August 27, 2012

မယ်လူမွှေးအတွက် မွေးနေ့လက်ဆောင်

   သိပ္ပံမောင်ဝရဲ့ စကားပြေတွေ သင်ခဲ့ရစဉ်က ဆရာ့ရဲ့ပင်တိုင် ဇာတ်ကောင် မောင်လူအေး တစ်ယောက် သူ့ရဲ့သားလေး မောင်လူမွှေး အမေးအမြန်းထူပုံ၊ ကလေးပီပီ ကလေးအတွေး တွေးပီး မေးခွန်းတွေ မေးရာက အဖြေရကျပ် ဂျောက်ကျ ခဲ့ရပုံတွေကို ဖတ်ရင်း သဘောကျမိခဲ့လေသည်။ ကိုယ်တိုင်ကြုံရသည့် အခါတွင်တော့ သဘောကျသည်ထက် အကျဉ်းအကျပ်ကျရသဖြင့် ချွေးပျံရလေသည်။ ကျမ၏ သမီး (၃) ယောက်အနက် အငယ်ဆုံး ဖြစ်သူသမီး ကျမှ အနှီ မောင်လူမွှေးလို အဖြေရကျပ်တဲ့ ကပ်သီးကပ်သတ် မေးခွန်းတွေ မေးလေ့ရှိရာ သူ့ကို မယ်လူမွှေးဟုပင် ခေါ်ရမလို ဖြစ်ရလေသည်။ သူ့အထက်က သူ့ရဲ့ အမတွေ အလိုလိုသိတာကို အဲဒီအသက်အရွယ်မှာပင် သူက အလိုလို မသိတာတွေ ဖြစ်လာတော့ စိုးရိမ်စိတ်ပင် ဝင်မိသည်အထိ ဖြစ်ခဲ့ရသည်။ ဒုတိယ သမီးတုန်းကတော့ ဘာမှလဲ အမေးအမြန်းမရှိ ၊ လူကြီးလေးလို သိနေသည်ဟု ထင်ရသည်။ ဒါတောင် ၁၉၉၆ကနေ၁၉၉၉ ဝန်းကျင်က  မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှ ပြိုင်ပွဲတွေမှာ လျှမ်းလျှမ်းတောက်စဉ်က မြန်မာပါသည့် ဘောလုံးပွဲစဉ်တွေ ကြည့်ခဲ့စဉ်ကတော့ ရီစရာ ဖြစ်ခဲ့ရသည့် မေးခွန်း တခု မေးဘူးသည်။ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ ကြည်လွင် တို့ကို ကျမတို့ အားပေးလွန်း၍ သူသိနေသည်။ ဘောလုံးပွဲ စကြည့်သည်နှင့် သူမေးတာက မြန်မာက ဘာအရောင်လဲ ဆိုတာပင်။ ကျမတို့ ကြည့်ရင် သူပါ မအိပ်ပဲ အစားအသောက်တွေ ထိုင်စားရင်း ကြည့်သည်။ ဒီလိုနှင့် ပွဲပေါင်းမနည်း ကြည့်ဖြစ်ပီးကာမှ အားလပ်ချိန်တချိန်တွင် သူမေးလေသည်။
" သမီး ကြည့်နေတာ ကြာဘီ၊ အင်္ကျီ အမဲရောင် ဝတ်ထားတဲ့ လူကြီးက တခါမှလဲ မကန်ပဲ ဘာလို့ လျှောက်ပြေးနေတာလဲ" တဲ့။ ကျမတို့မှာ ရုတ်တရက် ကြောင်သွားပီးမှ အူတက်မတတ်ရယ်ရလေသည်။ ပီးမှ ဒိုင်လူကြီးဆိုတာကို သေသေချာချာ ရှင်းပြရသည်။ နောက်ကိုလဲ မသိရင်မေးဘို့ ပြောရသည်။ သူ့စိတ်ထဲ ဇဝေဇဝါနှင့် ပွဲပေါင်းများစွာ ကြည့်နေခဲ့ခြင်းပင်။ ဒါတစ်ခုကလဲ ကလေးပီပီ မေးသင့်တာပဲ ဆိုပီး ဘယ်လိုမှ မနေ။ သူ့ အောက် ယခု မယ်လူမွှေးလက်ထက်ကျမှ ကျမတို့မှာ အဖြေပေးရန် မကြာခဏ ချွေးပြန်ခဲ့ရတော့သည်။
                  ဇူလိုင်လထဲတွင် သမီးကြီးက သူ့မွေးနေ့မှာ အလုပ်ထဲက ဝန်ထမ်းအားလုံးကို ကော်ရည်ခေါက်ဆွဲ ကျွေးချင်သည်။ ချက်ပေးပါ ပြောလာသည့်အတွက် ချက်ပေးခဲ့သည်။ လူ လေးငါးဆယ် အတွက်ကို အမေကိုယ်တိုင် တစ်ယောက်ထဲ ချက်ရသည့် အတွက် အားနာသည်လား မပြောတတ်။ သူ့အတွက် မွေးနေ့လက်ဆောင်ကို ဘာပေးပါ ညာပေးပါ မပြော မတောင်းဆိုပဲ အလိုက်တသိနေလေသည်။ ထို့အတွက် သမီးကြီးကို ကြိုမပြောပဲ " သမီးအတွက် မွေးနေ့လက်ဆောင်" ဆိုသော အက်ဆေးရေးပီး ဖေ့စ်ဘွတ်မှ tag ပေးလိုက်သည်။ မထင်မှတ်ပဲ သူငယ်ငယ်က အကြောင်းအရာလေးတွေ ပြန်ဖတ်ရင်း သဘောကျကျေနပ်လေသည်။ ဒါကို ကျောင်းမှာ ရောက်နေသော သမီးအငယ်ဆုံးက သူ့မွေးနေ့ကျရင်လဲ ရေးပေးပါဆိုကာ ကောမန့်ရေးပီး ချက်ချင်းပြောလေသည်။ ကျမကလဲ သူ့ကို စချင်သည့် အတွက် သမီးငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားလို့ ရရင် ရေးပေးမယ်ဆိုကာ ပြောလိုက်သည်။ ကျမတွင် သမီး(၃)ယောက်ရှိရာ  ဤအငယ်ဆုံးသမီးကို လွန်ခဲ့သော (၁၄)နှစ်၊ ဒီနေ့ဒီရက်တွင် မွေးဖွားခဲ့ပါသည်။  အမှန်က သမီးငယ် အကြောင်းသည် တခုတ်တရ ပြန်စဉ်းစား နေရလောက်အောင် မမှတ်မိစရာ မရှိ။ ထူးခြားသည့် သူ့အတွေး သူ့မေးခွန်းတွေကြောင့် စိတ်မှာ ပူပင်သောက ရောက်ခဲ့ဘူးသည့်အတွက် တသက် မမေ့နိုင်သည့် အကြောင်းတွေပင်။ အခုတော့ သမီးငယ်ရဲ့ မွေးနေ့ လက်ဆောင်အဖြစ် သတိရတာလေးတွေ ပြောဖြစ်ရေးဖြစ် ရပြန်ပါသည်။ သူ့အထက် အမ နှစ်ယောက်ရှိသည့်အတွက် သမီးငယ်သည် အမတွေ လုပ်တာ လိုက်လုပ်ချင်သည်။ သူ့အမတွေ ရတာ သူမရမှာ သူ့အမတွေ နောက် သူကျန်ခဲ့မှာ အမြဲစိုးရိမ်တတ်သည်။ ဒါ့ကြောင့် သူ့အမ အကြောင်းရေးပေးပီး သူ့အကြောင်းမရေးလျှင် ကျေနပ်မည်မဟုတ်ပေ။ သမီးကို အသက်(၄)နှစ် ပြည့်သောအခါ ပုဂလိက မူကြိုကျောင်းသို့ ပို့လိုက်သည်။ သူ့ဘဝတွင် ပတ်ဝန်းကျင် အသစ်သို့ ပထမဆုံး ရောက်ဘူးခြင်းပင်။ ပထမဆုံးနေ့တွင် အဆင်ပြေပါ့မလား၊ အငယ်ဆုံးဖြစ်သည့် အတွက် အိမ်မှာ အရာရာ အလိုလိုက်ခံ ရတဲ့အတွက် သူစိမ်းတွေနဲ့ အဆင်ပြေပါ့မလား အမျိုးမျိုးတွေးပူသဖြင့် သူငယ်ချင်းများနှင့်တဲ့အောင် ဘယ်လိုနေဘယ်လိုထိုင် စသဖြင့် သေသေချာချာ ပြောဆိုပီး ပို့ထားလိုက်သည်။ ကျောင်းက ပြန်ရောက်သောအခါ သူကပြောပြလေသည်။
" အမေ.. တချို့သူငယ်ချင်းတွေက သမီးနဲ့ မတူဘူးတဲ့"
ကျမကလဲ " ဘယ်တူပါ့မလဲ သမီး.. လူတွေက တယောက်နဲ့ တယောက် အဲလိုပဲ မတူကြဘူး၊ ဒါပေမယ့် သူငယ်ချင်းဖြစ်သွားဘီဆို မတူလဲ ခင်ခင်မင်မင် နေရတယ်၊ ရန်မဖြစ်ရဘူး" လို့ ပြောရင်းက ဘာမတူတာလဲ မေးလိုက်မိသည်။
" တချို့သူငယ်ချင်းတွေက မတ်တတ်ရင်းပီး ရှုးရှုးပေါက်ကြတယ်.. သမီးတို့နဲ့ မတူဘူး" တဲ့။ ဖြစ်ပုံက ဆရာမက ထမင်းစားသောက်ပီး တရေးအိပ်ရမယ်၊ အားလုံး ရှုးရှုးပေါက်ကြ လွှတ်လိုက်တာမှာ သူက သိသွားခြင်းပင်။ ကျမက ဟုတ်တယ် အဲဒီသူငယ်ချင်းတွေက ယောင်္ကျားလေးလို့ ခေါ်တယ် ပြောပြရသည်။ ဒါဆို သမီးကရောတဲ့၊ " သမီးက မိန်ကလေး " လို့ ဆိုတော့ အော်တဲ့။ ကျမစိတ်ထဲ ဘယ်လိုပါလိမ့် အောက်မေ့သည်။ သူ့အထက်က အမ နှစ်ယောက်သည် သူတို့ကိုယ်ကို မိန်ကလေးဖြစ်မှန်း၊ အချို့သည်  ယောင်္ကျားလေး ဖြစ်မှန်း ဘယ်အချိန်က ဘယ်လိုသိလဲ ကျမမသိသလို၊ တခါမှလဲ မမေး၊ မေးစရာလဲမလိုပဲ အလိုလို ဒီလိုပဲ သိသွားသည်ပဲ ထင်သည်။ သူက ဒါကို မသိ။ တရက်မှာ ကျောင်းပိတ်ရက် ဖြစ်တဲ့အတွက် ကလေးတွေ အိမ်ရှေ့ကွက်လပ်မှာ ဆော့ကစားတုန်း သမီးအဖေက ရေချိုးနေသည်။ သူကလဲ ဘယ်သူမှ မရှိသည့်အတွက် ရေချိုးခန်တခါးကို စေ့ရုံထားပီး ဂျက်မချပဲ ရေချိုးနေသည့် အခိုက် သမီးငယ် မယ်လူမွှေးသည် ဆော့ကစားရာမှ အန္တရာယ်မလွယ်နိုင်၍ အပြေးအလွှား ဝုန်းကနဲ ရေချိုးခန်းဖွင့် အဝင် တားချိန် ပြောချိန် မရလိုက်ပဲ တွေ့ကြလေသည်။ သမီးငယ်က ဝမ်းသာအားရ အံ့ဩတကြီး ပြေးထွက်လာပီး " အမေရေ..... အဖေကြီးက ယောင်္ကျားလေး အဖေကြီးက ယောင်္ကျားလေး" ဟု အော်နေတော့သည်။ တဆက်ထဲ နှစ်အိမ်ကျော်မှာနေသည့် သူ့ ဘကြီး( သမီးငယ်ကို အင်မတန်ချစ်ပီး အလိုလိုက်လွန်းသူ) ထံ ပြေးကာ ပြောပြန်လေသည်။ " ဘဘကရော ဘာလဲ" ဟုလဲ မေးနေသေးသည်။ ဘကြီးရဲ့သမီးက ဆရာဝန်တယောက် ဖြစ်သည့်အတွက် သမီးငယ်ရဲ့ အသိကို စိတ်ပူစွာ မေးမိရလေသည်။ အဲဒီညီမ ဆရာဝန်ကတော့ စိတ်မပူနဲ့အမ ကလေးတွက သူ့အသိနဲ့သူပဲ၊ သူတွေးတတ်သလို သူသိသလို တယောက်နဲ့ တယောက်က တူတာမဟုတ်ဘူး။ ဘာမှ မဖြစ်ဘူး၊ ကလေးဆိုတာ ကလေးလိုပဲ တွေးတာ မှတ်တာ သိတာ။ သိပုံချင်းကွာကြတယ် ပြောတဲ့ အတွက် စိတ်အေးရပါတော့သည်။။ ဒါတောင် ဘာလို့ အလိုလို မသိတာလဲဆိုတဲ့ အတွေးက ကျမကို ပူပင်လာတတ်စေပြန်ပါသည်။  သူ့အဖေဟာ ယောင်္ကျားလေးလို့ သူသိပီးတဲ့ အချိန်မှာ အိမ်လာတဲ့ဧည့်သည် ပြောတာပီးရင် အဲဒီဧည့်သည်ကို သမီး အဖေက ယောင်္ကျားလေး သိလားဆိုပီး သူ့အဖေကို ဂုဏ်ယူပီး ပြောနေပြန်ပါသည်။ ဧည့်သည်ကလဲ ဘာပြောမှန်း မသိတော့ သူကျေနပ်အောင် အော် အေးအေး ဆို ပီးတာပါပဲ။ ကျမတို့ အိမ်ယာလေးက ညဘက် မီးပြတ်ပီဆို ကလေးတွေက ကွက်လပ်ကလေးမှာဆော့ကြ။ အပျိုပေါက် လူပျိုပေါက်ကလေးတွေကလဲ သူ့အစုနဲ့သူ စကားထိုင်ပြောကြ နေကြလေ့ရှိသည်။။ မိန်းကလေးတချို့က ရုပ်ရှင်မင်သားအကြောင်း ဘယ်မင်းသားက ဘယ်လို အဲဒီကနေ ယောင်္ကျားလေးတွေ အကြောင်း ပြောကြဟန်တူသည်။သမီးငယ်က ကြားပီး " မမတို့ သမီးအဖေက ယောင်္ကျား သိလား" ဝင်ပြောတော့ ကလေးမလေးတွေက သူ့ကို စနောက်ချင်တာနဲ့ ဟုတ်လို့လား မဟုတ်ပါဘူး ဟုတ်လဲမဟုတ်ပဲနဲ့ စသဖြင့် ပြောကြတော့ သမီးက တရှုးရှုးတရှဲုရှဲ စိတ်ဆိုးပါလေရော။ ဒါနဲ့ လာလိုက်ခဲ့ ခေါ်တော့ ကလေးမလေးတွေက ရယ်မောပီး အိမ်ရှေ့ရောက်လာပါလေရော။ သူတို့က ကျမကို မျက်စိမှိတ်ပြပီး ထပ်စကြပြန်သည်။ အဲဒီမှာ သမီးက အဖေ အဖေ .. အဖေကြီးက ယောင်္ကျားလေးနော်တဲ့၊ သူ့အဖေကလဲ ဘာမှန်းမသိတော့ စာဖတ်နေရင်းက အင်း...... ဆိုပီး ခေါင်းငြိမ့်ပြလိုက်လေသည်။ ကလေးမလေးတွေကလည်း ဟုတ်ပါဘူး ထပ်ပြောတော့ သူ့အဖေလုံခြည်ကို ပြေးကိုင်ပီး အဖေ ပြလိုက် ပြလိုက်လေ လဲဆိုရော ကလေးမလေးတွေ အမလေး အော်ပီး ပြေးကြတာ တန်းနေတာပဲ။ အဲဒီကလေးမလေးတွေက အခုဆို အသက်(၃၀) ဝန်းကျင်တွေ ဖြစ်၊ အိမ်ထောင်ကျတဲ့သူက ကျလို့၊ တနေရာမှာ ပြန်ဆုံဖြစ်ရင် အဲဒီသမီးအကြောင်းကို ပြန်ပြော ရယ်ပွဲဖွဲ့လို့မဆုံးအောင် အမှတ်ရနေကြလေသည်။
           ထိုစဉ်က ကျမနဲ့ သမီးဖေဖေတို့က ဝန်ထမ်းတွေ ဖြစ်သည့်အပြင် ဂျူတီကလဲ ညဂျူတီဆို (၁၂) နာရီအထိ၊ မနက်ဂျူတီဆင်းရလျှင် မနက်(၆)နာရီ အရောက် အလုပ်ဝင်ကြရသည့်အတွက် ကိုယ်ခွဲမရှိသည့် ကျမတို့ နှစ်ယောက်အတူ ဂျူတီဆင်းရပါက တခြားသူနှင့်ဂျူတီချိန်းပီး ဆင်းရသည်။ သို့အတွက် အိမ်မှာတယောက်ရှိလျှင် တယောက်က အလုပ်မှာ ဖြစ်၍ မိသားစု ထမင်းအတူ မစားဖြစ်တာချည်းပင်။ ကလေးတွေနှင့်ကျမ၊ ကလးတွေနှင့် သူ့အဖေ၊ ဒီလိုနေခဲ့ရသည်။ ရှားရှားပါးပါး မိသားစုစုံသည့် နေ့ခင်းတရက် ထမင်းလက်ဆုံစားဖြစ်ကြသည်။ သမီးအငယ်ဆုံးက အရင်ဦးအောင် ဟင်းကိုခပ်ပီး ကျမပန်းကန်ထဲကို ဦးချဖို့ပြင်ရာ ကျမက အဖေ့ကို အရင်ဦးချလေ ပြောရသည်။ သူက လက်က ဇွန်းကို ကိုင်ထားရင်းက " ဘာဖြစ်လို့လဲ" မေးရာ ကျမက အဖေကို အရင်ဦးချရတယ်ဆိုတော့ " ဘာဖြစ်လို့လဲ" ထပ်မေးသည်။ ကျမလဲ အဖေက ဒီအိမ်မှာ အသက်အကြီးဆုံးလေ လို့ တတ်သမျှ ဖြေရလေသည်။ သူ့အတွေးက ဘယ်လိုရှိသည်မသိ။ ချက်ချင်းပင် "အဖေကြီးနဲ့ အမေကြီး ဘာတော်လဲ စဉ်းစားနေတာ၊ လက်စသတ်တော့ အဖေကြီးက အမေကြီးရဲ့ အကိုပါလားတဲ့" ကျမလဲ သူထပ်မေးလာမှာ ကြောက်တာရော၊ ဘာဖြေရမှန်းမသိတာရော ပေါင်းပီး ရီပဲ ရီနေလိုက်ရသည်။ သူ့အမနှစ်ယောက်ကလဲ ဝိုင်းရီကြလေသည်။ သမီးအလတ်ကလေးက အငယ်ဆုံးနှင့်(၂) နှစ်သာကွာရာ ကျမက သမီးကရော သိလားဆိုတော့ သိတာပေါ့ အမေကလဲတဲ့။ သူ့ညီမကို ကြည့်ပီး ပြုံးစိစိဖြင့် ရီနေလေသည်။ ကျမတို့ မိသားစု ညနေလမ်းလျှောက်ထွက်လျှင် သူတို့ညီအမက ရှေ့က စကားတပြောပြောသွားနေရာက နောက်လှည့်ကြည့်ရင်း သူ့အဖေက ကျမကို အမှတ်တမဲ့ ပခုံးကို လက်တင်တာမျိုး၊ လက်ကိုတွဲထားတာမျိုး တွေ့ပါက အဲဒီအငယ်မက ပြန်ပြေးလာပီး လက်ကို ဖြုတ်ချတတ်သည်။ ဒါက အမြဲလိုလို ဘာဖြစ်မှန်းမသိ။ တရက်တွင်တော့ အဖြေပေါ်လေသည်။ သူ့အမတွေနှင့် အခွေကြည့်သည်။ ဗီစီဒီကြည့်သည်။ ဗီဒီယိုကားတွေ ကြည့်သည်။ သမီးကြီးက ဟော သူတို့ရီးစားဖြစ်သွားကြဘီ၊ ကြိုက်သွားကြဘီ စသဖြင့်ပြောတာ သူမှတ်ထားပီး တွေးနပုံရသည်။ ကျမတို့ဆီ ပြေးလာပီး အခုမှပဲ သိတော့တယ်။ အဖေနဲ့ အမေက ရီးစားတွေကိုးတဲ့။ လမ်းလျှောက်ရင်းက သမီးတို့ဖေဖေက