kyaw Gyi AB ရေးတင်ထားတဲ့ သီချင်းမဟုတ်တဲ့ သီချင်း ဆိုတဲ့ note ကို
ဖတ်ရတဲ့အခါ အန်ကယ်ဦးခင်မောင်ကြည်၊ ကျမတို့ အခေါ် အန်ကယ်ကြီးကို အထူးပဲ
သတိရမိပါတယ်။ အန်ကယ်ကြီးရဲ့ သမီးအဖို့မှာတော့ ပိုလို့သာအောက်မေ့
လွမ်းဆွတ်နေမှာ အသေအအချာပါပဲ။ အန်ကယ်ကြီးလို့ ကျမရဲ့မိခင်က
ရင်းနှီးခင်မင်စွာ သုံးနှုန်းတဲ့အတွက် ကျမတို့ ကပါ အန်ကယ်ကြီးလို့
ခင်မင်လေးစားစွာ လိုက်ခေါ်ဖြစ်ပြီး နှုတ်ကျိုးနေတာပါ။ ဦးခင်မောင်ကြည်
လို့ပြောရင်တောင် ရုတ်တရက်ဆိုရင် ဘယ်သူပါလိမ့်လို့ ကမန်းကတန်း
စဉ်းစားရတဲ့အထိ အန်ကယ်ကြီး အခေါ်က နှုတ်ကျိုးလို့ နေပါတယ်။
အန်တီနှင်းဆိုရင်လဲ နာမည်အရင်းကို ခုထိမမှတ်မိတော့တဲ့ အဖြစ်ပါ။
အန်တီကြီးလို့ပဲ ခေါ်လို့ပါ၊ နာမည်မှာ နှင်း ဆိုတာပါတယ်ဆိုတာလောက်ပဲ
မှတ်မိပါတော့တယ်။
အန်ကယ်ကြီးနဲ့ ကျမတို့ မိသားစု ဆုံတွေ့ရတာက နဲနဲတော့ဆန်းပါတယ်။ ABSDF (NB) မြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေထဲက (၇)ယောက်ကို မိဘတွေဆီစာရေးပြီး လာခေါ်ဖို့ အကြောင်းကြားရာက စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၉၂ မတ်လထဲမှာပါ။ အဲဒီအရင်က လုံးဝမြင်ဖူးတွေ့ဖူးခြင်းမရှိခဲ့သူ
ေ့တြပါ။ အန်ကယ်ကြီးဟာ အင်မတန်ရည်မွန်ပြီး လူကြီးပီသတဲ့ သူတစ်ယောက်ဆိုတာ မြင်လိုက်တာနဲ့ကို သိသာပါတယ်။ ရယ်စရာလေးတွေ ပြောတတ်ပြီး ကိုယ်ချင်းစာတရားရှိတဲ့သူတစ်ယော
က်ဆိုတာကိုပါ တဖြည်းဖြည်းသိခဲ့ရပါတယ်။ မေမေနဲ့ဘိုဘို့အမေ ဖြစ်တဲ့ အန်တီ ဒေါ်မြင့်မြင့်ကြည် တို့ကို အမြဲအားပေးတတ်ပါတယ်။ ကလေးတွေပြန်မပါလာတော့လဲ အမြဲလိုလို စိတ်ဓါတ်မကျဖို့ အားပေးတတ်ပါတယ်။ အန်တီဒေါ်မြင့်မြင့်ကြည်က အဲဒီအဖွဲ့မှာ အသက်အငယ်ဆုံးပါ၊ အဲဒီအချိန်က အသက်(၄၀) ထဲဝင်ကာစလားရှိပါသေးတယ်။ မေမေက (၄၈) နှစ်ထဲမှာ၊ အန်ကယ်ကြီးရဲ့ တူမသမီးအရွယ်ဖြစ်ပါတယ်။ မေမေတို့ အန်တီတို့က အန်ကယ်ကြီးနဲ့ အန်တီကြီးကို ဦးလေး အဒေါ်လို ချစ်ခင်လေးစားကြပါတယ်။ မြောက်ပိုင်းကို အန်တီကြီးလိုက်ခဲ့တာပါ။ ဒါပေမယ့် မသွားခင်မှာ ပြင်ကြဆင်ကြတဲ့အခါ အန်ကယ်ကြီးပဲ တစ်အိမ်တက်ဆင်း ဆက်သွယ်ပြောဆို တိုင်ပင်ကြပါတယ်။ အန်တီကြီးက ကျန်းမာရေးအရ ဟိုဟိုဒီဒီ သိပ်မသွားနိုင်လို့လို့ မှတ်မိပါတယ်။ အဲဒီခေတ်က ဆက်သွယ်ရေးက ဒီလောက်အဆင်မပြေတဲ့အချိန်မို့ ပြောစရာရှိရင် လူကိုယ်တိုင်ပဲ တွေ့ကြရတာပါ။ကျမတို့နေတဲ့ သုဝဏကို အန်ကယ်ကြီးက မော်တော်ဆိုင်ကယ်လေးနဲ့ ရောက်လာတတ်ပါတယ်။ စကားကို ဘွင်းဘွင်းရှင်းရှင်းပဲ ပြောတတ်ပီးဟန်မဆောင်တတ်တဲ့ အန်ကယ်ကြီးကို မေမေနဲ့ အတူ ကျမတို့လဲ ခင်မင်ကြပါတယ်။ အားလုံးသောမိဘတွေက သားသမီးအပူ ကိုယ်စီနဲ့ပါ။ အန်ကယ်ကြီးတို့မှာလည်း အဲလိုအပူကြားကပဲ အတူသွားမယ့်သူတွေ အပေါ်မှာ အကြီးပီသစွာ ဖေးဖေးမမ နဲ့ တည်ငြိမ်စွာ ပြောဆိုတတ်ပါတယ်။
အန်ကယ်ကြီးပြောပြလို့ အန်ကယ်ကြီးက တပ်က အငြိမ်းစားယူထားကို သိရပါတယ်။ ထောက်လှမ်းရေးတပ်မှာ တာဝန်ထမ်းဆောင်တာကိုလည်း ပြောပြဖူးပါတယ်။ သူ့ကြောင့် သမီးဖြစ်သူကို စွပ်စွဲလေသလားမသိဘူးလို့လဲ တခါတလေ ပြောပြတတ်ပါတယ်။ ဒါပေမယ့် ၁၉၈၈ အရေးတော်ပုံကြီးက ကျောင်းသားတွေမခံမရပ်နိုင်ဖြစ်ပြီးစတင်ရာမှာ တစ်နိုင်ငံလုံးအုံးအုံးကြွက်ကြွက် ပါခဲ့ကြတယ်။ စစ်တပ်မိသားစုဝင် မပြောနဲ့ သံလျှက်စွန်းရေတပ်စခန်းကလဲ ပါလာတာပဲ၊ အားလုံးတသွေးထဲတသားထဲ တိုက်ပွဲဝင်ခဲ့ကြတာပဲ ဆိုပီး အန်ကယ်ကြီးကို အားပေးကြရပါတယ်။ အန်တီဒေါ်မြင့်မြင့်ကြည်ဆိုရင် အန်ကယ်ကြီးဟာ သူ့မိဘလိုပါပဲလို့ ခဏခဏ ပြောပြတတ်ပါတယ်။ မြောက်ပိုင်းကိုသွားဖို့ပြင်ဆင်ကြတဲ့အခါ အန်တီ(ဒေါ်မြင့်မြင့်ကြည်ကို မိတ်ဆွေတချို့နဲ့ အမျိုးတွေက တားကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲကလို သူပုန်စခန်းဆီသွားမှာမဟုတ်။ ကျောင်းသားစခန်းဆိုတော့ ကျောင်းသားဆိုတာ ကိုယ့်သားသမီးတွေပါပဲဆိုပီး ယုံကြည်စွာ သွားခဲ့ပါတယ်။ ဒါ့အပြင် အဲင်္ဒီ အချိန်က အန်တီ ဟာ နောက်ကြောင်းမအေးစရာတွေ၊ မိသားစုပြဿနာတွေ တပုံတပင်ရှိနေတဲ့ကြားက အန်ကယ်ကြီးရဲ့ အားပေးမှုနဲ့ သားဖြစ်သူဆီ အရောက်သွားခဲ့ဖြစ်ပါတယ်။ သားနှစ်ယောက်မှာ တစ်ယောက်က တောထဲမှာ အဖမ်းခံထားရတယ်၊ သတ်ချင်လဲသတ်နေလောက်ဘီ။ တစ်ယောက်က အထဲမှာ အမှုတစ်ခုနဲ့ ရင်ဆိုင်နေ၇တယ်၊ ခင်ပွန်းသည်နဲ့ ကလဲ ခွဲနေကြရတယ်။ စီးပွားရေးအလုပ်ကလဲ သူမရှိလို့မဖြစ်၊ အင်မတန်အကြပ်အတည်းဖြစ်နေတဲ့ အချိန်ပါလို့ ကျမကို ပြောပြဖူးပါတယ်။ အဲဒီအချိန်မှာ အန်ကယ်ကြီးနဲ့ အန်တီနှင်းတို့ရဲ့ နှုတ်၏စောင်မခြင်း နဲ့ အားဖြစ်ပြီး သားဆီကို သွားနိုင်ခဲ့ပါတယ်။ အဲဒီကနေ နောက်ပိုင်း မိသားစုတွေလို ဖြစ်ခဲ့ကြပါတယ်။ ခုနောက်ပိုင်း အန်တီလဲ အသက်(၆၀)အရွယ်ရောက်လာပေမယ့် အန်တီကြီးနဲ့ စကားပြောတဲ့အခါ သမီးက သမီးကလို့ ပြောတာမြင်ရရင် စိတ်ထဲ ကြည်နှုးရပါတယ်။ တခါတလေ အန်တီဒေါ်မြင့်မြင့်ကြည် အိမ်ရောက်ခိုက် ဖုန်းပြောနေတာကြုံလို့ ဆံပင်တွေဖြူနေတဲ့ အန်တီက သမီးကလေ ဆိုပီးပြောနေရင် အဲဒါတစ်ဖက်လူက အန်တီနှင်းပါပဲဆိုတာ သေချာတာပါပဲ။ အန်ကယ်ကြီး အကြောင်းပြောရင်း ဘိုဘို့ အမေဆီ ရောက်သွားရတာက အကြောင်းရှိလို့ပါ။ အဲဒီအန်တီ ဒေါ်မြင့်မြင့်ကြည်က စစ်သားဆို ကြည့်မရတာမှ အိမ်ရှေ့တောင် လာရပ်မခံပါဘူး။ သူ့အိမ်ကို လာတဲ့သူတွေဟာ ထောင်ထွက်တွေ၊ နိုင်ကျဉ်း မိသားစုတွေ ပါပဲ။ ဘိုဘိုက မြောက်ပိုင်းက ပြန်လာပြီး မကြာပါဘူး မန္တလေးထောင်မှာ အနှစ်(၂၀) ထောင်ကျပါတယ်။ အဲဒီတော့ အန်တီ့အိမ်က ထောင်ထဲက လူကြုံတွေ၊ ထောင်ဆီသွားမယ့် လူကြုံတွေ သာလာကြတာပါပဲ။ အဲဒီတော့ အစိုးရနဲ့ ပတ်သက်သူတွေကလဲ ကြောက်လို့ အန်တီ့အိမ်ဆို မလာကြပါဘူး၊ စစ်တပ်ကို အင်မတန်မှ ကြည့်မရတဲ့၊ စစ်သားဆို မုန်းလွန်းတဲ့ အန်တီ့ အိမ်မှာ ထူးဆန်းစွာပဲ ဓါတ်ပုံတစ်ပုံ ချိတ်ထားပါတယ်။ အဲဒီပုံကို မြင်တဲ့သူတိုင်းက မေးလေ့ရှိတဲ့ မေးခွန်းက အတူတူပါပဲ။ ဘယ်သူလဲ၊ ဘာတော်လို့လဲ၊ ဘာဖြစ်လို့ ချိတ်ထားတာလဲ ဆိုတာပါ။ အဲဒီပုံက စစ်ဝတ်စုံနဲ့ ကိုယ်တစ်ပိုင်းပုံပါ၊ တည်ကြည်လေးနက်စွာနဲ့ ရှိနေပေမယ့် ပြုံးနေတဲ့အမူအယာရှိတဲ့ အန်ကယ်ကြီးငယ်စဉ်က ပုံပါ။ အန်ကယ်ကြီးဆုံးသွားပြီးတဲ့နောက် မိဘသဖွယ် လေးစားစွာ အိမ်ဧည့်ခန်းမှာ ချိတ်ဆွဲထားတာ လို့ပြောပြပါတယ်။ စစ်သားဆို အိမ်ရှေ့တောင်လာမရပ်ရလို့ စိတ်ရှိတဲ့အန်တီဟာ အန်ကယ်ကြီးကို လေးစားစွာ အမှတ်ရအောက်မေ့စွာ အန်ကယ်ကြီးရဲ့ ကိုယ်စားဓါတ်ပုံလေးကို ချိတ်ဆွဲထားတာ ယခုအချိန်ထိပါ။

No comments:
Post a Comment