September 17, 2012

ခေတ်တိုင်းတွင်ရှိသော ခွပ်ဒေါင်းမှသည် ကမ္ဘာနီ လူ့ငရဲ မှ လွတ်မြောက်လာသည့် အတွေး


ကျမ အစိုးရအလုပ်ကနေ နှုတ်ထွက်ခဲ့ပီး မိသားစုအရေး ကိစ္စတွေကိုပဲ လုပ်ဖြစ်နေရာက အချိန်အားလေးထွက်လာပီး အဲဒီ အချိန်မှာ ကျမဘဝမှာ ကြုံခဲ့ရတာတွေ ၊ သိခဲ့ရတာတွေကို စာတိုစာစတွေ ရေးဖြစ်ပါတယ်။။ ဘယ်မှ မပို့ပဲ ကိုယ့်ဘာသာ သိမ်းထားတာတွေ ရှိသလို၊ အွန်လိုင်းမဂဇင်းတွေကို ပို့တဲ့အတွက် ပါတာလဲ ရှိပါတယ်။ ပုံနှိပ်မဂဇင်း အနည်းအကျဉ်းမှာ ပါတာလဲ ရှိပါတယ်။ ကိုယ့်ဘလော့မှာ ရေးထားတာမျိုး၊ ကိုယ့်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကိုယ့်မိတ်ဆွေတွေ ဖတ်ရလေအာင် ရေးတာမျိုးတွေလဲ ရှိပါတယ်။ ပြောရရင်တော့ ရေးချင်တဲ့ အကြောင်းအရာရှိနေရင်၊ ဒါမှမဟုတ် စာရေးချင်ရင် ရေးလိုက်တာပါပဲ။ အက်ဆေး၊ ဆောင်းပါး၊ ဝတ္ထုတိုတွေ စုံနေအောင်ရေးပါတော့တယ်။ တကယ့် အဖြစ်အပျက်တွေကို အခြေခံထားတာ များပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့အခါ ကာယကံရှင်ကို အသိပေး အကြောင်းကြားပီး ရေးတာလဲ အကျင့် ဖြစ်နေပါတော့တယ်။ ဒါပေမယ့် ဒီရကိပိုင်းမှာ ရေးနေရင်းက တွန့်ဆုတ်စေတဲ့ အကြောင်းလေးတွေ ဖြစ်လာတဲ့အတွက်  စာရေးဖို့ အားပြတ်နေပါတော့တယ်။ ဒါကြောင့် သူများရေးတာတွေ ဖတ်ရင်း၊ ဂျာနယ်တွေဖတ်ရင်း၊ ဖေ့စ်ဘွတ်က ပို့စ်လေးတွေ ဖတ်ရင်း နေမိပါတော့တယ်။ဒီရက်ပိုင်းက ဖေ့စ်ဘွတ်မှာ  ပို့စ်တခုကို ဖတ်နေရင်းက အောက်က ကောမန့်မှာ သူ မသိတဲ့အတွက် ရိုးသားစွာပဲ မေးပီးရေးလိုက်တာကို သဘောကျလို့ ရီလိုက်မိပါတယ်။ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ABSDF ( မြန်မာပြည်မြောက်ပိုင်း) နှင့်ပတ်သက်၍ သဘောထားအမြင် ရှင်းလင်းပွဲဆိုတဲ့ ပိုစတာကို တင်ထားတဲ့ ဓါတ်ပုံလေးပါ။ သူမေးတာကို ကျမဖတ်ပီးပီးချင်းချင်း သဘောပေါက်တဲ့ အတွက် ရီလိုက်မိပေမယ့် မပပြန်တယောက်က သဘောမပေါက်လို့ ထင်ပါတယ်။ ပြန်မေးထားပါတယ်။
    " ကိုထွန်းအောင်ကျော်က ပူးပီးပြောမှာလား" တဲ့။ မပ ပြန်က
   " ဘာပူးတာလဲတဲ့"

