March 13, 2016

၁၄ရက် မတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၁၁)မှ " မျှော်လင့်လျက်ပါ"


မနေ့က ကာတွန်းတကွက် ဖတ်လိုက်ရသည်။ လူလေးယောက် မတ်တတ်ရပ်နေပြီး သူတို့ အရှေ့မှာ ပိန်ကပ်ပြီး အရိုးပေါ်အရေတင်နေသည့် လူတယောက် ကြမ်းပြင်မှာ လေးဘက်တွားသွားနေသည်။ ခေါင်းမှာလည်း ဘုတွေ ထွက်နေပြီး ပါးစပ်က ဟစိ ဟစိ ဖြစ်နေပြီ။ သူ့ကို စာတန်းထိုးတာက ထိုင်းရောက် မြန်အလုပ်သမား၊ ရပ်နေသည့် လူလေးယောက်ထဲက နှစ်ယောက်ရဲ့ လက်ထဲမှာ ဆူးတွေပါသည့် တင်းပုတ်လို လက်နက်ဖြင့် အဆိုပါ ထိုင်းရောက် အလုပ်သမားကို ရိုက်ပုတ်ထားဟန် ရေးဆွဲထားသည်။ ထိုလေးယောက်ကို စာတန်းတွေ ထိုးထားတာက passport ကြေး၊ work permit ကြေး၊ ရက်(၉၀) တုံးထုခ တဲ့၊ ကျန်တယောက်က "အဲဒီကောင် သွားနေတုန်းပဲ"လို့ ဆိုနေပြီး တယောက်က အခြေအနေကောင်းတယ်ဟုတ် တဲ့။
ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သည့် ကာတွန်းဖြစ်ပြီး ကောမန့်တခုက " ကိုယ့်တိုင်းပြည်မှာ ထမင်းနပ်မမှန်တော့လည်း ဒီလို ဒုက္ခတွေကြားက အသက်ဆက်ဖို့ ရသလောက် သွားနေရတာပဲလေ" တဲ့။ နောက် ကောမန့်တခုက " သူများတိုင်းပြည်မှာ လုပ်ရတော့ သူတို့လုပ်တော့လည်း ခံရတာပဲလေ ကိုယ့်နိုင်ငံထက်စာရင်တော့ အနေအထိုင် အကြပ်အတည်းတွေ ဖြေရှင်းလို့ ရသေးတယ်လေ" တဲ့
တကယ်တော့ ထိုင်းရောက်မြန်မာအလုပ်သမားတွေဘဝမှာ နောက်ပြန်လှည့်ကြည့်လို့ အားကိုးစရာ အစိုးရမရှိ၊ ကျောထောက်နောက်ခံ ကာကွယ်ပေးမည့်သူမရှိ၊ မိဘဆွေမျိုးမရှိသည့် တကောင်ကြွက် ဘဝတွေလို ဖြစ်နေရတာ နှစ်ပေါင်းကြာပါပြီ။ စစ်အစိုးရတက်လာသည်က စသည်ဟု ပြောရလျင် မမှားပေ။ ထိုင်းအစိုးရကလည်း ဒါကို သိပုံရသည်၊ နည်းမျိုးစုံဖြင့် မြန်မာအလုပ်သမားတွေဆီက ပြန်ညှစ်ယူသည်။ ရိုင်းရိုင်းပြောရလျင် ခိုင်းရတာနှင့် တန်အောင် ပြန်ယူချင်သည်။ အစိုးရက တရားဝင် ဥပဒေနည်းလမ်းတွေအရ ပြန်ယူသလို အခြား အုပ်ချူပ်ရေး အာဏာပိုင်အဖွဲ့တွေကလည်း မြန်မာအလုပ်သမားဆိုက အကြောင်းတခုမဟုတ်တခု ပြကာ ညှစ်ယူချင်ကြသည်။ မြန်မာအလုပ်သမားတွေလို့ ပြောလိုက်ပါက တချို့က လာအိုလည်း ရှိပါတယ်၊ ကမ္ဘောဒီးယားတွေလည်း ရှိပါသေးတယ်လို့ ပြန်ပြောကြသည်။ ထိုသူတွေက ဘာသာစကားတူတာကြောင့် မြန်မာတွေလောက် မခံရဟုထင်သည်။ နောက်တခု မြန်မာအလုပ်သမားဦးရေက လာအို၊ ကမ္ဘောဒီးယားထက် အဆများစွာ သာသည်။ လာအို၊ ကမ္ဘောဒီးယား အစိုးရက သူတို့ အလုပ်သမားအရေးကိစ္စပေါ်က ဝင်ရောက် ဆွေးနွေး ဝေဖန်တာတွေ သတိပေးတာတွေ လုပ်သင်က လုပ်ပေးသေးသည်။ မြန်မာအစိုးရကတော့ ဖုတ်လေသည့်ငါးပိ ရှိတယ်လို့တောင် မထင်၊ ပိုဆိုးသည်က ယခင်က ထိုင်းအစိုးရက မြန်မာအလုပ်သမားအရေးနှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ဆိုက အကြိမ်ကြိမ် ခေါ်ယူရသည်။ အစည်းအဝေးတွေ လာတက်သူတွေက မြန်မာပြည် အလုပ်သမားဝန်ကြီးဌာနနှင့် တာဝန်ရှိသူတွေ ဖြစ်ပြီး ထိုင်းအစိုးရဖက်က လိုအပ်တာ ညှိနှိုင်းဖို့ ဆုံးဖြတ်ဖို့ ဘာတွေ လုပ်ကြမလဲ ပြောကြဖို့ စတာတွေကို ရေးမှတ်သွားတာပဲရှိသည်။ သူတို့က လွှတ်လို့လာတာဖြစ်သည်။ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ဆုံးဖြတ်ပိုင်ခွင့် လုပ်နိုင်သူများ မဟုတ်ကြ၊ သို့ဖြင့် အကြောင်းအရာတခုကို ဆုံးဖြတ်ဖို့ ဥပဒေတခုကို အတည်ပြုဖို့ တကြိမ်နှင့်လည်းမပြီး ၊ အစည်းဝေးလာတက် ပြောတာနားထောင် လိုက်မှတ် မြန်မာပြည်ပြန်ရောက်တော့ အထက်အဆင့်ဆင့် အစီရင်ခံ၊ အထက်ကလည်း သူများတိုင်းပြည် သူတို့ဘာသာ ထွက်သွားပြီး အလုပ်လုပ်၊ အခုမှ လာရှုပ်ဆိုတဲ့ အတွေးနဲ့ အရေးမစိုက်၊ နောက်တခါ ထိုင်းနိုင်ငံက လာပါအုန်း ဘာဆက်လုပ်မလဲဆိုက အစည်းအဝေးသွားတက် ၊ တက်သည့်သူကလည်း ဌာနက နိုင်ငံခြားလွှတ်လို့ အလုပ်သမားအရေးခေါင်းစဉ်ပြပြီးသွား၊ လေဆိပ်မှာ ကုတ်နဲ့ နက်တိုင်နဲ့ဝတ်ပြီး ဓါတ်ပုံအရိုက်ခံ သတင်းစာထဲ့ သတင်းပါလာယုံနှင့် သူတို့ တာဝန်ကျေပြီ သဘောထားတာဆိုတော့ ထိုင်းအစိုးရက လုပ်တာ အလုပ်သမားတွေ ခံရတာ နည်းတောင်နည်းသေးသည်။
ထိုင်းအစိုးရကလည်း မြန်မာအစိုးရက ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေအရေး စိတ်မဝင်စားတာ၊ အလုပ်သမားတွေအပေါ် စေတနာမထားတာ ကောင်းကောင်းသိလေပြီ၊ အလုပ်သမားတွေအပေါ် သူတို့ လက်ခုပ်ထဲက ရေပေါ့၊ သွန်လိုသွန် မှောက်လိုမှောက်၊ အလုပ်သမားတွေမှာ အမိမဲ့သားရေနဲငါးလို ဟစိဟစိ နဲ့ပဲ အသက်ရှင်ဖို့ ရုန်းကန်နေရလေသည်။
ထိုင်းရောက်မြန်မာရွှေ့ပြောင်း အရေးကိစ္စများစွာထဲကမှ လတ်တလော ကိစ္စမှာ နေထိုင်ခွင့် ဗီဇာ ပြည့်နေသည့် အလုပ်သမားတွေ အရေးဖြစ်သည်။ အလုပ်သမားတွေ ကိုင်ဆောင်သည့် အထောက်အထားအမျိုးမျိုး ကွာခြားပုံကို စာရေးသူ ရေးသားခဲ့ဖူးသည့်အတွက် ထိုအကြောင်းကို မပြောလိုတော့ပါ။ အထောက်အထားမဲ့ မြန်မာတွေအတွက် ပန်းရောင်ကဒ်ဟု ခေါ်သည့် လက်မှတ်ထုတ်ပေးစဉ်ကလည်း တကြိမ် ရေးခဲ့ဖူးပါသေးသည်။ ယခုဆိုသော် ထိုင်းစစ်အစိုးရ တက်စဉ်ကမှ စတင်ထုတ်ပေးခဲ့သည့် ထိုပန်းရောင်ကဒ်မှာပင် သက်တမ်းတိုးတာပင် သုံးကြိမ်တိုင် နေချေပြီ။ ယာယီပတ်စ်ပို့ ခေါ် ခရမ်းရောင်စာအုပ်၊ MOU ဖြင့် လာရောက်အလုပ်လုပ်သည့် အလုပ်သမားတွေ ကိုင်သည့် အလုပ်သမားတွေ အခေါ် စာအုပ်ကြီး အနီရောင် စာအုပ် စသဖြင့် အထဲကမှ ယာယီပတ်စ်ပို့တွေ နေထိုင်ခွင့် ကုန်ဆုံးတော့မည် ဖြစ်၍ ပတ်စ်ပို့အကြီး ပြောင်းဖို့၊ ပန်းရောင်ကဒ် ကိုင်သူများကို ပတ်စ်ပို့အကြီး လုပ်ပေးဖို့ ၂၀၁၅ခုနှစ်မတိုင်ခင်ကတည်းက မြန်မာအစိုးရကို ထိုင်းအစိုးရက အကြိမ်ကြိမ် အကြောင်းပါသော်လည်း အကြောင်းမထူးသဖြင့် ယခုသော် ထိုင်းအစိုးရက ပန်းရောင်ကဒ်ကိုင်သူတွေကို နေထိုင်ခွင့် ထပ်တိုးပေးမည်၊ ယာယီပတ်စ်ပို့( ခရမ်းရောင်စာအုပ်) သက်တန်းကုန်သူတွေ၊ သက်တမ်း ထပ်မတိုးသူတွေ အဖို့မူ မြန်မာပြည်ပြန် ပတ်စ်ပို့လုပ်ကာ MOU စနစ်ဖြင့် ပြန်လာဖို့ ပြောလေပြီ၊ အကယ်၍ သက်တမ်းမတိုးပါက စာအုပ်မှာ ပျက်ပျယ်ပြီး ပန်းရောင်ကဒ်သာ ထုတ်ပေးမှာ ဖြစ်ပြီး ပန်းရောင်ကဒ်ဖြင့် အလုပ်လုပ်ဖို့ပဲ ဖြစ်သည်။
ဒီအပေါ်မှာ မြန်မာအလုပ်သမားအတော်များများ အတွက် အခက်အခဲတွေ ရှိလာသည်။ ပန်းရောင်ကဒ် ကိုင်ဆောင်သူသည် ထိုင်းနိုင်ငံအတွင်း တနေရာမှ တနေရာ၊ တမြို့နယ်မှ တမြို့နယ် သွားလာ၍မရ၊ အလုပ်လုပ်ရာ နေရာမှ မည်သည့်နေရာကိုမှ သွားလာ၍မရ၊ ခရမ်းရောင်စာအုပ်ကတော့ ထိုင်းတနိုင်ငံလုံး အနှံ့ လိုအပ်သည့် စာရွက်စာတမ်းတင်ပြီး သွားလာ၍ ရယုံမက မြန်မာပြည်ကိုပင် လေယာဉ်ဖြင့် ဗီဇာပြကာ ပြန်နိုင် သွားနိုင်သည်။ ယခု သက်တမ်းမတိုးနိုင်ပါက မြန်မာပြည်ပြန် MOU နဲ့ ပြန်လာဖို့က သူတို့အဖို့ မလွယ် ၊ နိုင်ငံသားမှတ်ပုံတင်မရှိတာ ၊ သန်းခေါင်စာရင်းမရှိတာတွေသာမက ဖြတ်သန်းရမည့် လုပ်ငန်းဆောင်တာတွေ အတွက် အခက်အခဲ ရှိပြန်သည်။ အေးဂျင့်တွေက ငါးသိန်းက စပြီး တောင်းသည်ဟု အလုပ်သမားတယောက်က ပြောရာ သူတို့ အဖို့ မလွယ်လှပါတဲ့၊ ဒါဖြင့် ပန်းရောင်ကဒ်ပဲ ကိုင်ဟု ဆိုပြန်တော့ တို့ အစိုးရကောင်းမှုနဲ့ အလုပ်သမားတွေရဲ့ ဘဝက တိုးတက်မလာပဲ ပိုပြီး အနှိမ့်ချခံ ရောက်တာဟုဆိုလေသည်။ ခရမ်းရောင်မှ အနီရောင်ကို ပြောင်းရပါက ဟု ဆိုကာ မျှော်လင့်နေသူများမှာ သည့်ထက် နိမ့်သည့် အခြေအနေကို ပြန်ရောက်တော့မည်ဟု မသက်မသာ ဖြစ်ကြရသည်ဟု ပြောကြလေသည်။
တကယ်တန်းပြောရလျင် မြန်မာအစိုးရ ရရှိမည့် ဝင်ငွေကို ထိုင်းက ရရှိသွားပေအုန်းမည်။ ဗီဇာကြေး တခုထဲပဲ တွက်ကြည့်က အလုပ်သမားတယောက်ကို ဗီဗာကြေး တထောင်နှုန်းနှင့် ပန်းရောင်ကဒ်ကိုင်သည့် အလုပ်သမား ၆သိန်း ( ဘတ်သိန်းခြောက်ထောင်) အလွယ်လေး ဝင်ငွေ ရလေသည်။ ဆေးစစ်ခ၊ အလုပ်သမားရုံးအတွက် အခ၊ စတာတွေ ရာဂဏန်း မပါသေး၊ တကယ်ပေးရတာ အလုပ်သမားတယောက်အတွက် ဘတ် သုံးထောင်နှင့် လေးထောင်ကြား ဖြစ်သည်။ ထိုကဒ်ကလေးတွေ ထုတ်ပေးသည့် အလုပ်သမားရုံးက ကဒ်ထဲ့တဲ့ အိတ်ကလေးတွေ တလက်မခွဲသာသာ ပလတ်စတစ်အိတ်တခု (၁၀ဘတ်)ဖြင့် ရောင်းတာကိုပင် မယူပါလို့ မငြင်းရဲတဲ့ အတွက် လူတိုင်း ဝယ်ခဲ့ရတာကပင် ထိုဌာနအတွက် အပိုဝင်ငွေ မနည်းမနော ရပြန်သည်။
၂၀၁၅ခုနှစ်မတိုင်ခင်မှာ ထိုင်းအစိုးရက မြန်မာအစိုးရကို မြန်မာအလုပ်သမားတွေအတွက် အထောက်အထားတွေ လုပ်ပေးဖို့ မကြာခဏပြောပေမယ့် ရက်တွေ ရွှေ့လာရာ ၂၀၁၆ခုနှစ်တိုင်လာခဲ့ပြီ။ ယခုအခြေအနေက အစိုးရ့အဖို့ ပိုလို့တောင် ဝေးပါသေးသည်။ လွှတ်တော်ကို အစိုးရတရပ်အနေနှင့် လာရောက်ရှင်းလင်းစရာ ရှိတာကိုပင် အခြေခံဥပဒေအရ ဆိုကာ လာရောက်ရှင်းလင်းခြင်း မရှိတော့ပေ၊ သမတကလည်း သမတအာဏာ လွှဲမှာကိုပင် လွှတ်တော်ကိုမလာပဲ သမတအိမ်တော်မှာ လုပ်မည့် အခမ်းအနားသာ တက်ရောက်မည်ဟုဆိုလေသည်။ မတ်လ(၃၁)ရက်မှာ အာဏာလွှဲအပ်မည်ဖြစ်ရာ မြန်မာအလုပ်သမားတွေအဖို့ကတော့ ကာတွန်းထဲကလို သွားနိုင်တာလေးနှင့် သွားနေရပေအုန်းမည်သာ၊ နောင်လာမည့် အစိုးရလက်ထက်မှာ ပြည်ပရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အတွက် တိတိကျကျ ခိုင်မာသည့် ဥပဒေတွေ၊ နည်းဥပဒေတွေ ထွက်လာပါစေ၊ ထိုနည်းဥပဒေတွေအတိုင်း တာဝန်ခံသူ၊ တာဝန်ယူသူတွေ ပေါ်ထွက်လာပါစေ၊ အစည်းအဝေးလာတက်ပြီး ကျုပ်တို့က လွှတ်လို့လာရတာ ဘာမှမသိဘူး၊ ပြန်ပြီး တင်ပြလိုက်ပါအုန်းမယ် ဆိုတဲ့ လူတွေ မဟုတ်ပဲ အမှန်တကယ် နားလည် လုပ်ပေးနိုင်မည့်သူ၊ အဆုံးအဖြတ်ကို ရဲရဲတင်းတင်း ဆုံးဖြတ်လုပ်ကိုင်နိုင်မည့် လူတွေ လုပ်ကိုင်မည့် အချိန်ကို စောင့်စားနေကြပါကြောင်း ရေသားလိုက်ရပေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment