May 6, 2012

စာစု


                                                 
                                   အမှန်တရားနှင့်စွန့်လွှတ်ခြင်း
                                                
အမှန်တရားအတွက် မိမိကိုယ်ကျိုးကို စွန့်ကြသည်၊ ပိုင်ဆိုင်မှုကို စွန့်ကြသည်၊ ထို့အတွက် ကမ္ဘာကျော် ပုဂ္ဂိုလ်များလည်း ရှိပါသည်။ ကိုယ်ကတော့ ကမ္ဘာမကျော်၊ မြန်မာပင် မကျော်ပါ၊ အနှီပုဂ္ဂိုလ်တို့ ခြေဖျားပင် မမှီပါ။ ပမွှား အမှုံအမွှားပေမယ့် အမှန်တရားအတွက် ကိုယ့်အတိုင်းအတာနှင့် ကိုယ် စွန့်လွှတ်ခဲ့ရသည်များကတော့ ကိုယ့်အတွက် မဟာ့မဟာ အကြီးအမားပင်။ အမှန်တရားဆိုတာ ကိုယ့်ဖက်ကကြည့်တော့ လက်ဖဝါး၊ သူ့ဖက်က ကြည့်တော့ လက်ဖမိုးလား၊ အမှန်တရားဆိုတာကို စန်းစစ်ရင်း တစုံတခုကို ရှာတွေ့မိလေသည်။
  “ လောကမှာ အမှန်ကန်ဆုံးနဲ့ အမြဲမှန်တာ၊ ဘယ်တော့မှ မမှားတာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ မွေးဖွားပြီးရင် သေဆုံးရမှာဖြစ်တယ်။ သေခြင်းဆိုတာ အမှန်တရားပဲ။”
ဒါဖြင့် လူတွေဟာ မွေးဖွားပြီးချိန်ကစလို့ အမှန်တရားကို ရောက်အောင် ဘယ်လိုပုံစံနဲ့ ဖြတ်ကြသလဲ။ တရားနည်းလမ်းကျစွာ ဖြတ်သန်းကြသလား၊ မတရားတဲ့နည်းတွေနဲ့ ဖြတ်ကြသလား၊ ဘဝတလျှောက်လုံး နေချင်သလို နေပြီးမှ အမှန်တရားနောက် ကောက်ကောက်ပါအောင် လိုက်ကြတာလား၊ ကိုယ့်ဘဝ တခုလုံးကို အမှန်တရားနဲ့ ဖုံးလွှမ်းထားပြီး သေခြင်းဆိုတဲ့ အမှန်တရားနောက်ကို ရဲရဲဝံ့ဝံ့ လိုက်ကြသလား။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားအတွက်တော့  တစ်စုံတစ်ခုကို စွန့်လွှတ်ရမည် ဆိုတာကတော့ သေချာသည်။
--------------------------------------- ++++++++++++ ---------------------------------------------------
၁။ ကိုယ့်အတွက်ကတော့ လောကအလယ်မှာ အမှန်တရားနဲ့ နေထိုင်ဖို့၊ မှန်ကန်စွာ တွေးခေါ် ရပ်တည်နိုင်ဖို့ လမ်းပြပေးသူကတော့ ကိုယ့်အဖေပင်။မှတ်မိပါသေးသည်။ ကိုယ့်အဖေက ဘဏ်အရာရှိတစ်ဦး၊ စည်းမျဉ်းဥပဒေအရ (ထိုခေတ်ကာလက)ငွေတခါလဲလျှင်  ငွေနှစ်ဆယ်ဘိုး ငွေအကြွေ လဲလှယ်ခွင့်ရသည်။ ဆယ်ပြားစေ့၊ နှစ်ဆယ့်ငါးပြားစေ့(တစ်မတ်)၊ ငါးဆယ်ပြားစေ့(ငါးမူး)၊ နောင်တွင် တစ်ကျပ်စေ့ ပေါ်လာသေးသည်။ တမတ်ကို ကြာဇံသုပ် တစ်ပွဲစားလို့ ရသည့်ခေတ်တွင် နှစ်ဆယ်ဘိုး ငွေအကြွေတွေသည် မနည်းမနော။ တစ်ကျပ်ကို ဆယ်ပြားစေ့ (၁၀) စေ့ ရသည်။ ကိုယ့်အဖေသည် ငွေအကြွေ အသစ်ကိုသာသုံးသည်။ ကိုယ်တို့ကို မုန့်ဖိုးပေးလျှင် အသစ်သာပေးသည်။ အဖေ့ပေးသည့် အကြွေအသစ်ကျပ်ချွတ် လေးတွေသုံးရတာ မျက်နှာလဲပွင့်လေသည်။ တခါမှာတော့ အင်မတန်မျက်နှာပန်းလှသည့် အကြွေစေ့လေးတွေကို တိုက်ပုံအင်္ကျီ
အိပ်ကပ်ထဲထဲ့ထားရင်း အင်္ကျီချိတ်မှာ ဒီတိုင်းချိတ်ထားသည်။ အကြွေတွေကြောင့် လေးပင်စွာတွဲကျနေသည့်အတွက် အိတ်အဝလေးသည် ခပ်ဟဟ။ နှစ်စေ့ သုံးစေ့နှိုက်ယုံနှင့် အဖေ သိနိုင်မည်မဟုတ်၊ ကိုယ့်လက်ကို ပြင်မိသည်။ စိတ်ကို ထိန်းလိုက်သည်။ သူတပါးမသိအောင်ယူလျှင် သူခိုးပင်၊ ဒါကိုယ့်အဖေ ပိုက်ဆံပဲ၊ ယူတော့ ဘာဖြစ်လဲ၊ အဖေမပေးပဲ ယူသဖြင့် အဖေသိသွားရင်… ဘာပြောမလဲ၊ တွေးရင်း မနှိုက်ဖြစ်တော့။ ညဖက် မောင်နှမတတွေ စာကြည့်နေစဉ် အဖေ့ခေါ်သံ ထွက်လာသည်။
   “ သုံးယောက်စလုံး လက်ပိုက်ထား၊ အဖေ့ တိုက်ပုံအိပ်ကပ်ထဲက ပိုက်ဆံ သုံးမတ်ပျောက်တယ်၊ ဘယ်သူယူသလဲ၊ အမှန်အတိုင်း ပြောရင် မရိုက်ဘူး”
ကိုယ် အရင်ဆုံးရှေ့ထွက်ပြီး ပြောလိုက်သည်။ “ ခိုင် မယူဘူး ဖေဖေ”
ဖေဖေက ဆတ်ကနဲ ကိုယ့်ကို အကြည့်မှာ စကားတစ်ချို့ အမှတ်မထင် ထွက်သွားသည်။
   “ လွယ်ရင် သူကြွယ်တောင် မနေဘူးလို့ ဖေဖေ ပြောဘူးတယ်၊ အခု ဖေဖေက တိုက်ပုံကို ဒီအတိုင်းချိတ်ထားတော့ မြင်တွေ့ နေရတာ လွယ်လွယ်နဲ့ နှိုက်လို့ ရနေတာ၊ အဲဒါ ယူတဲ့သူ အပြစ်မဟုတ်ဘူး “
ကိုယ့်အဖေက ကိုယ့်ကို အပေါ်ထပ်ပြန်တက်ခိုင်း ပေမယ့် မတက်ပဲ လှေကားအဆင့်သုံးဆင့်လောက်မှာ ထိုင်ရင်း အကိုဖြစ်သူနဲ့ မောင်လေးတို့ ဘာပြောတယ်ဆိုတာ နားစွင့်နေမိသည်။ အကိုက ပြားငါးဆယ်၊ မောင်လေးက တစ်မတ် ယူကြသည်လို့ အသီးသီးပြောလေသည်။ ဘာလုပ်သလဲ မေးတော့ အဖြေက တစ်ခုထဲ၊ ပိုက်ဆံကြေး ဂေါ်လီရိုက်သည်။ နိုင်တာ မုန့်ဝယ်စားသည်၊ အဖေက ပြောထားသည့်အတိုင်းမရိုက်ပါ၊ ကိုယ်မှတ်မိသလောက် ကိုယ့်အဖေက သားသမီးကိုရိုက်ပီး ဆုံးမလေ့မရှိ။ တအောင့်နေတော့ ကိုယ့်ကို ပြန်ဆင်းခဲ့ဖို့ ခေါ်သည်၊ မောင်နှမသုံးယောက်စလုံးကို ထိုင်ခိုင်းပြီး စာရေးဆရာ သော်တာဆွေရဲ့ စာတစ်ပုဒ်ဖြစ်တဲ့ မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်းကို ပြောပြပီး လူ့ဘဝမှာ ရပ်တည်နေထိုင်ဖို့ ဆုံးမလေသည်။ ထိုသို့ ဆုံးမခြင်းသည် ညစဉ် အပတ်စဉ် မှသည် ကိုယ်တို့ အိမ်ထောင်မကျမချင်း အိပ်ယာဝင်ပုံပြင် ဖြစ်လာခဲ့သည်။ ထိုစဉ်က မောင်နှမတစ်တွေကို ခေါ်လိုက်တိုင်း လာပြန်ပဟလို့ ပွစိပွစိ ပြောခဲ့ကြသော်လည်း  ယခုအသက်အရွယ် ရောက်လာသည့် အခါမှာတော့ ကိုယ်တွေ ရိုးတွင်းချဉ်ဆီထိအောင် သံမှိုစွဲအောင် မှတ်မိနေ လက်ခံသိရှိနေတာကို သတိပြုမိလာရသည်။ ဒါ့ကြောင့်လည်း အမှန်တရား အတွက်ဆို ဘာကိုမှမမှု ရင်ဆိုင်ရန် သတ္တိတွေထွက်လာတတ်လေသည်။ သို့သော်လည်း အထိုက်အလျှောက်တော့ စွန့်လွှတ်ခဲ့ရတာတွေ ရှိခဲ့လေသည်။
၂။  
    လက်နက်ကိုင် အစောင့်အရှာက်များ အမြဲစောင့်ကြပ်နေတဲ့ အဆောက်အအုံ၊ ပြည်လမ်းပေါ်က ဖြတ်သွားဖြတ်လာရင်း တွေ့နေမြင်နေရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ကြားက မီးထိန်ထိန်လင်းနေတဲ့ ၊ ခန့်ညားထယ်ဝါလှတဲ့ အဆောက်အဦုးံကြီး၊ ဒီအဆောက်အဦးထဲကို တော်ရုံလူ ဝင်လို့မရ၊ ဝင်ရဖို့ မလွယ်၊ အဲဒီမှာ အလုပ်လုပ်သူတွေဆို အားကျ အထင်ကြီးကြသည်။ ကိုယ်လဲ ဒီအဆောက်အဦထဲမှာ အလုပ်လုပ်ခွင့်ရခဲ့သည့် လူတစ်ယောက် ဖြစ်ခဲ့ဘူးသည်။ တစ်နိုင်ငံလုံးကို အသံလွှင့်နေတာ ကိုယ်ဖြစ်နေသည်။ တစ်နိုင်ငံလုံးကို သီချင်းတွေ ဇာတ်လမ်းတွေ လွှင့်ပေးနေတာ ဒီအဆောက်အအုံထဲက အခန်းကျဉ်းလေးတစ်ခုထဲက ကိုယ်ဖြစ်နေခဲ့ဘူးသည်။ ဒီအဆောက်အုံထဲ နေ့စဉ် ဝင်တိုင်း ပါသမျှ အိတ်တွေ ခြင်းတွေ ဖွင့်ပြခဲ့ရသည်။ ဝင်ဝင်ချင်း ဂိတ်ပေါက်ဝမှာ တစ်ကြိမ် အစစ်ဆေးခံရသည်။ ငါးမိနစ်ခန့် လမ်းလျှောက် အပြီး ဒုတိယဂိတ် အရောက် အစစ်ခံရပြန်သည်။ ကြာတော့လည်း သမရိုးကျ ဖြစ်လို့နေခဲ့သည်။ ဒီအဆောက်အဦးထဲမှာ အမှန်တရားကို ဖော်ထုတ်မိလို့ အညှိုးအတေးနဲ့ ဆက်ဆံထားတာ ခံရတဲ့ လူတစ်ချို့ရှိနေတာလဲ တွေ့ရသည်။ မှားမှန်းသိရက်နဲ့ အကြောက်တရားကြောင့် အမှန်တရားကို မျက်ကွယ်ပြုနေသူတွေလဲရှိသည်။ အမှားကို အမှန်ထင်ပြီး ပြုမူနေသူတွေလဲရှိသည်။ ကိုယ်ကျိုးအတွက် မှားမှန်းသိလျှက် ပူးပေါင်းနေသည့် ဘယ်သူသေသေငတေမာပြီးရော လူစားတွေရှိသည်။ ကိုယ့်စိတ်နှင့်လားလားမျှ မထိုက်သည့် နေရာကို ကိုယ်ရောက်ခဲ့ရချေပြီ။ ဒါပေမယ့် ကိုယ့်အလုပ်မှာ ကိုယ်ပျော်သည်။ သီချင်းတအေးအေးနှင့်နေရသည်။ ကိုယ်နားထောင်လိုသည့် သီချင်းနားထောင်လို့ ရသည်။ ဂီတအနုပညာကြားတွင် နေရသည်မှာ အေးချမ်းလှသည်။ အနုပညာရှင်များနဲ့ တွေ့ဆုံရသည်။ သူတို့ အနုပညာအစွမ်းကို ပကတိ တွေ့မြင်ရသည်။ သူတို့သရုပ်ဆောင်ပုံတွေကို အသံသွင်းခဲ့ရတာ ကိုယ်ဖြစ်နေသည်။ အရုပ်နှင့်သာ သရုပ်ဆောင်တာတွေ့ဘူးရာက အသံသရုပ်ဆောင်တာ မလွယ်တာကိုတွေ့ရသည်။ ဆယ်စုနှစ်တစ်ခု ကျော်လောက် ဒီအဆောက်အဦထဲက အလုပ်သည် ကိုယ့်ဘဝ ကိုယ့်ကမ္ဘာ ဖြစ်ခဲ့သည်။ ဒါပေမယ့် ဒီကမ္ဘာလေးထဲမှာ  ကိုယ့်အပေါ် မတရားဆောင်ရွက်တာ ရှိလာခဲ့သည်။ အမှန်တရားအတွက် ရင်ဆိုင်ခဲ့ရသည်။ ရင်းနှီးသူ တစ်ချို့က နံရံကို ခေါင်းနဲ့ မတိုက်ပါနဲ့တဲ့ အကြံပေးသည်။ အမှန်တရားအတွက် အားလုံးကို တိုက်ခဲ့သည်။ နိုင်ငံ့ အကြီးအကဲထံအထိ ရောက်အောင် အမှန်တရားကိုသိအောင် ပို့ပေးခဲ့သည်။ အားလုံးသိအောင် ပြောပြခဲ့ ရင်ဆိုင်ခဲ့ပြီး  ဒီအဆောက်အအုံထဲကို လုံးဝခြေဦးမလှည့်တော့၊ အမှန်တရားအတွက် စွန့်လွှတ်ခဲ့သည်။ ကိုယ်ပျော်ရာ ကိုယ့်ကမ္ဘာလေးတစ်ခုကို စွန့်လွှတ်ခဲ့သည်။ ဒီအတွက် ဘယ်တော့မှ နောင်တမရ။ မတရားလုပ်တာ ခံပြီး တသက်လုံးကိုယ့်ကို အညှိုးထားကာ ဆက်ဆံခံနေရတဲ့ ဘဝထက် စွန့်လွှတ်လိုက်တာ ပိုကောင်းသည်။
၃။  
      အဲဒီနောက်တော့ ကိုယ့်ဘဝသည် မိသားစုအတွက် ဖြစ်လာသည်။ အိမ်မှုကိစ္စ အဝဝသည် တစ်နေကုန် မနားရသည့် အလုပ်ပင်။ အလုပ်လုပ်စဉ်ကတော့ ထမင်းဘူးအတွက် ဟင်းတစ်ခွက်ပါအောင် အပြေးအလွှားချက်ရသည်။ ချက်ရင်းပြုတ်ရင်း လျှော်ရသည်။  အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အလုပ်နှစ်ခု ဒါမှမဟုတ် သုံးခုကို တပြိုင်နက်ထဲ လုပ်ရသည်။ အိမ်အလုပ်ပဲ သီးသန့် အချိန်ပေးလို့ရလာသည့် အခါမှာတော့ ဟင်းတွေက အရသာရှိလာသည်။ အမျိုးမျိုးအဖုံဖုံ ပုံစံအမျိုးမျိုး ချက်လာနိုင်သည်။ မိသားစုအတွက် ကျေနပ်စရာတွေ ဖြစ်လာသည်။ ကိုယ့်အတွက်တော့ တခုခုလုပ်ချင်သေးသည်။ အားသည့်အချိန် စာရေးစာဖတ်ရင်း အသက်အရွယ်အရ အတွေ့အကြုံတွေကို ရေးချင်လာသည်။ ကိုယ့်မှာ ကလောင်တစ်ချောင်းရှိသည်။ ဌာနနှစ်လည်မဂ္ဂဇင်းမှာ ဆုရခဲ့သည့် ကလောင်ကို ပြန်သွေးခွင့်ရခဲ့သည်။ အထိုက်အလျှောက် စာတိုပေစလေးတွေ ရေးခဲ့သည်။ ချီးကျူး အားပေးသံတွေ တော်တော်လေးရလာခဲ့သည်။ ကိုယ့်ဘဝကို မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်မည် ထင်ရာက အလုပ်တစ်ခုလုပ်ရလို့ ကျေနပ်နေခဲ့သည်။ သို့သော်လည်း ဒီကလောင်တစ်ချောင်းကို အမှန်တရားအတွက် လက်လွှတ်ခဲ့သည်။ စွန့်လွှတ်ခဲ့သည်။ စဉ်းစားပါသေးသည်။ သို့သော်မရပါ၊ အမှန်တရားကို ပြောရမည်။ မဟုတ်မမှန်တာဆို ငြိမ်မနေတတ်သည့် အကျင့်က ဖျောက်မရစွာ အမှန်တရားဘက်သို့ လိုက်လေသည်။ စွန့်လွှတ်လိုက်ပါသည်။ ဒါပေမယ့် ကျေနပ်သည်။ မဟုတ်တာ မမှန်တာ မတရားလုပ်တာကို ဒီအတိုင်းငုံ့ခံရတာထက် တခုခုစွန့်ရပါစေ၊ အမှန်ဖြစ်လျင်တော်ပါပြီ။ တဖြည်းဖြည်း တွေးမိလာသည်။ ဒီအတိုင်းဆို အမှန်တရားနဲ့ ရင်ဆိုင်ရတိုင်း ကိုယ်ကချည်းစွန့်လွှတ် နေရတာပါလား။ လောကချည်းက တရားမျှတပါရဲ့လား၊
အမှန်တရားဆိုတာကို စမ်းစစ်ရင်း တစုံတခုကို ရှာတွေ့မိလေသည်။
  “ လောကမှာ အမှန်ကန်ဆုံးနဲ့ အမြဲမှန်တာ၊ ဘယ်တော့မှ မမှားတာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ မွေးဖွားပြီးရင် သေဆုံးရမှာဖြစ်တယ်။ သေခြင်းဆိုတာ အမှန်တရားပဲ။”
ဒါကို သိလာတော့ ကိုယ့်မှာစွန့်လွှတ်နိုင်ဖို့ အင်အားတွေ တော်တော် လိုနေသေးပါလား သိလာရချေပြီ။ ကိုယ်စွန့်လွှတ်ခဲ့ရတာ တွေကဘာမှမဟုတ် ဖြေသာနိုင်ပေသည်။ လောကသဘာဝ ဘယ်သူဖြစ်ဖြစ် ဒီအမှန်တရားကို မလွဲမသွေ ရင်ဆိုင်ရဦးမှာဖြစ်သည်။ ဒီတခါ စွန့်လွှတ်ရမှာကတော့  အင်မတန် တန်ဖိုးကြီးလေသည်။ ကိုယ့်ဘဝကို အဓိပါယ်မရှိ ထင်ခဲ့ရာက အခုတော့ စွန့်လွှတ်ဖို့ အင်အားတွေ မွေးရမည်၊ အမှန်တရားအတွက် စွန့်လွှတ်ခဲ့ရတာတွေက အသေးအဖွဲပင်။ ဒီအမှန်တရားကို ရင်ဆိုင်ဖို့ ဘဝက အဓိပါယ်ပိုရှိလာသည်။ အရင်က စွန့်လွှတ်ခဲ့သလို ပြုံးပြုံးလေးဟန်မပျက် စွန့်လွှတ်နိုင်ဖို့ ကိုယ့်ဘဝကို တည်ဆောက်ရမည်၊
        ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
        ယခုပင်လျှင် မနာခင်ကကြိုတင်ကောင်းမှု ကြိုးစားပြုလော့
      ယခုပင်လျှင်  မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
ကိုယ့်ဘဝကို အဓိပါယ်မရှိ ကုန်ဆုံးနေရပြီလို့ ထင်နေရာက အဓိပါယ်ရှိတဲ့ အလုပ်တွေ လုပ်စရာအများကြီးရှိနေသေးတာကို တွေ့နေရပြီ၊ အချိန်.. အချိန်လောက်ပါ့မလား၊ အချိန်ရပါ့မလားတွေးပူမိချေပြီ။ အော်.. အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ဖို့ ဘဝကိုလျှောက်ရပေအုန်းတော့မှာပါလား။

No comments:

Post a Comment