December 18, 2011

အမဲသား ငါး စားရဲ့လား


ကျောင်းရှေ့ မြေကွက်လပ်တွင် ပြေးလွှား ဆော့ကစားနေသော ကျောင်းသူ ကျောင်းသားလေးများကို ငေးကြည့် နေမိပါသည်။ လွတ်လပ်ပေါ့ပါး အပူအပင် ကင်းလှသည်။ ထိုကလေးငယ်များ ဆော့ကစားနေသည်ကို အလယ်တန်းမှ ကျောင်းသားကြီးအချို့က ပျော်ရွှင်စွာ ရယ်မောလျှက် ရပ်ကြည့်နေကြသည်။ သူတို့သည် မူလတန်းမှ ကလေးများကဲ့သို့ ပြေးလွှားဆော့ကစားခြင်း မရှိသော်လည်း သုံးယောက်တစ်တွဲ လေးယောက်တစ်တွဲ စကားလက်ဆုံ ပြောမကုန်ရှိကြသည်။ တခါတရံ သူတို့၏ လွတ်လပ်စွာ ရယ်မောလိုက်သံများသည် ဆရာများ နားနေခန်းအထိ လွင့်ပျံလာတတ်သည်။
နွယ်သည် သူတို့ရယ်သံကြားလျှင် အလိုလို စိတ်ပျော်နေတတ်သလောက် ခုတလော ဘယ်လိုဖြစ်သည်မသိ။ ထိုရယ်သံများကိုကြားလိုက်တိုင်း သူတို့မှာရယ်နိုင်လိုက်ကြတာ ရယ်ပြီးနေနိုင်ကြတယ်ဟု တွေးနေမိသည်။ စာသင်ခန်းထဲမှာ စာသင်နေရင်း သင်နေသော သင်ခန်းစာကို မနည်းအာရုံစိုက်ပြီးသင်နေရသည်။ သူတို့လေးတွေက မင်္ဂလာပါဆရာမဟု နှုတ်ဆက်သည်နှင့် တပြိုင်နက် တစ်တန်းလုံး၏ မျက်နှာကို ဝေ့ကနဲ တချက်ကြည့်ပြီး သူတို့ ဘာဟင်းနဲ့ ထမင်းစားခဲ့ကြသလဲဟု စိုက်ကနဲတွေးမိသည်မှာ ကြာပြီ။ သူတို့ကို တွေကနဲ ကြည့်နေမိလျှင် အူကြောင်ကြောင်နှင့် နွယ့်ကိုပြန်ကြည့်တော့မှ မင်္ဂလာပါ ထိုင်ထိုင်ဟု ပြန်ပြောဖြစ်သည်မှာလည်း အကြိမ်ကြိမ်။ သင်နေရသော သင်ခန်းစာများသည် လက်တွေ့တွင် ဖြစ်ပျက်နေသည်များနှင့် ဆက်စပ်၍ မရနိုင်မှန်းသိလေ စိတ်ထဲကမပါလေ ဖြစ်နေရသည်။
လောလောဆယ်ပြောချင် ဖြစ်ချင်နေသည်က ကိုယ်သိနေပေမယ့် ကိုယ့်နယ်ပယ်မဟုတ်၊ တပိုင်တစ်နိုင်စိုက်ပျိုးရေးအကြောင်း၊ ပြီးတော့ အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသောအကြောင်း၊ ဒါကတော့ မူလတန်းကတည်းက ဖတ်စာအုပ်ထဲပါ၍ သိပြီးသလာက်တော့ရှိလိမ့်မည်။ တနေ့တာ အစားအသောက်နဲ့ ပတ်သက်လို့ အာဟာရပြည့်အောင် စားသောက်ရမည့် အချိုးအစားများ၊ လူတစ်ယောက် အသက်အရွယ်အလိုက် ကိုယ်ခန္ဓာဖွံဖြိုးစေဖို့ စားသောက်နေထိုင်နည်းများ၊ ပြောချင်ပါသည်။
ပြောပါပြီတဲ့၊ ပြောသလို တသွေမတိမ်းလိုက်နာချင်ပါသည် ဆိုခဲ့ရင် ဆရာမအကြံပေးပါဟုဆိုလာလျှင် နွယ် ဘာလုပ်ပေးမလဲ၊ ပါးစပ်ကပြောလို့ လွယ်သလောက် လက်တွေ့တွင် အင်အားများစွာလိုပေသည်။
တခါတလေတော့လည်း အုပ်ချုပ်သည့်လူတန်းစားများကို အပြစ်တင်လိုသည်၊ သူတို့သည် သတင်းစာများတွင် သွားနေလိုက်ကြသည်မှာ အနယ်နယ်အရပ်ရပ်၊ သူတို့ဘာတွေလုပ်ကြသလဲ၊ ဘာတွေပြောကြသလဲ။ လက်တွေ့မှာတော့ ပြည်သူလူထုသည် အသိဥာဏ်တွေ ဆင်းရဲနေကြလေပြီ၊ ဒါတောင် နယ်စပ်အစွန်အဖျား မဟုတ်သေး။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ထဲက ကျေးရွာကလေး တစ်ခု။ ဒီရွာကလေးကို စရောက်ကတည်းက နွယ့်စိတ်ထဲ သိပ္ပံမောင်ဝရဲ့တပေကုလားရွာကလေးကို မြင်ယောင်ယောင်နေမိသည်။
တကယ်တော့ နွယ်သည် ငယ်စဉ်ကတည်းက အစားခုံမင်သူ အစားမက်သူ မဟုတ်ပါ။ အအိပ်မက်သူဟု ပြောလျှင်တော့ ရနိုင်လေသည်။ ဆယ်တန်းစာမေးပွဲ ဖြေရာတွင်ပင် မနက်စောစော မထချင်၍ ညကို တော်တော်ညဥ့်နက်သည်အထိ စာကြည့်သည်။ ညကတည်းက ပြီးအောင်ဖြတ်သည်။ နွယ်ကျောင်းသူဘဝတစ်လျှောက်လုံး မနက်စောစော ထပြီး တစ်ခါမှ စာမကျက်။
အစားအသောက်နှင့် ပတ်သက်လျှင် လုံးဝ ချေးမများတတ်၊ အသား ငါး ကြိုက်တာချက် အကုန်စားသည်။ ငါးပိရည် ငါးပိချက် တို့စရာ၊ ငါးခြောက်ကြော် ပဲဟင်း ချဉ်ပေါင်ကြော်ဆိုလျှင် အကြိုက်ပင်၊ ဒါ့ကြောင့်လည်း တွံတေးမြို့နယ်အပိုင် ထန်းတပင်ချောင်းနံဘေးက ရွာကလေးမှာ ဆရာမအဖြစ် တာဝန်ကျတော့ အလွယ်တကူပင် သွားရောက်ဖို့ လက်ခံမိသည်။ သူငယ်ချင်းအချို့က တားသည်။ "အစားဆင်းရဲ အနေဆင်းရဲ နေနိုင်ပါ့မလားတဲ့"၊ နွယ့်ကို စိတ်ကူးယဉ်သည်ပဲ ပြောပြော၊ တိုင်းပြည်အတွက် ကျသည့်နေရာတွင် တာဝန်ထမ်းမည်ဟု စိတ်ကူးရှိသည။၊
နွယ် ဖတ်ဖူးမှတ်ဖူး ကြားဖူးသည်က နွယ်တို့နိုင်ငံသည် တောတောင် လျှိုမြောင် မြစ်ချောင်းပေါသည်၊ သားငါး အသီးအရွက်ဆိုသည်မှာ ဘယ်ဒေသမှာဖြစ်ဖြစ် အချိန်မရွေးရှိသည်။ အသီးအရွက်ဆိုသည်မှာ ကိုယ့်အိမ် ကိုယ့်ခြံဝင်းမှာ ခူးမကုန်သည်သာမက လယ်ကွင်းတမျှော်တခေါ်မှာပင် ခူးမကုန်၍ ရောင်းစားကြရသည်။ သားကြီးငါးကြီး မရလျှင်တောင် ငါးသေးငါးမွှားကား ပေါလှသည်။ ငါးသေးသေးလေးများ အိုးကပ်ချက်စားလျှင် စားလို့မြိန်လှသည်။ ငါးပိရည်နှင့် တို့စရာ လတ်လတ်ဆတ်ဆတ် စားရလျှင်လည်း ထမင်းမြိန်သည်သာ၊ အစားအသောက်နှင့် ပတ်သက်၍ ကိုယ့်တိုင်းပြည်မှာ ဘယ်နေရာနေနေ မပူပါ။ ဒါကြောင့်လည်း နွယ်သည် ကျောင်းဆရာမ လျှောက်စဉ်က လျှောက်လွှာတွင် ဦးစားပေးမြို့နယ်များ ဖြည့်ခိုင်းရာ တစ်ခုမှမရေးပဲ စေလိုရာစေဟု ဖြည့်ခဲ့ခြင်းပါ။
၂။
နွယ်တာဝန်ကျသည့် ရွာကလေးသို့ ရန်ကုန်မှ မော်တော်ဖြင့် (၃) နာရီကြာအောင် စီးရသည်။ မော်တော်ပေါ်မှာကတည်းက ထူးဆန်းသည်များကို တွေ့ရသည်။ ငါးများကို ရန်ကုန်မှ ဝယ်လာကြသည်။ နှီးကြိုးများဖြင့်သိုင်းကာ သင်္ဘောထုပ်တန်းတွင် အလျှိုအလျှို ချိတ်ကြသည်။ ကန်စွန်းရွက်များကို ခြင်းတောင်းထဲတွင် ထိုးထိုးထောင်ထောင် တွေ့ရသည်။ ရန်ကုန်သို့ နေ့ချင်းပြန် ဈေးဝယ်လာကြခြင်းဖြစ်သည်။
နွယ်သိထားသည်က ထိုရွာသည် ငါးမွေးသည့်ရွာ၊ ငါးကန်များတူးပြီး ငါးကို စီးပွားဖြစ်မွေးကြသည်။ တချို့ အရင်းအနှီးတတ်နိုင်သူများက ပုစွန်များပင် မွေးနေကြပြီ။ နောက်ပြီး ကန်စွန်းဆိုသည်က ရေမှာ ရှင်သန်သည့်အပင်။ 'က-ကန်စွန်းပင် ရေမှာရွှင်' ဟုပင် သင်ကြရသည်။
နွယ်တို့အိမ်ခြံဝင်းထဲတွင် နွယ့်ဖခင်က ကန်ကလေးတူးထားသည်။ မိုးတွင်းအခါ ရေပြည့်လျှင် ချက်ပြုတ်ပြီး ဖြတ်တောက်ထားသည့် ကန်စွန်းရိုးများကို ကန်ထဲထည့်သည်။ ကန်စွန်းညွန့်များ ထွက်လာသည်မှာ တမိုးတွင်းလုံး ကန်စွန်းရွက်ဝယ်စားရန် မလိုသည့်အပြင် အိမ်နီးချင်းများကပင် လာတောင်းခူးကြသည်အထိ ခူး၍မကုန်၊ ဤရွာကလေးသည် မြစ်ကမ်းနံဘေးကရွာကလေး၊ လယ်ကွက်များကလည်း ရှုမဆုံး တမျှော်တခေါ်၊ မြေလွတ်များလည်းပေါလှသည်။
ရွာသို့ရောက်သောအခါ ရွာသည် ခြောက်ခြောက်သွေ့သွေ့ ၊အိမ် ဝင်းခြံများက ကျယ်ဝန်းပါသည်။ ခြံစည်းရိုးတွင် ဘာအပင်မှ မရှိ၊ အိမ်ခြံဝင်းများကား သွေ့ခြောက်လှသည်။ နွယ် အံ့သြပြီး မေးမိသည်၊ "ဘာအပင်မှ မစိုက်ကြဘူးလား" ဆိုတော့ "မစိုက်ပါတဲ့"။
ငါးကန်လှယ် ငါးအစာကျွေး လုပ်ရသည်နှင့် မအားလပ်ကြပါ။ ဝမ်းစာအတွက် စိုက်ထားသော စပါးများကလည်း ရှိသေးသည်။ ထိုအလုပ်များကို ရွာအပြင်တွင် သွားရောက်လုပ်ကိုင်ကြရသဖြင့် နေဝင်မိုးချုပ်မှ အိမ်ပြန်ရောက်ကြသည်။ စိုက်ထားလျှင် ဟိုလူချိုး ဒီလူချိုးသည်ကို အော်ရဟစ်ရ အလုပ်ရှုပ်သည်တဲ့။
တစ်အိမ်စ နှစ်အိမ်စတော့ ဘူးစင်လေးဘာလေး တွေ့ရသေးသည်။ ကြက်ကလေး ဘဲကလေးတွေ မွေးထားတာတော့ တွေ့ရသည်။ မန်ဒါလီတွေမွေးတာများသည်၊ လယ်ထဲတွင်တော့ မွေးသည်တဲ့၊ ငါးကန်ဖော်သည့် အချိန်ဆိုလျှင် တစ်ရွာလုံး ငါးဖြင့်ဖုံးလေသည်။ တော်ရုံ ခပ်ရွယ်ရွယ်ငါးများကို ရွာထဲဝေသည်၊ အလုပ်သမားများနှင့် ဝိုင်းကူသည့် ရွာသားများကိုပေးသည်။ ငါးကန်ပိုင်ရှင်သည် မြို့သို့ ငါးများကို မော်တော်ဖြင့် ပို့သည်။ များသောအားဖြင့် ကိုယ်ပိုင်မော်တော်တွေရှိကြသည်။
ကန်တစ်ခါဖော်လျှင် ငါးတွေလည်းဖွေးကနည်း ငွေတွေလည်း ဖွေးကနည်းဟု ဆိုကြသည်။ ထိုငွေဖြင့် ရွှေထည်များဝယ်ကြသည်။ တီဗီ အောက်စက်စသည်တို့ဝယ်ကြသည်။ တစ်ဖန် ငါးသားပေါက်များ ဝယ်ပြီး ကန်အသစ်တူးကာ မွေးကြပြန်သည်။ ရေဖြည့် အစာကျွေး မပြတ်လုပ်ကြရသည်။ ထိုတစ်နှစ်ပတ်လုံး ငါးစားချင်လျှင် ရန်ကုန်မှ ဝယ်စားကြရသည်။
"အော် ချဉ်သီးပင်အောက် ချဉ်သီးရှားသောခေတ်ဆိုတာ ဒါပဲ" ဟု သိလိုက်ရသည်။
အမဲသား၊ ဝက်သားကို ရန်ကုန်တက်၍ ဝယ်ရသည်။ ဈေးမရှိ၊ အသီးအရွက်မရှိ၊ မြစ်ထဲ ချောင်းထဲ ကွန်ပစ်၍ ရလာသည့် ပုစွန်ကလေး ငါးကလေးများကို အလုအယက် တောင်းရမ်းဝယ်ရသည်။ ဟင်းစားမရှိ၍ ဟင်းစားရတာနှင့် ဆရာမတို့အိမ်ကိုလာခဲ့ပါ၊ ဘာဖြစ်ဖြစ် ဝယ်မည်ဟု ကြိုမှာထားရာ မြေကြွက်ကြီးများလာပို့သဖြင့် အော်ပြေးရသည်။ နွယ်နှင့်အတူနေသည့် ဆရာမဝါဝါ ဆိုလျှင် တနေ့တနေ့ မျက်ရည်နှင့်မျက်ခွက်၊ ပါးစပ်ကလည်း ပွစိပွစိ မပြတ်ပြောသည်။
"ဘယ်ဘဝက ဝဋ်ကြွေးကြောင့် ပိုက်ဆံရှိပြီး ဝယ်စားလို့မရတဲ့ဘဝ ရောက်နေပါလိမ့်" ဟု တတွတ်တွတ်ပြောသည်။
တစ်ပတ်တစ်ခါ ရန်ကုန်ပြန်လျှင် ကြော်လှော်ချက်ပြုတ်လာသည်များကလည်း မလောက်နိုင်။ အစားချေးမများတတ်သည့် နွယ်ပင် တော်တော်စိတ်ဓာတ်ကျမိသည်။ ဆရာမများ ညည်းလွန်း၍ ထင်သည်၊ ကျောင်းအုပ်ဆရာကြီးက ကျောင်းဝင်းအတွင်း ချဉ်ပေါင်များကြဲထားသည်။ မကြာခင် စားရမည်ဟုပြောသည်။
နွယ်သည် ချဉ်ပေါင်များကို မျှော်ရင်း ငါးပိရည်ကိုပင် တို့စရာမပါဘဲ စားလာရသည့်အခါ စိတ်ပျက်အားလျော့လာမိသည်၊ ကြက်ဥကလေးဘာလေး ကြော်စားရရင်ကောင်းမည်ဟု အကြံရ၍ ဝါဝါနှင့် ရွာထဲစနည်းနာထွက်ရာ ရောင်းမည့်သူမရှိ။ သူတို့လည်း မိသားစုစားတာနှင့် ဥပြန်ဖောက်ရတာနှင့် ကွက်တိပင်၊ ရောင်းဖို့မရှိ။ မိသားစုစားသည်ဆိုတာတောင် သူတို့အိမ်မှာ အသက်ကြီးသည့် အဘိုးအဘွားလိုမျိုးကိုသာ စားစေခြင်းပင်။ တခြားသူများ မစားကြရ။
အိမ်ခြေတစ်ဝက်နီးပါးလောက် မေးအပြီးမှာတော့ အဘွားတစ်ယောက်အိမ်တွင် ကြက်မဥနေသည်ဟု သတင်းပေးသည်။ နွယ်တို့ကို ရောင်းပေးဖို့ ဝင်ပြောတော့ မှာထားသည့်သူများ ပြည့်နေသည်၊ ဆရာမများ ဟင်းစားမရှိလျှင် ဆရာမတို့ကို ဦးစားပေးပါ့မယ် မနက်ဖြန်မနက် စောစောလာပါဟု မှာလေသည်။
နွယ်သည် အစားတစ်လုပ်အတွက် ဤမျှစိတ်ပင်ပန်းမခံချင်၊ ကျောင်းသားမိဘတစ်ယောက်က သူစောင့်ယူလာပေးမည်ဟု ပြော၍ ညကတည်းက ပိုက်ဆံပေးထားလိုက်လေသည်။ မနက် မိုးလင်းသောအခါ "ဆရာမရေ ကြက်မဥကျင်းထဲက နှိုက်လာတာ ပူပူလေးရှိသေးတယ်" ဟုပြောရင်း လာပို့ရာ စိတ်ပျက်လက်ပျက် ရယ်မောမိရသည်။
၃။
"ကဲ....ဒီနေ့တော့ သောကြာနေ့၊ ရန်ကုန်က သယ်လာတဲ့ ဘူးသီးစိတ်ကို အပြတ်ရှင်းမယ်" ဝါဝါ့ကြုံးဝါးသံကို ရယ်မောရင်း ငါးပိရည်အိုးကိုနွှေးသည်။ ဟင်းခါးအိုးတည်သည်။ ရန်ကုန်က သယ်လာသည့် ပုစွန်ခြောက်လေးငါးကောင်ကို ထောင်း၊ ကြက်သွန်ဖြူကို ဒါးပြားရိုက်ပြီး ဟင်းခါးအိုးထဲထည့်သည်။
"မရှိတော့ဘူး မရှိတော့ဘူး" ဆိုသည့် ဝါဝါ့ အသံထွက်လာသည်။ ကြပ်ခိုးစင်ပေါ်က ဘူးသီးစိတ်ကို ကြွက်ချီသွားလေပြီ။ ဟင်းရည်အိုးထဲမှာ ပုစွန်ခြောက်များက ရောက်နှင့်နေပြီ။ သွန်လို့လည်းမဖြစ်၊ သောက်လို့လည်းမဖြစ်၊ နွယ်တို့နှစ်ယောက်သား ဟင်းချိုခပ်ရန် ရွာပတ်ကြလေသည်။ ခွေးသေးပန်းရွက်များခူးပြီး ခပ်လိုက်တော့မည်ဟု ဝါဝါက ကြုံးဝါးလေသည်၊ နွယ်တစ်ခု သတိရသွားသည်၊
" ဝါဝါရေ.... သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့အိမ်ရှေ့မှာ ကသစ်ပင်တွေတွေ့မိတယ်မှလား" လို့ပြောတော့ ဝါဝါက " ကသစ်ပင်..ဘာလုပ်ရမှာလဲ" တဲ့။
နွယ့်ကြီးကြီး ဆီးချိုတက်တုန်းက ကသစ်ရွက်တွေပြုတ်သောက်တာ ဆီးချိုကျသွားသည်၊ ဘာပဲဖြစ်ဖြစ် ဆီးချိုကျတာမကျတာ အရေးမကြီး၊ ပြုတ်သောက်တယ်ဆိုကတည်းက စားလို့ရတဲ့အရွက်ပဲဖြစ်မည်။
နွယ်တို့နှစ်ယောက် ကသစ်ရွက်များခူးပြီး ဟင်းချိုခပ်သောက်ကြသည်။ ငါးပိရည် ကသစ်ရွက် ဟင်းချိုတို့နှင့် ဘိုက်ကားအောင်စားပြီး ကျောင်းသို့ထွက်ခဲ့ကြသည်။ လမ်းမှာ ကျောင်းသား မိဘတစ်ယောက်က "ကသစ်ရွက်တွေ ခူးနေတာတွေ့လိုက်တယ် ဘာလုပ်တာလဲ ဆရာမ" ဟုမေးလေရာ အကျိုးအကြောင်း ပြောပြလိုက်သည်။
ထိုမိဘသည် အံ့သြတကြီးဖြင့်
"ဆရာမတို့ မကြောက်ဘူးလား ကသစ်ပင်က သရဲ နေတယ်" ဟုပြောရာ ဝါဝါက " ငါ့ဘိုက်ထဲ သရဲပါသွားဘီလားမသိဘူး" ဟု အလန့်တကြား ထအော်လေသည်။
ကျောင်းအုပ်ဆရာကြီးသိတော့ စိတ်မကောင်းဖြစ်နေသည်။ သူလည်းစိတ်မကောင်းရုံမှတပါး ဘာမှမတတ်နိုင်။ ရွာလူကြီးများနှင့် အစည်းအဝေးလုပ်တိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖို့အခါခါ ဆွေးနွေးသည်။ ရန်ကုန်မှ မျိုးစေ့များဝယ်လာပေးပါမည်ဟုလည်း ပြောသေးသည်။ စိတ်မဝင်စားကြပါတဲ့။ ကျောင်းပတ်ဝန်းကျင်တွင်တော့ ဆရာကြီးရောက်မှ စပြီးစိုက်နေလေပြီ၊ ဆရာကြီးလည်း သူရသည့်လခနှင့် ဘယ်လောက်များများ ဝယ်စိုက်နိုင်ပါ့မလဲ။
"အမိန့်အာဏာအောက်မှာ ခေါက်ရိုးကျိုးနေကြတာဗျ၊ ဒါစိုက်ဆိုစိုက် ဒါမွေးဆိုမွေး ဒီလိုပဲ လိုက်လုပ်နေကြတာပဲ" ဆရာတစ်ယောက်က ဝေဖန်သည်။ ရွာသားတွေလည်း အပြစ်ဆိုလို့မရ၊ တော်ကြာစပါးငါးဆိုပြီး စပါးစိုက်သည့်လယ်ကွက်ထဲ ငါးဖြည့်မွေးခိုင်းသေးသည်။
"ရဟတ်ယာဉ်ပျက်ကျတဲ့ အထဲပါသွားတဲ့ ဗိုလ်ချုပ်ကြီးလေ မှတ်မိတယ်မှလား" ဆရာကြီးက စကားဆက်သည်။ "ဧရာဝတီတိုင်းမှာ အင်းလုပ်ကွက်တွေ ဖျက်ပြီး ငါးမလို စပါးသာလိုဆိုပြီး စပါးတွေစိုက်ခိုင်းတာ၊ ပန်းတနော်၊ ဓနဖြူ၊ ညောင်တုန်း အဲဒီနယ်ဘက် တကြောလုံးဆိုပါတော၊့ ဆရာကြီးအဒေါ်တွေက အင်းမဘက်ကလေ တသက်လုံး အင်းအလုပ်လုပ်လာတာ အင်းတွေလည်း ဖျက်ရရော မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခတွေရောက်ကြတာလေ"
" ဒါဆို စပါးစိုက်ကြလေ မစိုက်ဘူးလား' နွယ်က ဘုမသိဘမသိ ဝင်ပြောမိသည်။
"ဆရာမက ရန်ကုန်ကဆိုတော့ ဒီအကြောင်းတွေ သိပ်သိမှာမဟုတ်ဘူး" ဆရာကြီးက ဆက်ပြောပြသည်။
"အင်းတွေ ဖျက်ပြီး အဲဒီဖော်ထားတဲ့မြေကွက်တွေကို ရန်ကုန်က ကုမ္ပဏီသူဌေးတွေက ဈေးကောင်းပေးပြီး ဝယ်ကြတယ်။ ရွာကလူတွေကလည်း တခါမှ မကြားဘူးတဲ့ပိုက်ဆံတွေ မြင်ရတွေ့ရတော့ သူရောင်း ကိုယ်ရောင်းရောင်းလိုက်ကြတာ။ အဲဒီပိုက်ဆံတွေနဲ့ ရွှေဝယ်ဝတ်ကြ၊ တီဗွီတွေ အောက်စက်တွေဝယ်ကြ၊ တချို့လည်း ရန်ကုန်တက်ပြီး သုံးကြပေါ့၊ တချို့ ရှေ့ရေးတွေးမြင်တဲ့ သူလောက်ပဲ မရောင်းဘဲ ကိုယ့်ဘာသာ လုပ်စားဖို့ ချန်ထားကြတာ"
နောက်ဆုံးတော့ လုပ်စားစရာဘာမှ မရှိတော့ဘဲ အဲဒီစိုက်ပျိုးရေးကုမ္ပဏီလုပ်ကွက်မှာပဲ နေ့စားနဲ့ မြေပေါက် ကျင်းတူး အဲဒါတွေလုပ်တဲ့သူကလုပ်၊ ချောင်းထဲဆင်း ငါးရှာဖားရှာ ရတာလေး ရောင်းစား ဒီလိုပဲ ဆင်းဆင်းရဲရဲ နေနေကြရတာပါပဲ။ အရင်တုန်းက ငါးတွေ ငါးခြောက်တွေဆိုတာ ဆွေမျိုးတွေလာရင် ပေးကမ်းလို့တောင်မကုန်နိုင်ဘူး။ ခုတော့သူတို့ကိုယ်တိုင်တောင် စားရဖို့ မလွယ်တော့တဲ့အဖြစ်"
" အသိဥာဏ်နည်းပါးတဲ့ ရွာသားတွေကို မလိမ့်တစ်ပတ်လုပ်သလိုဖြစ်နေတာပေါ့" နွယ်ကဝင်ပြောရာ
"စစ်တပ်ထဲရောက်ပြီဆိုတာနဲ့ ဗိုလ်မှုးတို့ ဗိုလ်ချုပ်တို့ ဖြစ်ပြီဆို သူတို့က အရာရာ သူတို့သိ သူတို့နားလည်တယ် မှတ်ကြတယ်နဲ့ တူပါတယ်။ ကျနော်ကြားဖူးတာလေးပြောပြမယ်"
"တခါတုန်းက စစ်တပ်က အရပ်ဖက်ပြောင်းပြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီးဖြစ်လာတဲ့ ဝန်ကြီးက ကျောက်ပန်းတောင်းနယ်ဘက်ရောက်တော့ ထန်းလျက်တွေကို ရန်ကုန်ပို့ဖို့ ပြောတယ်တဲ့၊ ဒါပေမယ့် အားလုံးတော့မပို့နဲ့ တချို့ကိုမျိုးချန်ထားပြီး ပို့လို့ပြောတယ်တယ်တဲ့"
ထိုဆရာ့စကားအဆုံးမှာ နွယ်တို့အားလုံး မသက်မသာ ရယ်မောမိကြသည်။ တကယ်ဖြစ်နိုင်သလို မဟုတ်ဘူးဆိုရင်လည်း မကျွမ်းကျင်ဘဲ လုပ်နေပြောနေကြတာကို ဟာသလုပ်ပြောပြီး ဝေဖန်တာ ဖြစ်နိုင်တာပါပဲ။
ဝါဝါက ဖြစ်နိုင်တယ်ဆရာရေ့ဆိုကာ သူကြားဖူးတာ ဝင်ပြောပြန်သည်၊
"ဝန်ကြီးတစ်ယောက်တဲ့ သူလည်း တပ်ကလာတာပါပဲ။ လေယာဉ်ကွင်းကို လာစစ်တော့ တစ်ခုခုဖြစ်နေမှန်း သိတော့ ဘာဖြစ်တာလဲပေါ့၊ ဝယ်သာ (weather) မကောင်းလို့ပါ ဆိုတော့ ဝယ်သာမကောင်းရင် ပြင်လိုက်လို့ ပြောသတဲ့၊ ဒါနဲ့ အားလုံးကပြန်မပြောရဲတော့ ငြိမ်နေပြီး သူပြန်သွားမှ ပြောပြောပြီး ရယ်ရတယ်တဲ့။
"နွယ်တို့လည်းရယ်ကြရပြန်သည်။ ဒါတောင် ဝန်ကြီးတယောက်က ရေသန့်စက်ရုံရောက်တော့ PH7 ရှိပါတယ် ဆိုတော့ အေး ကောင်းတယ် PH8 တို့ 9 တို့ ရတဲ့အထိ ဆက်လုပ်ကြလို့ပြောသည်ဟု ကြားဖူးတာကို နွယ်ဝင်မပြောဖြစ်တော့ပါ။ ဒါမျိုးတွေက ကိုယ်ကိုယ်တိုင်ပြောခံခဲ့ရ ကြားခဲ့ရတာမဟုတ်၊ လွဲတာတော့ လွဲနေကြသည်။
ကျောင်းတက်ခေါင်းလောင်းသံကြားမှ နွယ်တို့ ကိုယ့်အတန်းကိုယ်ဝင်ကြတော့သည်။ ဘယ်သူ့ကိုမှ ပြောလို့မရတောင် ကျောင်းသားတွေကို ပြောရမည်၊ ဒါမှ သူတို့ ကြီးပြင်းအရွယ်ရောက်လာလျှင် အမှားအမှန် ဆုံးဖြတ်နိုင်ရမည်။ ကိုယ့်မြေကို ကိုယ်သာပိုင်စေပြီး တိုးတက်စည်ပင်အောင် တတ်စွမ်းသမျှ လုပ်တတ်သူများ ဖြစ်ကိုဖြစ်ရမည်။
ဝါဝါကတော့ " သိပ်စိတ်ကူးမယဉ်နဲ့နွယ်၊ ငွေလေ..ငွေ၊ လူတွေဟာ ငွေမျက်နှာပဲကြည့်ကြတာ၊ ဒါ့ကြောင့် ဒီရွာမှာ ရှစ်တန်းအောင်တာနဲ့ ငွေရမယ့် ငါးပဲမွေးကြတော့တာ၊ ကျောင်းမှ ဆက်မတက်ကြတော့တာ"
" ဒါကို ရအောင်စည်းရုံးရမှာပေါ့၊ ပညာတတ်မှ ဗဟုသုတရှိမှ သူများပြောတိုင်း လိုက်မလုပ် လိုက်မယုံမှာလေ"
"နွယ်ရေ ကျောင်းဆင်းရင် ကသစ်ရွက်ဟင်းချိုတော့ မသောက်ရဲတော့ဘူး၊ ဘာစားရမလဲ၊ ထမင်းဆီဆမ်းပဲစားရမလား' ဝါဝါက စပ်ဖြဲဖြဲလုပ်ပြီးမေးလေရာ နွယ်လည်းစကားမဆက်နိုင်တော့။
၎။
မြစ်ကမ်းနံဘေးက ရွာကလေးမို့ဖြစ်မည်။ ဆောင်းတွင်းကာလကား အေးလှသည်။ ရန်ကုန်ဆောင်းသည် နေထွက်သည်နှင့် ပျောက်ပြီ၊ ရန်ကုန်ဆောင်းနှင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့သော နွယ်သည် ဤရွာကလေး၏ အအေးဒဏ်ကို လိမ့်နေအောင်ခံရသည်။ နေ့တဝက်ခန့် နှင်းများကျပြီး မြစ်ကိုပင် မမြင်ရတဲ့အထိ ပိန်းပိတ်အောင်ကျသည်။ အေးလိုက်သည်မှာ ကြမ်းပြင်က ရေခဲတုံးကြီးများပေါ် နင်းနေရသည့်အတိုင်းပင်၊ ရေချိုးတော့လည်း ရာဝင်စဥ့်အိုးထဲမှ ခပ်ချိုးရရာ ကျဉ်တက်ပြီး မေးတဂပ်ဂပ်ရိုက်လေသည်။ ကြာတော့ နွယ့်တွင်လက်ဖျားခြေဖျား ထုံသည့်ရောဂါ ရလေသည်။
ဆောင်းတွင်းတစ်တွင်းလုံး ထိုသို့ ထုံနေရာ လေငန်းဖြစ်မည်ဆိုးသဖြင့် တတ်နိုင်သလောက် ရေမချိုးဘဲနေ၊ ချိုးလျှင်လည်း ရေနွေးစပ်ပြီးချိုးဟု အိမ်ကမှာလေသည်။ အိမ်ခဏအပြန်တွင်တော့ နွယ့်အမေက ဆရာဝန်ပြပါလားပြောရာ အချိန်မပေးနိုင်၍ မပြဖြစ်ခဲ့၊ ထိုထုံနာကျင်နာသည် ဆောင်းအကုန် နွေအကူးထိ မပျောက်နိုင်ပဲရှိရာ ရန်ကုန်သို့ ကျောင်းပိတ်ရက် အပြန်တွင်တော့ နွယ့်မိခင်မှ ဆရာဝန်ထံ မရမက ခေါ်ပြတော့သည်။
လိုအပ်သည်များကို စစ်ဆေးပြီးသည့်အခါတွင်တော့ နွယ့်ရောဂါသည် အာဟာရချို့တဲ့သည့်ရောဂါတဲ့။ နွယ့်အမေသည် အံ့သြစွာဖြင့် "ဟုတ်ပါ့မလားဆရာ" ဆိုကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ မေးနေလေသည်၊ နွယ်ကတော့ မအံ့သြပါ။
ဒီရောဂါမျိုးဟာ သူဌေးတွေမှာပင်ဖြစ်နိုင်လေသည်၊ အစားအသောက်ကို ဖြစ်သလို ကြုံသလိုစားလျှင်၊ အဟာရဓာတ်ပြည့်ဝစွာမစားလျှင် ဆင်းရဲချမ်းသာမရွေး ဖြစ်နိုင်သည်ကို နွယ်ကြားဖူးထားသည်။ နွယ့်အမေသည် အစားအသောက်ကို စနစ်တကျ ချက်ပြုတ်တတ်ပြီး အသားငါး အသီးအရွက်တို့ကို အစုံစားတတ်အောင် အစားချေးမများအောင် နွယ်တို့ကို သေသေချာချာ အကျင့်လုပ်ထားခဲ့သည်ပင်။ စနေ တနင်္ဂနွေ အားလပ်ရက်မျိုးဆိုလျှင် မြန်မာအစားအစာ တမျိုးမျိုးကို ချက်ပြုတ်ကျွေးသေးသည်။ နွယ်သည် နွယ်တာဝန်ကျရာ ရွာကလေးအကြောင်းနှင့် နွယ်သာမက တစ်ရွာလုံးရှိ ရွာသူရွာသားများ နေထိုင်စားသောက်ပုံကို ဆရာဝန်အား ပြောပြမိသည်။
"ငါးပိရည်ကျိုကတော့ ပရိုတင်းဓာတ်ကြွယ်ဝတယ်ပြောကြပေမယ့် သူ့ချည်းပဲစားနေရရင်တော့ တခြားဗီတာမင်နဲ့ အသားဓာတ်တွေကတော့ လိုနေမှာပါ"ဟု ဆရာဝန်က ရှင်းပြလေသည်။
"မုန့်စိမ်းပေါင်းတို့ မုန့်ဗိုင်းတောင့်တို့ ဘိန်းမုန့်လို သားရေစာတွေရော မစားကြဖူးလား" ဟု ဆရာဝန်ကမေးရာ " သားရေစာ ရောင်းသူလည်းမရှိပါ၊ ဒါတွေ ရန်ကုန်ရောက်မှ စားဖြစ်ပါတယ်" ဟု နွယ်ဖြေမိသည်။
လိုအပ်သောဆေးများနှင့်တကွ ဘီဝမ်းကဲ့သို့သော ဆေးများကို စွဲသောက်ရန် ညွှန်ကြားလေသည်။ ထမင်းကို ရေခန်းချက်ပြီး စားရမည်ဆိုလေသည်။ နွယ်အကုန်သိပါသည်။ အာဟာရချို့တဲ့ရသည့် အကြောင်းနှင့် အာဟာရချို့တဲ့လျှင် ဖြစ်တတ်သည့် သဘောသဘာဝတို့ကို နွယ်သိပါသည်။ စာများလည်း ဖတ်ဖူးပါသည်။
အစားအသောက်ကို အသားငါး အသီးအရွက် အသီးအနှံများ မျှတအောင်စားရမည်ကိုလည်း သိပါသည်။ ဆန်ကို ရေခန်းချက်ရမည်ကိုလည်း သိပါသည်။ သို့သော် နွယ့်အသက်အရွယ်တွင် ဒီလိုဖြစ်လိမ့်မည်ဟု ယောင်လို့ပင် မတွေးမိပါ။ ဒါဆိုရင် ရွာက ကလေးများအတွက် နွယ် စိတ်ပူမိလေသည်။
ကျောင်းဖွင့်၍ ရွာအပြန်တွင်တော့ နွယ့်အမေသည် အမဲသားများကို ရေခန်းပြုတ်ပြီးကြော်ကာတစ်မျိုး အသားကိုနုတ်နုတ်စဉ်းပြီး အဆုပ်ကလေးများလုပ်ကာ ကြော်၍တစ်နည်း မျိုးစုံအောင် ထည့်ပေးလိုက်လေသည်။ ပဲနီလေး အာလူးများကိလည်း အိတ်ကလေးများဖြင့် ထည့်ပေးလိုက် သေးသည်။ နံနက်စာအဖြစ် ကြော်စားရန် ကြာဇံများကလည်း မနည်းမနောပင်။
မော်တော်ပေါ်တွင် ရွာမှလူများက "ဆရာမ... ဒီတစ်ခေါက် အထုပ်တွေများလှချည်လား" ဟုမေးတာကို နွယ့်အမေက "စားစရာတွေလေ၊ သူ့မှာ အာဟာရချို့တဲ့နေလို့" ဟုပြောရာ ရယ်စရာပြောသည်ထင်ပြီး ရယ်မောကြသည်။ နွယ်သည် ကလေးများအတွက် ကျောင်းအုပ်ဆရာကြီးနှင့် တိုင်ပင်ရန်သာ စိတ်စောနေမိလေသည်။
"ဒါမျိုးက ကျောင်းကျန်းမာရေးဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးဆရာမတွေက သေသေချာချာ ပြောကြမှ ဖြစ်မယ်" ဟု ဆရာကြီးက ဆိုလေသည်။ လောလောဆယ် စာသင်ရင်းနှင့် အာဟာရပြည့်ဝအောင် မည်သို့မည်ပုံစားရမည်၊ စနစ်တကျ မည်သို့ချက်ပြုတ်ရမည်ကို ဆရာ ဆရာမများ အလျဉ်းသင့်သလို ပြောကြပါဟုဆိုလေသည်။ ပြောပါသည်။ နွယ်မို့အတန်းဝင်လျှင် ဒီအကြောင်းတွေကို အမြှုပ်ထွက်မတတ်ပြောလေသည်။ ကလေးများသည် အခြားကမ္ဘာမှ ဂြိုလ်သားများအကြောင်း ပြောနေသလိုပင်၊ နားသာထောင်နေသည်၊ တုံဏှိဘာဝေ၊
"ဒီနေ့ ဘာဟင်းနဲ့စားခဲ့ကြသလဲ" ဟု နွယ်မေးလျှင် ပြုံးစိပြုံးစိသာနေကြသည်၊ မဖြေကြပါ။ နွယ် အားမလိုအားမရဖြစ်ရပါသည်။ နွယ့်ကို နွယ့်အိမ်မှ ရန်ကုန်သို့ ပြောင်းရန် ဒါမှမဟုတ် အလုပ်မှထွက်ရန် တိုက်တွန်းနေကြလေပြီ။
ဝါဝါလည်း စိုးရိမ်နေသည်။ သူလည်း ခြေချောင်းလေးများ ပူးကပ်ပြီး ထုံထုံနေသည်မှာ ကြာပြီ။ ဆေးစစ်ရမှာကြောက်နေသည်တဲ့။ ခုတော့ ရောဂါက တစ်ဝက်သေချာနေပြီ၊ သူလည်း အာဟာရချို့တဲ့သည့် ရောဂါဖြစ်ဖို့ များလေသည်။ နွယ်သည် ရွာမှထွက်မသွားချင်သေးပါ။ ရွာရှိလူများ၊ ကျောင်းသူ ကျောင်းသားများကို တတ်အားသ၍ ပြောပြချင်သေးသည်။ အစားအသောက် အနေအထိုင် ပြုပြင်စေလိုသည်။
သို့သော် ဒီပြဿနာကို ဘယ်လို ဘယ်ပုံရှင်းမည်နည်း၊ ပြောလျှင် ပြောသည်သာရှိမည်။ ဘယ်ပုံဘယ်နည်း လိုက်နာ လုပ်ဆောင်ကြမည်နည်း။ နွယ်မပျော်ပါ၊ ခုတလော နွယ်မတတ်နိုင်သည့် ကိစ္စတွေအတွက် ခုလုခုလု ဖြစ်နေမိသည်၊
ကျောင်းရှေ့မြက်ခင်းပြင်တွင် ဆော့ကစားနေကြသည့် ကျောင်းသား ကျောင်းသူများကို ငေးကြည့်ရင်း သူတို့ ဘာတွေနဲ့ထမင်းစားနေကြပါလိမ့် ဆိုတဲ့အတွေးသာရောက်နေသည်။ ကျောင်းပြူတင်းဝမှ လှမ်းမြင်နေရသော မြစ်ဆီလှမ်းကြည့်မိပြန်တော့လည်း လှေကလေးများဖြင့် ငါးရှာ ဖားရှာ ကွန်ပစ်နေသူအချို့ကို တွေ့ရပြန်လေသည်။ သူတို့ကို ငါးတွေ ပုစွန်တွေ များများဖမ်းမိပါစေလို့ ဆုတောင်းပေးရမလား စဉ်းစားမိပြန်သေးသည်။
ကျောင်းကျန်းမာရေး ဆရာဝန်ကြီး မကြာမီရောက်လာမည်လို့တော့ ဆရာကြီးပြောသည်။ ကျောင်းကျန်းမာရေးဆရာဝန်ကြီး ရောက်လာခဲ့ရင်တော့ ဆရာဝန်က "အမဲသား ငါးစားရဲ့လား" ဟု မေးလျှင် မည်သို့ဖြေကြမှာပါလိမ့်။ နွယ်တို့ မေးလျှင် ပြုံးစိစိလုပ်နေသည့် ကလေးများ၊ ဆရာဝန်ကြီးကို ဘယ်လိုဖြေမှာပါလိမ့်..... နွယ်သိချင်နေမိသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment