မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နဲ့ ပတ်သက်ပြီး မြန်မာပြည်က လွတ်လပ်လာတဲ့ အခြေအနေ၊ ပွင့်လင်းလာတဲ့
သတင်းထုတ်ပြန်မှု ၊ ဖြေလျှော့ပေးလာတဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေး၊
ကူးသန်းရောင်းဝယ်ရေး စတာတွေ ပြောဖြစ်ကြရင်း မိတ်ဆွေ တစ်ယောက် ပြောတာ
သတိရမိလေသည်။
“
မြန်မာနိုင်ငံက ပိတ်ဆို့ခံထားရတာ ကြာလာတော့ အခုလို ပိတ်ဆို့တာတွေ
မရှိတော့ဘူး ဆိုရင် စီးပွားရေးမှာ အရမ်းကောင်းလာလိမ့်မယ်၊ ကုန်ပစ္စည်းတွေ
အိပ်စ်ပို့လုပ်နိုင်မယ် ထင်ရင် မှားမယ်ဗျ၊ ဘာလို့လဲဆိုတော့ ဟိုးအရင်
ပိတ်ဆို့ထားကတည်းက နယ်စပ်ကနေ တရားမဝင်နည်းနဲ့ ဈေးပေါပေါ ရသလောက်
ပို့ထားတာတွေ ရှိပြီးသား။ သစ်ဆိုရင် သစ်လုံးအတိုင်း ပို့တာလေ၊ ဘာမှ ဈေးမရဘူး။ ဟော….. တဖက်နိုင်ငံက ကုန်ချောလုပ်ပြီး မိတ်အင်သူတို့နိုင်ငံတံဆိပ်ကပ်လိုက်တော့ ဥရောပအထိ ရောက်သဗျာ။
မြန်မာပြည်က
ကျွန်း၊ ပျဉ်းကတိုး ပိတောက်နဲ့ လုပ်တဲ့ ပစ္စည်းတွေဆို
မျက်နှာပန်းလှတာပေါ့၊ ကုန်ကုန်ပြောမယ်ဗျာ မြန်မာပြည်က မုန့်လင်မယားတောင်
ထိုင်းမှာ သူတို့ မုန့်လင်မယား ဖြစ်နေပြီ”
သူက
ဆက်ပြောသေးသည်။ မုန့်လက်ဆောင်း၊ ရွှေရင်အေး ၊ မုန့်လုံးရေပေါ် စသဖြင့်
မုန့်တွေသည် ထိုင်းသို့ ရောက်နေပြီ။ ဒါတွေက မြန်မာ့ရိုးရာ မုန့်တွေ လို့
မြန်မာပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ပြောပြရင် သူတို့က
“ ဟင် ဟုတ်ရဲ့လား၊
ဒါတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ထိုင်းမှာ စားဖူးပါတယ်၊
ထိုင်းလူမျိုးတွေရဲ့ ရိုးရာ အစားအစာတွေလေ” လို့ ပြောနိုင်လေသည်။
ပြောနိုင်တာ မဟုတ် ပြောကို ပြောကြမည်တဲ့။
ထိုမိတ်ဆွေနဲ့ ပြောတာ အထိုက်အလျောက် မှန်သင့်တာလဲ မှန်ပါသည်။ သို့သော် အရာအားလုံး လုံးဝဥဿုံ ပျက်သုဉ်း နေတာတော့ မဟုတ်ပေ။ ဒီမုန့်တွေ ကတော့ လူတွေလို နယ်စပ်ကနေ
ခိုးဝင်လာတာတော့ မဟုတ်တာသေချာသည်။ တကယ်တော့ နှစ်ပေါင်းများစွာ စစ်အာဏာရှင်
လက်အောက်မှာ ဆင်းရဲစွာ နေခဲ့ကြရာက နောက်ဆုံး ငါ့ဝမ်းပူဆာ မနေသာ ဆိုသလို
တဖက်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြရသည်။ အချို့လည်း စစ်ဘေးကြောင့်
ထွက်ပြေးရင်း ဒုက္ခသည် စခန်းတွေဆီ ရောက်သည်။ ထိုလူတွေက တဆင့်
ကိုယ်လုပ်တတ်သည့် ရိုးရာမုန့်လေးတွေ လုပ်ရောင်းရာက သူ့ဒေသအကြိုက်
ဖြည့်စွက်ထည့်စရာထည့်ရင်း မုန့်တွေပါ ရောက်ကုန်တာ ဖြစ်နိုင်သည်။ မုန့်လင်မယား
ဘယ်ကစလဲ ဆိုတာ ပြောချင်တာ မဟုတ်ပါ။ ကိုယ့်ရိုးရာတွေက တခြားတိုင်းပြည်ကို
ရိုးရာအဖြစ် စိမ့်ဝင်ရောက်ရှိသွားတာကို သိစေလိုတာပါ။ ဒါဖြင့် သူတို့ဆီက
အစားအစာတွေလဲ ကိုယ်တွေဆီ စိမ့်ဝင်လာတာပဲလို့ ပြောစရာရှိသည်။ မှန်ပါသည်။
ဒါပေမယ့် သင်္ဘောသီးထောင်းဆိုပါက ယိုးဒယားသင်္ဘောသီးထောင်း လို့ တခါထဲ
ပြောင်ပြောင်တင်းတင်း သူ့နာမည်နဲ့သူ ဝင်လာတာပင်။ ယိုးဒယားကြက်ဆီထမင်း၊
ယိုးဒယား..ဘာ ယိုးဒယားညာ စသဖြင့်။ ဒါကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ပြောဖြစ်ကြတာပင်။
ရှေးဘုရင်တွေ စစ်နိုင်တော့ ယိုးဒယားက ဘုရင်၊ မိဖုရား မင်းမှုထမ်း၊
စစ်သည်တော်၊ ကချေသည်၊ နဲ့ လူတွေ သိန်းနဲ့ချီပြီး ခေါ်ဆောင်လာခဲ့ကြဖူးသည်။
ယိုးဒယားအကပင် ထိုသူတွေဆီက သင်ယူရရှိထားတာ ဖြစ်သည်။ ယခုအထိ ထိုအကကပါက
ယိုးဒယားက ဟုပင် ခေါ်သည်။
နိုင်ငံချင်းကပ်နေတော့
ရိုးရာယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံကာ ရောထွေးတာတွေ ရှိတာအမှန်ပင်။ သို့သော်
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုတွေရဲ့ ကြော်ငြာမှာ
လည်ပင်းမှာကြေးကွင်းစွပ်တပ် ဝတ်ဆင်ထားသည့် လူမျိုးတွေဆီ အရောက်သွား
ဓါတ်ပုံရိုက်နိုင်၊ ကြည့်ရှုနိုင်ကြောင်း ပုံတွေနှင့် ပြပြီး ကြော်ငြာသည်။
နိုင်ငံခြားသား အများ စိတ်ဝင်စားကြသည်။ စာရေးသူသည် ထိုကြောငြာများကို
တွေ့မြင်ကာစက မြန်မာတိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်သော
ဤလည်ပင်းကြေးကွင်းစွပ်ဝတ်ဆင်သည့် ကယန်း တိုင်းရင်းသားသည်
ထိုင်းနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးစု တစ်ခု အဖြစ် ရှိနေသည်ဟု
ထင်မိသေးသည်။
ထိုင်းနိုင်ငံတွင်
အခါ လူမျိုးစုများနှင့် တွေ့သောအခါ မြန်မာပြည်က ရောက်နေတာ
ဘယ်လောက်ကြာပြီလဲ မေးပါက သူတို့သည် မြန်မာပြည်မှ မဟုတ်ကြောင်း၊
ထိုင်းနိုင်ငံရှိ တောင်ပေါ်သားဖြစ်ကြောင်း ထိုင်းအခါ ဖြစ်ကြောင်း
ပြောပြကြသည်။
ကရင်လူမျိုးလည်း
ထို့အတူပင်။ သူတို့သည် ထိုင်း ကရင် ဟု ဆိုကြလေရာ ထိုင်းနိုင်ငံတွင် ကရင်၊
အခါ ၊ အစရှိသော မြန်မာပြည်မှ လူမျိုးစုမျိုး ရှိသည်ဟု မှတ်သားမိရလေသည်။
ထိုတိုင်းရင်းသားတွေကို တောင်ပေါ်သားတွေဟု ထိုင်းနိုင်ငံက
အသိအမှတ်ပြုလက်ခံထားလေသည်။ သို့အတွက် ကယန်းလူမျိုးတွေကို ထိုင်း
တောင်ပေါ်သားဟု ထင်မြင်မိခြင်း ဖြစ်လေသည်။
တကယ်တန်းကျတော့
ထိုကယန်းလူမျိုးစုတို့သည် ထိုင်းနိုင်ငံ တိုင်းရင်းသား မျိုးနွယ်စုတွင်
ပါဝင်ခြင်းမရှိ။ ထိုင်းနိုင်ငံကလည်း တောင်ပေါ်သား အဖြစ်
သတ်မှတ်ထားခြင်းမရှိချေ။ သူတို့ ရောက်လာသည်က ဘယ်လောက်မှ မကြာသေး၍ပဲ
ဖြစ်သည်။
၂၀၀၀ခုနှစ် နောက်ပိုင်း ကာလများမှာ ရောက်ရှိ နေထိုင်ကြခြင်းဖြစ်လေသည်။ အဓိကကတော့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ရိုးရာယဉ်ကျေးမှု ကို ပြသပြီး ဝင်ငွေရှာနေတဲ့ အလုပ်ကို လုပ်ကိုင်နေကြတာ ဖြစ်သည်။ အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင် ခရိုင်နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသတွင်လည်း နေထိုင် လုပ်ကိုင်နေကြလေသည်။
ရိုးရာဝတ်စုံဝတ်ပြပြီး
ဓါတ်ပုံအရိုက်ခံကြခြင်းဖြင့် ဝင်ငွေ ရကြလေရာ တစ်ရက်ကို ထိုင်းဘတ်(၅၀၀)
နီးပါး၊ မြန်မာငွေကျပ် တစ်သောင်းခွဲ ဝန်းကျင် ရရှိကြလေသည်။
တလောက
သတင်းဂျာနယ်တစ်ခုမှာ မြန်မာပြည်က တိုင်းရင်းသားမျိုးနွယ်စု ဖြစ်တဲ့
ထိုကယန်းလူမျိုးတွေ သူတပါးနိုင်ငံမှာ Human Zoo (လူသားတိရစ္ဆာန်ရုံ) အဖြစ်
ပြသဝင်ငွေ ရှာဖွေ နေသည့်အတွက် မြန်မာပြည်သို့ ပြန်လာစေချင်ကြောင်း၊
ပြန်လာပါက စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးပေးမှာ ဖြစ်ကြောင်း၊
ဒီလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်ပြီး
ဝင်ငွေရရှိနေကြောင်း၊ မြန်မာပြည်မှာလဲ အဲဒီလို လုပ်ငန်းမျိုး လုပ်ပေးမှာ
ဖြစ်တဲ့ အကြောင်း ဖတ်လိုက်ရသည်။
အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာမှာသာ နေကြပေလိမ့်မည်။
တကယ်တော့
ရိုးရာအမွေအနှစ်ဆိုတာ သမိုင်းကြောင်းအရ တည်ရှိနေခဲ့တာပဲ ဖြစ်သည်။ တုပ၍ မရ၊
အတုက အတုပဲ ဖြစ်မည်၊ ဘယ်တော့မှ မူရင်းမဟုတ်ပေ။ မြန်မာတို့မှာ
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်လက်မှုအတတ်များနှင့်
ပြည့်စုံသည်သာမက သဘာဝကပေးထားသော ကိုယ်ပိုင် သဘာဝသယံဇာတ များစွာ ရှိနေလေသည်။
ထိုင်းနိုင်ငံရှိ
ရှေးဟောင်းပစ္စည်းနှင့် အနုပညာလက်ရာ အရောင်းဆိုင်များတွင် အဘ ဘိုးမင်းခေါင်
ရုပ်တု၊ ဘိုးဘိုးအောင် ရုပ်တုများလည်း ရောက်ရှိနေသည်မှာ အဆန်းပင်
မဟုတ်တော့၊ မြန်မာပြည်က ကျောက်စိမ်းမှာ အရည်အသွေးမြင့်သည့် တန်ဖိုးကြီး
ကျောက်အရွယ်ကို မဆိုနှင့် အင်မတန် ပေါလှသည့် ကျောက်စိမ်းသား အခွံ
အကာများကိုပင် လက်ဝတ်ရတနာ၊ ဖန်စီ အလှဆင်ပစ္စည်းများ၊ အသုံးအဆောင်များ
ပြုလုပ်ပြီး ရောင်းနေကြရာ ထိုင်းနိုငံရှိ walking street ဈေးတွေမှာ
တွေ့နေရလေသည်။
၂၀၁၃ခုနှစ်အတွင်းမှာ
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားများမှာ တရုတ်လူမျိုးတွေ
အများစုဖြစ်ပြီး ကိုရီးယား၊ ဂျပန်တွေလည်း လာရောက်လည်ပတ်လာကြသည်။ သူတို့တွေက
ကျောက်တွေနဲ့ပြုလုပ်ထားတဲ့ ဖန်စီအလှဆင် ပစ္စည်းတွေကို အလွန်နှစ်ခြိုက်ကြတာ
တွေ့ရလေသည်။ မြန်မာပြည်ထွက် ကျောက်မျက်များဟု သိသူကတော့ နည်းပါးပါလိမ့်မည်။
မြန်မာ့ရိုးရာတွေ
ကမ္ဘာအနှံ့ ရောက်ရှိနေပြီး မိမိတို့ရိုးရာပါလို့ လက်မထောင်နိုင်အောင်
ပြုလုပ်ဖို့ လိုအပ်နေတာကတော့ အသေအချာပင်။ အစိုးရနှင့်တကွ တာဝန်ရှိသူများ၊
အရပ်ဖက် လူ့အဖွဲ့အစည်းနှင့် ကျွမ်းကျင်ပညာရှင်များ သတိမူကြရပေမည်။
၂၇ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပွဲတော်( ဆီးဂိမ်း) ဖွင့်ပွဲနှင့် ပိတ်ပွဲတွေမှာ
မြန်မာတို့ရဲ့ သမိုင်းကြောင်း ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အနုပညာများကို
ပြသနိုင်ခဲ့ရာ ကမ္ဘာတဝန်းမှ ကြည့်ရှုသူအများ အံဩခဲ့ကြတာ ကြားနေသိနေခဲ့ရပေသည်။
နိုင်ငံတစ်ခုမှ
အစီအစဉ် တင်ဆက်သူတစ်ဦးဆိုပါက ဝမ်းဒါးဖူး ဆိုသော စကားလုံးကို အဆက်မပြတ်
ပြောနေသည်သာမက ဗဲရီး ဗဲရီး ချင်းလဲ ထပ်နေသည်။ သူ့တစ်သက်တာတွင် တစ်ခါမှ
မတွေ့ဖူးပါဟုလည်း ဆိုလေသည်။
ထိုအခြေအနေကို
ကြည့်ခြင်းအားဖြင့် မြန်မာ့ရိုးရာများကို ဆက်လက် တင်ပြ ပွဲထုတ်လို့
ရနိုင်သေးသည်၊ ရိုးရာမပျက် ရှိနေသေးသည်ဆိုတာကို တွက်ဆလို့ ရနိုင်လေသည်။
မုန့်လင်မယားကို
ဥပမာထား ပြောရလျှင် အပြင်ပန်းကြည့်တော့ မုန့်လင်မယားချင်း အတူတူပင်၊
သို့သော် မြန်မာ့ မုန့်လင်မယားက ဆန်နှစ်ကို မုန့်အိုးထဲထဲကာ မီးဖြင့်
အိုးကင်းတိုက်ပြီးမှ ရလာသည့် မုန့်ကို နှမ်းထောင်းဖြင့်စားသည်။ ထိုင်းကတော့
မုန့်နှစ်ထဲ အုန်းနို့၊ သကြားထဲ့ကာ မုန့်အိုးထဲထဲ့ ပြုလုပ်သည်။
ကိုယ့်ဟန်ကို သူတို့ထပ်တူထပ်မျှ မတုပနိုင်၊ ကိုယ့်ပုံစံနှင့် ကိုယ်သာ ဖြစ်သည်။ မိမိတို့ ရိုးရာ၊ မိမိတို့ လူမျိုး ဓလေ့ထုံးစံသည် ပျောက်ကွယ်မသွားနိုင်သေးပါ။
တိုင်းပြည်ကို
အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြသည့် အစိုးရအစဉ်အဆက်
လက်ထက်မှာ မြန်မာပြည်ျနှင့်တကွ တိုင်းသူပြည်သားအပေါင်းတို့ အစစ
ချွတ်ခြုံကျခဲ့ရလေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊
ပညာရေး အထွေအထွေ ချွတ်ခြုံ ကျခဲ့ရသည်သာမက အသိအမြင်တွေပါ
ပိတ်ဆို့ခံထားခဲ့ရလေသည်။
ဒါ့ကြောင့်လဲ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမှုတွေ မလုပ်နိုင်ခဲ့ယုံသာမက လူ့စွမ်းအားအရင်းအမြစ်တွေပါ ဆုံးရှုံးခဲ့ရလေသည်။
ယခုဆိုလျှင်တော့
ခေတ်နှင့်အညီ အရာရာကို အချိန်နှင့်တပြေးညီ သိနေနိုင်သည့် ကာလတွင်တော့
ဆုံးရှုံးခဲ့ရသည်များကို အသာထားကာ နောက်ထပ် မဖြစ်နိုင်အောင် တားဆီး
ကာကွယ်နိုင်မည်လို့တော့ တွက်ဆလို့ ရနိုင်ပါသည်။
အဲဒီအတွက်လည်း သဘာဝကပေးထားသော
ကျောက်တုံးကျောက်စိုင်တွေကို အမြင်ရှုပ်သည်ဟု ဖြိုခွဲ ဖျက်ဆီးသည့်
စိတ်ဓါတ်တွေ အစား၊ အိမ်နီးချင်းနိုင်ငံမှာလို သဘာဝအတိုင်း ထားပြီး
တို့ဆီမှာ ဒီကျောက်တုံးက သဘာဝအတိုင်းရှိနေတာ နှစ်ပေါင်း လယ်လောက်ကြာနေပြီဟု
စာတမ်းလေး ထိုးကာမျှဖြင့် နိုင်ငံခြားသား ခရီးသွားများ အံ့ဩတကြီး
လာရောက်လည်ပတ်၍ နိုင်ငံခြားဝင်ငွေ ရရှိလာနိုင်သည် ဆိုသည့် အတွေးအမြင်တွေ
ရှိလာအောင် ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်နေလေသည်။ အစိုးရအဖွဲ့အစည်း
အသီးသီးနှင့် အရပ်ဖက်အဖွဲ့အစည်း၊ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များ
ပူးပေါင်းဆောင်ရွက်ပါက ရိုးရာဓလေ့ ၊ ယဉ်ကျေးမှု အမွေအနှစ်များဆက်လက်
တည်တံ့နိုင်ပြီး တို့များရိုးရာ တို့ရိုးရာဆိုတာကို ပေါ်ပေါ်ထင်ထင်
သိမြင်လာအောင် ပြသနိုင်လာပါလိမ့်မည်။