အဲဒီမှာ ကျမလိုပဲ သဘောပေါက်သွားတဲ့ တယောက်က ပြန်ရေးပီး ရှင်းပြပေးထားပါတယ်။ ABSDF မှာ ကိုထွန်းအောင်ကျော်ဆိုတာ နှစ်ယောက်ရှိကြောင်း၊ ယခု ရှင်းလင်းမယ့်  ကိုထွန်းအောင်ကျော်က ၁၉၈၉ခုနှစ်က ABSDF ကိုစတင်ဖွဲ့စည်းစဉ်က ဥက္ကဌဖြစ်ကြောင်း၊ အသတ်ခံရသူ မဟုတ်ကြောင်း၊ အသတ်ခံရတဲ့ ကိုထွန်းအောင်ကျော်ဆိုတာ ၈၈တုန်းက အထက်ဗမာပြည် ဗကသ ဥက္ကဌလုပ်ခဲ့ဘူးပီး AB (NB) မှာ ဥက္ကဌလုပ်ခဲ့ကြောင်း၊ နောက်ပိုင်း အစွပ်စွဲခံရပီး ရက်စက်စွာ အသတ်ခံခဲ့ရတဲ့သူ ဖြစ်ကြောင်း စေတနာထားပီး သေသေချာ ပြန်ရှင်းပြပေးထားတာ ဖတ်ရပါတယ်။ စောစောက မေးလိုက်တဲ့သူက ကျေးဇူးပါလို့ ပြန်ပြောပါတယ်။ သူ့အတွေးနဲ့သူ မေးလိုက်တာကို သူ့ဘာသာသူလဲ ရယ်ချင်ရယ်နေနိုင်ပါတယ်။ ဒါမျိုးက ကိုယ်တိုင်တောင် တခါတလေ တချို့ကိစ္စတွေမှာ ကိုယ့်အတွေးနဲ့ကိုယ် ထင်ရာက ရီစရာတွေ ဖြစ်ခဲ့ဘူးတာလဲ ရှိဘူးပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို ဖတ်ရတော့ လူငယ်လေးတွေ သိအောင်ပြောဖို့ လူကြီးတွေမှာ အထူးသဖြင့် ခေတ်ကို လူငယ်တွေထက် စောစီးစွာ ဖြတ်သန်းခဲ့ရတဲ့ ဖြတ်သန်းခဲ့ဘူးတဲ့ လူကြီးတွေမှာ တာဝန်တွေရှိတယ် ဆိုတာ ပိုပီး ခံစားလာ သိမြင်လာရပါတယ်။ သမိုင်းဆိုတာကလဲ ခေတ်ကိုဖြတ်သန်းခဲ့တဲ့ လူတွေရဲ့ အမှာတွေ မှတ်တမ်းတွေက ဖြစ်ခဲ့တာလို့လဲ သိထားဘူးပါတယ်။ ကိုယ်မသိခဲ့ရတဲ့ အဖြစ်အပျက်တွေကို  သိမီတဲ့သူတွေ ရေးခဲ့တာတွေ ပြောခဲ့တာတွေ ဖတ်ရင်းမှတ်ရင်း သိရတာပါပဲ။ ဘာဖြစ်လို့ ဒီလို တွေးမိသလဲဆိုတော့ ကျမမှာ အခုတလော စာရေးဘို့ လက်ကို ဆွဲထားသလို ဖြစ်နေတဲ့ အကြောင်းလေးတွေ ဖြစ်နေတဲ့ အတွက်ပါ။ ဒီလိုပြောလို့ ကျမက နာမည်ကြီး စာရေးဆရာလဲ မဟုတ်ပါ။ ကျမဘာသာ ရေးချင်တာရှိတာ၊ ကျမသိတာတွေ သိချင်သူသိရအောင် ရေးတာမျိုး၊ နောက်တခုက ဖြစ်ရပ်တခုနဲ့ပတ်သက်ရင် ကိုယ်သိထားတာတွေရှိနေတဲ့အခါ သိရအောင်မျှဝေတဲ့ သဘော ရေးတာတွေ ဖြစ်ပါတယ်။ ကိုယ့်အသက်လဲ လေးဆယ်ကျော်လို့ ငါးဆယ်တန်းရောက်လာဘီ ဆိုတော့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကလဲ အထိုက်အလျှောက် ရှိလာခဲ့တာလဲ တစ်ကြောင်းပေါ့လေ။ အင်တာနက်သုံးတာရပ်ပီး စာဖတ်ချင်တဲ့အတွက် မဖတ်ရသေးတဲ့ ပြည်သူ့ခေတ်ဂျာနယ်တစောင်ကို ဖတ်ရင်းက ရဲမြင့်(သစ်တော) ရဲ့ဆောင်းပါးကို ဖတ်မိပါတယ်။ စာရေးဘို့ တွန့်ဆွဲနေတဲ့ ကျမ အဖြစ်ကို ရေးဖို့ အားဖြစ်စေ တွန်းအားဖြစ်စေတဲ့ အတွေးတွေ ထပ်ရလာပြန်ပါတယ်။ ခေါင်းစဉ်က ခေတ်တိုင်းတွင် ခွပ်ဒေါင်းရှိသည်။ ၁၉၅၃ခုနှစ်၊ အောက်တိုဘာ ကျောင်းသားအရေးတော်ပုံတွင် ရန်ကုန်တက္ကသိုလ်မှ ရာသက်ပန်ကျောင်းထုတ်ခံရသည့် ကျောင်းသားခေါင်းဆောင်များ ဆိုသည့် ဓါတ်ပုံနှင့်အတူ လူသိနည်းသည့် ထိုစဉ်က အကြောင်းကို ရေးသားထားခြင်းဖြစ်၍ မသိမီလိုက်သည့် ကျမအဖို့ စိတ်ဝင်စားစရာတွေ အပြည့်ပင်။ စာရေးသူ ရဲမြင့်(သစ်တော)ဆိုသူက ထိုအရေးတော်ပုံတွင် ကိုယ်တိုင်မပါဝင်ပါ.။ သို့သော် ပါဝင်လှုပ်ရှားခဲ့တဲ့ စာရေးသူ ရဲမြင့်(သစ်တော)ရဲ့ အကိုကိုရှာရင်း တွေ့ကြုံခဲ့ရသည်များနှင့် သူသိတာတွေ သူသိသူတွေ အကြောင်းကို သမိုင်းပုံရိပ် အဖြစ်တင်ပြထားခြင်းပါ။ အဲဒီမှာ ကျမသိခဲ့တဲ့ ဘဏ်ဦးအုန်းမောင် အကြောင်းကို မှတ်မှတ်ရရ ဖတ်ရပြန်ပါတယ်။ ဖော်ပြထားတဲ့ ဓါတ်ပုံကလည်း ဘဏ် ဦးအုန်းမောင် နေမကောင်းဖြစ်တဲ့အတွက် အိမ်ကိုသတင်းမေးသွားရာက ဒီသမိုင်းဝင်ဓါတ်ပုံကို တွေ့ခဲ့ရတာပါလို့ ရေးထားတာဖတ်ရပါတယ်။ ဦးအုန်းမောင်ကို ကျမသူငယ်ချင်းရဲ့ ဘကြီးအဖြစ် လွန်ခဲ့တဲ့ အနှစ်(၃၀)ခန့်ကတည်းက သိခဲ့ပါတယ်။ သူတို့ကတော့ တက္ကသိုလ်ကျောင်းသားဘဝက နိုင်ငံရေးသမားတယောက်လို့ပဲ ပြောပြဘူးတဲ့အတွက် အဲဒီလောက်ပဲ သိခဲ့ဘူးပါတယ်။ ဘကြီး ဦးအုန်းမောင်က ၈၈ မတိုင်ခင်နှစ်တွေမှာ ဝန်ထမ်းဘဝနဲ့ မြန်မာ့စီးပွားရေးဘဏ်( ပုစွန်တောင်ဘဏ်ခွဲ) မှာ မန်နေဂျာ ဖြစ်ခဲ့ဘူးပါတယ်။ ကျမအဖေက ဘဏ်စာရင်းစစ်ဖြစ်လေတော့  တစ်နှစ်မှာ တကြိမ်၊ တစ်ကြိမ်မှာ ၂လ နီးပါး စာရင်းစစ်ပုံမှန်ဝင်ရင်းက အဲဒီ ဦးအုန်းမောင်နဲ့ ခင်မင်ရင်းနှီးသွားပါတယ်။ အဲဒီကမှ ဦးအုန်းမောင်နဲ့ နိုင်ငံရေး အမြင်တွေ ဆွေးနွေးဖြစ်ကြ ပြောကြတဲ့ အကြောင်း၊ ဦးအုန်းမောင်က တချိန်က သပိတ်မှောက် ကျောင်းသားဟောင်းဖြစ်တဲ့အကြောင်
း ၊ အဖေက သူ့ကို အင်မတန် လေးစားကြောင်း ပြောပြလို့ သိခဲ့ဘူးပါတယ်။ ၈၈ နောက်ပိုင်း နိုင်ငံရေးနယ်ထဲ ရောက်သွားတာလဲ သိနေကြားနေပေမယ့် အခုမှ ကျောင်းသားဘဝက အကြောင်းတွေကို သေသေချာချာ သိရပါတော့တယ်။ တွက်ကြည့်တော့ နှစ်ပေါင်းအစိတ်လောက်ရှိမှ သေသေချာချာ သိရပါတော့တယ်။ ဒါကလဲ အခုလို သိမီခဲ့တဲ့သူက ရေးခွင့်သာတဲ့ အချိန်မှာ ရေးပြလို့သာ သိကြရတာပါ။ ဒါကို ဖတ်ပီး ကိုယ်တိုင်သိခဲ့တာတွေ ပြောဘို့ ရေးဘို့ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ လေးကို ပိုပီးတော့ ထင်သာမြင်သာ လက်ခံမိလာပါတော့တယ်။ ကိုယ်သိထားတဲ့ လူတယောက်အကြောင်းကိုတောင် သိတဲ့သူက သေချာ ရေးပြတော့မှ သေသေချာချာ သိခွင့်ရခဲ့တာပေပဲ။ အတွေးတွေက ကိုယ့်ဘာသာ ချင့်ချိန်တွေးနေရင်း တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဲဒီကနေ တခြားဆောင်းပါးတွေ ဖတ်နေတုန်း ကျမသမီး ကြီးက ဖတ်လက်စ စာအုပ်တစ်အုပ်ကို လက်ကကိုင်ရင်း ကျမကို မေးပါတော့တယ်။ " ဒီစာအုပ်ကို ရေးတဲ့ ဝင်းတင်ဆိုတာ ရှိသေးလားတဲ့" စာအုပ်ကို ကြည့်လိုက်တော့ ကမ္ဘာနီတွင် တဒင်္ဂ။ ကျမလဲ ဘယ်လိုအမြန်နှုန်းမှန်းတောင် မသိအောင် အမြန်ဆုံးဖြေလိုက်မိပါတယ်။ အဲဒါ အခု NLD ဦးဝင်းတင်လေ၊ ဘဘဦးဝင်းတင်၊ တကယ့်သံမဏိခေါင်းဆောင်ကြီးလေလို့ အဆက်မပြတ် ပြောမိပါတော့တယ်။ သမီးက ရယ်ကျဲကျဲနဲ့ ထင်တော့ထင်ပါတယ်။ ဒါပေမယ့် ဒီစာထဲက ရေးထားတာတွေ ခံယူချက်တွေနဲ့ ဘာလဲဟဲ့ လူ့ငရဲက ရေးထားတာတွေ က နဲနဲကွဲနေတော့ မဟုတ်ဘူးထင်လို့ပါလို့ ဖြေပါတယ်။ ကျမတို့ သားအမိ ဦးဝင်တင်အကြောင်း အသက်အရွယ်အရ၊ ကြုံရတာတွေက မတူတဲ့အတွက် ရေးတဲ့အကြောင်းတွေ ကွာလာတာတွေ အကြောင်း ဆွေးနွေးတာတွေ မပြောလိုတော့ပါဘူး။ ဒါပေမယ့် အဲဒီလိုလေးတွေကအစ လူငယ်တွေ မသိတသိ ဖြစ်နေတာတွေ အကြောင်းအရာပေါင်းစုံ နယ်ပယ်ပေါင်းစုံမှာ ရှိနေလိမ့်မယ်လို့ တွေးမိပါတယ်။ အကြီးကြီးတွေ သိပီး အမှတ်တမဲ့ အသေးအဖွဲလေးတွေကို သတိမထားမိတာ သိသလိုမသိသလို ဖြစ်နေတာ လွဲပီး မှတ်မိနေတာ စသဖြင့် ကျမမှာ အတွေးတွေ နယ်ချဲ့နေမိပါတော့တယ်။
              (ကို) ထွန်းအောင်ကျော်ဆိုတာကို ကျမအသက် ရှစ်နှစ်အရွယ် ဦးသန့်အရေးအခင်းမှာ ကြားဖူးခဲ့ပါတယ်။  ကျောင်းသားခေါင်းဆောင်တွေရဲ့ နာမည်တွေကို အဖေပြောပြတဲ့အတွက် သိနေခြင်းပဲ ဖြစ်ပါတယ်။  ဒါပေမယ့် သူတို့ကို ကျမမမြင်ဘူးသလို ကျမကိုဆို ပိုလို့ပင်ဝေးပါသေးတယ်။ သို့သော် ယခုလို အင်တာနက်ခေတ်တွင်တော့ ဓါတ်ပုံတွေကို မြင်တွေ့ရပါတယ်။  တွက်ကြည့်ပါက နှစ်ပေါင်း ၄၀ နီးပါးကြားဖူးထားပီး ယခုခေတ်မှ မြင်ဘူးခြင်းဖြစ်ပါတယ်။  ယနေ့ လူငယ်တွေအတွက်တော့ အရာရာကို နေ့မဆိုင်းညမဆိုင်း သိခွင့်ကြုံကြရတဲ့အတွက်  ကံကောင်းလှပါတယ်။ မြောက်ပိုင်းက ထွက်ပြေးလွတ်မြောက်လာတဲ့ ကျမရဲ့မောင်နဲ့ အဲဒီ ၁၉၉၃ ကာလတွေက သူတို့ရဲ့ အဖြစ်တွေ ပြန်ပြောပြရင် နားထောင်ရင်းက ကြေကွဲစွာ ဆို့နင့်စွာ မခံချိမခံသာဖြစ်စွာ လိုက်ခံစားရင်း သိချင်တာတွေ အံ့ဩရတာတွေ မေးရင်း ဆွေးနွေးရင်း လူနာမည်တွေကို သိနေပါတယ်။ တရက်မှာတော့ ထွန်းအောင်ကျော် အသတ်ခံရတာတွေ သတိတရ ပြန်ပြောင်းပြောတာ နားထောင်ရင်း မောင်လေးရဲ့ စကားအဆုံးမှာ ကျမက ကောက်ချက်ချလိုက်ပါတယ်။ " အော် သူ့ခမျာ အစိုးရက သေဒဏ်ပေးတာတောင် လွတ်ပီး တောထဲရောက်မှ ကိုယ်ကျောင်းသားအချင်းချင်း သတ်လို့ သေရတော့တယ် " ကျမစကားလဲဆုံးရော ကျမမောင်လေးက (ကို) ထွန်းအောင်ကျော် နှစ်ယောက်အကြောင်းကို ကွဲပြားအောင် သေသေချာချာ ခွဲခြားပြောပြါတော့တယ်။ အဲဒါက ၁၉၉၃ ခုနှစ်က ကျမကိုယ်တိုင် မကွဲမပြားဖြစ်ခဲ့ဘူးတဲ့ အဖြစ်ပါ။ အခုလို လူကိုလဲ မကြားဘူး၊ သမိုင်းကြောင်းတွေကိုလဲ လတ်တလောမှ သိသူတွေအဖို့ဆိုရင် နာမည်တွေ လုံးထွေးနေတာ သေချာပါတယ်။ ဒါ့ကြောင့် (ကို) အဲဒီထွန်းအောင်ကျော်က သေဘီဆို ၊ အသတ်ခံရတယ်ဆို၊ အခု မဟုတ်ဘူးလားဆိုတဲ့ အမေးလေးတွေကို မေးနေတာ တွေ့နေရပါတယ်။ ပြောချင်တာက (ကို) ထွန်းအောင်ကျော်အကြောင်း မဟုတ်ပါ။ ဒီလို အကြောင်းအရာလေးတွေကိုတောင် မသိတဲ့သူလေးတွေ သိအောင် ပြောပြဖို့လိုတယ်ဆိုတာ ကိုယ့်ဘာသာတွေးမိတာကို ဆိုလိုတာပါ။ အဲလို တွေးမိရာက ကျမကို တွန့်ဆုတ်သွားစေတဲ့ အကြောင်းအရာကို ကျမမေ့လို့ရသွားပါတယ်။ ကျမတို့ ပြောစရာရှိတာ ကြုံခဲ့ရတာတွေကို ပြောရမှာ ကျမတို့ရဲ့ တာဝန်တွေပါပဲ။ ကိုယ်ကိုတိုင်ပါခဲ့လို့လား မေးရင် မပါခဲ့ရင်တောင် သိခဲ့ပါတယ်လို့ ပြောဖို့ ဝန်မလေးအောင် အားတက်ခဲ့ရပါတယ်။ ရဲမြင့်(သစ်တော) ရဲ့သမိုင်းပုံရိပ်က ကျမကို တွန်းအားပေးခဲ့ပါတယ်။ ကျမသမီးရဲ့ (ဦး) ဝင်းတင် ရှိသေးလားဆိုတဲ့ အမေးက ပြောစရာတွေ ပြောဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ တယောက်ထဲကို ပြောပြရင် တယောက်ပဲသိမယ်။ စာနဲ့ရေးထားရင် ဖတ်သူအများတင်မက ကိုယ်တွေ သက်တမ်းစေ့လို့ လူ့သဘာဝအရ မရှိတော့တဲ့အချိန် မျိုးဆက်သစ်လူငယ်တွေ တိုက်ဆိုင်ကြည့်စရာ အတည်ပြုစရာ တခုခုတော့ ရကောင်းရနိုင်တယ်ရင်လဲ ကျေနပ်စရာပါပဲ။  ကျမကို ရည်ရွယ်ပီး ပြောတာဟုတ်ချင်မှလဲ ဟုတ်နိုင်သလို ကိုယ့်ကိုရှေ့ထားပီး ပြောသွားတဲ့အတွက် တကယ်ရည်ရွယ်ပြောသွားတာလဲ ဖြစ်နိုင်တဲ့ စကားတွေကို သူ့အကြောင်းနဲ့သူ သူ့အတွေးနဲ့သူလို့ပဲ သဘောထားလိုက်ဖို့ အားဖြစ်ခဲ့ပါတယ်။  ထိုထိုသော ကိစ္စတွေမှာ ကိုယ်တိုင်လဲမပါဝင်ပဲ ရေးနေတဲ့သူတွေ၊ အဲဒီအချိန်မှာ ရှိမနေပဲ သူများပြောပြတာ နားထောင်ပီးရေးနေတာတွေကို လက်မခံနိုင်တဲ့ အကြောင်းနဲ့ နာမည်ကြီးအောင်လုပ်နေတာလို့ ပြောတာကိုလဲ ပေယျာလကန်ထားနိုင်ပါတော့တယ်။ စိတ်ကူးထဲမှာတော့ ကိုယ့်ကို သေချာ ရည်ရွယ်ပြောရင်တော့ နာမည်ကြီးချင်လို့တော့ ဒါမျိုးတွေ မလုပ်ဘူး၊ အသက်လဲ ငါးဆယ်တန်းရောက်နေဘီ။ ကြီးချင်မှဖြင့် ဟိုး နုစဉ် ငယ်ရွယ်စဉ်က ဟေမာနေဝင်းနဲ့ တူတယ်ဆိုပီး အကြည့်ခံ အပြောခံခဲ့ရစဉ် အရွယ်ထဲက မင်းသမီးလုပ်ခဲ့တာပေါ့၊ အခုအချိန်ဆို အမေတန်းမှာ နာမည်တလုံးနဲ့ ရှိနေနိုင်သေးတယ်လို့ ဟာသနှောပီးပြောပြလိုက်ဖို့ တွေးမိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမရေးတာကို ကျမသမီးတွေ ဖတ်ရင်းသိသွားရင်တောင် ကျမက ကျေနပ်သူပါ။ သူတို့ကို ဒီလို အကြောင်းတွေကို ရှည်းလျားစွာ ပြောပြတာကို သူတို့က အချိန်ပေးပီး နားမထောင်နိုင်သလို ကျမကလဲ အကြာကြီး ပြောမနေနိုင်အားတဲ့အတွက် တခါတလေ စာရေးထားတယ် ဖတ်ကြဆိုရင် သူတို့ ဖတ်ကြရင်းသိစေရပါတယ်။ ဒါ့ကြောင့် ABSDF မှာ (ကို) ထွန်းအောင်ကျော် နှစ်ယောက်ရှိတယ်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ NLD ဦးဝင်းတင်၊ ကမ္ဘာနီက ဦးဝင်းတင်နဲ့ လူ့ငရဲက ဦးဝင်းတင် တစ်ယောက်ပဲရှိတယ် စတာတွေကနေ ကိုယ်တိုင်မပါဝင်ခဲ့သော်ငြား သိခဲ့ပါတယ်။ သိတယ်ဆိုတာကိုတွေ ရေးနေအုန်းမည် ပြောနေအုန်းမည်သာပင်။

No comments:

Post a Comment