၁။ကျမ၏ သမီးကြီးသည် အချို့စကားလုံးများကို တခါတလေ အမှတ်တမဲ့ ပြောင်းပြန် ပြောတတ်သည့် အကျင့်ရှိသည်။ ကျမ စပြီးသတိထားမိသည်က သမီး (၅)နှစ်အရွယ်လောက်မှပင်၊ စကားစပြောတတ်စဉ်က နားမလည်၍ ပြောသည်ဟု ထင်ထားရာမှ မည်သို့ပြင်ပြောစေသည်ဖြစ်စေ ထိုစကားလုံးကို ပြောင်းပြန်ပင်ပြောသည်။ နောက်မှ သတိထားမိပြီး ရယ်ကာမောကာ ပြန်ပြင်ပြောတတ်သည်။ ထိုအကျင့်သည် ဖျောက်မရဖြစ်လို့နေပေသည်။
" အိမ်ကြောင်ထဲက ကိတ်မုန့်တစ်ခု သမီးစားမယ်နော်"ဟု ပြောတတ်သည်။ စကားတတ်ကာစာကတော့ ကြောင်အိမ် ကို အမှတ်မှားခြင်း ထင်မိဟည်။ တက္ကသိုလ်တက်သည်အထိ ထိုသို့ မကြာခဏ ပြောလေသည်၊ "ဟင်းတွေ နွှေးပြီး အိမ်ကြောင်ထဲမှာ ထည့်ထားတယ် အော်..မှားလို့ ကြောင်အိမ်ထဲမှာ ထည့်ထားတယ"်ဟု ပြောသည်။ " မေမေရေ တဲကင်းစောင့်ဘို့လူမရှိရင် ပိုက်ဆံပေးရမယ်တဲ့" ကျမက သမီးဘာပြောလိုက်သည်ကို ချက်ချင်းသိသဖြင့် ရယ်နေလျှင် သူ့ဘာသာ သတိရကာ " ကင်းတဲ" ဟု ပြန်ပြင်ပြောလေသည်။
၂။ ထိုရက်ပိုင်းက ကျမကွန်ပျူတာပျက်လေသည်။ ဘာသတင်းမှ မသိရ၊ ကမ္ဘာကြီးနှင့် အဆက်ပြတ်သလိုဖြစ်နေသည်။ မနက်ပိုင်း ရေဒီယိုလေးကို ကမန်းကတန်းနားထောင်ရသည်၊ ချက်ရေးပြုတ်ရေးနှင့် အိမ်မှုကိစ္စများကြားက အပြေးအလွှားနားထောင်ရသည်။ voice မှ ဒေါက်တာနေ၀င်းမောင် နှလုံးရောဂါဖြင့် ရုတ်တရက် ဆုံးသွားကြောင်းနားထောင်လိုက်ရသည်။ နှမြောစရာ၊ အောင်ထွဋ္ဋ် ကလောင်အမည်ဖြင့်ရေးသော ဆောင်းပါးများကြိုက်သည်။ နာရေးသတင်းဓါတ်ပုံသတင်းများ ကြည့်ချင်သည်။ မကြည့်ရ။ သမီးအလုပ်က ပြန်လာလျှင် ဘာသတင်းထူးလဲ မေးရသည်။ သမီးကလည်း စိတ်ရှည်လက်ရှည် ပြောပြသည်။ ထိုရက်မှာမှ သတင်းတွေကလည်း ဆက်တိုက်ထူးနေသည်။ သမီးလည်း အလုပ်မှာကွန်ပျူတာသုံးရ၍ သိရခြင်း၊ှဇန်န၀ါရီ(၄)ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမည့် သတင်းကလည်း တော်တော်လေး လှုပ်လှုပ် ဖြစ်နေရာ နေ့တိုင်း ဘာထူးလဲ မေးနေမိသည်။
၃။ ဇန်န၀ါရီ(၂) ရက်နေ့ အလုပ်ကအပြန်မှာ သမီးက လွတ်ငြိမ်းချမ်းသာသတင်းကို ပြောလေသည်။ ကျမ ၀မ်းသာအားရမေးရာ " မထူးပါဘူး ထုံးစံအတိုင်းပဲ" ဟု ပြောပြပါသည်။ " တစ်သက်တစ်ကျွန်းကို သေဒဏ်၊ အနှစ်(၃၀) အထက်တွေအားလုံးကို အနှစ်(၃၀).....ပြီးတော့... " ဆက်ပြောနေသော်လည်း ကျမ စိတ်မ၀င်စားတော့။ " ဘယ်လို ဘယ်လို တစ်သက်တစ်ကျွန်းကို သေဒဏ် ဟုတ်လား" ဆိုတော့မှ " ဟာ.. ဟုတ်ပါဘူး သေဒဏ်ကို တစ်သက်တစ်ကျွန်းပြောတာပါ" ဟု ပြန်ပြောင်းပြောရင်း စိတ်တိုတိုနှင့် အလိုမကျစွာ ရယ်မောရသေးသည်။ သမီးသည် စကားပြောလျှင် ထိုသို့ ပြောင်းပြန်ပြောတတ်သည်ကို သိပြီးဖြစ်၍ လွယ်လွယ်ပြီးသွားသော်လည်း အတွေးများက လွယ်လွယ်ပျောက်မသွားတော့ပေ။
နိုင်ငံ၏အကြီးအကဲ၊ လူကြီးမင်းများသည်လည်း ကျမသမီးလို ရှေ့နောက် စကားပြောင်းပြန် ပြောတတ်တဲ့ အကျင့်များရှိနေတာလား။ ကျမတွေးနေမိသည်။

No comments:
Post a Comment