August 19, 2012

အမီနာ--( ကိုမင်းသိုက်)


                  ဒီနေ့ ဟာ့ဒစ် တွေထဲ ပြန်လှန်မွှေတော့ ဒီ ကြောင်မလေးပုံပြန်တွေ့တယ်၊
" ကြိုး " ဇာတ်လမ်းတိုအတွက် Test Shot ရိုက်ထားတဲ့ပုံပါပဲ ။ဒီဓါတ်ပုံကို ပြန်ကြည့်ရင်း ကျွန်တော် " ကြိုး " ဇာတ်လမ်းတိုကို ရိုက်ခဲ့စဉ်က ကြုံခဲ့ရတဲ့ မဟာအခက်အခဲများစွာတွေထဲက  တစ်ပိုဒ်ကို လဲ ပြန်အမှတ်ရမိပါတယ်။ ဒီဇာတ်လမ်းတို အတွက် Script မရေးခင် ဒီ ဇာတ်လမ်းမှာ ဘာအရောင်တွေ အဓိက သုံးမလဲ ဆိုတာအရင်တွေးယူပါတယ်။

 " အနီ၊အနက်၊အစိမ်းရယ် - အစိမ်းမှာတင် အစိမ်းနုနဲ့အစိမ်းရင့်" ဒီအရောင်တွေ ကို ဦးစားပေးမျာများသုံးမယ်ပေါ့ ဆုံဖြတ်လိုက်တယ်၊ ပြီးတော့ Script ရေးတယ်၊ ရေးရင်းနဲ့ တစ်ခါထဲ ဘယ်သရုပ်ဆောင်ကို ဘယ်အရောင် သုံးမယ်ပါ အကြမ်းဖျဉ်း သတ်မှတ်ပြီးပုံဖေါ်တယ်ပေါ့ဗျာ၊  အဲ့ဒီ မှာ အဓိက ကျတဲ့ ကြောင် .. နောက်ဆုံး ဇာတ်ရှိန်ကို မြှင့်တဲ့ နေရာမှာ သရုပ်ဆောင်မည့် ကြောင်၊ ဒီကြောင်ကို ဘာရောင်သုံးမလဲ တွေးတော့ အနက် သုံးမယ်ပေါ့ ကြောင်အနက် .. လုံးလုံးအနက်ကြီးတော့မဟုတ်ရဘူး ရင်သား ဗိုက်သားမှာ အဖြူပါရမယ်၊ နှုတ်ခမ်းမွှေးအဖြူအရှည်ကြီးလိုချင်တယ်၊ မျက်လုံး ဝါမယ် သို့မဟုတ် စိမ်းမယ်ယ်ပေါ့ ၊  ခြေလက်လေးချောင်းလုံး အစပ်နားလေးတွေမှာ ဖြူတာလေး လိုချင်တယ်ပေါ့ အရွယ်က တစ်နှစ်သားလောက်ပေါ့၊  စိတ်ကူးယဉ်လိုက်တယ် တော်တော်ဟန်ကျနေပြီ၊  ဒါနဲ့ Script အကြမ်းပြီးတော့ လိုတာတွေ ရှာ ရိုက်မည့်နေရာတွေ လိုက်ကြည့် အဲ့ဒီ လိုတာတွေထဲမှာက ကြောင်က တစ်နံပတ်အဓိကဖြစ်နေတော့ ဘော်ဘော်တွေကို
 သံချောင်းခေါက်ရတာပေါ့၊  ဘော်ဘော်တွေ အားကိုးရတယ် ဖုန်းတွေ တ တီတီ နဲ့ သွားကြည့် ၊အဆင်မပြေ၊ ရက်တွေကလဲတဖြေးဖြေး သတ်မှတ်ရက် ကို ကျော်လာနေပြီ ပူစီက ဝေလာဝေးပဲ အရေးထဲ ချစ်ဘော်ဘော်တယောက်က ညကြီးအချိန်မတော် ဖုန်းဆက်လာတယ်  မင်းလိုချင်တဲ့ ကြောင် တစ်ကောင်မဟုတ်ဘူး တထောကြီးပဲ အခုသွားကြည့်မှ ရမှာ  ရွှေပြည်သာဟိုဖက် နားက ရွာဘုန်းကြီးကျောင်းမှာ အနက်တွေချည့်ပဲ စိတ်ကြိုက်သာယူအပိုင်တောင်ပေး
မတဲ့ 

" တော်တော်အားတက်သွားတယ် ..
 " မင်းကိုယ်တိုင်ကြည့်ခဲ့ပြီးပလား " ဆိုတော့ 
.. " ဟုတ်ဘူး .. ငါ့စော်လေး အဒေါ်က အဲ့ဒီမှာနေတာ သူတို့ပြောတာတဲ့ "

 စိတ်ပျက်သွားတယ် မစွန့်စားရဲဘူး ညကြီးအချိန်မတော် ကား အသွားအပြန်ငှားသွားရမှာကိုက ဘတ်ဂျက်ထိမယ် 
 အဲ့တော့ နောက်တမျိုးပြောင်းပြီး ဘော်ဒါတွေကို ထပ် သင်တန်းပေးရတယ် ၊
 ကျွန်တော်လိုချင်တဲ့ ကြောင်တွေ့ရင် ပိုင်ရှင်ရှိရင်ခွင့်တောင်းမရှိရင် အသာလေးပွေ့လာပြီး ခေါ်လာကြည့်၊
အဲ့ဒီကြောင် နေနေကျနေရာကနေ ခပ်လှမ်းလှမ်းကို ချီသွားကြည့် ၊
 ပါလာရင် လူတွေ ကားတွေ ရှုတ်တဲ့ နေရာအထိ ထပ်သွေးတိုးစမ်းခေါ်သွားကြည့် ခေါင်းလေးပွတ်မေးလေးပွတ်ချော့ကြည့်ပေါ့ဗျာ၊
 အဲ့  . အဲ့လို ယဉ်ပြီဆိုရင်တော့ သင်လို့ ပြုလို့လဲရတယ် အားလုံးအဆင်ပြေတယ်
 အဲ့ဒီအခါကျမှ ကျွန်တော့်ဆီ ဆက်ပေါ့ .. အာနဲ့ သင်တန်းလဲပေးပြီးရော တစ်ယောက်မှ ဖုန်းမဆက်ကြတော့ဘူး အဆင်မပြေဘူးပေါ့ဗျာ၊
 ကြောင်ရဲ့ သဘောကလဲ သူ့ နယ်မြေကိုကျော်တာနဲ့ ကုပ်ခြစ်ပြီး ဒိုးတော့တာပဲလေ ၊
 ကျွန်တော်လဲ တော်တော်စိတ်ဓါတ်ကျသွားတယ်၊  ကြောင်မရရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး၊ တန်ပို က သူနဲ့ တင်ရမှာကိုး၊
 ကျွန်တော်ကိုယ်တိုင်လဲ မနက်ဆို ခြင်းတောင်းကြီးကိုင်ပြီး ကြောင်ရှာပုံတော်ဖွင့်တယ်၊ 
တရပ်ထဲ နေ နောင်တော်ကြီး မန္တလေးသိန်းဇော်ကတော့ ကျွန်တော့်ကို ကြည့်ပြီး 

" သြော်... ညီတော်မောင်တယောက် ကြောင်လိုက်ရှာရင်း  ကြောင်သွားရှာပြီ... လို့တောင် ကွယ်ရာမှာပြောသတဲ့ ၊
 နောက်မှ သူကိုယ်တိုင် ပြန်ပြောပြတာ။
 နောက်ဆုံးမရတော့ မရိုက်တော့ဘူးပေါ့ဗျာ . စိတ်လျော့လိုက်တယ်။ 

 ဒါနဲ့တနေ့ ကျွန်တော့်အစ်ကိုလိုလဲဖြစ် နှစ် ၃၀ နီးပါး ရင်းနှီး တိုင်ပင်ဖက် တစ်ဦးဖြစ်တဲ့
 ဂျာကြီး"  ဖိနိုင် "လို့ ခေါ်တဲ့ ကိုသိန်းနိုင်ကြီးနဲ့ မနက်စောစော ရွှေဂုံတိုင်ဆေးရုံနဲ့ တာမွေအဝိုင်းကြားက
 အောင်ချမ်းသာအိမ်ယာရှေ့ ညောင်ပင်နားက လက်ဖက်ရည်ဆိုင်မှာ ပန်းချီ ကိုလှထွဏ်းအောင်နဲ့ ထိုင်ရင်း အာထု နေရင်း
 ကြောင်အကြောင်းပြန်လည်သွားပြန်ရော၊
ဝိုင်းထဲမှာ ထိုင်နားထောင်နေတဲ့ အောင်ချမ်းသာအိမ်ယာ သာရေးနာရေးက ကိုအောင် ဆိုတဲ့ တယောက်ကလဲဘာရယ်မဟုတ်
ထိုင်နားထောင်နေရင်း သူက အရင် ထ ပြန်သွားတယ် 
သိပ်မကြာဘူး ချာတိတ်တယောက်ပြေးလာပြီး 
" အစ်ကိုတို့ ဝိုင်းထဲက ကြောင်လိုချင်တဲ့ သူရှိတယ်ဆို ..ဟိုမှာ ဓမ္မာရုံထဲမှာ ကြောင်တကောင်ရထားပြီ 
ဖမ်းထားလို့မြန်မြန်လိုက်ခဲ့ပါ " လို့ လာခေါ်တယ်၊
 ကျွန်တော်လဲ စိတ်တော့မပါပေမယ့် ရှာပေးတဲ့လူကို အားနာတာနဲ့ ထလိုက်သွားကြည့်တော့ ..
 ဟာဗျာ.. ကွက်တိထက်တောင်ပိုတယ်ဗျာ၊ ကျွန်တော်လိုချင်တဲ့ အရည်အချင်းတွေ အစုံပဲ

 ကြောင်အနက်မ ၊ အပေါ်နှုတ်ခမ်းမှာလဲ ကာလာ ၂မျိုးကွဲနေသေးတယ်၊ ကျွန်တော်ပြောမပြလောက်အောင် ဝမ်းသာသွားတယ်၊ ကြောင်မလေးက ပိုင်ရှင်မရှိဘူး အဲ့လိုပဲ လည်ပတ်စားနေတာ ကြုံရာအိပ်ပဲ ၊ 
အခု ဓမ္မာရုံထဲမှာအိပ်နေတာ.. အဝင်တံခါးဝ နားမှာအိပ်နေတာ .. ဓမ္မာရုံကလဲ သံပန်းသံတံခါးနဲ့ဆိုတော့ ..
ခုဏက ထထွက်သွားတဲ့ ကိုအောင်က ကြောင်မလေး ဂုတ်ကို ဆွဲပြီး အပြင်မှ ဆောင့်ချောင်ထိုင်နေတာ၊
 ဓမ္မာရုံက သော့ခပ်ထားတာကိုး ၊ကြောင်ကလဲ လွတ်ထွက်သွားမစိုးလို့ ၊ ဓမ္မာရုံသော့ပြေးပြီး သွားယူတဲ့ သူက ယူပေါ့ဗျာ၊
 ကျွန်တော်ပတ်ဝန်းကျင်ကိုမေ့သွားတယ်

 ပြီးတော့ ဘာလုပ်ရမယ်ဆိုတာသတိရတော့ ကျွန်တော့်ဂျာကြီးကို အကူအညီတောင်းဖို့ လှည့်ကြည့်လိုက်တော့ 
ဂျာကြီးမရှိတော့ဘူး၊
 
ကားငှားပြီး မင်္ဂလာဈေးဖက်လစ်သွားတယ်တဲ့ .. ကြောင်ထည့်ဖို့ ပလပ်စတစ်ခြင်းနဲ့ ကြောင်စာဝယ်ဖို့တဲ့ ..
 ဂျာကြီက အဲ့လို အားကိုးရတာ။ အဲ့ဒါနဲ့ ဓမ္မာရုံသော့ရတော့ ကျွန်တော်အထဲကို ဝင်လိုက်တယ် 

ကိုအောင်ကလဲ ကြောင်ကို ဂုတ်က ဆွဲထားတာ လွှတ်လိုက်တယ်၊
ကြောင်မလေးက မပြေးဘူးဗျ .. ကျွန်တော့်ကို မော့ကြည့်နေတယ် .. 
ဓမ္မာရုံတံခါးကို ပြန်ပိတ်လိုက်ပြီး ကျွန်တော် သူ့ ခေါင်းလေးကို အသာပွတ် မေးစေ့အောက်လေးကို ပွတ်ပေးလိုက်တော့
 ငြိမ်သွားတယ် ၊ ကျွန်တော်တော်တော်ပျော်သွားတယ်၊ ကင်မရာထုတ်ပြီး သူ့ကို ရိုက်ကြည့်တယ် ၊ 

ကင်မရာထဲက ပုံပြန်ကြည့်တယ်.. ရေရေလည်လည်ကို ညွတ်သွားတယ်ဗျာ၊
 အားတွေလဲ တက်လာတယ်၊ ဂျာကြီးရောက်လာတော့ ခြင်းထဲထည့် ကြောင်စာလေးပါထည့်ပြီး ပိတ်လိုက်တယ်.
 ကြောင်မက အော်တယ် ဒါပေမယ့် အေးဆေးပဲ၊
 ကြောင်စာတော့ မစားဘူးဗျ၊ ဒါနဲ့ ပဲ ကားငှားပြီး ကျွန်တော် အိမ်ပြန်လာတယ်၊

 အိမ်ရောက်တော့ သူ့ကို လွှတ်လိုက်ပြီး တံခါးတွေ အားလုံးပိတ်လိုက်တယ် ၊
 သူက ထိုင်ခုံအောက်ကို လစ်သွားပြီး အေးဆေး ခြေဆန့်လက်ဆန့်နဲ့ ကျွန်တော့်ကို လှမ်းကြည့်နေတယ်၊
 ကျွန်တော် ဂျာကြီးကိုငါးကြော်လေး ဖန်ခိုင်းပြီး ထမင်းကျွေးတယ် အပီဝါးတယ်၊

 အိုကေပြီဗျာ.. ၃ ရက်လောက် ယဉ်အောင်ထားပြီးမှ ဒီကြောင်မ ကို သေချာသင်မယ်ပေါ့ .. ခုန်ဖို့ပဲလိုတယ်. 
ခုန်တတ်ရင် ကျွန်တော်လိုချင်တာရပြီ၊  လောလောဆယ်တော့ သူ့ကို
" အမီနာ " လို့ နာမည်ပေးလိုက်ပြီး ခေါ်တဲ့ အခါ "အ" ဖြုတ်ပြီး " မီနာ !! မီနာ !! လို့ခေါ်တယ်..
အသံအစူး အမြင့်နဲ့ ဆိုတော့ သူ  သူ့နာမည်ကို မှတ်မိသွားတယ်၊ 
 ကြောင်ခေါ်လာတော့ ကျွန်တော် အိမ်မှာ တစ်ယောက်ထဲ၊  တပ်ချုပ်ကြီးကအပြင်ဒိုးနေတာ အေးဆေးပဲ၊
 ညနေ တပ်ချုပ်ကြီးပြန်လာတော့ ကြောင်မကို တချက် ဖမ်းရှိုးပြီး မျက်စောင်းလှမ်းထိုးတယ်.
. သူက ကြောင် မချစ်ဘူး .. ခွေး ချစ်တဲ့ သူ၊ ကြောင်ကို အတို့အထိလဲ မလုပ်ဘူး ..
 အမြင်ကပ်တယ်တဲ့၊ ကြောင်တွေက စားပြီး လစ်တာတဲ့ သ္ခင်မှန်းလဲမသိဘူးတဲ့ .. ဒါ သူ့ ကောက်ချက်၊ ထားလိုက်ပါ၊

 ကျွန်တော် လိုချင်တာရပြီပဲ၊ ပြဿနာက ညကျမှ စ ကွိုင်ပူတော့တာ၊
 ည အိပ်ချိန်ကျတော့ ကျွန်တော်နဲ့ တပ်ချုပ်ကြီး ကြား အိပ်ယာပေါ်ဝင်ခွေတယ်၊ 
မအိပ်ခင်မှာ ထူးဆန်းတာက ကျွန်တော့် အပေါ်မှာရော တပ်ချုပ်ကြီးအပေါ်ရော တက်ပြီး နှိပ် သလို နင်းသလိုနဲ
့ သူ့ ခြေလက်တွေ နဲ့ အမြှီးလေးထောင်ပြီး တက်နင်းပေးတယ်ဗျ၊ 
တပ်ချုပ်ကြီးတောင် နည်းနည်း ညွတ်သွားတယ်၊

 " ဒီကြောင်မအနှိပ်သည်သေလို့ဝင်စားတာလားမသိဘူးတဲ့ "

 ဒါနဲ့ ကျွန်တော်လဲ အိပ်ပျော်သွားရောပဲ ..
 တရေးနိုးတော့ ပူညံပူညံနဲ့ တပ်ချုပ်ကြီး မီးဖွင့်ပြီး ကွိုင်နေပြီ.. ဘာဖြစ်လဲ မသိ
. ကျွန်တော်လဲ အိပ်ချင်မူးတူးနဲ့ ထ လိုက်တော့ တပ်ချုပ်ကြီးက
 " ရှင့်ဘေးလဲ ရှင်ပြန်ကြည့်အုန်း " ဆိုတော့
 ကြည့်လိုက်တော့ လာထား 

..  ဒေါ်အမီနာက လက်စင်ပေးသွားတယ်.. ရှုရှုးကွက်ကြီး အကြီးကြီးပဲ မွှေ့ယာပေါ်မှာ ပေးသွားတာ ..
 သူလဲ ဘယ်ပျောက်သွားပြီလဲ မသိတော့ဘူး ခေါ်လဲ မတွေ့တော့ဘူး
ကျွန်တော် ပြန်အိပ်မပျော်တော့ဘူး ၊ 
တပ်ချုပ်ကြီးကတော့ မွှေ့ယာကြီးဆွဲထောင်ပြီး ကြမ်းပေါ်မှာပဲ ဖျာခင်းပြီး ပြန်ကြိုးသွားပြီ ..
 တော်တော်လေး တင်းနေပုံရတယ် ၊
 ကျွန်တော်လဲ ကြောင်မကို လိုက်ရှာတော့ မျက်နှာကြက်ပေါ်မှာ တွေ့တယ်
မျက်လုံးကြီး တဝင်းဝင်းနဲ့ ကျွန်တော်ခေါ်တော့ အနားလာတယ်.. ဆွဲချလို့တော့မလိုက်ဘူး ပြန်ရုန်းတယ်၊ 
ထားလိုက်တော့ မနက်မှ ကြည့်ရှင်းမယ်ပေါ့၊ အဲ့လိုနဲ့ နောက်နေ့တွေကျ လဲ သူမဆင်းတော့ဘူး ။
အစာကို မျက်နှာကြက်ပေါ်တင်ပေးရတယ်၊ညညဆို မီးပိတ်ရင်တော့ဆင်းဆင်းလာတယ် အိပ်ယာပေါ်တော့မတက်တော့ဘူး ၊
 ခြေသုပ်ဝတ်ပေါ် သွားပြီး ထပ်ပေါက်ချတယ်၊ ဒီကြောင်မ အပေါ့သွားတာတောင် ဇိမ်ကျကျသွားချင်ပုံရတယ်.. 
 ၃ ရက်လောက်ကျတော့ အိမ်မှာလဲ အနံ့နံ လာတာပေါ့ဗျာ၊ 
 သူ့ကို သင်ဖို့နေနေသာသာ ဘယ်လိုမှ နေ့ဖက် အောက်ဆွဲချဖို့ အဆင်မပြေဘူး . တစ်ပတ်၊ ဆယ်ရက် 
. ကျွန်တော် စိတ်ဓါတ်ကျလာပြီ
 ဖြေးဖြေးချော့ဆွဲချပြီး အီကြာကွေးကို ငါးပြုတ်ရည်စိမ် သုပ်ပြီး ကျွေးလဲ မစားဘူး၊ ထမင်းနဲ့ ငါးရိုးနယ်ဖတ်ကျွေးတာပဲ စားတယ်၊ 
 ကျွန်တော် စိတ်လေနေပြီ သူ့ကိုလဲ မျက်ခြေမပြတ်ကြည့်ကြည့်နေရတယ် ၊ ဒိုးသွားမှာစိုးလို့ .. 
ဘယ်လို မှ မဖြစ်နိုင်တော့မှန်းဆုံးဖြတ်လိုက်ပြီး နောက်တစ်ကောင် ထပ်ရှာတယ် ဇွဲမလျော့တော့ဘူး ၊
 ဒီလိုနဲ့ ကြောင်တွေ ထပ်ရှာရင်း ရှာရင်း မြောက်ဒဂုံ ၃၅ ရပ်ကွက် က အိမ်တစ်အိမ်မှာ ငှားနေတဲ့အခြေခံ လက်လုပ်လက်စား မိသားစုလေး တစ်စု အိမ်မှာ ကြောင်လေး ၂ ကောင်သွားတွေ့တယ် ..
 တစ်ကောင်က ၈ လသားပဲရှိသေးတယ်၊
အရမ်းယဉ်တယ်.. လမ်းမပေါ်ပွေ့ခေါ်သွားလဲ လိုက်တယ်.. ဆော့တာလဲ အရမ်းပဲ၊ ခုန်တာကတော့ လွှားခနဲကိုနေတာ ကျွန်တော် သဘောကျပေမယ့် ကြောင်လေးက ညှက်နေတယ် အရောင်ကလဲ မွဲတယ်၊
 ပိုင်ရှင်ကို ခွင့်တောင်းတော့  ငှားမယ် သေချာဂရုစိုက်ရမယ်တဲ့ ၂ ပတ်ငှားမယ်တဲ့၊ သူက ကက်ဖု ပဲ စားတာတဲ့၊ 
သူတို့ မိသားစု စားဖို့ထက် အဲ့ဒီ ကြောင် ၂ ကောင်အတွက် ကက်ဖု ကို မပြတ်အောင်ထားတာတဲ့ .. စည်းကမ်းချက်တွေကလဲ များသား၊ 
ထားလိုက်ပါ၊ ကျွန်တော်ဒီကြောင်လေးနဲ့ပဲရိုက်ရတော့မယ်၊ 
ကျိန်းသေတာက ဒီကောင်က လုံးဝ သေချာ သင်ပေးလို့ရတဲ့ အနေအထားရှိတာ ကျွန်တော်သိလိုက်တယ်၊ 
အဲ့ဒါနဲ့ ဒီကောင့်ကို လောလောဆယ် " ဗေလုဝ " လို့ နာမည်ပေးပြီး " ဗေကြီး " ဆိုပြီး အဖျားဆွတ်ခေါ်လိုက်တယ်၊ 
ပိုင်ရှင်တွေ က နာမည်မပေးရသေးဘူး

 ကျွန်တော်ပေးလိုက်တဲ့ နာမည်ကို ပိုင်ရှင်တွေလဲ သဘောကျတယ်၊ 
ဒါနဲ့ပဲ ကျွန်တော် ခြင်းတစ်လုံးနဲ့ ဒီကောင့်ကို အိမ်ကို မ လာပါလေရော၊ 
အိမ်ရောက်တော့ ထူးထူးခြားခြား တပ်ချုပ်ကြီးက ဗေကြီးကို မြင်မြင်ခြင်း သဘောကျသွားတယ်။
 ပေါ်ပေါ်တင်ပြီး ခေါင်းတွေ မေးတွေ ပွတ်လို့၊ ကျွန်တော်တောင် အံ့သြသွားတယ် ..
 အဲ့ဒီ မှာ အပေါ်က မဆင်းတဲ့ ဒေါ်အမီနာက မျက်နှာကျက်အဝင်ပေါက်က ငုံကြည့်ပြီး ဆင်းချလာပြီး ဗေကြီကို ရန်ရှာပါလေရောပဲ .. ပွဲက လှနေပြီ .. တပ်ချုပ်က ဗေကြီးဖက်က၊
 ကျွန်တော် ကြောင် ၂ ကောင်ရယ် တပ်ချုပ်ရယ်ကြားရူးချင်လာတယ်၊
 ဗေကြီးက တကယ့် ငပြောင် အေးဆေးပဲ ဒေါ်အမီနာ့ကိုလဲ ဂရုမစိုက်ဘူး၊ သူ့အိမ်ကျနေတာပဲ ဟိုဟိုဒီဒီလဲ လိုက်မစူးစမ်းဘူး၊ 
ကျွန်တော်က ရောက်ရောက်ချင်း အချိန်မဆွဲတော့ဘူး
 ပလပ်စတစ်ဗူးအကြည်လေးတခုထဲမှာ ကက်ဖု ဆယ့်ငါးလုံးလောက်ထည့်ပြီး "ကလောက် ကလောက် " မြည်အောင်ခေါက်ပြီး ဗေကြီး ကို မောင်းတော့ တာပဲ ၊
အဆင်ပြေတယ် အသံကြားရာလိုက်တယ်၊ ဗူးလေးမြှောက်ထားရင်လဲ ခုန်တယ်၊
 ဗြောင်းဆန်အောင် ဗောင်းလန်အောင်ကို သောင်းကျန်းတာ ဗေကြီးတို့က .. 
အဲ့သလိုနဲ့ပဲ .. ညကျတော့ ကျွန်တော် စဉ်းစားခန်းဝင် အတွေးတွေ ညှစ်ပြီး Script ကိုပြန်ပြောင်းရေးရပါတော့တယ်၊ 
ကျွန်တော့် ဇာတ်လိုက်ကျော်ကြီး အဘဝေ နေတဲ့ အခန်းအောက်က လူမရှိတဲ့ အခန်းထဲ မှာ ကြောင် ၂ ကောင်ရှိနေမယ်ပေါ့၊
 သားအမိတော့မဟုတ်ဘူး ပုံမတူတော့ ကြောင်တူဝရီးပေါ့ဗျာ၊
 ဆာနေတဲ့ ဗေကြီးက သူတို့ အခန်း ဗရံဒါပေါ်မှာ တင်နေတဲ့ အီကြာကွေးနဲ့ လက်ဖက်ရည်ထုပ်ကို ဆွဲဖို့ အသွား 
အဒေါ်လုပ်သူ ဒေါ်အမီနာမ က နောက်က လိုက်လာပြီး တူတော်မောင် ဗေကြီးကို စိတ်ပူတဲ့ အကြည့်နဲ့ လိုက်ကြည့်မယ်ပေါ့ဗျာ..
 အဲ့လို ကြောင်တွေရဲ့ကဏ္ဍမဟာ Script တော်ကြီးကို မိုးလင်းစဉ်းစား ရေးသားရင်း 
ကျွန်တော့် " ကြိုး " ဇာတ်လမ်းတို ကို ကြောင် ၂ ကောင်နဲ့ ဇာတ်ရှိန်မြင့်ဖို့ အချောသပ်လိုက်ရပါတော့တယ်၊
 ရိုက်ကူးရေးပြီး လို့ ဗေကြီးကို အိမ်ပြန်ပို့ရတော့မယ်၊ ဒေါ်အမီနာ တော့ဘယ်ပို့ရမှန်းမသိ၊
 အိမ်က တပ်ချုပ်ကလဲ ဗေကြီးကို အပိုင်ဝယ် လိုက်ပါလား တိုက်တွန်းနေပြီ၊
 ဗေကြီး ရိုက်ကွင်းမှာ ဘာမှ မဖြစ်တာပဲ ကျွန်တော် ကံကောင်းတယ်၊ အချိန်တန်တော့ အိမ်ပြန်ပို့ရတော့မယ်..
 ဗေကြီးပိုင်ရှင်တွေကလဲ ဘယ်လောက်ပေးပေး မရောင်းဘူး ခပ်တင်းတင်းပဲ၊
 ဒါနဲ့ ဗေကြီးကို အိမ်ပြန်ပို့ ပြီး  ၂ ရက်အကြာ
 ဒေါ်အမီနာ တစ်ကောင် လုံးဝရှာမရအောင် စုံးစမြုတ်စ ပျောက်ချင်းမလှ ပျောက်သွားရှာက ခုချိန်ထိပါပဲ ၊
 နောက်တစ်လကြာတော့ ကျွန်တော့် ဇာတ်လိုက်ဗေကြီးကို သတိတရနဲ့ သူနှစ်သက်တဲ့ ကတ်ဖု အထုတ်ကြီး ဝယ်ပြီး 
သူ့ အိမ်သွားပို့တော့ ဗေကြီးတို့လဲ အိမ်ပြောင်းသွားကြပြီး ဘယ်ရောက်သွားလဲ ကျွန်တော်စုံစမ်းမရတော့ပါဘူး၊

 ကျွန်တော့် ဘဝ ဖြတ်သန်းမှု တစ်ပိုင်းတစ် ထဲက ဗေကြီးနဲ့ ဒေါ်အမီနာ၊
 အခု ဒီ အမှတ်တရ စာလေး ရေးနေချိန်မှာတော့ ဗေကြီးတကောင်သက်ရှိထင်ရှားမှ ရှိပါလေစ၊
 ဒေါ်အမီနာကတော့ ဘာလဲ ဘယ်လဲ လို့ တွေးရင်း မိုးအေးအေးမှာ " ကြိုး " ဇာတ်လမ်းတိုထဲက ကြောင်လေး ၂ကောင် ကို 
အမှတ်တရ အောင်းမေ့မိပါရဲ့။

မင်းသိုက် ( သြဂုတ်လ ၁၉ ရက်၊ ၂၀၁၂ - နေ့ခင်း ၂နာရီ ၄၅မိနစ် - ရန်ကုန် )
"တပ်ချုပ်" = ၁၉၈၈ အရေးတော်ပုံအချိန် က ကျွန်တော် ဆုလာဘ်အဖြစ် ရခဲ့ရသော ရှု့မငြီးသည့် ကျွန်တော့် ချစ်ဇနီး " Fatty" 
                                  
                                                                     
                                                                     
                                             
 

No comments:

Post a Comment