ယခုရက်ပိုင်းမှာ စာမေးပွဲ မေးခွန်းပေါက်ကြားတာ၊ မြန်မာစာ မေးခွန်းမှာ သတ်ပုံတွေ မှားတာ၊ တပည့်ဝတ် နဲ့ သားသမီးဝတ် မှားရေးထားတာ ၊ သင်္ချာမေးခွန်း မှားနေတာ၊ သမိုင်းဘာသာမှာ သက္ကရာဇ်တွေ လွဲနေတာ စသဖြင့် သောင်းပြောင်းထွေလာ အမှားများ ပြောင်းဆန်အောင် ထွက်လာတာ ဖတ်ရသည်။ ဘယ်မှာဖတ်ရသလဲ ပြောစရာမလို၊ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာပဲ ဖြစ်သည်။ ဖေ့စ်ဘွတ်က သူတပါးတိုင်းပြည်တွေနဲ့မတူ မြန်မာပြည်မှာ အလွန်ထူးခြားသည်။ ဖေ့စ်ဘွတ်မှာ ရေးတင်လိုက်မှ သက်ဆိုင်ရာက သိရှိကာ အရေးယူတာတို့၊ ဖေ့စ်ဘွတ်မှာ တွေ့မှ ရာဇဝတ်မှု ကျူးလွန်တာတွေ၊ ကျူးလွန်သူတွေ၊ လူမိုက်တွေ ရှိပါလား သိပြီး လိုက်လံ စစ်ဆေးတာတို့ ဖြစ်လာပြီး ဥပဒေကြောင်းအရ အရေးယူမှုတွေ ရှိလာတာဖြစ်သည်။
ယခုလည်း ထို့အတူပင်၊ " အခုရက်ပိုင်းကျမှ ဘာဖြစ်လို့ စာမေးပွဲမေးခွန်းနဲ့ ပတ်သက်တာချည်း တင်လာပါလိမ့်" ဆိုတဲ့ မိတ်ဆွေရဲ့ အမေးကို " စာမေးပွဲရာသီလေ ဒီအချိန် မြန်မာပြည်မှာ အခြေခံပညာကျောင်းတွေ အတန်းတင်စာမေးပွဲ ဖြေချိန်" လို့ ပြောမှ " ဟုတ်သား" တဲ့။ သူ့ကလေးတွေက ကြီးကုန်ပြီဆိုတော့ စာမေးပွဲချိန်တွေကို အမှတ်တမဲ့ မေ့နေဟန်ပင်၊
တကယ်တော့ စာရေးသူရဲ့ အတွေ့အကြုံအရ စာမေးပွဲမေးခွန်းဆိုတာ စာမေးပွဲခန်းထဲရောက်မှ စာမေးပွဲခန်းစောင့်တဲ့ ဆရာမက ပိတ်ထားတဲ့ စာအိတ်ကို စပြီး ဖောက်ရတာပင်၊ တချို့ ကျောင်းသားဦးရေ ထောင်ချီရှိတဲ့ ကျောင်းတွေမှာတော့ စာမေးပွဲအချိန်မတိုင်ခင် တစ်နာရီလောက်မှာ ကြိုဖောက်ပြီး သက်ဆိုင်ရာ အခန်းလိုက် စောင်ရေ ခွဲတာတို့ ဘာတို့လုပ်ကြသည်။ ဒါက မေးခွန်းကို စဖြန့်တဲ့အချိန်၊ မေးခွန်းကို ထုတ်တဲ့သူက သူမေးတဲ့ မေးခွန်းကို မှတ်မိနေမှာသေချာသည်။ မေးခွန်းထုတ်ပြီး လက်ခံတစောင် ယူထားသော်မှ သူ့မှ အခြား တခုရှိရသည်။ ထိုအရာသည် သစ္စာရှိမှု ဖြစ်သည်။ ဆရာ/ ဆရာမ ဟူသည် ကိုယ်ကြိုးစားပန်းစားသင်ထားသည့် ဘာသာရပ်ကို ကျောင်းသားတွေ ဖြေဖို့ မေးခွန်းထုတ်ပြီးက ကျောင်းသားအားလုံး စာမေးပွဲခန်းထဲမှာ အတူတကွ ကြိုးစားဖြေကြတာကို မြင်လိုသည့် သူများဖြစ်ကြသည်။ " ဆရာမကတော့ မေးခွန်းထဲမှာ ဒါတွေ မေးထားတယ် ကြိုပြီး ကြည့်ရအောင် မှတ်ထား ရော့ လို့ " ပြောမည့် ဆရာမျိုး ရှိမည်မထင်ပါ၊
ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမက မေးခွန်းထုတ်ပြီးက သက်ဆိုင်ရာ ကျောင်းအလိုက် ဖွဲ့စည်းထားသည့် စာမေးပွဲကြီးကြပ်ရေး ကော်မီတီကို ပို့လိုက်ရတာဖြစ်သည်။ တချို့ကျောင်းတွေမှာတော့ ဘာသာရပ်တခုကို သင်သည့် ဆရာ တစ်ဦးမက ရှိပါက နံပါတ်အလိုက် ဖြစ်စေ၊ အပိုင်းအလိုက်ဖြစ်စေ ခွဲခြားပြီး မေးခွန်းထုတ်ပေးရတာလည်း ရှိတတ်ပါသည်။ နောက်ဆုံးအဆင့်ကတော့ ကျောင်းအုပ်ဆရာ/ ဆရာမကြီး အပါအဝင် စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆီ ရောက်တာဖြစ်သည်။ ထိုအဖွဲ့ကလည်း များပြားလှသော အတန်းစုံ ဘာသာစုံ မေးခွန်းတွေကို စစ်ဆေးရတာကလွဲပြီး ဘယ်ဘာသာမှာ ဘာမေးထားတယ်ဆိုတာ မှတ်မိနိုင်မည်မထင်၊ မှတ်လည်း မှတ်နိုင်အားမည်မထင်ပါ၊ ဒါက ကျောင်းအဆင့် ဖြစ်သည်။ မြို့နယ်အဆင့်၊ တိုင်းအဆင့် စာမေးပွဲဆိုက အဆင့်ဆင့်တွေ ပိုများပြီး ပိုပြီး တင်းကြပ်လေသည်။ တိုင်းစစ်၊ မြို့နယ်စစ်ဆိုက ကျောင်းအုပ်ကြီးတွေကိုယ်တိုင် မေးခွန်းထုတ်ရတာများသည်။ တိုင်းစစ်ဆိုပါက တိုင်းပညာရေးမှုးမှာ တာဝန်အကြီးဆုံးဖြစ်လေသည်။ သူသည် စာမေးပွဲဘုတ်အဖွဲ့၏ အကြီးဆုံးတာဝန်ရှိသူသာဖြစ်သည်။
၁၉၉၀ခုနှစ်ခန့်က အဖြစ်အပျက်ကလေးကို သတိရမိပါသေးသည်။ ထိုစဉ်က စတုတ္ထတန်းနှင့် အဌမတန်းမှာ မြို့နယ်စစ်ဖြစ်သည်။ တမြို့နယ်လုံးမှာ မေးခွန်းတခု ဖြစ်သည်။ အစိုးရစစ် ဆယ်တန်းကလည်း ထို့အတူ တနိုင်ငံလုံးမှာ မေးခွန်းတခုတည်းဖြစ်သည်။ ထိုစဉ်က စတုတ္ထတန်းကို သင်္ချာဘာသာ သင်ရသည့် စာရေးသူမှာ သင်ရိုးညွှန်းတန်းအားလုံးကို သင်ပြီးနောက် စာသင်ချိန်ကျန်သေးရာ ကျောင်းသားများကို သင်္ချာမေးခွန်းဟောင်းများကို ပြန်လည် တွက်ချက်စေခြင်း၊ စာမေးပွဲဖြေသကဲ့သို့ နာရီအတိအကျနှင့် လေ့ကျင့်ဖြေစေခြင်းများ အကြိမ်ကြိမ် ပြုလုပ်ပေးသည်။ သင်္ချာမေးခွန်းဟောင်း (၅)နှစ်စာကို စုဆောင်းပြီး ကလေးတွေကို