November 26, 2012

ချစ်ရင်လည်းပြုံးပါ၊ မုန်းရင်လည်းပြုံးပါ( ကောင်းကင်မှ ကူးယူပါသည်။)

ချစ်ရင်လည်းပြုံးပါ၊ မုန်းရင်လည်းပြုံးပါ PDF Print E-mail
User Rating: / 2
PoorBest 
မဂ္ဂဇင်း - အက်ဆေး
Written by ခိုင်ခိုင် စောလွင်   
Sunday, 25 November 2012 22:33

pe nyunt waiသမီးရေ
           မေမေ အခုရေးလိုက်တဲ့ ခေါင်းစဉ်ကတော့ မေမေသိပ်ကြိုက်တဲ့ ရေဒီယို ဓါတ်ပြားရ သီချင်းတစ်ပုဒ်ပဲ။ ဒါပေမယ့် စာသားတွေမေ့ကုန်တဲ့ အပြင် အဆိုတော်နာမည် စဉ်းစားလို့ မရတာနဲ့ အင်တာနက်မှ ဘယ်လိုမှ ရှာမရ ဖြစ်နေတယ်။ မှတ်မိသလောက်ပြောရရင် ဒီကမ္ဘာမြေ လောက လူသားများရဲ့ အလယ် လောကဝယ် ချစ်ရင်လည်းပြုံးကွယ် မုန်းရင်လည်းပြုံးကွယ်ဆိုတာလေးတော့ မမေ့မလျော့ မှတ်မိနေပီး သီချင်းအဓိပ္ပါယ်ကိုလဲ ကောင်းကောင်းမှတ်မိနေတဲ့ အတွက် ဒီခေါင်းစဉ်လေး ရေးလိုက်မိတယ်။ နောင်အလျဉ်းသင့်လို့ပဲ ဖြစ်ဖြစ် စာသားတွေ သတိရလာပြီး အင်တာနက်မှာ ဒီသီချင်းလေးကို ရှာလို့ရခဲ့ရင် သမီးကို ပို့ပေးပါအုန်းမယ်။ သီချင်းနာမည်က အပြုံးကိုဆောင်တဲ့။ သမီးကိုရေးပြဖို့ ဖြစ်လာတဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလေး အတွင်းက သမီးရဲ့ ညီမလေးတွေ သူတို့ ကျောင်းရဲ့ကျောင်းပွဲ ကလေးတစ်ခုမှာ ကြုံတွေ့ခဲ့ရတာလေးနဲ့ ပတ်သက်ပြီး ပြောစရာလေးရှိလာလို့ပေါ့ သမီးရေ။ ကျောင်းကပွဲရက်ကလို့ ရည်ညွှန်းလိုက်ပေမယ့် ကျောင်းပွဲနဲ့ ဘာမှမဆိုင်ပါဘူး၊ ကျောင်းပွဲကို လာရင်းကြုံရတာလေး ပြန်ပြောချင်တာပါ။ သမီးဟာ အင်မတန် အေးအေးဆေးဆေး နေတတ်ပြီး အိမ်မှာနေရတာကို ခင်တွယ်တတ်တဲ့သူ ဖြစ်တဲ့ အလျှောက် ပွဲတွေ လမ်းတွေ သွားရမှာ အင်မတန်ဝန်လေးသူ ဖြစ်ပေမယ့် ညီမလေးတွေ ကကြမယ်ဆိုတဲ့ အတွက် မေမေတို့နဲ့ လိုက်ခဲ့တယ်ဆိုတာ မေမေသိတယ်။ ဘယ်သူ့ကိုဖြစ်ဖြစ် ဖော်ဖော်ရွေရွေ လေးလေးစားစား ဆက်ဆံတတ်တဲ့ သမီးဟာ အဲဒီနေ့က လူတစ်ယောက်ကို စိတ်တို ဒေါသထွက်စွာ လုံးဝ နှုတ်မဆက် မမြင်ယောင်ဆောင်ခဲ့တယ်။ အဲဒါကို မေမေက အားပေးထောက်ခံခဲ့မိတယ်။ အဲဒီအတွက် သမီးဆီကို မေမေ ဒီစာရေးဖြစ်ခဲ့ရတာပါပဲ။ အမှန်ကတော့ သမီးဒေါသထွက် စိတ်တိုခဲ့ရတဲ့သူဟာ တချိန်က သမီးနဲ့ လုပ်ငန်းခွင်တစ်ခုထဲမှာ အတူ လုပ်ခဲ့ဖူးယုံသာမက ဖေဖေ မေမေတို့နဲ့ပါ ရင်းနှီးသူဖြစ်တယ်။ ပြောရကြေးဆို ရင်းနှီးတာထက်တောင် ပိုပါတယ်။ ဆွေမျိုးလိုပဲ ကိုယ်ချက်တာ သူလာစား သူချက်တာ ကိုယ်သွားစား နေနေကြတာပဲ။ ဒါ့ကြောင့် ဒီလိုလူမျိုးက ဒီလိုဆက်ဆံလိုက်တဲ့ အတွက် သမီးစိတ်တိုတာ မလွန်ဘူးဆိုပြီး မေမေပါ အလိုတူဖြစ်ခဲ့တယ်။ အိမ်ပြန်ရောက်မှ တဖြေးဖြေးစဉ်းစားရင်း စိတ်ထဲ အေးသွားတဲ့အခါ သမီးကို မေမေ ပြောစရာတွေ ရှိလာခဲ့တယ်။
          တကယ်တော့ မေမေတို့ မောင်နှမတစ်တွေဟာ လူချစ်လူခင်များကြတယ်။ အဲဒါ သမီးဖိုးဖိုး မေမေ့ရဲ့အဖေရဲ့ သွန်သင်ဆုံးမမှုနဲ့ သမီးဖိုးဖိုးရဲ့ အပြုအမူတွေကို မေမေတို့ အတုယူခဲ့ ကြလို့သာပဲ။ သမီးဖိုးဖိုးဟာ လုပ်ငန်းသဘာဝအရ မြန်မာတစ်နိုင်ငံလုံး မရောက်ဖူးတဲ့ အရပ်မရှိဘူး။ ဘယ်လောက်အထိ သွားခဲ့ရသလဲဆို အင်မတန်မှ ဝေးလံခေါင်သီလှလွန်းလို့ သွားရော့ လဟယ်ဆိုပီး နောက်ပြောင်ပြောတတ်ကြတဲ့ လဟယ်ကိုလည်း ရောက်ဖူးတယ်။  အခုခေတ်မဟုတ်ဘူးနော်သမီး၊ ဟိုး လွန်ခဲ့တဲ့ အနှစ်(၃၀) လောက်ကတည်းကပဲ၊ နောက်ပီး ဗိုလ်ချုပ်အောင်ကြီး တော်လှန်ရေးကောင်စီက နှုတ်ထွက်ပြီး သူ့ကိုယ်သူ နယ်နှင်ဒဏ်ပေးပြီး သွားနေတယ်ဆိုတဲ့ မချမ်းဘောလဲ ရောက်တယ်။ ရုပ်ရှင်မင်းသားကြီး(ဦး) အောင်လွင် အကယ်ဒမီရခဲ့တဲ့  နေခြည်ဖြာမှနွေးသော်ကြောင့်  ဇာတ်ကား၊ ရေခဲတောင်တွေကြား ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ်ဆိုတဲ့ မြို့ကလေး ဆွမ်ပရာဘွမ် ဆိုတာလဲ ရောက်ဖူးယုံမက ရှမ်းပြည်တစ်ခွင်၊ချင်းတောင်တန်း နာဂတောင်တန်းတွေအပြင် ရခိုင်ရိုးမအနှံ့ မြစ်ဝကျွန်းပေါ်မကျန်ပါပဲ။ လူပေါင်းစုံ အဆင့်ပေါင်းစုံ စိတ်သဘောထားမျိုးစုံ ရှိတဲ့ လူတွေ ဘယ်လောက်များ ဆက်ဆံခဲ့ရသလဲဆိုတာ တွေးကြည့်ယုံနဲ့ သိရောပေါ့။ သမီးဖိုးဖိုးဟာ အားလုံးကို အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနိုင်တယ်။ သူ့သားသမီးတွေကိုလည်း သူ့လိုပဲ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်စေချင်လို့ အမြဲ သွန်သင်ဆုံးမလေ့ရှိတယ်။ ဒါကတော့ စိတ်ဆိုးသည်ဖြစ်စေ မုန်းသည်ဖြစ်စေ ချစ်သည်ဖြစ်စေ ပြုံးပြုံးလေးနေတတ်ဖို့ပါပဲ။ သမီးဖိုးဖိုးဟာ ဘယ်သူနဲ့ စကားပြောပြော မျက်နှာမှ အပြုံးကိုအမြဲ ဆောင်ထားတယ်။ ပြုံးပီး စကားစတယ်၊ ပြုံးပီးနှုတ်ဆက်တယ်၊ ငြင်းစရာရှိရင်တောင် အပြုံးမပျက်ငြင်းနိုင်တဲ့ အထိပဲ။ မေမေတို့ကို မိတ္တဗလဋီကာဆိုတာ ပေးဖတ်တယ်၊  သမီးဖိုးဖိုး ခြေရာကိုတော့ မနင်းနိုင်ခဲ့ဘူးပေါ့ သမီးရယ်။ ဘယ်လောက် ခင်မင်သူပေါသလဲဆို သမီးစဉ်းစားနိုင်အောင် မေမေပြောပြမယ်။ ပင်စင်စားအဖိုးအိုကြီး တစ်ယောက်၊ ဘာမှလုပ်မပေးနိုင်တော့တဲ့ ဒီအဖိုးအိုဆီက ဘာမှ မျှော်မှန်းစရာမရှိပဲ သီတင်းကျွတ်တဲ့အခါ လာကန်တော့ကြတာ၊ သတိရတဲ့အခါ မုန့်လေးပဲလေးကအစ ငွေကြေးတချို့ပါ လာကန်တော့ကြတာ အဲဒါတွေကြည့်ရင် သိနိုင်တာပေါ့ သမီးရယ်။ လူတွေရဲ့ သဘောကိုက အထူးသဖြင့် ဝန်ထမ်းလောကမှာက ပင်စင်ယူသွားတဲ့ လူတစ်ယောက်ဆို မေ့ကို သွားကြတာလေ။ မေမေတို့ သူငယ်ချင်းတစ်ယောက်ဆို အမြဲပြောတယ်။ ပင်စင်မယူခင် သေသွားရင် ကောင်းမယ်တဲ့ ။ ဘာလို့လဲဆိုတော့ သူ့အသုဘစည်အောင်လို့တဲ့ အဲသလို နောက်သလိုလို ပြောဖူးတယ်။ သမီးဖိုးဖိုးဆုံးသွားတော့ အဝေးရောက်နေတဲ့ မိတ်ဆွေတွေကတောင် မလာနိုင်ပေမယ့် သူတို့တတ်အားသလောက် ကူညီကြတာ၊ မရောက်ရောက်အောင် လာတဲ့သူက လာတဲ့အပြင်၊ ကျန်းမာရေး မကောင်းလို့ သိသွားရင် သွားမှာဆိုးတဲ့ အတွက်  သားသမီးတွေက သတင်းစာကို ဖွက်ထားတဲ့ကြားက ရက်လည်ကာနီး အမှတ်တမဲ့ တွေ့ပီး မရောက်ရောက်အောင်လာခဲ့တာ၊ အောက်စီဂျင်ဘူးတန်းလန်းနဲ့ ရန်ကုန်မြို့ရဲ့ အပြင်က ဥယျဉ်မြို့တော်ဆီ မရောက်ရောက်အောင် လာခဲ့တာကို ပြန်သိရတော့ သမီးဖိုးဖိုးရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းခဲ့တာတွေကို တရိပ်ရိပ် ပြန်မြင်လာခဲ့တယ်။ အဲဒါတွေ မေမေ တွေးမိပြီး သမီးကို ပြောစရာတွေ ဖြစ်လာခဲ့တာပေါ့။

         တကယ်တော့ မေမေလည်း ဖိုးဖိုးကို အားကျအတုယူရင်း နေခဲ့တာပါပဲ။ မေမေ အလုပ်လုပ်ခဲ့တဲ့ ဌာနမှာဆို မေမေတာဝန်ကျတဲ့နေ့ မေမေတို့အခေါ် incharge တာဝန်ကျတဲ့နေ့ဆို လာသမျှအလုပ်တွေ မညီးမညူ အပြုံးမပျက်လုပ်ပေးတဲ့အတွက် အလုပ်လာလုပ်တဲ့သူတွေဟာ မေမေတာဝန်ကျတဲ့နေ့ဆို သိပ်များတာပေါ့၊ အလုပ်တွေပြီးရင် မေမေလည်းပျော် သူတို့လည်းပျော်တော့ အလုပ်ထဲ အဆင်ချောတာပေါ့သမီးရယ်။ တချို့ကတော့ နောက်သလိုလိုနဲ့ ပြောတာတော့ ရှိတာပေါ့၊ မေမေ incharge ဆို ထမင်းကြိုစားထားမှပဲတဲ့ ၊ အဲဒီမှာ မေမေ့လိုပဲ အလုပ်လုပ်ရတာ အင်မတန်ပျော်တဲ့ လူတစ်ယောက်လဲရှိတယ်၊ သူက လူပျိုကြီးဆိုတော့ အပူအပင်ကင်းကင်းနဲ့ အလုပ်ထဲ စိတ်နှစ်ထားနိုင်ယုံမကဘူး ညသန်းခေါင်အထိ မပြန်ပဲ အလုပ်လုပ်နိုင်တယ်။ ဌာနက အလုပ်ရှိလို့ ခေါ်ရင် မိုးလင်းကမိုးချုပ် ပိတ်ရက်ပါမကျန် အချိန်မရွေး အရောက်လာတယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးက အင်မတန်ညံ့တဲ့အပြင် စကားကြီးစကားကျယ်ကလည်း ပြောတတ်တော့ လူအင်မတန်မုန်းတယ်။ ဒါပေမယ့်  မေမေက အဆင်ပြေအောင် ပေါင်းနိုင်တယ် သမီးရဲ့။ ဒါကတော့ ဘယ်တော့မှ အပြုံးမပျက်တာပေါ့ သမီးရယ်။ သူက တခါပြောဖူးတယ်၊ မေမေတို့ ရုံးက (`ဋ္ဌာနခွဲတော့ မတူဘူး) စီမံကိုင်တဲ့ အမျိုးသမီးကြီးကို ခင်ဗျားဆီ လွှတ်ပေးပြီး အတုယူခိုင်းရမယ်တဲ့၊ မေမေက ဘာလို့လဲ မေးတော့ သူ့မျက်နှာကို ကြည့်ပါလား Dead Face တဲ့။ မေမေ့မှာ ရယ်လိုက်ရတာ။ အဲဒီ စကားလုံးကို သမီးတို့ဆီ အရောက်ယူလာပြီး ပြောပြောပြလို့ သမီးတို့တောင် ဒီ Dead Face ဆိုတဲ့ စကားလုံးကို နေရာကျအောင် သုံးတတ် ပြောတတ်နေကြတာလေ။ သမီးတို့ကို အဲဒီလိုမနေဖို့ လူတွေနဲ့ အဆင်ပြေအောင် အမုန်းမပွားအောင် နေတတ်ဖို့ မေမေ ခနခန ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီ Dead Face တွေကို တော်တော်များများ တွေ့ပြီး ဆက်ဆံရတဲ့အချိန်ကို ကြုံတဲ့အခါ မေမေတောင် Dead Face လို နေတတ် နေမိသွားလို့ မနည်း ပြန်ပြန်ပြင်ခဲ့ရတဲ့ အကြောင်း သမီးကို ပြောပြဖူးတယ်နော်။ ဒါကတော့ လောကကြီးရဲ့ အလှည့်အပြောင်းလို့ပဲ ပြောရမလား၊ အချိုးအကွေ့လို့ပဲ ပြောရမလားမသိ၊ အချိုးအကွေ့ဆိုရင်လဲ တော်တော့်ကို ပြင်းထန်တဲ့ အချိုးအကွေ့တခုပေါ့ သမီးရယ်။ သင်္ချာသဘောတရားအရ ပြောမယ်ဆိုရင် ၃၆၀ဒီဂရီ ချိုးသွားတယ်ဆိုရင်တောင် နည်းနေသေးတယ်ထင်တာပဲ။ သမီးဖေဖေ ပြည်ပကို ထွက်သွားခဲ့ရတယ်။ အဲဒီနောက် အတော်လေးကြာတော့ မေမေ့ကို အလည်ခေါ်လို့ ရောက်သွားခဲ့ရတဲ့ အခါ Dead Face တွေကို အံ့ဩ တကြီးတွေ့ခဲ့ရတယ်။ သမီးတို့ကိုလည်း ပြန်ပြောပြခဲ့တယ်။ ဒါကလည်း ဒီလိုလူမျိုးတွေရှိနေတယ်၊ ဒီလိုလူမျိုးတွေကို အပြုံးမပျက် ဘယ်လိုဆက်ဆံရတယ် ဆိုတာ သိစေချင်ယုံ အပြင်မပိုခဲ့ပါဘူး။ မေမေ ပထမဆုံး အိမ်နီးချင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ကို ရောက်တဲ့ အချိန်မှာ မေမေ့ကို ဘယ်သူဘယ်ဝါလို့ မိတ်ဆက်ပေးတဲ့အခါ မပြုံးမရယ် နေရုံသာမက တစ်ချို့ဆို ခြေဆုံးခေါင်းဆုံးတောင် စုံဆန်ကြည့်လိုက်ကြသေးတော့ မေမေ့မှာ ဘယ့်နှာတွေပါလိမ့်လို့ အံ့ဩ တကြီးဖြစ်ရတယ်။ လူတိုင်းမဟုတ်ပေမယ့် တော်တော်များများက ဒီလိုပဲ၊ ဒါကို မေမေက မေမေ့အကျင့်အတိုင်း အပြုံးနဲ့ပဲ ဆက်ဆံခဲ့တယ် သမီးရေ၊ ဒါတွေကို သမီးသိအောင် ပြောပြခဲ့သေးတယ်လေ၊ အဲဒါကတော့ သမီးတို့ပါ သမီးဖေဖေနဲ့ လာနေတဲ့ အခါ ဒီလို လူမျိုးတွေရှိတယ်၊ ဒီလိုပုံစံဆက်ဆံကြတယ်ဆိုတာ ကြိုသိထားရအောင်ပေါ့။ ကြိုသိထားတော့ ကိုယ့်ဘက်က ကိုယ့်စိတ်ကိုယ် အသင့်ပြင်ထားလို့ ရအောင် ရည်ရွယ်ခဲ့တာပေါ့ သမီးရေ။ သမီးတို့က ကြိုသိထားတဲ့ အတွက် Dead Face တွေကို အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံ နိုင်ခဲ့တယ် ဆိုတာ မေမေသိတော့ သမီးကို ချီးကျူးမိပါတယ်။ ဒါပေမယ့် သမီးရေ လူဆိုတာ မကောင်းတာဆို ကူးစက်တာ သိပ်မြန်တယ် မဟုတ်လား။ မေမေကိုယ်တိုင်တောင် ကြာကြာမပြုံးနိုင်တော့တဲ့ အဖြစ်တွေ တွေတွေ့လာရတယ်လေ၊ အဲဒီတော့ ပွဲလမ်းတွေ စုံညီစုဝေးကြတဲ့ အခါတွေမှာ ကိုယ်လဲ Dead Face နဲ့ နေနေလာတာကို မသိမသာလိုနဲ့ သိသိသာသာ ဖြစ်လာခဲ့တယ်။ ဒါကလည်း မေမေ့နောက်မှ ရောက်လာတဲ့ သမီးတို့က မေမေ့ကို ပြန်ပီးထောက်ပြလာကြတာလေ၊ ဘယ်တုန်းက ဘယ်သူက ဘာပြောတော့ မေမေက Dead face နဲ့ ဘယ်လို ဆက်ဆံလိုက်တယ်လို့ ပြောတော့ မေမေ နဲနဲ တုန်လှုပ်သွားတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ ရှောင်နေပြီး ကိုယ့်အိမ်ထဲမှာပဲ စာဖတ်နေတော့တာပဲ။
                  အဲဒီနေ့က မေမေက ဟန်မပျက်ခဲ့ပေမယ့် သမီးဟာ သိသိသာသာ ဟန်ပျက်နေခဲ့တယ်။ အင်မတန် ရင်းနှီးတဲ့သူက ဒီလိုဆိုတော့ သမီးက အံ့ဩ ဒေါသဖြစ်သလို မေမေကလဲ သမီးလုပ်ရပ်ကို မှန်တယ်လို့ ထောက်ခံခဲ့မိတယ်။ အစစ ဆင်ခြင်သုံးသပိတဲ့အခါ မေမေဟာ အတော်တုန်လှုပ် ထိတ်လန့်သွားခဲ့တယ်။ သမီးဟာ ငယ်သေးတယ်၊ လူ့လောကမှာ ဒါဟာ အစပဲရှိသေးတယ်၊ သမီးရဲ့ ဖြူနေတဲ့ စိတ်ကို အရောင်ဆိုးသလို ဖြစ်နေပြီလို့ မေမေ တွေးမိလို့ပဲ သမီးရေ။ ဒါ့ကြောင့် သမီးရေ သမီးရဲ့ အဖြူရောင်စိတ်ကို အရောင်အစွန်းအထင်း ဖြစ်စေမယ့်အရာတွေကို လက်မခံပါနဲ့လို့ မေမေ ပြောပါရစေ၊ အပြုံးကိုဆောင်ပါသမီး၊ မေမေတို့ ငယ်ငယ်က အင်မတန်ကြိုက်ခဲ့တဲ့ ပို့စကဒ်လေးတွေရှိတယ်။ အဲဒီပို့စကဒ်လေးတွေမှာ ကဗျာဆရာ မောင်ပန်းမွှေး ရေးခဲ့ဖူးတဲ့ ကဗျာလေးလို ဘယ်သူဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ချစ်သည် ကြားလျှင် ဝမ်းသာသည်၊ မုန်းသည်ကြားလျှင် လွမ်းပါသည်ဆိုတာမျိုး ဘယ်သူဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပြုံးသည်ကြားလျှင် ဝမ်းသာသည်ပေါ့ သမီး။ သူပြုံးရင်ကိုယ်ပြုံးမယ်၊ သူမဲ့ရင်ကိုယ်မဲ့မယ်ဆိုတာ သူတော်ကောင်းတရားမဟုတ်ဘူးသမီး။ ဒါ့ကြောင့် လောကအလယ် ခြေချကာစ သမီးကို မေမေပြောချင်တာက ချစ်ရင်လည်းပြုံးပါ၊ မုန်းရင်လည်း ပြုံးပါ သမီးရေ။

သမီးရဲ့ မေမေ
                                                             ခိုင်ခိုင်စောလွင်
                                                  သရုပ်ဖေါ်ပုံ ပန်းချီဖေညွန့်ဝေ


No comments:

Post a Comment