မီးဖိုချောင်ထဲကို
ကြွက်တစ်ကောင် ရောက်နေတာ (၃)လ ရှိပြီ။ ဒီအတောအတွင်း အဲဒီ ကြွက်က အပြင်ကို
ထွက်တာ ဝင်တာ မရှိပဲ နောက်ထပ် အပေါင်းအဖော်တွေ ဘယ်လို ရလာသည်မသိ။
မီးဖိုချောင်မီးကို ဖွင့်လိုက်တာနဲ့ ဟိုပြေးဒီပြေး နေသည့် အကောင်နှစ်ကောင်
ထပ်တွေ့လေသည်။
ဒီကြွက်တွေကို
ဘယ်လိုရှင်းရပါ့ ဆိုတဲ့ အတွေးက သူတို့ကို မြင်ရတိုင်း ပေါ်လာနေသည်။
စိတ်ထဲမှာတော့ သူတို့အသက်မသေပဲ အိမ်အပြင်ကို ထုတ်နိုင်သည့် ဂါထာ ရှိပါက
ဘယ်နှစ်ခေါက်ပဲ ရွတ်ရရ၊ ဘယ်နှစ်ရက်ပဲ ရွတ်ရရွတ်ရ ရွတ်လိုက်ချင်သည်။
*******************************
တကယ်တော့
ကျမအိမ်က ကြွက်တစ်ကောင်မပြောနဲ့ ယင်ကောင်တောင် ဝင်ဖို့ မလွယ်တဲ့ အနေအထား။
မီးဖိုချောင်က အုတ်နံရံ အလုံပိတ်၊ မီးခိုးခေါင်းတိုင်က တစ်ဆင့်
မီးခိုးလွှတ်ထုတ်သည်။ မီးဖိုချောင်ကနေ အိမ်ရှေ့ဘက် ပြန်လှည့်ဝင်ပါက
ထမင်းစားခန်း၊ အဲဒီနောက် ဧည့်ခန်း၊ တစ်ခန်းနဲ့တစ်ခန်း သံတံခါးတွေ
အဖွင့်အပိတ်ရှိသည့်အပြင် ခြင်လုံဇကာ အပြည့် တပ်ထားလေသည်။ ထိုတံခါးတွေက
လူတစ်ယောက် အဝင်အထွက်လုပ်ပြီးတိုင်း အဖွင့်အပိတ် အမြဲလုပ်သည်။ အဓိကက
ခြင်ဝင်လာမှာ စိုး၍ပင်။
ဖြစ်ပုံက အဲဒီ လွန်ခဲ့တဲ့(၃)လက စလေသည်။
ကျမတို့
အိမ်ရဲ့ လျှပ်စစ်မီတာဘောက်စ်က အိမ်ရှေ့က ဓါတ်တိုင်မှာ တပ်ထားတာ ဖြစ်သည်။
ဓါတ်တိုင်မှာ တပ်ထားတာက အပေါ်အောက် နှစ်လုံးဖြစ်လေသည်။ အဲဒီ မီတာဘောက်စ်
ရှော့ဖြစ်ပြီး မီးမလောင်ခင်က ကိုယ့်မီတာဘောက်စ်က ဘယ်အလုံးမှန်း မသိ။
မှတ်လည်း မထား။ မီတာလာဖတ်သည့် လူက သူ့စက်ကလေးနဲ့ ထိုးပြီး ဘောင်ချာကို
စာတိုက်ပုံးထဲ ထဲ့သွားရင် ယူလိုက်သည်သာ။
အိမ်ချင်းကပ်ရက်ကမြန်မာတွေပဲဖြစ်သည့်အပြင်
နှစ်အိမ်စလုံးရဲ့ အိမ်ရှင်က တစ်ဦးတည်းဆိုတော့ ဘယ်သူ့မီတာဘောက်စ်ရယ်လို့
မှတ်မထားဖြစ်တော့၊
တစ်လုံးကသူတို့ဟာဆို ကျန်တစ်လုံးက ကိုယ့်အိမ်က။ ဒီလိုပဲ နေနေတာကြာပြီ။
အဲဒီ မီတာဘောက်စ်က ညဆယ်နာရီလောက် ဝါယာရှော့နဲ့မီးတွေ ထတောက်တော့ မိန်းချပြီး တစ်အိမ်လုံး အပြင်ကို ထွက်ပြေးရလေသည်။
ဟိုဘက်အိမ်ကလည်း ထွက်ပြေးကြသည်။ နှစ်အိမ်လုံး မီးတွေမှောင်နေသည်။
ရပ်ကွက်လူကြီးက
လျှပ်စစ်ဋ္ဌာနကို ဖုန်းဆက်အကြောင်းကြားပေးရာ ဆယ်မိနစ်အတွင်း ရောက်လာပြီး
ပြင်ပေးသွားတော့မှ ကိုယ့်အိမ်က မီတာဘောက်စ်မှန်းသိတော့သည်။
|