July 22, 2013

ပျောက်ကွယ်ခြင်း မရှိရန် ထိမ်းသိမ်းထားသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတိပ်ခွေများ

  (၆၆) နှစ်မြောက် အာဇာနည်နေ့မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများကို ထုတ်လွှင့်ပေးနေတယ်လို့ ဖေ့စ်ဘွတ်မှာ အံ့ဩ ဝမ်းသာစွာ ရေးကြပြောကြ သူများထဲကမှ တစ်ယောက်ကတော့ သူ့ရဲ့ status မှာ "ဟိုက် .... MRTV က မှတ်တမ်းတွေတော့ သေသေချာချာ သိမ်းထားသဟ ။" လို့ ရေးတာ ဖတ်ရပြီး ဒီစာလေးကို ရေးဖြစ်ပါတယ်။
     မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဆိုတဲ့ အတိုင်း ရေဒီယိုလို့ လူတိုင်းခေါ်ပြောနေကြတဲ့ အသံချည်းပဲ လွှင့်တဲ့ အပိုင်းနဲ့ ရုပ်မြင်သံကြားခေါ်တဲ့ အရုပ်ရောအသံပါ လွှင့်တဲ့ အပိုင်း ဆိုပြီး ရှိပါတယ်။ နှစ်ခုစလုံးမှာ မှတ်တမ်းထိန်းသိမ်းထားတဲ့ ဌာနတွေ ရှိပါတယ်။ ရေဒီယိုက အများကြီးစောပါတယ်။ လွတ်လပ်ရေးမရခင် အင်္ဂလိပ်လက်အောက်နဲ့ ဂျပန်ခေတ်မှာကတည်းက အသံလွှင့်တာစနေပါပြီ။ ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ(၁၅) ရက်နေ့ကစပြီး ဗမာ့အသံဆိုတဲ့ နာမည်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တာ ကနေ့အထိပါပဲ။ ၁၉၄၇ခုနှစ်မှာ အသံကို သွင်းယူထားနိုင်တဲ့ ( M.S.S Disc Recording Machine) ဓါတ်ပြား အသံသွင်းစက် ရရှိလာတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကို ဟောပြောနေတဲ့ အချိန်မှာ အသံသွင်းထားနိုင်ခဲ့ပြီး ပြည်သူတွေကို အသံပြန်လွှင့်ပေးခဲ့ပါတယ်။ သတ္တုပြားတွေ ဖြစ်တြဲ့အတွက် ကြာရှည်သိမ်းထားလို့ မရနိုင်တာမို့ အိန္ဒိယကိုပို့ပြီးေ၇ာင်းတန်း ဓါတ်ပြားB.P အနေနဲ့ ပြန်လည် အသံသွင်းပြီး သိမ်းထားခဲ့ကြပါတယ်။  ဒါ့ကြောင့် အဲဒီထက် အစောပိုင်းကာလတွေမှာ တိုက်ရိုက်အသံလွှင့်ခဲ့သမျှအားလုံး မှတ်တမ်းထားဖို့ ဓါတ်ပြားအသံဖမ်းစက် မရှိသေးတဲ့အတွက် လေထဲမှာပဲ လွင့်ပျောက်ခဲ့ရပါတယ်။
          ရေဒီယို( အသံလွှင့်ဌာန)မှာ ဓါတ်ပြားတိုက် ဆိုတာ ရှိပါတယ်။ အဲဒီဓါတ်ပြားတိုက်မှာ ခေတ်အဆက်ဆက် အရေးပါတဲ့ အရေးကြီးတဲ့ မိန့်ခွန်းတွေအပါအဝင် သီချင်းပေါင်းများစွာ( သီချင်းကြီး၊ သီချင်းခန့် ကာလပေါ် စတီရီယိုစသဖြင့် အမြဲလွှင့်ခွင့်ရ) ၊ ရေဒီယိုဇာတ်လမ်းပေါင်းများစွာ၊ ဟောပြောချက်များ ကို မှတ်တမ်းမှတ်ရာနဲ့ သေသေချာချာ သိမ်းဆည်းထားပါတယ်။ အခြေအနေအရ အသံမလွှင့်ဖြစ်ခဲ့တဲ့ မိန့်ခွန်းတွေ အပါအဝင် မှတ်တမ်းမှတ်ရာ အသံတွေကို စနစ်တကျ သိမ်းဆည်းထားပါတယ်။ လမ်းစဉ်ပါတီခေတ်က ပါတီညီလာခံမှာ တင်သွင်းတဲ့ တင်ပြချက်တွေသာမက စစ်အစိုးရလက်ထက် အခြေခံဥပဒေရေးဆွဲစဉ် ညောင်နှစ်ပင်ညီလာခံက မှတ်တမ်းမှတ်ရာတွေ အထိ အားလုံးကို သိမ်းဆည်းထားပါတယ်။ ရုပ်မြင်သံကြားဌာနမှာလည်း ဒီအတိုင်းပါ။ တိပ်ခွေထိမ်းသိမ်းရေးဌာန( Tape Library) မှာ သိမ်းဆည်းထားပါတယ်။ ရုပ်မြင်သံကြားပေါ်လာတာ မကြာသေးတဲ့အတွက် တစ်ချို့ကို မော်ကွန်းရုပ်ရှင်က ယူတယ်လို့ ကြားဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့ပုံ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလက မှတ်တမ်းမှတ်ရာတွေက မော်ကွန်းရုပ်ရှင်ကနေ ပြန်လည်ကူးယူသိမ်းဆည်း ထားတာတွေ ဖြစ်ပါတယ်။ နှစ်ကာလ ကြာပြီဖြစ်တဲ့ အတွက် အရုပ်တွေက မှုန်ဝါးနေပေမယ့် အသံကတော့ ရေဒီယို ဓါတ်ပြားတိုက်က ရယူလို့ဖြစ်ပါတယ်။ ဓါတ်ပြားတွေမှာ အသံဖမ်းထားတဲ့ အတွက် ကြာလာတဲ့အခါ လေတိုးသံတွေလို တရှဲရှဲမြည်နေပါတယ်။
         နောက်ပိုင်း ရောင်းတမ်းဓါတ်ပြားတွေနဲ့ တစ်ခါထဲပြော တစ်ခါထဲ အသံသွင်းကြပါတယ်။ ဓါတ်ပြားတစ်ဖက်မှာ (၃) မိနစ်သာ ဆန့်ပါတယ်။ ဒါ့ကြောင့် ၃မိနစ်ထက် ပိုရင်တခြားဘက် အခြမ်းက ဆက်ပီး အသံသွင်းရပါတယ်။ အဲဒီေ၇ာင်းတမ်း BP ဓါတ်ပြားတစ်ချပ်မှာ (၆)မိနစ်စာပဲ အသံသွင်းယူထားလို့ရပါတယ်။ ဒါ့ကြောင့် ရှေးက အဆိုတော်ကြီးတွေ သီချင်းလာရင် သီချင်းတစ်ဝက်မှာ ခနလေးရပ်သွားပြီးမှ နောက်ဆက်ပီး အသံပေါ်လာတာပါ။ သူက အချင်း ၁၀လက်မ လောက်ရှိပါတယ်။ နောက်ပိုင်းမှာတော့ အချင်း(၁၂) လက်မနဲ့ အချင်း(၁၆) လက်မအရွယ်ရှိတဲ့ ဓါတ်ပြားတွေ ပေါ်လာပါတယ်။ အချင်း(၁၆)လက်မရှိတဲ့ ဓါတ်ပြားတစ်ဖက်မှာ မိနစ်(၃၀)စာ အသံသွင်းလို့ရပြီး အချင်း(၁၂) လက်မဓါတ်ပြားကတော့ အပတ် တစ်ပတ်မှာ ၃မိနစ်နီးပါးဆန့်ပါတယ်။ ဒါ့ကြောင့် တစ်ဖက်ကို ၃မိနစ် လေးမိနစ်စာ သီချင်းတွေ ၄ပုဒ်လောက် ထဲ့လို့ရပါတယ်။ ဒီဓါတ်ပြားအကြီးတွေ ပေါ်လာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို တစ်စုတစ်စည်းထဲ ဖြစ်အောင် ဓါတ်ပြားအကြီးထဲ ပေါင်းပြီးကူးထားပါတယ်။ တကယ့်မူရင်းတွေကိုလည်း မပျောက်မပျက်ရအောင် ဆက်ပြီး သိမ်းထားပါတယ်။
      ဓါတ်ပြားတွေကနေ ကြိုးခွေ သုံးတဲ့ခေတ် ရောက်ပြန်တော့လည်း ကြိုးခွေမှာ ပြန်ကူးပြီး သိမ်းပြန်ပါတယ်။ ကျန်တဲ့ ဓါတ်ပြားတွေကိုလည်း ဆက်လက် သိမ်းဆည်းထားပါတယ်။ အဲဒီ ကြိုးခွေတွေကိုတော့ အသံလွှင့်တာရော၊ အသံသွင်းတာရော ၊ သိမ်းတာမှာပါ တော်တော်ကြာတဲ့ အထိ အသုံးပြုခဲ့ပါတယ်။ အချင်း ၁၀ ၁/ ၂ လက်မရှိတဲ့ တိပ်ခွေမှာ ကြိုးခွေ ပေ၂၄၀၀ အရှည်ရှိပီး ၇လက်မတိပ်ခွေမှာ တိပ်သားကြိုးခွေက ပေ ၁၂၀၀ရှိပါတယ်။ အချင်း၅လက်မရှိတဲ့ အခွေမှာတော့ တိပ်သား ပေ၆၀၀ ပါပါတယ်။ အဲဒီကြိုးခွေ ၁၀ ၁ /၂ လက်မ ရှိတဲ့ အခွေတွေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို သိမ်းဆည်းထားပါတယ်။ နည်းပညာတိုးတက်လာတဲ့ အလျောက် အဲဒီပြောင်းလဲလာတဲ့ အသံသွင်းတိပ်ခွေတွေနဲ့ အဆင့်ဆင့် ထိန်းသိမ်းထားပါတယ်။
နောက်ပိုင်း ကက်ဆက်ခွေတွေ ပေါ်လာတဲ့အခါ ကက်ဆက်ခွေတွေနဲ့လည်း သိမ်းပါတယ်။ ကက်ဆက်ခွေတွေကိုတော့ အများပြည်သူတွေပါ သုံးလာကြပါတယ်။ ဆိုက်ဒ်- အေ၊ ဆိုက်ဒ်- ဘီ နှစ်ဘက်ရှိပြီး စီ- ၆၀ အခွေမှာ တစ်ဆိုက်ဒ်ကို မိနစ် ၃၀စာ အသံသွင်းလို့ရပြီး တစ်ခွေမှာ တစ်နာရီစာ အသံသွင်းလို့ရပါတယ်။ စီ- ၉၀ ဆိုရင် တစ်ဖက် ၄၅မိနစ်ဆန့်ပြီး တစ်နာရီခွဲစာ အသံသွင်းထားနိုင်ပါတယ်။ အဲဒီကနေ စီဒီ တွေ ပေါ်လာတဲ့ အခါ စီဒီမှာလည်း ဗိုလ်ချုပ် မိန့်ခွန်းတွေကို ပြောင်းလဲပြီး ကူးယူ သိမ်းဆည်းပါတယ်။ သဘောကတော့ ဒီမိန့်ခွန်းတွေကို ပျောက်ပျက်မသွားအောင်ရယ် ဘယ်ခေတ် ဘယ်အချိန်ရောက်ရောက် ပြန်ပီး အသံလွှင့် နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဥပမာ- ဓါတ်ပြားထဲမှာ ရှိတယ်ဆိုပြီး ဒီအတိုင်း ထိန်းသိမ်းထားခဲ့ရင် ဒီကနေ့ အချိန်ရောက်လို့ အသံလွှင့်တဲ့အခါ ဓါတ်ပြားစက်တွေ မရှိတော့တဲ့ အတွက် ဘယ်လိုမှ လွှင့်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။
  DAT လို့ခေါ်တဲ့ တိပ်ခွေလည်း အသုံးပြုခဲ့ပါသေးတယ်။ သူကတော့ ကက်ဆက်ခွေနဲ့တူပေမယ့် ကက်ဆက်ခွေလောက်မကြီးပဲ အတော်သေးပါတယ်။ သူကတော့ အသံသွင်းဖို့အနေနဲ့ တော်တော်ကောင်းပေမယ့် အသံလွှင့်ရာမှာ အခက်အခဲတွေ အများကြီးဖြစ်တဲ့ အတွက် သိပ်ကြာကြာ အသုံးမပြုခဲ့ပါဘူး။
  အခု နောက်ဆုံးအနေနဲ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို ကွန်ပြူတာထဲမှာ သိမ်းဆည်းထားနိုင်ခဲ့ပါပြီ။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ တိုးတက်ကောင်းမွန်လာတဲ့ အသံကူးပြောင်းစနစ်တွေနဲ့ စနစ်တကျ သိမ်းဆည်းထားပြီး အသံပြန်လွှင့်နိုင်အောင် စီစဉ်ထားကြတာပဲ ဖြစ်ပါတယ်။
   စာရေးသူတို့ ငယ်စဉ်က အာဇာနည်နေ့ရောက်ပြီဆိုရင် အဲဒီည ၈နာရီ သတင်းအပြီးမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို အားပါးတရ နားထောင်ခဲ့ရပါတယ်။ ဓါတ်ပြားထဲက ရှဲရှဲ.. ရှဲရှဲ ဆိုတဲ့ အသံတွေကြားက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို နားစိုက်ခဲ့ရပါတယ်။ အခု နောက်ပိုင်းတော့ ကွန်ပျူတာနဲ့ ပြန်သွင်းတာမှာ တစ်ချို့ ရှဲရှဲ ရှဲရှဲ အသံတွေကို ဖျောက်လို့ရတယ်လို့ သိရပါတယ်။ ( တကယ်တော့ ဓါတ်ပြားမှာပါရှိတဲ့ လိုင်းတွေ ကြားထဲမှာ အမှုန်လိုဟာမျိုး ဒါမှမဟုတ် အသုံးမပြုတာကြာတဲ့ အတွက် မှိုကပ်နေတာမျိုးကြောင့် ဓါတ်ပြားပေါ် အပ်ထောက်တဲ့အခါ မလိုလားတဲ့ အသံတွေပါ ထွက်နေတာဖြစ်ပါတယ်)။
၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉၀ ခုနှစ်ခန့်က စပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို အသံလွှင့်ခြင်း မရှိတော့ပါဘူး။ အသံလွှင့်ဝန်ထမ်းတွေကတော့ မလွှင့်ရဆိုလို့သာ မလွှင့်တာ ဘယ်သူက ခိုင်းစေတယ် ဘယ်သူက ပိတ်ပင်တယ်ဆိုတာ မသိခဲ့ ကြပါဘူး။ ထုံးစံအရ မလွှင့်ရဆိုပါက အဲဒီ တိပ်ခွေကို ဓါတ်ပြားတိုက်ကနေတောင် ထုတ်ယူခွင့် ရှိတာမဟုတ်ပါဘူး။ ဥပမာ- ကိုင်ဇာ သီချင်းတွေ မလွှင့်ရ ဆိုပါက သူ့သီချင်းတွေကို ဓါတ်ပြားတိုက်ကနေ ထုတ်ယူလို့မရပါဘူး။ တိပ်ခွေစာရင်းဘေးမှာ မင်နီနဲ့ မလွှင့်ရလို့ ရေးထားတဲ့အတွက် မတော်တဆ နံပါတ်မှားရေးပြီး ထုတ်ဖို့ပြင်ရင်တောင် ဓါတ်ပြားတိုက်က တာဝန်ရှိတဲ့သူက စာအုပ်ပြပြီး မလွှင့်ရ ရေးထားတယ် မရဆိုပြီး ပေးမထုတ်ပါဘူး။
 အခုတော့ ၁၉၉၀ခုနှစ်ကနေ စတင် ရေတွက်လိုက်ရင် (၂၃) နှစ်အကြာမှာမှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို ပြန်လည် အသံလွှင့်တာ ကြားရပါပြီ။ တကယ်တော့ ဒီလို အသံလွှင့်နိုင်ခဲ့တာဟာ မူရင်း ရောင်းတန်းဓါတ်ပြား B.P တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ကူးယူထိန်းသိမ်းခဲ့ကြလို့သာ ဖြစ်တဲ့ အကြောင်း သိသမျှ ရေးသားလိုက်ရပါတယ်။

No comments:

Post a Comment