June 7, 2012

သို့........... ကိုကြောင်

ကိုကြောင်(ခ) ကိုကျော်နိုင်ဦးက " အမရေ ဟင်္သာကိုးသောင်းစာအုပ်ဖတ်ပီးဘီ၊ မှတ်မှတ်ရရကတော့ ကိုရဲအမနှစ်ယောက်က ငရုတ်သီးလက်ဖက်ရည်တိုက်လိုက်တယ်တဲ့၊ အဲဒါ မခိုင်လားတဲ့၊ အခုမှ သိရလို့၊  ကိုကြောင်မေးတာကို ရီလိုက်ရတာ ပြောမနေနဲ့၊ ဟုတ်ရင်လဲဟုတ်မှာ၊ အဲဒီအချိန် ကိုယ်က ကျောင်းဆရာမလုပ်ရင်း နယ်မှာ။ အိမ်မှာ နေ့လည်နေ့ခင်းဆိုရင် ညီမအငယ်တွေပဲရှိတတ်တာ၊သူတို့က အကြီးတွေ လုပ်ပေးနေတာနဲ့ ဘာမှသေသေချာချာ မလုပ်တတ်ဘူး၊ ကိုကြောင်ကိုတော့ဖြေလိုက်ပါတယ်၊အမှတ်မှားဆိုတဲ့အတွက်။ ကိုရဲမှာ အမဆိုလို့ အမတစ်ယောက်ပဲရှိပါတယ်၊ (၂)ယောက်မရှိဘူးလို့၊ တကယ်တော့ ဒီရက်ပိုင်းမှာ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ပုံနဲ့ တောင်ကုန်းလေးအတိုင်းတက်လာတဲ့ ကိုကြောင်ရဲ့ပုံကို တွေ့နေရလို့ သတိရရင်း စိတ်ထဲတော်တော် မကောင်းဖြစ်နေတာ။ ဒီလိုအဖြစ်ကနေ ရယ်စရာလေးတွေ အခုထက်ထိမြင်တတ်ပြောတတ်တဲ့ ကိုကြောင်ကို သတိရမိပါတယ်။ ကိုကြောင်ကို လူချင်းသေချာ တွေ့မြင်ရတာက ၂၀၀၉ ခုနှစ်မှပါ။ တယောက်အကြောင်းတယောက် သိနေကြားနေပေမယ့် မဆုံဘူးတာပါ၊ ဘိုဘို ထောင်ကလွတ်တော့ သာယာဝတီကနေဆင်းလာပီး သတင်းအမေး ၊ ဘိုဘို့အိမ်မှာဆုံမိကြတာ။ ဒါတောင် ထုံးစံအတိုင်း ကိုကြောင်က လွဲဖြစ်အောင်လွဲပါသေးတယ်။ ကိုယ်ကအိမ်ထဲကို လှမ်းအဝင် ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲခင်ဗျာတဲ့၊ အိမ်ထဲမှာ ရောက်နှင့်နေတဲ့ ကိုယ့်မောင် ကိုရဲနားအသာကပ်ထိုင်လိုက်တော့မှ ပြုံးစိစိနဲ့ အော်... ကိုရဲအမကိုးတဲ့၊ အဲဒီလို။
ကိုရဲ၊ ဘိုဘို၊ မိုးကြီး(ခ) မိုးဇော်ထွန်း၊ ကိုထိန် စတဲ့မြောက်ပိုင်းပြန်တွေ တကျော့ပြန်ထောင်နန်းစံတဲ့အချိန် ကိုကြောင်က ကံကောင်းသွားတယ်၊ ဘယ်လိုလွတ်သွားလဲ မေးတော့ ကျနော်က အပြေးသန်တယ်လေအမရဲ့တဲ့ ၊ သူနောက်ပီးရယ်စရာပြောတာပါ။ တကယ်တော့ ကိုရဲတို့၊ ဘိုဘိုတို့ကို ညဖက် လာခေါ်သွားပီး နောက်ရက်မှာ ကိုကြောင်က ဘိုဘို့ဆီရောက်လာတာ။ ဘိုဘို့အဖေက ဟေ့ကောင်.. ဒီမှာအကုန်ဖမ်းနေတာ ဘာလာလုပ်တာလဲဆိုမှ ဘာ့ကြောင့်ဖမ်းမှန်းမသိပဲ ပုန်းရတာတဲ့လေ။ ကိုကြောင့်အကြောင်း ပြောတိုင်း သူ့အလွဲတွေက စိတ်ညစ်ရာက ရယ်စရာတွေဖြစ်ရတယ်။
             မြောက်ပိုင်းကို မိဘတွေ လိုက်သွားကြတာ အားလုံး(၇)ယောက်၊ အဲဒီမှာ ကိုရဲက အိမ်ကိုစာသာပို့လိုက်တာ၊ သူ့စိတ်ထဲ အဖေ၊အမေ (၂)ယောက်စလုံးက ဝန်ထမ်းတွေ ဖြစ်နေတော့ လိုက်လာလို့ရပါ့မလားလို့ တွေးမိတယ်တဲ့၊ မရဲတရဲဖြစ်နေတာပေါ့လေ။ သူထင်မယ်ဆိုလဲ ထင်စရာ၊ ကိုရဲက ၁၉၈၈ ဇွန်၊ ကျောင်းသားအရေးအခင်းမှာပါပီး အိမ်ကနေထွက်သွားတာကို အဖေ့ရုံးကသိပီး အဖေ့ကို သတိပေးစာထုတ်ပီးသတိပေးတာကိုး။ service book  မှာအနီတားခံရတယ်။ အပြစ်က သားသမီးကို ကောင်းကောင်းမထိန်းနိုင်တဲ့ မိဘဖြစ်တဲ့အတွက် သတိပေးလိုက်သည်တဲ့။ ဒိလိုအခြေအနေမှာ ဝန်ထမ်းဖြစ်တဲ့ အဖေအမေကို မရတရဲပဲ သူမျှော်လင့်မိတာပေါ့။ အမေ့ရဲ့မှတ်တမ်းမှာ ရေးထာသလိုပါပဲ၊ မိဘနဲ့ ကလေးတွေ အတူပေးမတွေ့ခင်မှာ မိဘတွေက ကိုယ်နေတဲ့နေရာကနေ ကလေးတွေရှိတဲ့ တဲဆီ လှမ်းမျှော်ကြည့်ပီး ဟိုတစ်ယောက်က ဘိုဘို၊ ဒီတစ်ယောက်က ဝဏစသဖြင့် မှန်းဆနေသလိုပဲ ၊ ကလေးတွေကလဲ ဟိုဟာက ငါ့အမေ ဒီဟာက ငါ့အဖေ ငါ့အကို စသဖြင့် ပြောကြတယ်တဲ့။ အဲဒီအချန်မှာ အမေက ကျန်းမာရေးကောင်းစ၊ ကိုရဲရှိတုန်းကနဲ့ မတူ တော်တော်လေးပိန်သွားတယ်။ အေးလွန်းတော့ သဘက်တွေစောင်တွေအထပ်ထပ်ကလဲပတ်ထားရပြန်ဆိုတော့ ခပ်ပိန်ပိန်အဖွားအိုရုပ် ပေါက်နေပုံလဲရပါတယ်။ ဘိုဘိုက ဟိုကကျနော့်အမေ၊ မငယ်ကလဲ အန်တီကြီးပုံရိပ်ကို ဖမ်းပီးသူ့အမေ၊ အားလုံးပြောကြတော့ ယောင်္ကျားတစ်ယောက်၊ မိန်းမတစ်ယောက်ပဲ ကျန်တော့တယ်၊ ရွေးရမယ့်သူကလဲ ကိုကြောင်နဲ့ ကိုရဲပဲကျန်သတဲ့၊ အဲဒီအချိန်မှာ ကိုရဲက ယောင်္ကျားကြီးကတော့ အဖေမဟုတ်တာသေချာတယ်၊ အဖေ့အရပ်အမောင်းက သိသိသာသာရှည်တယ်လေ။ အခုတစ်ယောက်က အဲဒီလောက်အရပ်မရှည်ဘူး။ မိန်းမကြီးကျပြန်တော့ အဖွားကြီးဖြစ်နေတယ်။ အမေက အဲဒီလောက်အသက်မကြီးသေးတော့ မဖြစ်နိုင်ဘူး။ အားကိုးစရာက ကိုကြောင်ပဲကျန်တာ့တယ်၊ အဲဒီ လူကြီးသာ ကိုကြောင့်အဖေဆိုပီးဘီ။ ဘာပဲဖြစ်ဖြစ် ကျန်တာကိုယ့်အမေဖြစ်ရမယ်။ ကိုကြောင်က ထအော်တယ် အဲဒါ သူ့ဖေမဟုတ်ဘူးတဲ့၊ ကိုရဲက ကျနော့်အဖေလဲ မဟုတ်ဘူးဆိုတော့ ကျန်တဲ့ အမျိုးသမီးကြီးက တယောက်ယောက်အမေပေါ့၊ အဲဒီတော့ ကိုကြောင်က ဦးအောင်ထအော်သတဲ့ အဲဒါ ငါ့အမေ ငါ့အမေတဲ့၊  နဂိုကမှ အိမ်ကလိုက်လာပါ့မလား၊ လာလို့ရပါ့မလား မရဲတရဲဖြစ်နေတဲ့ ကိုရဲက ငိုချင်လိုက်တာ သေလုရောတဲ့၊ အဲလို ကိုကြောင်ပါလေ။

No comments:

Post a Comment