January 12, 2012

ကြိုးပိုင်ရှင်သို့လည်ပင်းလှမ်းဖက်ကြည့်ခြင်း

မြန်မာစကားတွင် ပြောလေ့ရှိသည့်စကားတစ်ခုရှိသည်။ လည်ပင်းလှမ်းဖက်သည်တဲ့။ နိုင်ငံရေးနယ်ပယ် စီးပွားရေးနယ်ပယ် လူမှုရေးနယ်ပယ် အနုပညာနယ်ပယ် စသဖြင့်နယ်ပယ်တစ်ခုခုတွင် အောင်မြင်ကျော်ကြားသူ တစ်ဦးဦးကို တစ်စုံတစ်ဦးက ငါကတော့သူနဲ့ဘယ်လိုသိခဲ့တာ၊ ဘယ်လိုရင်းနှီးတာပေါ့ စသဖြင့်ပြောတတ်ကြသည်။ တချို့ကလဲ ထိုသူနှင့်အတူတွဲပြီး ဓါတ်ပုံရိုက်ထားတာရှိလျှင် ထိုပုံပြလျှက် ပြောကြသည်။ ထိုသို့မကြာခဏပြောပါများလျှင် အပြောခံရသူသည် နားကြားပြင်းကပ်လာကာ (လိုက်ပြောနေသည့်သူသည် ဘာမှအရာမဟုတ်က ပိုဆိုးသည်) အင်း... လည်ပင်းလိုက်ဖက်နေပြန်ဘီဟု ပြောလေ့ရှိသည်။ ထိုသို့ပြောက စာရေးသူသည် တစ်စုံတစ်ဦးကို လည်ပင်းလှမ်းဖက်ကြည့်ပါရစေ။ အပြင်မှာတော့ ဖက်လို့မရ။ ဘာ့ကြောင့်လဲဆိုတော့ အဆိုပါ ကြိုးပိုင်ရှင်သည် အရပ်ခြောက်ပေနီးပါးခန့်မြင့်ပြီး၊ စာရေးသူသည် ငါးပေနှစ်လက်မသာရှိ၍ ဖြစ်လေသည်။

               ကြိုးပိုင်ရှင် ကိုမင်းသိုက်နှင့် စာရေးသူတို့မိသားစု တစ်မိုးအောက်တွင် အတူနေခဲ့ဖူးသည်။ မိသားစုနှစ်စု တစ်အိမ်ထဲတွင်စုနေက နဂိုရှိရင်းစွဲမိတ်ပင်ပျက်တတ်သည်ဟု ပြောကြရာ၊ စာရေးသူတို့ မိသားစုနှစ်စုသည် အကြောင်းကြောင်းကြောင့် တစ်မြို့စီ ဝေးသွားသည့်တိုင် မောင်နှမအရင်း၊ ညီအမအရင်းပမာ တိုင်ပင်ဆွေးနွေးဖြစ်ကြသည်။ သာကြောင်းမာကြောင်း အမြဲဆက်သွယ်မေးမြန်းသည်။

ဒါကြောင့်လည်း လွပ်လပ်ခြင်းအနုပညာပွဲတော် ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည်ကို သိနေကြားနေရသည်။ ဆုရနိုင်လိမ့်မည်ဟု ကြီုတင်သိနေသည်။ အဘယ့်ကြောင့်နည်း။ ပုဂ္ဂိုလ်မင်၍ တရားခင်ခြင်းမဟုတ်။ စာရေးသူတို့ အိမ်အကြီးတစ်လုံးတွင်စုနေစဉ်က ညနေစောင်းသည်နှင့် အိမ်ဝင်းထဲမှာ ဝိုင်းဖွဲ့စကားပြောကြသည်။ တစ်ရက်မှမပျက်၊ ထိုသို့ပြောရင်း  ထူးခြားတဲ့အကြောင်းအရာ ဇာတ်ကြေင်းတစ်ခုခု အကြောင်းပြောမိလျှင် ဒီအကြောင်းကို သူရိုက်မည်။ ကင်မရာကို ဘယ်လိုထားပြီး၊ သရုပ်ဆောင်က ဘယ်လိုပုံစံ၊ ရိုက်ကွင်းက ဘယ်နေရာမှာ၊ ဘာက်ုဘယ်လို နောက်ခံထားလိုက်ရင်၊ အဲဒီအချိန်မှာ ရာသီဥတုအနေအထားက ဘယ်လိုလေးဖြစ်တဲ့အချိန်ပေါ့ စသဖြင့် နှုတ်ဖြင့် ဇာတ်ကားပေါင်းများစွာ ရိုက်ဖြစ်ကြသည်။ စာရေးသူတို့အားလုံး သူရိုက်သည့်ဇာတ်ကားနောက်သို့ စိတ်ကူးဖြင့် မျောပါခဲ့ကြဘူးသည်။ စိတ်ကူးဖြင့် အကယ်ဒမီပေးခဲ့ကြလေသည်။ သူသည်အင်မတန်စေ့စပ်သေချာသည့် သူတစ်ဦးဆိုတာ တဖြည်းဖြည်းသိလာရသည်။

         အရာရာကိုစေ့စပ်သေချာပုံက စာရေးသူ ဒီအသက်အရွယ်ရောက်သည်အထိ ဒီလိုလူမျိုး ဒီတစ်ယောက်သာဆုံဘူးလေသည်။ စာရေးသူက တချို့ကိုယ်နှင့်ကိုက်ညီသည့်ကိစ္စဆို အတုယူသည်။ စာရေးသူ ခင်ပွန်းကတော့ အင်မတန်နားညည်းသည်ဟုဆိုလေသည်။  တခါတလေမူးမူးနှင့်ရစ်လေတော့သည်။ ထိုအခါ ကိုမင်းသိုက်သည် သီးခံရှာလေသည်။ တခါက သူ့အပေါ်မကောင်း၊ ကျေးဇူးမသိသည့်လူတစ်ယောက် အသိအိမ်မှာပစ္စည်းတစ်ခုမေ့ကျန်ခဲ့သည်။ ထိုပစ္စည်းကို အိမ်ရှင်က ကိုမင်းသိုက်နှင့် လူကြုံပေးလိုက်ရာ အိမ်ပေါက်ဝအရောက်တွင် စာရေးသူခင်ပွန်းမှ " ဟေ့လူ အထဲဝင်မနေနဲ့ လှမ်းခေါ်ပေးလိုက်"ဟု ပြောရာ ကိုယ့်ကိုပေးခိုင်းလိုက်တာ လက်ရောက်ပေးမှဖြစ်မယ်ဆိုကာ၊ ကားပေါ်မှဆင်းပြီး အိမ်ထဲအရောက် သွားပို့ပေးလေသည်။ ပိုင်ရှင်က ကျေးဇူးတင်ကြောင်းပင်မဆို။ ခင်ပွန်းသည်က ကိုမင်းသိုက်အမျိုးသမီးအား" နင့်ယောင်္ကျားကို နောက်ကနေ ဖနောင့်နဲ့ပေါက်လိုက်ချင်တယ်" ဟုပြောရာ စိတ်မဆိုးပဲ ရယ်ကြလေသည်။
         သူသည် လူတိုင်းကို ကူညီဘို့ဝန်မလေး၊ သို့သော် သူ၏ စေ့စပ်စူးရှသောအမြင်က သူ့ကိုမိတ်ပျက်စေလေတော့သည်။ လူတစ်ယောက်ကို မြင်လိုက်သည်နှင့် နာမည်နှင့်လူလိုက်ဖက်အောင် ပေးတတ်သည်။ ထိုနာမည်ပြောင်ကို လူ့ရှေ့မရှောင်သူရှေ့မရှောင် ခေါ်ရာ အခေါ်ခံရသူက စိတ်ဆိုးလေသည်။ အခြားသူများက ဒက်ကနဲ ဟုတ်သားပဲ တကယ်တူတယ်ဟု စိတ်ထဲတန်းကနဲ သိရလေသည်။ စာရေးသူ၏ သမီးအငယ်ပင် မလွတ်။ ရေဘက္ကာဝင်းဟု နာမည်ပြောင်ခေါ်လေသည်။ သီချင်းဆိုလွန်းသည့်အပြင် ဆံပင်ဖြောင့်ထား၍ဖြစ်မည်။ "ရေဘက္ကာဝင်းရေ  ညည်းသာ ဦးမင်းသိုက်နေခဲ့ရတဲ့ ကြီးတော်အပျိုကြီးနဲ့ နေရရင် တစ်ရက်မှ ထမင်းစားရမှာမဟုတ်ဘူး" ဟု မကြာမကြာရေရွတ်ရသည်။ သမီးငယ်သည် အပြင်ကပြန်လလျှင် ဘယ်လောက်ပြောပြော ဘိနပ်ကို ကမန်းကတန်းချွတ်တတ်သည်။ တောင်တစ်ဘက် မြောက်တစ်ဘက်။ ကိုမင်းသိုက် ဘိနပ်ချွတ်လျှင် ဘိနပ်နှစ်ဘက်စလုံးသည် ညီညီညာညာစုစုကလေးဖြစ်သည်။ နောက်ပြီး လူသွားလမ်းတည့်တည့်တွင် ဘယ်တော့မှချွတ်မထားတတ်။ ကိုယ့်ဘိနပ်သူများတက်နင်းမည်ဆိုး၍ ဖြစ်သည်။ စာရေးသူလည်းဒီအကျင့်ရှိသည်။ ဒါ့ကြောင့်သတိထားမိခြင်း။ သူငယ်စဉ်က ဘိနပ်ချွတ်ပုံ ပုံစံမမှန်ရင် ကြီးတော်များက စည်းကမ်းမလိုက်နာဆိုကာ ထမင်းမကျွေးဟု ဒဏ်ပေးသည်။ တစ်သက်လုံး ပုံစံကျလေသည်တဲ့။ သို့ဖြင့်ရာ စာရေးသူသမီးအငယ်ကို ပြောပြ ဆုံးမလေသည်။ လူတစ်ယောက်၏ အမူအကျင့်သည် ထိုလူ၏စိတ်ပိုင်းဆိုင်ရာ တစ်စိတ်တစ်ဒေသပင်။
          စာရေးသူ၏ သမီးအလတ်နှင့်အငယ်ကို သူ၏ကားဖြင့် နေ့စဉ် ကျောင်းကြိုပို့လုပ်ပေးသည်။ သမီးငယ်သည် ကားပေါ်မှဆင်းလျှင် ကားတခါးကို နောက်မကြည့် ဝုန်းကနဲ ပိတ်သည်။ စာရေးသူက အားနာစွာ ပြောရသည်။ ကြာတော့ အမြဲမပြောနိုင်တော့ပေ။ ကိုမင်းသိုက်သည် ကား crazy။ ဒါပေမယ့် ဘာမှမပြော။ သူ၏ပုံစံအတိုင်း ကလေးများကားပေါ်တက်ရန် စနစ်တကျ ပြင်ဆင်သည်။ ကားပေါ်တက်ခါနီးလျှင် အလတ်မအရင်တက်၊ ပြီးမှ အငယ်မတက်စေသည်၊ ပြီးတော့မှ သူကိုယ်တိုင် ကားတခါးကိုပိတ်ပြီးကားပေါ်တက် မောင်းထွက်သည်။ အဆင်းတွင် အငယ်မအရင်ဆင်းရလေပြီ၊ သို့အတွက် တံခါးကို သူပိတ်ဘို့မလိုတော့ မပြောရတော့၊ အသေးအဖွဲကိုပင် စေ့စပ်သေချာစွာရှင်းတတ်လေသည်။ သို့အတွက် အလုပ်လုပ်ရာတွင်တော့ ဆိုဖွယ်မရှိ။ တခါတုန်းက ရိုက်ကွင်းတစ်ခုအတွက် သူလိုချင်သောနှင်းဆီပန်း မတွေ့၍  တောင်ပေါ်ရိုက်ကွင်းတခုမှ တနေကုန်နေပြီး ပြန်လာဖူးသည်။ နှင်းဆီပန်းခင်းကြီးများဟီးနေအောင်ပေါရက်နဲ့ဟု စာရေးသူကဆိုရာ သူလိုချင်သည့် ပုံစံမဟုတ်ပါတဲု့။ ဒီမှာ အဲဒီနှင်းဆီက အရေးကြီး အဓိက ကျလို့ဖြစ်ပါသတဲ့။ သူ့အမျိုးသမီးသည် တကယ့်ကို ပါရမီဖြည့်ဖက်ပင်။ အဆင်ပြေအောင် နောက်မှတကောက်ကောက် လိုတာလုပ်ပေးသည်။ ချေးများရကောင်းလားဟု တစ်စက်မှမညိုညင်ပေ။
         ကြိုးဇာတ်ကားကို ရိုက်ကူးနေစဉ်အတွင်း သရုပ်ဆောင်က သူ့အားမပြောမဆို ဆံပင်ညှပ်လိုက်သည့်အတွက် တော်တော်စိတ်ကသိကအောင့်ဖြစ်ရကြောင်းကိုလည်း သူကားရိုက်မပြီးခင် လှမ်းပြောသေးသည်။ " ဟိုလူတော့ တော်တော်နားပူနေလောက်ဘီ" ဟု စာရေးသူတို့လင်မယား ပြောပြီးရယ်နေရသည်။ စာရေးသူတို့ထံ ကြိုး ကိုပို့၍ကြည့်မိသည့်အခါတွင်တော့ ကြည်လင်သပ်ယပ် ကောင်းမွန်လှသည့် ဇာတ်လမ်းတိုကလေးကို သဘောကျစွာ အားပေးမိလေသည်။ မေးလ်မှတစ်ဆင့် ဆုရပါစေကြာင်း၊ကံကောင်းပါစေကြာင်းဆုတောင်းပေးရင်း တကယ်ဆုရသည့်အခါတွင်တော့ ဝမ်းသာအားရဖြစ်မိလေသည်။ စနစ်ကျသော၊ အတွေးသစ်သော ၊အမြင်သစ်သော ကြိုးပိုင်ရှင် ။ကိုမင်းသိုက် ဆက်လက်ဖန်တီးသည်များကို စောင့်ပြီးအားပေးနေရပေအုန်းမည်။

        (လွတ်လပ်ခြင်းအနုပညာပွဲတော်တွင် ဇာတ်လမ်းတိုဆုရ ဒါရိုက်တာမင်းသိုက် သို့အမှတ်တရ ရေးပါသည်။)  

No comments:

Post a Comment