နိုင်ငံရေးမှာ အဆိုအမိန့်တစ်ခုရှိပါတယ်။ အဲဒီအဆိုအမိန့်က ဘယ်လိုပြောထားသလဲဆိုတော့ " ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရမျိုးကိုသာ ပြည်သူတွေ ရတယ်လို့" ပြောပါတယ်။ ဟုတ်ပါတယ်။
ဒီလိုပါပဲ။
ကိုယ်က မျက်စိပိတ် နားပိတ်နေရင် အမြင်ကျဉ်းတဲ့ အစိုးရမျိုးပဲရမှာပါ။ ကိုယ်က မျက်စိပွင့် နားပွင့်နေရင် အမြင်ကျယ်တဲ့ အစိုးရမျိုးရမှာပါ။ အဲဒီလိုပါပဲ။ ကိုယ်ကပညာမတတ် ဗဟုသုတမရှိရင် ပညာမဲ့တဲ့ အစိုးရမျိုးပဲရမှာပါ။
ဖိနှိပ်တဲ့ အစိုးရ....၊ အမြင်ကျဉ်းတဲ့ အစိုးရ.....၊ ပညာမဲ့တဲ့ အစိုးရတစ်ရပ်ရဲ့ လက်အောက်မှာ ပြည်သူတွေဟာ ဘယ်လိုများ ချမ်းသာကြွယ်ဝလာနိုင်ကြမှာလည်း။
ဖိနှိပ်တဲ့အစိုးရ......၊ အမြင်ကျဉ်းတဲ့အစိုးရ.....၊ ပညာမဲ့တဲ့ အစိုးရတစ်ရပ်ရဲ့ လက်အောက်မှာ တိုင်းပြည်က ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်လာမှာလည်း။
ပြည်သူတွေ ချမးသာကြွယ်ဝဖို့နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရကောင်းတစ်ရပ်ဟာ မလွဲမသွေ လိုပါတယ်။ အစိုးရကောင်းတစ်ရပ် ပေါ်ထွက်ဖို့ဆိုရင် နိုင်ငံရေးမှာ ပြည်သူတွေ ဘယ်လောက် တက်တက်ကြွကြွ စိတ်ဝင်စားကြသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးမှာပြည်သူတွေ ဘယ်လောက်တက်တက်ကြွကြွ ပါဝင်ပတ်သက်နေကြသလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။
တစ်ချိန်တုန်းကတော့ ...... ပွင့်ပွင့်လင်းလင်းပြောရရင် .....လမ်းစဉ်ပါတီခေတ်မှာရော ၊ နဝတ၊ နယက တပ်မတော်အစိုးရရဲ့ ခပ်စောစောပိုင်းကာလတွေမှာပါ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးပါတီတွေကို အပြစ်ဖို့တဲ့ဆောင်းပါးတွေကို သတင်းစာတွေထဲမှာ နာမည်အမျိုးမျိုးနဲ့ ရေးခဲ့ကြတာ ဖတ်ခဲ့ရပါတယ်။ ဒါပေမယ့် ခုတော့မဖတ်ရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်ပြောင်းသွားလို့ပါ။ ဒီမိုကရေစီ အုတ်မြစ်ချလိုက်လို့ပါ။ ဒါကြောင့်ပဲ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အစိုးရကောင်းနဲ့ သန့်ရှင်းတဲ့အုပ်ချုပ်မှု ပေါ်ထွက်လာရေးတို့ကို ပြောဆိုနေရတာပါ။
ဒီတော့ အစိုးရကောင်းနဲ့ သန့်ရှင်းတဲ့အစိုးရတွေ ပေါ်ထွက်လာဖို့အတွက် လွှတ်တော်ထဲမှာ နိုင်ငံရေးကို တကယ်စိတ်ဝင်တစား တစိုက်မတ်မတ်လုပ်မယ့် နိုင်ငံရေးသမားကောင်းတွေ ရှိဖို့လိုလာပါပြီ။ စိတ်စေတနာမွန်မြတ်တဲ့ နိုင်ငံရေးသမားကောင်းတွေရှိလာဖို့ အရေးကြီးလာပါပြီ။ ပညာအရည်အချင်းပြည့်မီတဲ့ နိုင်ငံရေးသမားကောင်းတွေရှိလာဖို့ အချိန်အခါသင့်နေပါပြီ။
တစ်ပါတီအုပ်စိုးခဲ့တဲ့ ၂၆ နှစ်လုံးလုံး နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီမကောင်းကြောင်း မျက်စိလည်းနောက်၊ နားလည်းညည်းအောင် ကိုပဲ ဖတ်ခဲ့ ကြားခဲ့ရပြီးပါပြီ။ နဝတ၊ နယက၊ တပ်မတော်အစိုးရလက်ထက် အစောပိုင်းကာလတွေမှာလည်း ဒီလိုပါပဲ။ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေ ကလိမ်ကကျစ်ကျကြောင်းတွေကို အကြိမ်အခါပေါင်းများစွာ ဖတ်ခြ့ရဖူးပါပြီ။
ကိုယ့်ဘက်ကကြည့်တော့ သစ္စာဖောက် ....၊ သူ့ဘက်ကကြည့်တော့ သူရဲကောင်း ဖြစ်နေတတ်ပါတယ်။ တစ်ပါတီစနစ် မဆလ ဟာ ဖဆပလကို ရန်သူအဖြစ်နဲ့ ကြည့်ခဲ့ကြတော့ တိုင်းပြည်လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဖဆပလဟာ လူဆိုးကြီးပဲပေါ့။ ဒီလိုပါပဲ။ ဒီမိုကရေစီဘက်တော်သားတွေကလည်း တစ်ပါတီစနစ်ကိုကြည့်ကြတဲ့အခါမှာ ဖောက်ပြန်ရေးသမားတွေလို့ပဲ ရှုပ်ချသုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တူညီနေတာတစ်ခုကိုတော့ သူတို့တစ်တွေ အားလုံးမေ့နေခဲ့ကြတယ်။ အဲဒါက ဘာလဲဆိုတော့ တစ်ပါတီစနစ်ကလူတွေက ဖဆပလ ကို လူဆိုးလူညစ်တွေလို့ စွပ်စွဲခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးကို သစ္စာရှိရှိ ကျိုးကျိုးနွံနွံ အကောင်အထည်ဖော်ပေးနေခဲ့ကြတဲ့ နိုင်ငံရေးသမားတွေပဲ.............. ဆိုတာ သူတို့ကိုယ်သူတို့မေ့နေကြတယ်။ ဒီလိုပါပဲ။ ၁၉၈၈ ကနေ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးသမားတွေကလည်း တစ်ပါတီစနစ်က လူတွေကို သူတို့လည်း နိုင်ငံရေးသမားတွေပါလားဆိုတာ အသိအမှတ်ပြုဖို့ မေ့နေခဲ့ကြတယ်။ တကယ်ဆိုတော့ ဖဆပလ၊ လမ်းစဉ်ပါတီနဲ့ ဒီမိုကရေစီဘက်တော်သားတွေ အားလုံးဟာ စနစ်တစ်ခုစီမှာ လှုပ်ရှားနေကြတဲ့ နိုင်ငံရေးသမားတွေချည်းပါပဲ။ စနစ်တစ်ခုကို အောင်မြင်အောင် အကောင်အထည်ဖော်ပေးခဲ့ကြတဲ့ နိုင်ငံရေးသမားတွေချည်းပါပဲ။
အဲဒါထက်ပိုပြီး ဆက်ပြောရရင်...........................
နဝတ၊ နယက၊ တပ်မတော်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ကြီးတွေဟာလည်း နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ကြတဲ့ လူတွေပါပဲ.........လို့ပြောနိုင်ပါတယ်။ နိုင်ငံရေးသမားတွေ လုပ်ရမယ့်အလုပ်တွေကို လုပ်ခဲ့ကြတဲ့လူတွေပါပဲလို့လည်း ပြောနိုင်ပါတယ်။
ချုပ်ရရင်တော့ နိုင်ငံရေးနဲ့ကင်းတဲ့လူဆိုတာ မရှိပါဘူး။ နိုင်ငံရေးသမားတစ်ယောက်ရဲ့ တာဝန်ကို မထမ်းဆောင်တဲ့သူဆိုတာမရှိပါဘူး။
အဲသလို တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ မှားတာတွေလည်းရှိမယ်............မှန်တာတွေလည်းရှိကြမှာပဲပေါ့။ ဥပမာ.........စနစ်ကောင်းပေမယ့် လူတော်တွေ၊ အတ္တကြီးကြတာတွေ.....၊ အုပ်စုဂိုဏ်းဂဏဖွဲ့ကြတာတွေကို ဖဆပလမှာ တွေ့နိုင်တယ်။ လူတွေကညံ့ရတဲ့အထဲ စနစ်ကပါ မမှန်တာမျိုးကို တစ်ပါတီစနစ်မှာ တွေ့ကြရနိုင်ပါတယ်။
ဒီတော့ မေးစရာဖြစ်လာပါပြီ။
မမှန်မကန် ညံ့ဖျင်းတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကနေ မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်ဆီ ပြောင်းလိုက်ပြီဆိုတော့ ဒီ ဒီမိုကရေစီ စနစ်ကြီး ကာလကြာရှည် ခိုင်မြဲအောင် ဘယ်လိုလုပ်ကြမလဲ။
ဟုတ်ကဲ့။
ပြည်သူတွေကိုယ်တိုင် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်တိုင်း တစ်ယောက်တိုင်းဟာ နိုင်ငံရေးမှာ စိတ်ဝင်တစား ပါဝင်ပတ်သက်နေဖို့လိုပါတယ်။ ဒါပေမယ့် ပြည်သူတွေဆိုတာက နိုင်ငံရေးနယ်ပယ်မှာ အချိန်ပြည့်စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ ဒီတော့ ပြည်သူ့ကိုယ်စား၊ ပြည်သူ့အကျိုးကို ကူညီဆောင်ရွက်ပေးမယ့် နိုင်ငံရေးသမားတွေ လိုလာပါတယ်။
ဒီတော့ ဘယ်လိုနိုင်ငံရေးသမားတွေလိုတာလဲ....... ဆိုတာ မေးစရာဖြစ်လာပါပြီ။
ရပ်အကျိုး၊ ရွာအကျိုး အများအကျိုးကို သယ်ပိုးဆောင်ရွက်ချင်တဲ့ လူမှုရေးသမားတွေ နိုင်ငံရေးထဲ တစ်ဆင့်မြှင့် ပြောင်းဝင်ဖို့လိုလာပါပြီ။
စိတ်ကောင်း စေတနာကောင်း ၊ အကျင့်စာရိတ္တကောင်းမွန်တဲ့ လူတွေ နိုင်ငံရေးကွင်းထဲမှာ သန့်သန့်ရှင်းရှင်း ဝင်ကစားဖို့ လိုလာပါပြီ။ တစ်နည်းအားဖြင့်ဆိုရင် လူရိုးလူကောင်းတွေ နိုင်ငံရေးထဲ ဝင်ပါဖို့လိုနေပါပြီ။ပြီးတော့ ပညာတွေလည်းတတ် ၊စိတ်ထားလည်း သန့်စင်မွန်မြတ်တဲ့ လူတွေ နိုင်ငံရေးနယ်ပယ်ထဲမှာ ခြေချဖို့လိုနေပါပြီ။ တနည်းအားဖြင့်ဆိုရင် လူတော်လူကောင်းတွေ နိုင်ငံရေးထဲဝင်ပါဖို့ လိုနေပါပြီ။
ဒီလို လူမှုရေးစိတ်ဓါတ်ပြည့်ဝတဲ့လူတွေ..... လူရိုးလူကောင်းတွေ..... လူတော်လူကောင်းတွေက နိုင်ငံရေးထဲ ဝင်ရောက်လှုပ်ရှား ထိန်းမတ်ပေးမှ အစိုးရကောင်းနဲ့ သန့်ရှင်းသော အုပ်ချုပ်မှုတို့ ဖြစ်လာမှာပါ။ အဲသလိုမှ ဝင်မလုပ်ကြဘူးဆိုရင် ....နိုင်ငံရေးကို ကျောခိုင်းနေကြမယ်ဆိုရင်..........
လူမှုရေးသမားက လူမှုရေးအဆင့်ကိုပဲ ပြန်ဆင်းပြီး ဆက်လုပ်နေလို့ရပါသေးတယ်။ သူတို့အတွက်ကတော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့်...................
လူရိုးလူကောင်းတွေနဲ့ လူတော်လူကောင်းတွေက နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ ခံယူပြီး နိုင်ငံရေးထဲမှာဝင်မလှုပ်ရှားကြဘူးဆိုရင် နိုင်ငံကို လူဖျင်းလူညံ့တွေက စီမံအုပ်ချုပ်သွားကြလိမ့်မယ်။
လူရိုးလူကောင်းတွေနဲ့ လူတော်လူကောင်းတွေက နိုင်ငံရေးဟာ ကိုယ်နဲ့မပတ်သက်ဘူးလို့ခံယူပြီး နိုင်ငံရေး မလုပ်ကြဘူးဆိုရင် လူလိမ်လူကောက်တွေက နိုင်ငံကို ဖဲ့ရွဲ့စားသောက်နေကြမှာပါပဲ။
လူရိုးလူကောင်းတွေနဲ့ လူတော်လူကောင်းတွေက နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေမယ် ............ လို့ ခံယူပြီး နိုင်ငံရေးမလုပ်ကြဘူးဆိုရင် လူဆိုးလူမိုက်ကြီးတွေက နိုင်ငံကို ဖိနှိပ်ညှင်းဆဲကြမှာ အမှန်ပါပဲ။
ဂရိဒဿနပညာရှင်ကြီး ပလေတိုကလည်းပြောခဲ့ဖူးပါတယ်။ ဘယ်လိုပြောခဲ့သလဲဆိုတော့.......
If good men are not willing to join polities, then they should be willing to be governed by sc-oundrals.
လူကောင်းသူကောင်းတွေက နိုင်ငံရေးကို လုပ်လိုတဲ့ဆန္ဒမရှိဘူးဆိုရင် ကလိမ်ကကျစ် လူလိမ်လူကောက်တွေ အုပ်ချုပ်တာကို လိုလိုလားလား လက်ခံကြရမယ်..... တဲ့။
ဒါ့ကြောင့်..................
နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူရိုးလူကောင်းတွေနဲ့လူတော်လူကောင်းတွေ နိုင်ငံရေးထဲမှာပါဖို့ အရေးတကြီး လိုအပ်နေပါပြီ။
စံမြတ်
No comments:
Post a Comment