သူ့ကိုစချင်စိတ်နဲ့ ကျမပခုံးပေါ်လက်တင်ရင်းက သမီးရေလို့ လှမ်းခေါ်တဲ့အခါ ဘာမှမဖြစ်ဘူး အဖေကြီးတို့က ရီးစားတွေပဲ ဖက်လို့ရတယ်အပြောကို ရီကြရပြန်သည်။  ဒီအကြောင်းတွေကို  ၂၀၁၀ခုနှစ်မှာ စာရေးဆရာမ တူးတူးသာနဲ့ ပြောဖြစ်ကြတော့ မတူးက သူ့ဘလော့မှာ ဒီအကြောင်းလေးကို " အဖေနဲ့အမေ ဘာတော်လဲ " ခေါင်းစဉ်နဲ့ ရေးထားပီး အောက်ဆုံးမှာ အခုတော့ ဒီသမီးလေးလဲ အဖေနဲ့အမေဘာတော်လဲ သိလောက်ပါဘီလို့ ရေးကာ သူ့ရဲ့ မွေးနေ့လက်ဆောင်လို့ ပြောတာကို သဘောကျကျေနပ်နေလေသည်။ အဖေနဲ့အမေ ဘာတော်တယ်ဆိုတာကို တဖြည်းဖြည်းမှ တွေးတတ်သိတတ်တဲ့ သမီးငယ်ဟာ အခုတော့ ကျမကွန်ပျူတာသုံးရင် မသိတာကို သူပဲ ပြောပြသည်။ ၈ျီမေးလ်၊ ဖေ့စ်ဘွတ်နဲ့ တခြားဆိုဒ်တွေ ဘလော့တွေ ဖွင်ထားရင်းက ဆိုဒ်တခုကိုပိတ်ချင်ရင် မေ့ပီး close tab တခုလုံး ပိတ်ကာ လုပ်ပါအုန်း အမေကြီး ဖေ့စ်ဘွတ်ကြီးပျောက်သွားပြန်ဘီ

ဆို၊ သူက အမေကို အမေကြီးကတော့လေ ဆိုကာ မှတ်ထားလေအမေရဲ့ ဒါကိုပိတ်ချင်ရင် ဒါကိုပဲပိတ်၊ ဆိုင်မှာသာသွားသုံးလို့ ကတော့ အမေကြီး အကောင့် သူများခိုးတော့မှာပဲ စသဖြင့် ပူပူပင်ပင် ပြောတတ်လေဘီ။ သူ့ကို သူငယ်တန်းကျောင်းမထားခင် စာစသင်တော့ အင်္ဂလိပ်စာ အေဘီစီ အကြီးတွေသင်ပီး စာလုံးသေး သင်မယ်လဲဆိုရော မသင်တော့ဘူး အကြီးနဲ့ပဲ ရေးမယ်ပြောတာ မနည်းသင်ပေးရသည်။ ကကြီးရဲ့ အကြီးက ဘာလဲ မေးခွန်းကို ချွေးပြန်အောင် ဖြေခဲ့ရသည်။ apple အဲပဲလ် ပန်းသီးဆိုတာကို မြန်မာလို ပန်းသီး ၊ အင်္ဂလိပ်လိုရောဆိုတော့ apple ဆိုတော့ မဟုတ်ဘူးလေ အင်္ဂလိပ်တွေက ဘာသီးလို့ခေါ်လဲ မေးရာ ကျမမှာ လုံးလည်လိုက်အောင် ရှင်းပြရင်း ကိုယ့်သမီးဖြစ်နေလို့ တခြားကလေးဆို ပြန်အမ်းလိုက်ဘီ ပြောရင်း စိတ်ပျက်ခဲ့ရဘူးသည်။ သင်္ချာသင်တဲ့ အခါမှာလည်း ၅ထဲက ၂ကိုနှုတ်၊ လက်ငါးချောင်းထောင် လက်နှစ်ချောင်းချိုးချ သုံးချောင်းကျန် အဖြေ ၃ ကို သူမကျေနပ်။ ဘာလို့ ငါးချောင်းထောင်ရတာလဲ။ နှုတ်တယ်ဆိုတာဘာလဲ၊ မေးပြန်ရာ ဒီတပုဒ်ကို သင်ရင်း အချိန်တွေကုန်ကာ အော်ငိုချင်စိတ်တောင် ပေါက်ခဲ့ရလေသည်။ သမီးအဖေက ကျူရှင်ပို့လိုက် မသင်ပေးတောနဲ့လို့ စိတ်မရှည်စွာဆိုလေရာ ဒီပုံစံနဲ့ တခြားသူနဲ့ဖြစ်မှာမဟုတ် တွေးကာ အားတင်းပီး သင်ရပြန်သည်။ ပစ္စည်း၅ခုကိုရှာပီး တန်းစီပြ အဲဒီနောက် ၂ခုကို လွှတ်ပစ်လိုက်ရင်းက ဘယ်နှစ်ခုရှိသေးလဲ ဆိုကာ ကျန်တာကို အဖြေရှာပြရသည်။ နောက်တော့ သိပါဘီတဲ့။ ဓါတ်ကြိုးပေါ်မှာနားနေတဲ့ ငှက်ကလေး ၃ကောင် ကိုပြထားပီး တကောင်ပျံသွားတာကို သူမြင်လိုက်တဲ့နောက် ဘယ်နှစ်ကောင်ကျန်သလဲဆိုတော့ ၂ကောင်ကျန်တယ် သူဖြေသည်။ ကျောင်းတက်လို့ စာမေးပွဲ ရလဒ်တွေ ပြတော့ ဘာသာစုံ ၁၀၀ အပြည့်ရတာတွေ့ ရပြန်တော့ ရင်အေးရပြန်သည်။ အေကို အကြီးပဲရေးမယ်၊ အသေးတွေမမှတ်တော့ဘူး မရေးချင်ဘူး ဆိုခဲ့သောသမီးငယ်သည် အခုတော့ သူတို့ဆရာ နိုင်ငံခြားသားတွေနှင့် စကားဖောင်ဖောင် ပြောလို့ အဖွဲ့ပင်ကျနေသေးသည်။ ကလေးဆိုတာ ကလေးတွေးပဲတွေးတာ တယောက်နဲ့တယောက် လောကကို သိတာ မတူဘူးဆိုသည့် ညီမစကားကို တဖြည်းဖြည်း သဘောပေါက်လာသည်။ အခုတော့လည်း မသိတာရှိရင် အမေကို မမေးတော့ ။ အင်တာနက်လေး ဖွင့်ပီး တဒေါက်ဒေါက် ခေါက်ပီး သိနေလေပြီ။ ကျမက မေးရင်တောင် အမေ အဲဒါ ဒီမှာ ရှာလိုက်ပြောနေဘီ။ တခါတလေ ကျောင်းကနေ လှမ်းပီး အမေရေ ဒါလေး ဖတ်ကြည့်ပါအုန်းဆိုကာ လင့်တွေ လှမ်းပို့တတ်ပြန်သည်။ အလွယ်တကူ မသိသည့် သမီး၊ စစ်စစ်ပေါက်ပေါက် မေးတတ်သည့် သမီးငယ်တယောက် အခုတော့ မမေးတော့ပြီ။ သူ့မှာ မေးရန်မလို၊ အဖြေတွေက လက်တကမ်းမှာ ရှိနေပြန်တော့ အဆင်သင့်နေဟန်တူသည်။ အခုအချိန်မှာ သူမမေးတော့ပေမယ့် ကျမက အမေးခံချင်နေသည်။ သူသိတာတွေ မှားနေလား မှန်နေလား စစ်စစ်ပေါက်ပေါက် ကျမပြောပြချင်နေပြန်သည်။ မယ်လူမွှေးဆီက  ကပ်သီးကပ်သပ်မေးမှာတွေကို ကြိုးစားပီးဖြေချင်နေပါသေးသည်။ ဒီအသက်အရွယ်မှာ ဘယ်လိုအတွေးတွေ တွေးနေဘီလဲ၊ ဘာတွေကိုများ စစ်စစ်ပေါက်ပေါက် သိချင်နေသလဲ။ ဘဝအတွက် ဘာတွေရည်မှန်းထားပီး ဘယ်လိုအရာတွေကို စိတ်ဝင်စားသလဲ သိချင်ပါသည်။သမီးငယ် ဝါသနာပါရာ အကြောင်းအရာတွေကို  ကျမလဲ ကူပီးတွေးပေးချင်ပါသည်။ ကူပီး စဉ်းစားပေးချင်ပါသေးသည်။
( သမီးငယ်ရဲ့မွးနေ့အမှတ်တရ)

No comments:

Post a Comment