January 24, 2012

အမေ့သားရဲ့ ၅ (ည) ဖက်ရှင်



လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာလေပြီ။ သားလေးပါလာပါစေ။ ပါလာမှာပါ၊ ပါလာမှာပါ၊ လွတ်လာမှာလို့ အမေယုံတယ်၊ အမေ့သားလေးလွတ်လာရင် လမ်းမှာလွဲမှာစိုးလို့၊ အမေကိုယ်တိုင် ထောင်ဗူးဝမှာ လာမကြိုတော့ဘူး။
အမေသားကို နောက်ဆုံးထောင်ဝင်စာလာတွေ့တဲ့လက ပြန်ကာနီးမှာ ထောင်မှုးဆီ ငွေတစ်ချို့ အပ်ထားခဲ့မိတယ်။ စိတ်ထဲမှာ နောက် ၇ လဆို သားလေး လွတ်ရက်စေ့ပြီ။ အမေ လာမကြိုနိုင်ခဲ့ရင် အပြန်လမ်းစရိတ် မရှိမှာစိုးရိမ်စိတ်နဲ့ အပ်ထားခဲ့မိတယ်။
ခုတော့ အဆင်သင့်လိုက်တာ။ အမေ့သား ထောင် ၇ နှစ်ကျတာ၊ လပိုင်းလေးပဲလိုပေမယ့် အမေကတော့ မျှော်နေမိတယ် သားရယ်။ သားနဲ့ အမှုတွဲတူတဲ့ သူငယ်ချင်းမိတ်ဆွေတွေရယ်၊ တစ်နိုင်ငံလုံး ရှိသမျှ အကျဉ်းထောင်တွေမှာ အသီးသီးရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ အမေ ဆုတောင်းနေမိတယ်။
ညက တစ်ညလုံး အိပ်မပျော်နိုင်ပေမယ့် မနက်လည်း အစောကြီးနိုးနေမိတယ်။ အမေ့သားကို ထောင်ဝင်စာတွေ့ပြီး ပြန်လာရင် ဒီနေ့လည်ဆို ရန်ကုန်ရောက်ပြီဆိုတာ အမေသိတယ်လေ။ သားကို ၇ နှစ်အတွင်း တစ်လတစ်ခါ ထောင်ဝင်စာ မပျက်မကွက်လာရင်း ကားဂိတ်မှာ ဘယ်အချိန်ကားထွက်ရင် ဘယ်အချိန်ဆိုက်မယ်ဆိုတာ အမေ အလွတ်ရနေပါပြီ။
သားပထမဆုံး မန္တလေးထောင်မှာ  ၂ နှစ်နေရတုန်းကတော့ ပြောရကြေးဆို သွားရလာရတာ အမေ သက်သာပါတယ်။ ရန်ကုန်ကအတူသွားမယ့် အဖော်တွေလည်းရှိတယ်လေ။ နောက်ပိုင်း ပခုက္ကူထောင် ပြောင်းလိုက်တော့ အမေတစ်ယောက်ထဲဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အမေတစ်ယောက်ထဲပေမယ့် အမေက အပြင်လောကမှာ။ အမေ့သားကတော့ ပခုက္ကူထောင်မှာ တစ်ယောက်ထဲလေ။
သားအမှုတွဲတွေက မန္တလေးထောင်မှာတစ်ချို့ကျန်ခဲ့ပြီး အခြားသူတွေလည်း နယ်ထောင်အသီးသီး ပို့ခံရတယ်လေ။ နောက်ပြီး ပခုက္ကူထောင်မှာက သားအပါအဝင် ၅ (ည) နဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက်ပဲ ရှိတာ၊ တစ်ယောက်ကတော့ သူ့ကို သားကဘယ်သူဘယ်ဝါမှန်းမသိသလို သူ့ကိုယ်သူတောင် ဘယ်သူဘယ်ဝါမှန်း မသိတော့တဲ့သူတစ်ယောက်။
နောက်ပိုင်းဘယ်ပို့လိုက်မှန်းမသိတောာတာမို့ ပခုက္ကူထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သားတစ်ယောက်သာ ရှိတော့တာမို့လား။ အမေ့သားကိုလည်း ဘယ်ပို့လိုက်မှန်းမသိဖြစ်ပြီး ပျောက်ချင်းမလှ ပျောက်သွားမှာစိုးရိမ်လို့ အမေ့အလုပ်ကခွင့်ယူပြီး (ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ခွင့်တင်ခဲ့ပြီး) သားကို တစ်လတစ်ခါ လာတွေ့နေရတာပေါ့။
ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အပေါင်းပါစစ်ထောက်လှန်းရေးတွေကို ဖမ်းဆီးထိမ်းသိန်းပြီးတဲ့နောက် စစ်ထောက်လှမ်းရေးက မတရားစွပ်စွဲ ဖမ်းဆီးထားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်ဆိုတဲ့ အမိန့်  ထုတ်လိုက်တယ်လေ။ အမေ့သားအပါအဝင် ကျောင်းသားလူငယ်တွေ၊ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး အရေးဆိုသူတွေအားလုံးဟာ အမှန်တရားတရားအတွက် တိုက်ပွဲဝင်နေကြတာပဲလေ။
အမှန်တရားလိုလားသူတွေကို မမှန်တာလုပ်တဲ့သူတွေက အတိုင်းအဆမရှိ ဖမ်းထားတာဟာ မတရား လုပ်တာပဲပေါ့။ အမေမျှော်နေမိတယ်သားရေ။ သားကြိုက်တဲ့ ဟင်းလေးတွေချက်ရင်း အမေစောင့်နေမိပြီ။
သားကို ထောင်ဝင်စာတွေ့တဲ့အချိန်ကဆို ရတဲ့အချိန်လေးမှာ ပြောရဆိုရ အချိန်ကုန်မြန်လိုက်တာ။ ထောင်ဝန်ထမ်းတွေများ နာရီကို လက်နဲ့လှည့်နေသလား တွေးမိပါရဲ့။ ခုတော့ သားကို မျှော်ရတာ နာရီများရပ်နေသလား ခဏခဏ မော့ကြည့်ရတယ်။
အလို.. နေ့လည်တောင်ရောက်ပြီ။ သားလွတ်လာရင် ရောက်သင့်ပြီပေါ့။ ပြောလို့တော့မရပါဘူးလေ ၊ ထောင်ကထွက်ထွက်ချင်း ထမင်းလေးဘာလေး စားအုန်းမှာနဲ့ဆို အင်း… ဒီအချိန်မရောက်နိုင်သေးဘူးလေ။
အမေ့ကို သားအစ်မတစ်တွေက နေ့ခင်းတရးတမော အိပ်လိုက်ပါလား ပြောနေကြတယ်။ အမေ ဘယ်အိပ်နိုင်မှလည်း သားရဲ့။ သားပြန်အလာကို အမေထိုင်စောင့်ချင်တာပေါ့။ သားက အမေ....လို့ အော်ပြီး အိမ်ထဲပြေးဝင်လာမှာကို အမေ လက်ဆန့်တန်းပြီး ကြိုချင်တာပေါ့သားရယ်။
ဟင်.......... ဘာလိုလိုနဲ့ ညနေစောင်းလာပါပေါ့လား။ အမေ့သား........... နောက်ဆုံးကားနဲ့လိုက်လာရင်တောင် ဒီအချိန်က ရောက်သင့်တာထက် ကျော်နေပြီကော။ အမေ့သားလေး အစစချောမောပါစေ။ အမေ ခြေဆန့်လက်ဆန့် လှဲနေပါလားလို့ သမီးကြီးကပြောပြန်ပြီ။ အို....အေ  ၇ နှစ်နီးပါး စောင့်ခဲ့ပြီးပြီ၊ ခုချိန်လေးစောင့်ရတော့ဘာဖြစ်လဲ။ နောက် ၇ လကို ဆက်စောင့်ဆိုလည်း စောင့်ရမှာပဲ။
အမေ့ရင်ထဲ လှိုက်ကနည်းဖြစ်ပြီး မျက်ရည်တွေ ဝေ့တက်လာပေမယ့် အမေမငိုဘူး၊ အမေမငိုဘူး။ သားစိတ်တွေ နောက်ကြောင်းမအေးမှာစိုးတဲ့အတွက် အမေမငိုတာကြာခဲ့ပြီရော။
အင်း....... ဆီမီးထွန်းရတော့မှာပဲ၊ ညတာရှည်လာတယ်နဲံ့တူပါရဲ့ မှောင်တာစောလိုက်တာ၊ အရေးထဲ ခြံဝမှာ ဘယ်က အဖိုးအိုပါလိမ့်။ ကတုံးဆံတောက်နဲ့၊ မျက်လုံးဟောက်ပက်၊ ရယ်များတောင်ပြနေသေး၊ အင်း........ ရယ်လိုက်မှ သွားပဲ မြင်ရတော့တယ်။
မှန်း......... ရှေ့တိုးပြီး မေးအုန်းမှပါ၊ အင်္ကျီကတော့ အဖြူခေါင်းစွပ်နဲ့ ပုဆိုးက ရေတောင်မချရသေးလို့ ကော်အတောင့်သားပါလား၊ ဟင် ဘိနပ်ကလည်း သဲကြိုးက အပြာတစ်ဖက် အနီတစ်ဖက်၊ ကျွတ်ကျွတ်အိတ် ပလပ်စတစ်စကို ကျစ်ထားပြီး သဲကြိုး လုပ်...လုပ်...
အမလေး.  ဒါ...ဒါ  ထောင်ထဲက လက်မှုအတတ်....  သားလေး ..သား ... အမေ့သား...လွတ်လာပါပေါ့လား။ သားလွတ်လာပြီ။.....အမေ့သားလွတ်လာပြီ။
(၂၀၀၄ခုနှစ်က လွတ်ငြိမ်းချမ်းသာဖြင့် ပခုက္ကူထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုရဲလင်း၏ပုံရိပ်အား သတိတရ ရေးဖွဲ့ပါသည်။) 
ခိုင်ခိုင်စောလွင်

No comments:

Post a Comment