှာ
လူတွေ လူတွေ ပြည့်နေသည်။ လိုင်ကား၊ အောက်ဆိုဒ်ကား( အရပ်အခေါ်) ကားတွေမှာလဲ
လူတွေ အပြည့်၊ ရုံးတက် ရုံဆင်းဆို ပိုဆိုးသေးသည်။
စာရေးသူသည် ဒီလူတွေ ကြည့်ပြီး ဘယ်ကရောက်ကြသလဲ မကြာမကြာ တွေးမိသည်။ တွေးရာက
မေး၊ မေးရာက သိလာရသည်။ အိမ်ငှားခတွေ၊ အိမ်တန်ဖိုး မြေတန်ဖိုးတွေ
အဆမတန်တက်လာသည့်အခါ သက်သာသည့်နေရာကို ပြောင်းရွှေ့ကြရပြီ။
တတ်နိုင်သည့်ဖက်မှာ ဝယ်နေရသည်။ တဖြည်းဖြည်း အပြင်ကို ရွေ့လာကြသည်ဟု
မြင်မိသည်။ အစိုးရကတော့ မြို့ပြကျယ်ပြန့်လာသည်လို့ ယူဆနေသလားမပြောတတ်။ ဒါက
၂၀၀၀ခုနှစ်ပတ်ဝန်းကျင်က။
နောက်ထပ်(၁၀) နှစ် ထပ်စွန်းလိုက်သည့် အချိန်၊ ယနေ့ အချိန်မှာတော့
ထို ပဲခူးမြစ်နဘေးက တိုက်ခန်းတွေလည်း အငှားဈေး မသေးလှတော့၊ ထိုနေရာကိုပင်
မလှမ်းနိုင်သူတွေ များလာပြန်သည်။ ဟိုမှာဘက်မှာ မြစ်ပဲ ရှိတော့သည်။
စာရေးသူပြောခဲ့ဖူးသူ ဆိုပါက အိမ်လခတော့ ပေးနိုင်သေးသည်။ သူက ပုံမှန်ဝင်ငွေ
ရှိနေသေးလို့ တော်သေးသည်။ ဒါပေမယ့် အိမ်ရှင်တွေ၊ ပွဲစားတွေရဲ့ အပေါ်စီးက
လုပ်ရပ်တွေ ဖြစ်တဲ့ တူမကိုထားချင်လို့ပါ ဆိုတာမျိုး၊ လခထပ်တိုးပေးပါ
ဆိုတာမျိုး ကြာတော့ စိတ်ရှုပ်လာချေပြီ။ လူဆိုတာ စားဝတ်နေရေးဆိုတဲ့ အခြေခံမှာ
အတည်တကျ နေရေးကလည်း အရေးကြီးလေသည်။ အတည်တကျ နေရမှ စားဖို့ဝတ်ဖို့
ရှာရတာလည်း အဆင်ပြေလွယ်ကူပေလိမ့်မည်။
ထိုသူရဲ့ မိန်းမဆိုပါက လုပ်သက်ရင့် အထက်တန်းပြဆရာမ တစ်ဥိး၊
ဝန်ထမ်းတစ်ယောက်အနေနှင့် နိုင်ငံတော်အစိုးရက နှစ်ပေါင်း(၂၀)ကျော်မှာ
သူ့အတွက် နေစရာတောင် ဖြည့်မပေးနိုင်၊ သူတင်မက ပြည်သူလူထု နေရေးကို အစိုးရက
ဘာမှ လုပ်မပေးနိုင်ခဲ့၊ ဒါ့ကြောင့် မြန်မာပြည်သူလူထု အထူးသဖြင့်
မြို့နေလူတန်းစား ရာခိုင်နှုန်း အတော်တေိာများများ အိုးပိုင်အိမ်ပိုင်မရှိ၊
အတည်တကျမရှိ၊ ရွေ့ချင်တိုင်း ရွေ့နေရသည်။
ဆရာမောင်းဆက်ကတော့ ၂၀၁၀ရွေးကောက်ပွဲပြီးတဲ့အခါ
တိုင်းပြည်မှာ ဘာတွေ ဘယ်လို ပြောင်းလဲလာမလဲဆိုတာကို
နိုင်ငံရဲ့စီးပွားရေးအရွေ့ကို ပြည်သူလူထုရဲ့ လူနေမှုအရွေ့နှင့် ဆက်စပ်ကြည့်ပါက သိနိုင်သည်။ တစ်ချိန်က လူသူမနီး၊ တောကြီးမျက်မည်းကို လူတွေ ရွေ့သွားနေကြပြီ။ ဒါသည် ကောင်းသောရွေ့ခြင်းလား၊ ဆင်းရဲသောရွေ့ခြင်းလား၊ တိုးတက်သောရွေ့ခြင်းလား၊ ဆုတ်ယုတ်သော ရွေ့ခြင်းလား မှန်မှန်ကန်ကန် သိနိုင်ဖို့ တွေးတော ဆန်းစစ်ဖို့ လိုအပ်သလား အဖြေရှာရမည်ထင်သည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment