ရေးချင်စိတ်ကြောင့် ရေးလိုက်တဲ့ BEAM အတွက်စာတစ်ပုဒ်
BEAM ကျောင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျောင်းက လေးလတစ်ကြိမ်
စာစောင်ထုတ်မှာမို့ စာမူပေးပို့ကြဖို့ အကြောင်းတင်ထားတာ ဖတ်မိပီး
စာမူရေးပို့အုန်းမယ်လို့ တွေးလိုက်မိပါတယ်။ ဒါပေမယ့် စာစောင်က ယခုမှ
ပထမဆုံး အကြိမ်ထုတ်တာ ဖြစ်တော့ ဘယ်လိုအကြောင်းအရာ၊ ဘယ်လိုဦးတည်ရာတွေ
ထဲ့မယ်ဆိုတာ ရေရေရာရာ မသိတဲ့အတွက် တကြောင်း၊ ရေးမယ်စဉ်းစားပြီး
အကြောင်းအရာလဲ ထွေထွေထူးထူး စဉ်းစားမရတာက တကြောင်းကြောင့်
မရေးဖြစ်တော့ပါဘူး။ ကလေးတွေက သူတို့ရေးလာတာလေးတွေ လာပြလို့
အကြံပေးလိုက်နိုင်တာတင်ပဲ ကျေနပ်နေလိုက်ပါတော့တယ်။ တစ်ရက်မှာတော့ သမီးအလတ်က
" BEAM ကျောင်းအတွက် စာမူရေးပေးပါလို့ ဆရာဖြိုးက ပြောတယ်တဲ့"။
ဆရာဖြိုးဆိုတာက BEAM ကျောင်းကဆရာတွေထဲမှာ လူမှုဆက်ဆံရေး အင်မတန်တော်တဲ့ဆရာ
တစ်ယောက်၊ လူတွေ့တာနဲ့ သူ့မျက်နှာက အပြုံးကဖျတ်ကနဲလက်ပီးသား၊ တခါတရံ
ဈေးမှာ၊ ကုန်တိုက်မှာ တွေ့ရင် အပြုံးမျက်နှာနဲ့ အမြဲနှုတ်ဆက်လေ့ရှိတယ်။
ကျောင်းကို ကိစ္စရှိလို့ ရောက်သွားရင်လဲ သူပဲ သွက်သွက်လက်လက် ဖော်ဖော်ရွေရွေ
နှုတ်ဆက်တာမို့ ခင်မင်ရင်းစွဲရှိပီးသားဆရာတစ်ယောက်။ ဆရာဖြိုးက ဆိုတာနဲ့တင်
စာမူရေးပေးမယ်လို့ စိတ်ပိုင်းဖြတ်မိပါလေရော။ ဒါပေမယ့် စာရေးရတာကလဲ တခါတလေ
အရှိန်ရပြီး တထိုင်ထဲ နှစ်ပုဒ်လောက်ရေးချင် ရေးလိုက်ပေမယ့် တခါတလေ
တလလုံးနေလို့ တစ်လုံးတပါဒတောင် ရေးလို့မရဖြစ်တတ်တာ။ အခုလဲ ဘယ်လိုမှ ရေးလို့
မရတာကြောင့် သမီးကို ပြောပြရတယ်။ မရေးတော့ပါဘူး။ ဆရာ့ကိုတော့အားနာတယ်
သမီးရေ ဆိုပီး စိတ်ဒုန်းဒုန်းချနေလိုက်တော့တယ်။ လူ့စိတ်ဆိုတာကလဲ အခက်သား၊
ရေးချင်စိတ်ပေါက်လာရင် ဘယ်မှမပို့၊ ဘယ်မှမတင်ပဲ ကိုယ့်ဘာသာရေးချင်တာရေးပီး
ကိုယ့်ဘာသာသိမ်းချင်သိမ်းထားတတ်တာ။ အခု စာစောင်အတွက် တောင်းတာတောင်
ရေးမရတော့ မရေးပဲ ၊ စာချည်းသာ လှိမ့်ဖတ်နေမိတော့တာပါပဲ။ တရက်မှာတော့
သမီးအငယ်ဆုံးက ကျောင်းကနေလှမ်းပီး၊ စကားပြောတယ်။ ထုံးစံအတိုင်း
ချတ်တင်ကနေပေါ့၊ " အမေ... ဆရာဖြိုးက စာမူ မနက်ဖန်နောက်ဆုံးလို့ပြောတယ်တဲ့"
အဲဒါ ဘာဖြစ်တုန်းဆိုတော့ " အမေ ရေးပေးပါတဲ့"
ဂျီကျပါလေရော။
အဲဒီအငယ်မက ကလေးသာသာရယ်၊ ဘာမှသိပ်သိတာမဟုတ်၊ ရေးစရာမရှိလို့
မရေးတော့ပါဘူးသမီးရယ်ဆိုတော့ " မရဘူး.. မရဘူး ခုရေးလိုက်၊ အခုရေး၊
ဒီနေ့ရေးရင် မှီတယ်တဲ့၊ ကျမလဲ စိတ်ထဲ ရေးမယ်လို့ ဆုံးဖြတ်ပီးပေမယ့်
သမီးကိုစချင်တဲ့စိတ်နဲ့ " ဟေ့ .. စာရေးတာ ညည်းတို့ကို ဟင်းချက်ပေးသလို..
ရေခဲသေတ္တာက ထုတ် လှီးဖြတ်ပီးချက်သလို လွယ်တယ်ထင်လားဆိုတော့ " မရဘူး မရဘူး"
အော်ပါလေရော။ တစ်ယောက်ထဲ ကျိတ်ပီး ရယ်လိုက်ရတာ၊ ပြီးတော့ စာရေးဖို့
ပြင်တုန်း ကံအားလျော်စွာပဲ ဖေ့စ်ဘွတ်မှာ သတင်းတစ်ပုဒ် တက်လာတာ၊
ကိုယ်ရည်ရွယ်ထားတဲ့ အကြောင်းအရာအတွက် ကုန်ကြမ်းလေးတစ်ခုနဲ့
စကားလုံးလေးတစ်ခု၊ ကိုးကားစရာ လတ်လတ်ဆတ်ဆတ် ကလေးရပါလေရော၊ စာမူတစ်ပုဒ်တော့
ပီးသွားလေရဲ့။ စိတ်ထဲလဲ ပေါသွားလေရဲ့။ ဆရာဖြိုးရဲ့ စာမူရရှိကြောင်း
ကျေးဇူးတင်စကားလေးလဲ ကြားအပြီး၊ ကိုယ့်စိတ်ထဲ မိဘတစ်ယောက် အနေနဲ့
ကျေနပ်မိရပြန်ပါတယ်။
BEAM ကျောင်းမှာ သမီးတို့ကို
ကျောင်းထားဖို့ မိသားစုနဲ့ မိတ်ဆွေတွေကို တိုင်ပင်တဲ့အခါ
ကိုယ့်မိသားစုကလွဲပီး ထောက်ခံသူမရှိပါဘူး၊ မထောက်ခံယုံမက တားတောင်တားပါတယ်။
သူတို့ကလဲ သူတို့ စေတနာပါ။ ဘာကြောင့်လဲဆိုတော့ ဒီကျောင်းအကြောင်းကို
သူတို့ သေချာမသိတာကြောင့်ပဲလို့ နောက်ပိုင်းမှာ သုံးသပ်မိရတယ်။ BEAM ဆိုတာက
Bridging Education Access to Migrants
၊ရွှေ့ပြောင်းအလုပ်သမားများပညာရေးပေါင်းကူးအစီအစဉ်လို့
အဓိပါယ်ပြန်ရမယ်ထင်ပါတယ်။ တကယ်တော့ ဒီ့ထက်လေးနက်တဲ့ အဓိပါယ်အပြည့်ရှိပါတယ်။
BEAM ကျောင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာရှိပါတယ်။ ၂၀၀၉ ဒီဇင်ဘာလမှာ
စပီးဖွင့်ခဲ့တာပါ၊ စဖွင့်ကာစက မိတ်ဆွေသူငယ်ချင်းတွေ မသိတာလဲ မပြောပါနဲ့၊
ချင်းမိုင်မှာရှိတဲ့ နာမည်ကျော် သတင်းမီဒီယာက သတင်းထောက်မမ တစ်ယောက်ကတောင်
သူမသိပါဘူးတဲ့။ ဒီလိုကျောင်းမျိုး ချင်းမိုင်မှာ မရှိပါဘူး၊ ကြားလဲ
မကြားမိပါဘူး၊ ရှိရင်တောင် သူ သတင်းရေးပီးတာ ကြာလှပေါ့တဲ့။ ကိုယ်က
ဒီကျောင်းကို ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ပီး ဆရာတွေနဲ့ တွေ့ခဲ့ပါတယ်
ဆိုတာတောင် မဟုတ်သေးဘူးနော် သေချာစုံစမ်းပါအုန်းလို့ ဆိုလာပြန်တော့ ငြင်းတာ
ဝါသနာမပါတဲ့အတွက် ဘာမှဆက်မပြောပဲ နေလိုက်မိပြန်ရော။ ဟော မကြာပါဘူး
အဲဒီမမကပဲ ဖုန်းဆက်ပီး သတင်းထောက်ပေါက်စနမလေးတစ်ယောက် ကိုယ့်ဆီ
လွှတ်လိုက်လို့ BEAM လမ်းပြလုပ်လိုက်ရပါသေးတယ်။ ဆိုလိုတာက BEAM ဟာ ကနဦးက
လူမသိသူမသိ မထင်မရှားကျောင်းလေးပါ။ BEAM ကျောင်းက ရောက်ခဲ့စဉ်က ပညာရေး
academic ရဲ့ ကိုသြဒိနိတ်တာ နဲ့ သေသေချာချာ စကားပြောဖြစ်ခဲ့တဲ့
အပြင်ကျောင်းရဲ့ ရည်မှန်းချက်ကလဲ စိတ်ဝင်စားစရာ အပြည့်ပါ။ မြန်မာနိုင်ငံ
ပြည်တွင်းကနေ အလယ်တန်းပညာသင်ယူခဲ့ပီး ပညာရေးဆုံးခန်းမတိုင်ခဲ့ပဲ
အကြောင်းကြောင်းကြောင့် ချင်းမိုင်မှာလာပီးအလုပ်လုပ်နေကြတဲ့
ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ဖွင့်တာပါ။ အလုပ်လုပ်ရင်း ပညာဆက်သင်နိုင်ဖို့
ဖွင့်တာဖြစ်ပြီး တက္ကသိုလ်အဆင့်အထိ တက်ရောက်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
သမီးတို့က အလုပ်သမားမဟုတ်ပေမယ့် တက်လို့ရနိုင်ပီး ရှေ့ဆက်သွားနိုင်မယ့်
လမ်းကြောင်းတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။ အဲဒီအချိန်က
မဲခွဲမယ်ဆိုရင် ကန့်ကွက်သူက ပိုများတဲ့ကြားကပဲ အဲဒီ ကိုသြဒိနိတ်တာ ဆရာရဲ့
စိတ်စေတနာကို မြင်တွေ့ခဲ့တဲ့အတွက် BEAM ကျောင်းကို ထားဖို့ ဆုံးဖြတ်မိတယ်။။
ရေခဲပြင်လိုမျက်နှာမှာ အပြုံးတစ်စက်မှမရှိတဲ့အပြင်၊ တရားသူကြီးတစ်ယောက်လို
တိကျသေချာပြတ်သားတဲ့ မျက်နှာပိုင်ရှင် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု
အပြည့်နဲ့ တခုခုကို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ဇွဲရှိပုံပေါ်နေတဲ့ အဲဒီဆရာက
ကျော်ကျော်မင်းထွဋ္ဋ် လို့ သိရပါတယ်။ ကလေးတွေက ဆရာကျော်လို့ ခေါ်တဲ့
အဲဒီဆရာရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေကို သဘောကျစွာပဲ BEAM မှာပဲ
ကျောင်းအပ်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ယခင့်ယခင် ဆရာကြီးများ ရေးခဲ့သလို
ဆရာဆိုတာ တပည့်မရှားတပြားမရှိ ၊ ပီတိကိုစား အားရှိပါ၏။
ဆိုတာသိပ်ကိုမှန်ပါတယ်။ ချင်းမိုင်မှာအလုပ်လာလုပ်ကြရင်း
ပညာရေးဆုံးခန်းမတိုင်တဲ့ကလေးတွေဟာ ပညာဆက်သင်ဖို့ လမ်းစတွေရခဲ့ပါတယ်။
အဲဒီအတွက် ဦးဆောင်ခဲ့တဲ့ ဆရာတွေ ကျေးဇူးဟာမနဲလှသလို ကလေးတွေရဲ့ အနာဂတ်ဟာ
လင်းလက်နေပါတယ်။ ဒီအလုပ်သမားကလေးတွေဟာ သူတပါးတိုင်းပြည်မှာ
ပညာဆက်သင်ခွင့်ရနိုင်ဖို့ဆိုတာ အိမ်မက်တောင် မမက်နိုင်ခဲ့ပါဘူး။ အခုဆိုရင်
BEAM ကျောင်းရဲ့ အားထုတ်မှု ပံ့ပိုးမှုတွေကြောင့် သက်တမ်းကာလ (၃) နှစ်
အတွင်းမှာပဲ တိုးတက်မှုတွေ အများကြီးတွေ့ရချေပြီ။ (၃) နှစ်တာကာလ မှာတင်
ချင်းမိုင်တက္ကသိုလ်တက်ရောက်ဖို့ ကျောင်းသားအချို့ကို စေလွှတ်နိုင်ဘီတဲ့
သတင်းစကားတွေ ကြားရပီ။ မိဘတစ်ယောက်အနေနဲ့ ဒီသတင်းစကားအတွက်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသလို ဆရာတွေလဲ ပီတိတွေ တဝေဝေနဲ့ အပြုံးတွေ
ဝေနေနိုင်ခဲ့ချေပီ။ စေတနာမှန်သော ကံတရားကြောင့် BEAM ဟာ
အောင်မြင်ခဲ့ချေပြီ။