ဖြေခိုင်းထားလိုက်သည်။ ကိုယ့်ဘာသာလည်း ခန့်မှန်းမေးခွန်း ထုတ်ကာ ဖြေခိုင်းပြန်သည်။ သင်္ချာဘာသာ မဖြေခင် တရက်အလိုမှာ ကျောင်းအုပ်ဆရာကြီးက စတုတ္ထတန်း မြို့နယ်စစ်မှာ သင်္ချာဘာသာနဲ့သာ ကလေးတွေ ကျကြတဲ့ အကြောင်း ပြောပြီး သင်္ချာဘာသာနှင့် ပတ်သက်ပြီး စာမေးပွဲဝင်ဖို့ ဘယ်လို တွေ ပြင်ဆင်ထားသလဲ မေးသည်။ သင်ရိုးညွှန်းတန်းအကုန် အပြင် မေးခွန်းဟောင်းတွေ အားလုံးကို လေ့ကျင့်ထားပေးတဲ့ အကြောင်း ပြောတော့ ဆရာကြီးက ခေါင်းငြိမ့်သည်။ ဆရာကြီးဆီက သချာင်္ဘာသာနဲ့ ပတ်သက်ပြီး သုည ဆိုတဲ့ စကားလေးပင် ထွက်မလာပါ။
သင်္ချာဘာသာ ဖြေဆိုသည့်နေ့မှာ ကျောင်းသားအားလုံး စာမေးပွဲခန်းအပြင်မှာ ရှိသည့် စာရေးသူထံ ဝမ်းသာအားရ ပြေးလာကာ နှုတ်ဆက်ကြသည်။ ထိုအထဲ သင်္ချာမရ၍ လေးတန်းကို တဖုန်းဖုန်းကျနေသည့် ကလေးတယောက်ပါ ပါသည်။ သူတို့ အားရပါးရ ဖြေနိုင်ကြသည်။ မေးခွန်းကို ကြည့်သည့်အခါ မေးခွန်းဟောင်းများထဲမှ သူတို့ အကြိမ်ကြိမ် လေ့ကျင့်ပြီးသား ပုစ္ဆာတွေချည်းဖြစ်သည်။ ထိုအချိန်အထိ ဘာမှ မဖြစ်၊ သူတို့ အဖြေလွှာကို မြို့နယ်စစ်ဆိုသည့်အတိုင်း မြို့နယ်ကို ပို့ပြီး မြို့နယ်စာစစ်ဘုတ်အဖွဲက စစ်သည်။ စာရေးသူတို့ ကျောင်းက ကလေးတွေ တရာအပြည့်ရသူများပြီး အနိမ့်ဆုံးရသူမှာ အမှတ်(၈၀) အထက်ချည်း ဖြစ်သည်။ ထိုအခါ စစ်နေသည့် ဆရာတွေက " ဆရာကြီး ဆရာကြီးက သင်္ချာမေးခွန်းထုတ်တာဆိုတော့ ဆရာကြီးကျောင်းက ကလေးတွေ အမှတ်တွေ မကြုံစဖူး ကောင်းလိုက်တာ၊ သူများကျောင်းက ကလေးတွေ အောင်မှတ်(၄၀)တောင် မနည်းလို့ " ရိကြသတဲ့၊ ဒါကို အဖြေလွှာစစ်ဖို့ သွားသည့် စာရေးသူတို့ကျောင်းက အလယ်တန်းအဆင့် ဆရာတွေ ကြားလာပြီး မခံနိုင်လို့ ပြန်ပြောမှ သိရတာဖြစ်သည်။ ကျောင်းက ဆရာ/ ဆရာမတွေမှာ ကိုယ့်ကျောင်းက ကျောင်းအုပ်ဆရာကြီးက သင်္ချာဘာသာ မေးခွန်းထုတ်တာမှန်း ထိုအခါမှ သိရတာဖြစ်သည်။ ဆရာကြီးကတော့ သူရိုးသားတာ သူသိတဲ့အတွက် အထူးတလည် ပြန်မရှင်းပါတဲ့၊ ကျောင်းကဆရာတွေကတော့ အမှတ်ခြစ်ရင်းက သူတို့တောင် အခု စာစစ်ခန်းရောက်မှ သိတာလို့ ပြန်ပြောရသည်တဲ့။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးတွေ မေးခွန်းထုတ်ရတာဖြစ်သည်။ သင်ကြားသည့် ဆရာပင်မသိရပါ၊ မေးခွန်းမပြောနှင့် မေးခွန်းထုတ်တာကိုပင် သူထုတ်မှန်း အသိမပေးပါ။
ထိုရွာမှ နောက်တရွာရှိ ကျောင်းကို အလယ်တန်းပြဖြင့်ရောက်သည့်အခါ ကျောင်းစစ်ဖြစ်၍ ကိုယ်သင်သည့်ဘာသာ ကိုယ့်ဘာသာ မေးခွန်းထုတ်ရသည်။ တကယ်တန်းက စာမေးပွဲမေးခွန်းထုတ်ရတာမှာ စာသင်တာထက်ပင် ပင်ပန်းသေးသည်။ ပိုပြီး အားထုတ်ရသည်။ အတန်းတင်စာမေးပွဲဆိုက တနှစ်လုံးစာကို မေးခွန်းစုံအောင် ထုတ်ရသည်။ အမှားအယွင်း ကင်းအောင်၊ ကျောင်းသားတွေ သင်ထားသမျှ ဘယ်လောက်နားလည်သလဲ ဆန်းစစ်နိုင်အောင်၊ မေးခွန်းဘောင်ဝင်အောင် သတိကြီးကြီး ထားရသည်။ မိမိမေးခွန်းကို မိမိကိုယ်တိုင် တာဝန်ယူရသည်။ အဆိုပါမေးခွန်းသည် စာသင်သည့်ဆရာ၏ ကျွမ်းကျင်မှုနှင့် စေတနာကိုပါ ဖော်ပြသည်ဆိုက မှားမည်မထင်၊ စိတ်တိုင်းကျပြီ ဆိုကာမှ ကျောင်းအုပ်ဆရာကြီး လက်ထဲကို ထဲ့ရသည်။ ကျောင်းအုပ်ဆရာကြီးက အထပ်ထပ် စစ်ဆေးပြီးမှ ဗီရိုထဲ သော့ခပ်ကာ ညဖက် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ ဘယ်သူမှ မရှိတဲ့အချိန်မှ ကျောင်းက အခန်းတခန်းမှာ တံခါးအလုံပိတ် ကာ စာရေး၊ ရုံးစေ နဲ့ သူကိုယ်တိုင် ဖယောင်းလှည့်တာ ဖြစ်သည်။ အဆိုပါ စာရေးလေးတွေ မင်းစေတွေ ချွေးတလုံးလုံးနှင့် ပြန်လာတာမြင်သော် မိဘတချို့က နောက်သလိုလို အတည်လိုလို မေးတာကြားရသည်။ သုံတန်းမေးခွန်းလေးများ ဘာတွေမေးထားတုန်း ဆို ထိုမင်းစေလေးမှာ ဒီလောက် မေးခွန်းတွေ ဘာသာတွေ အများကြီး လှိမ့်နေရတာ အခန်းထဲ အလုံပိတ်ပြီး မြန်မြန်ပီးမှ အေးမယ်ဆိုပြီး ကြုံးလုပ်ကြတာ ဘာမှန်းတောင်မသိဘူး ပြန်ပြောသည်။ ဘာမေးလဲ သိချင်တာများလွယ်လွယ်လေး ဟော ဟိုမယ် ဆရာမတွေမေး သူတို့ မေးခွန်းထုတ်တာလို့ ပြန်နောက်သည်။
စာမေးပွဲခန်းထဲရောက်လို့ မေးခွန်းထုတ်ကို ဖောက်မှ ကိုယ်ထုတ်ထားသည့် မေးခွန်းကို မြင်ရတာဖြစ်သည်။ ကျောင်းအတွက်၊ ကျောင်းသားတွေအတွက် ၊ ဆရာ/ ဆရာမတွေအတွက် သူ့နေရာနဲ့ သူ အရေးကြီးမှန်းသိတဲ့အတွက် အရေးကြီးသလို ဆောင်ရွက်တာမို့ အမှားအယွင်း တလုံးမှမရှိ။ ဒါက ခေတ်မီ နည်းပညာတွေ မရှိသေးသည့် လွန်ခဲ့သည့် နှစ်အစိတ်လောက်က အခြေအနေ။
ထိုစဉ်က စာရေးသူမိခင်ကြီးက မြို့ပေါ်က ကျောင်းအုပ်ဆရာမကြီး၊ သူလည်းထို့အတူပင်၊ ဆရာ/ ဆရာမတွေ အပ်လာသည့် မေးခွန်းကို ပုံနှိပ်တိုက် အပ်ရသည်။ ထိုပုံနှိပ်တိုက်နာမည် အခုထိ မှတ်မိပါသည်။ " မိဘမေတ္တာပုံနှိပ်တိုက်" တဲ့၊ နှစ်ပေါင်းများစွာ မေးခွန်းတွေ ပုံနှိပ်လာတာ အမေပင်စင်ယူသည်အထိ ဘာပြဿနာမှ မကြားခဲ့ရ၊ ထိုအရာကား စာမေးပွဲမေးခွန်းအပေါ် ထားရှိတဲ့ ပုံနှိပ်တိုက်ရဲ့ သစ္စာ ၊ စောင့်ထိန်းရမယ်ဆိုတဲ့ ကျင့်ဝတ်ကို သိတဲ့ နိုင်ငံကြီးသားပီသမှုနှင့် မိမိအလုပ်အပေါ် သစ္စာရှိမှုပဲ ဖြစ်သည်။
ယခုခေတ်မှာ နည်းပညာတွေ အင်မတန် တိုးတက်ပါသည်။ မေးခွန်းထုတ်သည့် ဆရာ/ ဆရာမပင် ကွန်ကျူတာနှင့် စာရိုက် မေးခွန်းထုတ်ပြီး ထိုမေးခွန်းကို အီးမေးလ်ဖြင့် ကျောင်းအုပ်ဆရာကြီး( သို့) ဘုတ်အဖွဲ့ အီးမေးလ်ကို ပို့လိုက်၊ အဆိုပါဘုတ်အဖွဲ့က မေးလ်ထဲကနေ ပရင့်ထုတ်ပြီး မိတ္တူကူးစက်ဖြင့် လိုအပ်သည့် အရေအတွက် ထုတ်ယူ ၊ ရှင်းပါသည်။ သို့သော် ကျောင်းတိုင်း၊ မြို့နယ်တိုင်း၊ ပြည်နယ်နှင့်တိုင်း အသီးသီးမှာ ထိုသို့ မလုပ်နိုင်ကြသေး၊ ခေတ်နှင့် အချိန်အလိုက် အဆိုပါပစ္စည်းတွေမှာ ကျောင်းတိုင်းမှာ ရှိရနေရမည်သာ၊ ကျောင်းတိုင်းမရှိနိုင်သော်မှ ယခုလို တိုင်းစစ်၊ မြို့နယ်စစ်တွေ အတွက် မြို့နယ် ပညာရေးမှုးရုံး၊ တိုင်းပညာရေးမှုးရုံးတို့မှာ ရှိသင့်သည့် ပညာရေးအထောက်အကူပြု ပစ္စည်းတွေ ဖြစ်သည်။ ကျောင်းတိုင်းမှာရှိသည့် ဆရာ/ ဆရာမတွေ ခေတ်နဲ့အညီ ခေတ်မီနည်းပညာသုံး ပညာရေးအထောက်အကူ ပစ္စည်းတွေ ကိုင်တွယ်သုံးတတ်အောင် ပညာရေးဋ္ဌာနက လေ့ကျင့်ပေးဖို့ တာဝန်ယူရသည်။
မေးခွန်းပေါက်တာရော၊ သတ်ပုံတွေ မှားတာတွေမှာပါ ပြင်ပ ကွန်ပျူတာ၊ မိတ္တူကူးဆိုင်တွေမှာ သုံးရတာလို့ ဖြေရှင်းချက်တွေအပေါ် ရေးထားသည့် ကောမန့်တွေ ဖတ်ရသည်။ ထိုအထဲကမှ တိုင်းပညာရေးမှုး၊ ပညာရေးဌာနက တာဝန်ရှိ တွေမှာ ကျောင်းတွေရဲ့ လိုအပ်ချက်၊ ပညာရေးအတွက် ညွှန်ကြားချက်၊ ကျောင်းတွေမှာ ရှိသင့်ရှိထိုက်သော အထောက်အကူ ပစ္စည်း ဒါတွေ ဘယ်လို ဖြည့်ဆည်းပေးရမယ်ဆိုတာ ထက် ရာထူးတိုးရင် တယောက်ဘယ်လောက်၊ အပြောင်းအရွှေ့က နယ်ကနေ မြို့ပေါ်ဆို ဘယ်လောက်။ နယ် နယ်ချင်းဆို ဘယ်လောက်ရမှ ဒါတွေနဲ့သာ အချိန်ကုန်နေတာလို့ ရေးတာ ဖတ်ရတော့ ထောက်ခံမိသည်။ ဒီအဖြစ်အပျက်တွေသည် စာရေးသူတို့ ဆရာမအဖြစ် တာဝန်ထမ်းဆောင်သည့် ၁၉၈၉ခုနှစ်ကတည်းက ရှိနေခဲ့လေသည်။ ပြန်ဆန်းစစ်ကြည့်တဲ့အခါ ပညာရေးဌာနကို စစ်တပ်က မိုးကျရွှေကိုယ်တွေ ဝင်ရောက်လာပြီး စီမံခန့်ခွဲကတည်းက ဆိုတာ သိလာရသည်။ ထမင်းစားမကောင်းက ဘယ်မြို့နယ်ကို ကျောင်းစစ်သွားလိုက်ဆိုသည့် အတွေးအခေါ်နှင့် စီမံခန့်ခွဲလာတာပဲ ဖြစ်သည်။
ယခုဖြစ်လာသည့် စာမေးပွဲမေးခွန်းကိစ္စအထွေထွေမှာ ကွန်ပျူတာစာစီသူ၊ စာရိုက်သူ၊ မိတ္တူကူးသူ ဟိုလူ ဒီလူ လွှဲချတာသည် ပြဿနာကို လတ်တလော အလွယ်တကူ ဖြေရှင်းနည်းဖြစ်သည်။ ယခုပင် လူပြောသူပြောများ၍၊ ပြည်သူတွေ မိဘတွေက ပြောကြလွန်း၍ တရားခံ ဆိုကာ တစုံတယောက်ကို ဖော်ပြယုံနှင့် ပြီးသွားက ဖြေရှင်းလိုက်သည့် နည်းလမ်းကောင်းမဟုတ်ပါ၊ နည်းမှန်လမ်းမှန်ဖြင့် ပကတိဖြစ်ရပ်မှန်ကို သေသေချာချာ ဆန်းစစ်ပြီး အဆိုပါ ပြဿနာမျိုး နောင်မပေါ်ပေါက်အောင် မည်သို့မည်ပုံ လုပ်ရမည်ဆိုသည့် နည်းလမ်းကို ရွေးရမည်။ အဖက်ဖက်မှာ ခေတ်မီနေပြီ၊ ပညာရေးမှာခေတ်မီလိုက ခေတ်မီသည့် နည်းစနစ်ကို လိုက်လျောညီထွေ ပြောင်းယူရတော့မည်။ သူခိုးတွေက ခေတ်မီနည်းပညာဖြင့် ခိုးယူနေသည့် ခေတ်တွင် အိမ်ရှင်ကလည်း အနည်းဆုံး စီစီတီဗွီ လောက်တော့ တပ်ထားမှဆိုတဲ့ အတွေးမျိုး မရှိသင့်ပေဘူးလား၊ ယခုအမှားမျိုး ဆက်မမှားအောင် ပြင်စရာရှိတာပြင်ရမည်၊ အောက်ခြေကို လက်ညှိုးထိုးနေယုံမပြီးပဲ အထက်အဆင့်ဆင့်က ဘယ်လို တာဝန်ယူပြီး ဖြည့်ဆည်းပေးရမလဲ စဉ်းစားဖို့ လိုနေပါပြီ။ ထိုသို့ မဟုတ်က နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်တိုင်း ဒီလိုသတင်းမျိုးတွေ ထပ်မံဖြစ်နေ၊ ကြုံနေ ကြားနေရမည်သာဖြစ်သည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment