July 28, 2013

မလွှင့်ရ အဆိုတော်၊ မလွှင့်ရသီချင်းနှင့် မလွှင့်ရခြင်း အကြောင်းများ

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို မြန်မာ့အသံမှာ မူရင်းဓါတ်ပြားတွေကနေတိုးတက်ပြောင်းလဲလာတဲ့ စနစ်တွေ အတိုင်း ထုတ်လွှင့်နိုင်ရန် အဆင့်ဆင့် သိမ်းဆည်းခဲ့တယ်ဆိုတာ ရေးရင်းက မြန်မာ့အသံမှာ မလွှင့်ရ သတ်မှတ်ထားတဲ့ သီချင်း၊ အဆိုတော်၊ လူပုဂိုလ်တို့အကြောင်းကို ဆက်ပြီး ရေးချင်စိတ် ပေါ်လာတဲ့ အတွက် ရေးဖြစ်ပါတယ်။ အမှန်က အဲဒီ မလွှင့်ရအကြောင်းကို အစောကြီးထဲက ရေးလက်စရှိပါတယ်။ မှတ်မှတ်ရရ ပြောရရင် အဆိုတော် မာမာအေး မြန်မာပြည်ပြန်သွားပြီး သီချင်းဆိုတဲ့ပွဲတွေ အကြောင်း ၊ MRTV က မာမာအေး သီချင်းတွေ လွှင့်တာ တဝကြီးနားထောင်ရကြောင်း သတင်းတွေ ဖတ်ရကတည်းကပါ။ အဆိုတော်ကြီး(ဒေါ်) မာမာအေး ဟာ မြန်မာ့အသံရဲ့မလွှင့်ရ အဆိုတော်တွေများစွာထဲက အပြင်းထန်ဆုံးနဲ့ သူ့အသံနဲ့ဆိုထားတဲ့ သီချင်းတွေကိုယောင်မှားလို့ မလွှင့်ရတဲ့ အထိမခံတဲ့ စာရင်းထဲ ပါပါတယ်။ သူဆိုထားတဲ့ သီချင်းတွေကို အခြားအဆိုတော်ပြန်ဆိုထားပါက လွှင့်လို့ရပါတယ်။ ထူးဆန်းပေစွ။ လူကို ပိတ်ထားတာပါ။ အဲဒါ လေးတွေ ရေးနေရင်းကွန်ပျူတာ ဝင်းဒိုးကျသွားတဲ့ အတွက် ရေးလက်စဖိုင် ပျောက်သွားကတည်းက ဆက်ပြီးရေးလိုစိတ်မရှိတာနဲ့ ရပ်ထားလိုက်ပြီး  အခုတော့ အစ တစ်စဆွဲထုတ်မိသလိုဖြစ်သွားပြီး ရေးဖြစ်ပါတော့တယ်။
    အခုလို ရေးတယ်ဆိုတော့စာရေးသူက ရှေ့မီနောက်မီ ပုဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ တကယ်တမ်း ပြောရရင် ရှေ့မမီနောက်မမီဆိုပိုမှန်ပါတယ်။ မြန်မာ့အသံလို့ မဖြစ်မီ ဗမာ့အသံ(BBS) ကို စတင်ခဲ့တဲ့ ၁၉၄၆ ခုနှစ်ကနေယနေ့၂၀၁၃ အထိဆိုပါက နှစ်ပေါင်း (၆၇)နှစ် အတွင်းမှာ စာရေးသူက ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလကနေ နေပြည်တော်မြန်မာ့အသံ ဖြစ်သွားတဲ့ ၂၀၀၈ ခုနှစ် ကြားကာလကိုပဲ ကြုံတွေ့ခဲ့ရလို့ပါ။ရှေ့မမီခဲ့ပေမယ့် ကံအားလျော်စွာ ရှေ့မီခဲ့တဲ့ လူပုဂိုလ်တွေဆီက မှတ်သားထားခဲ့တဲ့ အတွက်အတော်များများ သိခဲ့ရပါတယ်။ ပင်ကိုယ်ဗီဇအရ မသိမမီတဲ့ အကြောင်းတွေကို မေးမြန်း ခဲ့တဲ့အတွက် ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ အဲဒီသူတွေထဲက အတော်တော်များများ ကွယ်လွန်ရှာ ကြပါပြီ။နေပြည်တော်မြန်မာ့အသံဆိုတာတော့ စာရေးသူကိုယ်တိုင် ရောက်တောင် မရောက်ခဲ့ပါဘူး။ ဒါ့ကြောင့်နောက်မမီခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြားကာလလေးက စိတ်ဝင်စားစရာ ပျော်ရွှင်စရာ ဗဟုသုတဖြစ်ဖွယ်ရာနဲ့ကိုယ့်ဘဝအတွက် အမှတ်တရတွေ အများကြီး ဖြစ်စေခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ ရယ်စရာတွေရောမောစရာတွေရော စုံလို့ပါပဲ။ အဲဒီထဲကမှ အခုက တစ်ချို့အပါအဝင်ပေါ့။
     ၁၉၈၈ခုနှစ်နောက်ပိုင်းကာလတွေက မြန်မာ့အသံမှာ ပိတ်ပင်တာတွေ အများဆုံးပဲလို့ ဝါရင့်ဝန်ထမ်းတစ်ယောက်ကပြောဖူးပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ပညာရှင်အပိုင်းတွေမှာပါ စစ်တပ်က လူတွေ အစားထိုးဝင်ရောက်လာတဲ့အတွက် ပိုပြီး ဆိုးလာတာလို့ သူကပြောပါသေးတယ်။ စက်မှုဌာနမှာ အင်ဂျင်နီယာချုပ်သာမက သူ့ဆီကအောက်ဆင်းသွားတဲ့ ရာထူး လေးဆင့်လောက်အထိ စစ်အင်ဂျင်နီယာတပ်က လူတွေ အစားထိုး ဝင်ရောက်လာကြတာပါ။အသံလွှင့်လို့ခေါ်တဲ့ သတင်းကြေညာတာတို့ ဟောပြောချက်တို့ ဆိုတာက အသံနဲ့ဟန်နဲ့ဌာန်နဲ့ ပြောရတော့အတွေ့အကြုံရှိမှ ဖြစ်တာမို့ အနောင်စာလို့ ခေါ်တဲ့ အစီအစဉ်ကြေညာတဲ့ အထိတော့ မပါကြတာပါ။ဒါတောင် အသံလွှင့် ညွှန်မှုးတစ်ယောက်က အင်တာဗျူးကို သူကိုယ်တိုင်လိုက်မေးနေတဲ့ အတွက်ရော၊အသံလွှင့်ဇာတ်လမ်းတွေ၊ ဇာတ်လမ်းပမာတွေမှာ သူကိုယ်တိုင် မင်းသားနေရာက  ဝင်ပြီး သရုပ်ဆောင်နေတဲ့အတွက်ရယ်ကြောင့် ညွှန်ချုပ်ကကိုယ့်အလုပ်ကိုယ်လုပ် ဆိုပြီး ဟန့်လိုက်လို့ ရပ်တန့် သွားတာလဲ ရှိပါသေးတယ်။ ဒါက ကြုံလို့ရေးပြတာပါ။အဲဒီလို စစ်တပ်က လူတွေ ဝင်ရောက်လာပြီးနောက် အသံလွှင့်လုပ်ငန်းမှာ ပိတ်ပင်တာတွေ ပေါ်ပေါက်ခဲ့ပါတယ်။အဓိက ကတော့ ရှစ်လေးလုံးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် တေးသံရှင်တွေကိုပါ။ သူတို့သီချင်းတွေကိုမလွှင့်ရဆိုပြီး သီချင်းတွေကို အသံလွှင့်ဖို့ ထုတ်ယူရတဲ့ ဓါတ်ပြားတိုက်မှာ စာနဲ့ရေးထားပါတယ်။ အစမှာတော့ အဆိုတော်ကိုယ်တိုင်မသိကြပါဘူး။ နီးစပ်ရာက တဆင့် ၊ရယ် နောက်တစ်ခုက သူတို့သီချင်းတွေ မလွှင့်တာကြာတော့မှတဖြည်းဖြည်း သိလာတဲ့ သူတွေလည်း ရှိပါတယ်။ နာမည်ကြီးတွေကတော့ စောစောထဲက သိကြပါတယ်။ အဲဒီတုန်းကရှစ်လေးလုံးအရေးတော်ပုံမှာ ပြည်သူတစ်ရပ်လုံးနီးပါး ပါဝင်ခဲ့ကြတာဆိုတော့ အနုပညာရှင်တွေကလည်းပြည်သူ့ဘက်က ရပ်ကာ အားတက်သရော ပါဝင်ခဲ့ကြတာမို့ ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေသူတို့ရဲ့သီချင်းတွေကို ပိတ်လိုက်တဲ့အခါ အသံလွှင့်ဖို့ရာ မလွယ်သလောက်ဖြစ်ခဲ့ပါတယ်။ အဲဒီအခါ ဖြေလျှော့မှုတစ်ခု လုပ်ပေးပါတယ်။ ပိတ်ထားတဲ့(အသံလွှင့် သမားတွေကတော့ ဘဲန်းထားတယ်လို့ သုံးပါတယ်) အဆိုတော်က ပေါ်လစီ သီချင်းတစ်ပုဒ်စီဆိုပေးရင် အဲဒီအဆိုတော်ရဲ့ သီချင်းကို ပြန်လွှင့်ခွင့်ပေးပါတယ်။ ဒီတော့ ကိုကိုစစ်သားတို့ကိုကိုစစ်သားချစ်သူတို့ ဖြစ်ကုန်ကြတာပေါ့။  ရှစ်လေးလုံးမှာ ကျောင်းသားတွေ ပြည်သူတွေကို ပစ်သတ်ခဲ့လို့စစ်တပ်ကို အားလုံးက မုန်းရတဲ့ကြားထဲက သူတို့ အနုပညာ မသေဖို့ဒီလိုပဲ ဆိုခဲ့ကြရတာပါ။ အဲဒီအချိန်မှာ ပြည်သူတွေက စစ်ဆို ရေတောင် စစ်မသောက်ဘူးဆိုတဲ့အထိ ပြောဆိုနေတဲ့အချိန်ပေါ့။ ဒါပေမယ့် တစ်ဆင့်စကားနဲ့ ဘာ့ကြောင့်ဆိုရတယ်ဆိုတာ သိလာကြတော့မပြောသာကြပါဘူး။ အမျိုးသား အဆိုတော်တွေက ကိုကို စစ်သားချစ်သူရေ လုပ်လို့မရတော့ သူတို့လည်းချစ်ခြင်းတရားမြဲကြစေတို့ ဒီကမ္ဘာမှာ စစ်.. စစ် စစ်မဖြစ်စေရာတို့ ဘာတို့ လုပ်ကြရတာပေါ့။အဲဒီလိုနဲ့ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်နီးပါးရောက်တော့ မလွှင့်ရလို့ ပိတ်ထားတာ နည်းသွားပါပြီ။ထူးခြားတာတစ်ခုက အင်မတန်မှ နာမည်ကြီးတဲ့ ရေဒီယို အဆိုတော်ကြီးတစ်ယောက်ကို ၂၀၀၈ ခုနှစ်ခန့်အထိ သူ့သီချင်းတွေ လွှင့်ခွင့်မရပါဘူး။ ဒီစာရေးတဲ့ အချိန်မှာ ပြန်လွှင့်နေဘီလားလို့ သူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တော့ သူလဲ သေချာ မပြောနိုင်ပါဘူး။ အခု အချိန်မှာ ပိတ်ထားတာတွေ ဘာတွေ မရှိတော့ပါဘူးလို့သူက ပြောပြပါတယ်။  ထူးခြားတယ်ဆိုတာက အဲဒီအဆိုတော်ကြီးရဲ့အကိုတော်သူက နာမည်ကျော် နိုင်ငံရေးသမား တစ်ယောက်ဖြစ်တဲ့ ပြည်သူ့တိုးတက်ရေုးံပါတီက ဦးခင်မောင်မြင့်ဖြစ်လို့ပါတဲ့။ ကိုကိုးကျွန်းပြန်တစ်ယောက်ဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့အဲဒီမျိုးချစ်သံမဏိ ပုဂိုလ် ကြီးကို အစိုးရက အတော် မျက်မုန်းကျိုးဟန်တူပါတယ်။ သူ့ညီသီချင်း မလွှင့်ရတဲ့။
  အဆိုတော်မာမာအေးကတော့မလွှင့်ရတာ နဲနဲ နောက်ကျပါတယ်။ ရှစ်လေးလုံးနဲ့မဆိုင်ပါဘူး။ ၁၉၉၈ခုနှစ်မှာအမေရိကားကိုသီချင်းဆိုဖို့ သွားရာက သူတို့ဘာကို မျက်မာန်ရှတယ်မသိ။ မာမာအေး သီချင်းတွေ မလွှင့်ရဆိုပြီးဖြစ်ပါတော့တယ်။ ၂၀၁၂ခုနှစ်မှ ပြည်ဝင်ခွင့် ပြန်ရတဲ့ အတွက် (၁၄)နှစ်တိုင်တိုင် ပိတ်ထားခဲ့တာပါ။အဲဒီလို ပိတ်ထားတဲ့ အချိန်က အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်။ ကျောက်ပန်းတောင်းခင်စိုးဦး ဆိုတဲ့ အဆိုတော်က ဆိုဟန်ဆိုပေါက်က မာမာအေးနဲ့ဆင်ပါတယ်။ လုံးဝတော့ မတူပါဘူး။အဲဒီနေ့က ကျောက်ပန်းတောင်း ခင်စိုးဦး သီချင်းလွှင့်နေစဉ်မှာပဲ အသံလွှင့်ဌာနအကြီးအကဲအပါအဝင် တာဝန်ခံအရာရှိ သုံးယောက်လောက် အသံလွှင့်တဲ့ စက်ခန်းထဲရောက်လာပါတယ်။ မျက်နှာတွေကမသာမယာနဲ့ပါ။ စာရေးသူတို့က အသံလွှင့်နေစဉ်မှာ အမှာအယွင်းဖြစ်မှာဆိုးတဲ့ အတွက် စကားပြောလေ့မရှိပါဘူး။ သူတို့က ဒါကို သိတဲ့အတွက် ဘာမှမမေး ဘာမှ မပြောပါဘူး။ အတွေ့အကြုံအရ တစ်ခုခုဖြစ်လို့လာတယ်ဆိုတာ ရိပ်မိတဲ့ အတွက် ဘာများပါလိမ့်လို့ ကိုယ့်ဘာသာ မေးခွန်းထုတ်ရင်းလွှင့်နေတဲ့ သီချင်းခေါင်းစဉ်၊ အဆိုတော်နာမည်ကို အသံလွှင့်ရင် ပေးထားတဲ့ အသံလွှင့်ဇယားနဲ့အသာလေးကြိတ်ပြီး တိုက်ကြည့်နေမိပါတယ်။ မလွဲပါဘူး။ သီချင်းဆုံးလို့ အစီအစဉ်ကြေညာသူကိုမိုက်ကရိုဖုန်း ချိုးပေးလိုက်တဲ့ အခါ ကျောက်ပန်းတောင်းခင်စိုးဦး သီဆိုထားတဲ့………………….သီချင်းနဲ့ဖျော်ဖြေလို့ ပြီးပါပြီရှင်။ အခုဆက်လက်ပြီး …………….. ဆိုတော့ ထပြန်သွားကြပါတယ်။ရင်းနှီးနေတဲ့ တာဝန်ခံတစ်ယောက်က နောက်ချန်နေခဲ့ပြီး” မာမာအေး မလွှင့်ရဆိုတာ အခုမှားပြီးလွှင့်နေတယ်ပြောလို့ လာနားထောင်ရတာတဲ့။ အမက မဟုတ်ပါဘူး။ မှားစရာမရှိပါဘူး၊ ဆိုတာကိုအတင်းငြင်းပြီး စက်ခန်းထဲအထိ သေချာ သွားနားထောင်မယ်ပြောလို့ လာကြရတာပါ”တဲ့။ အဲလောက်အထိပါ။အဲဒီလိုသာ အကဲဆတ်ကြတာ။ မာမာအေးသီချင်းတွေ၊ မာမာအေး အသံတွေ မလွှင့်ရလို့ ပိတ်တဲ့အခါ အများဆုံးအသံကူးပေးရတာ မာမာအေးသီချင်းတွေချည်းပါပဲ။
          စာရေးသူတို့ရဲ့ တစ်ပတ်စာ လုပ်ငန်းထဲမှာ အသံလွှင့်တာဝန်တင်မကအသံသွင်း အသံကူးတာဝန်ပါ လုပ်ဆောင်ရပါတယ်။ အသံသွင်းတာဝန်ကျပါက မာမာအေးသီချင်းတွေကိုလက်မလည်အောင် ကူးပေးရပါတယ်။ စာနဲ့ပေနဲ့လာလို့ ကူးပေးရတာပါ။ ပုံမှန်ဆိုပါက မလွှင့်ရဆိုတဲ့သီချင်းခွေကို ဓါတ်ပြားတိုက်ကတောင် ငှားယူ ထုတ်ယူခွင့် မရှိပါဘူး။ စာနဲ့ပေနဲ့ဆိုတာသာမာန်လူတွေ မဟုတ်ပါဘူး။ အနိမ့်ဆုံး တိုင်းမှုး ကနေ အမြင့်ဆုံး အဲဒီအချိန်က နံပါတ်(၂)အထိပါ။ ဘယ်လောက်တရားကျဖို့ ကောင်းလိုက်ပါသလဲ။ ပိတ်ထားတော့ ပြည်သူတွေက နားမထောင်ရပေမယ့်သူတို့က စီးရီးလိုက် အိမ်မှာ ကားပေါ်မှာ နားထောင်ကြပါသတဲ့။ တော်တော်လဲ ကြိုက်ကြပုံရပါတယ်။မြန်မာ့အသံဝန်ထမ်းတွေထက်တောင် သီချင်းတွေ သိကြပါတယ်။ ကွန်ပျူတာနဲ့များစီလာလိုက်တာ သူတို့လိုချင်တဲ့သီချင်းကို သေသေချာချာ နံပါတ်စဉ်ထိုးပြီး ဒီနံပါတ်စဉ်အတိုင်း မကျော်အောင် ကူးပေးရပါတယ်။တစ်ခါတလေ မူရင်းခွေမှာ ဆက်တိုက်ပါလာတဲ့ သီချင်းနှစ်ပုဒ်ကို စာရင်းထဲကအတိုင်း အစီအစဉ်မကျပေမယ့်အတူတူပဲလေ ဆိုကာ ထဲ့ပေးလို့မရပါဘူး။ သူတို့လိုချင်တဲ့ အတိုင်း အစီအစဉ်ကျအောင် အဆင်ပြေပါရက်နဲ့အဲဒီအခွေကို ပြန်ရစ်သိမ်း လိုချင်တဲ့ သီချင်းပါတဲ့ နောက်တစ်ခွေကို စက်ပေါ်တင်ကာ တပ်လိုက်ဖြုတ်လိုက် အလုပ်ရှုပ်ခံကာ ကူးကြရပါတယ်။ ကြာလာတော့ စာရေးသူတို့က စာရွက်လေးပြပြပြီး လာကူးခိုင်းနေတဲ့ဓါတ်ပြားတိုက်က တာဝန်ခံအရာရှိကို ဘုတောလွှတ်ကြပါတယ်။ ဟိုကနည်းနည်းကို ဦးလေးက ဖားပြီးလုပ်နေတာမှလားဆိုတော့ သူ့ခမျာ တောင်းပန်ရှာပါတယ်။ ဘုရားပေးပေးကျန်းပေးပေးပါ ဗျာ၊ သူတို့ပြောလို့ပါတဲ့။“သူတို့က ချစ်သူ့နယ်မြေပြီးရင် မောင့်အချစ်မြားစူးလို့ မရဘူးလား ဟင”်ဆိုကာ ပေါက်ကွဲကြပါတယ်။တာဝန်အရတော့ ကူးပေးရတာပါပဲ။ နှစ်နဲ့ချည်ပြီး ကူးပြီးတဲ့နောက် လူကုန်သွားဟန်တူပါတယ်။နောက်ပိုင်း သိပ်မကူးရတော့ပါဘူး။ အဆိုတော် မာမာအေးနဲ့ ပတ်သက်ပြီး ပြောစရာတွေက ရှိပြန်ပါသေးတယ်။ပိတ်ထားတာ ကြာလာပြီး ၂၀၀၀ခုနှစ် ကျော်ကျော်လောက်မှာ ဇာတ်လမ်းပမာ တစ်ပုဒ် ရဲ့ ဇာတ်သိမ်းခန်းမှာမာမာအေးသီချင်းဖြစ်နေပါတယ်။ အဲဒါလွှင့်ပီးသွားပြီဆိုတာ သိသိချင်းပဲ တာဝန်ရှိသူတွေက အထက်ကနားထောင်လို့ ကြားပြီးပြောလာရင် အေ၇းယူမယ်၊ ဘယ်သူမှ မသိရင် ဒီတိုင်ထားလိုက်ဆိုကာ ဖုံးထားလိုက်တာဘယ်သူဘယ်ဝါကမှ ပြောသံမကြားတဲ့ အတွက် အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီးဇာတ်လမ်းတွေ ထုတ်လုပ်တဲ့ ပရိုဂျူဆာလဲ ဖြစ် တာဝန်ခံ အရာရှိလဲ ဖြစ်တဲ့ အမ တစ်ယောက်က အခုလိုတောင်းဆိုပါတယ်။
            “ ရေဒီယို ဇာတ်လမ်းတွေမှာ အဆိုတော်မာမာအေးရဲ့ သီချင်းတွေကိုထဲ့သုံးမှ ဇာတ်လမ်းက ပိုအသက်ဝင်လာကြောင်းနဲ့ ဇာတ်သိမ်းဆိုရင်လည်း မာမာအေးသီချင်းတွေနဲ့များအလွမ်းဇာတ်သိမ်းရင် နားထောင်ကောင်းကြောင်း ဒါ့ကြောင့် သီချင်းတွေကို သုံးပါရစေ၊ နာမည်ကိုတော့မကျေညာပါဘူး” လို့ တင်ပြတဲ့အခါ သုံးခွင့်ရလာပါတယ်။ ဒါ့ကြောင့် သီချင်းတစ်ချို့ကို ဇာတ်လမ်းပမာတွေမှာသုံးခဲ့ပါတယ်။ အသံလွှင့်ပြီးရင်တော့ ဒီဇာတ်လမ်းမှာ ဘယ်သူအဖြစ် သရုပ်ဆောင်ဘယ်သူ ဘယ်ဝါကပါဝင်သရုပ်ဆောင်ပြီး ဇာတ်သိမ်းသီချင်းကိုတော့ တေးသံရှင် ဘယ်သူက သီဆိုထားပါတယ်လို့ ကျေညာလေ့ရှိရာမှာမာမာအေးနဲ့ဇာတ်သိမ်းရင် ဇာတ်သိမ်းသီချင်းကို ဘယ်သူက သီဆိုထားပါတယ်ဆိုတာ မပြောတော့ပါဘူး။စာရေးသူတို့က အဲဒီအချိန်မှာ ငယ်ရွယ်သူတွေ ဖြစ်တဲ့အတိုင်း ဂွတိုက် ပြောကြပါတယ်။
“ အော်… နားထောင်တဲ့ လူတွေက ဘယ်သူဆိုလဲ သိချင်ကြရှာမှာပေါ့”လို့။အမှန်က  မာမာအေး အသံဆိုတာ ရေဒီယို ပရိတ်သတ်ကသိနေပြီးသားပါ။
             ဒီနေရာမှာ အဆိုတော် ၊ သရုပ်ဆောင်မဟုတ်ပေမယ့် အသံကို အပိတ်ခံထားရသူတွေရှိပါတယ်။အဲဒါကတော့ မြန်မာ့အသံက ဝန်ထမ်းဟောင်းတွေပါ။ ဝန်ထမ်းဟောင်းလို့ သုံးလိုက်ရပေမယ့် အမှန်ကရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့လို့ အထုတ်ခံခဲ့ရတဲ့ သူတွေပါ.။ သူတို့ကို ထုတ်လိုက်ပြီးအသံတွေကိုပါ ပိတ်လိုက်တာပါ။ မြန်မာ့အသံဝန်ထမ်းတွေထဲမှာ ရုပ်ရှင်မင်းသားမင်းသမီးတွေကိုယ်တိုင်က ချီးကျူးရတဲ့ အသံပါရမီရှင်တွေ အများကြီး ရှိပါတယ်။ အသံနဲ့သရုပ်ဆောင်တာသိပ်ကိုတော်ကြပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေက အရုပ်ပါ လိုက်ပြီး သရုပ်ဆောင်လို့ တော်ကြပေမယ့်အသံချည်းပဲ သရုပ်ဆောင်ရင် ရွံ့ကြပါတယ်။ မလွယ်ဘူးလို့ကိုယ်တိုင်လဲ ဝန်ခံပြောတဲ့သူတွေကြားဖူးပါတယ်။ အဲဒီလို ဝန်ထမ်းတွေကမှ စာရေးသူတို့ ငယ်စဉ်က နားထောင်ခဲ့ရတဲ့ မြန်မာ့အသံဦးဇော်ဝင်းတို့၊ စန္ဒယားအောင်ခင်တို့ဆို အသံသရုပ်ဆောင်တာမှာ သိပ်ကို နာမည်ကြီးခဲ့တာမှတ်မိနေပါတယ်။ ရိုးရိုး အသက်ပြည့်လို့ ပင်စင်ယူသွားတာမျိုး ၊ လုပ်သက်ပြည့်နဲ့ ပင်စင်သွားတဲ့လူမျိုး မဟုတ်ပဲ ရှစ်လေးလုံးမှာ ပါလို့ ထွက်သွားတဲ့ ဝန်ထမ်းတွေရဲ့ အသံတွေကို မသုံးတော့တဲ့အခါဇာတ်လမ်းကောင်းလေးတွေ အများကြီးကို ပိတ်ထားသလို ဖြစ်နေပါတော့တယ်။ တစ်ခေတ်တစ်ခါက ရေဒီယိုဇာတ်လမ်းဆိုတာလူတိုင်းလိုလို အင်္ဂါနေ့ည ၇နာရီ၁၅မိနစ်နဲ့ စနေနေ့ည ၈နာရီ ၁၅ မိနစ်ဆိုေ၇ဒီယိုရှေ့ေ၇ာက်နေကြရတဲ့အထိ ဆွဲဆောင်နိုင်ခဲ့ကြတာပါ။ နောက်ပိုင်းတော့ ဇာတ်လမ်းအသစ်တွေပဲ လွှင့်နေ ၊လွှင့်တာကလဲအတုံးလိုက် အတစ်လိုက် ပေါ်လစီဆိုတော့ လူတွေလည်း စိတ်မဝင်စားကြတော့ပါဘူး။
         မလွှင့်ရဆိုတာမှာအဆိုတော်ကို အဓိကထားပြီး ပိတ်တော့ သူ့ရဲသီချင်းတွေ ပိတ်တာပါ။ အဲဒီကမှ မလွှင့်ရတဲ့ သီချင်းလေးတစ်ပုဒ်ကိုသတိရလို့ ပြောချင်ပါသေးတယ်။  အဆိုတော် ထူးအိမ်သင်ကိုပိတ်မထားပေမယ့် သူဆိုတဲ့ “ရာဇဝင်ထဲက သတို့သမီး”သီချင်းကို ပိတ်ပါတယ်။ မလွှင့်ရသီချင်းပါ။စာရေးသူတို့က အရမ်းကောင်းပြီး အဓိပ္ပါယ်ရှိတဲ့ သီချင်းကို ဘာလို့မလွှင့်တာလဲ မေးကြည့်တော့တာဝန်ခံ အမက”  ငါတို့ရဲ့မိခင်”ဆိုတာ ပါလို့နေမှာတဲ့။ဒါပေမယ့် အဲဒီသီချင်း စီဒီထဲမှာပါတဲ့ သီချင်းတွေပါ ယောရောင်ပြီး မလွှင့်ကြပါဘူး။ တရက်မှာအဲဒီ စီဒီခွေကို နားထောင်ကြည့်ရင်းက” တုနိုင်းမဲ့ရတနာ”ဆိုတဲ့ သိချင်းကို နားထောင်လိုက်ရတဲ့အခါ  ဒီသီချင်းဟာ မွေးနေ့လက်ဆောင်မှာ သုံးလို့ရရက်နဲ့ဘာလို့မသုံးတာလဲလို့ အတူတာဝန်ကျနေတဲ့ အနောင်စာတစ်ယောက်ကို ပြောပြတော့ သူလဲ ဒီသီချင်းကိုအခုမှ နားထောင်ရတယ်တဲ့။ လွှင့်နေကျ မွေးနေ့လက်ဆောင် သီချင်းတွေထဲမှာ သားအတွက် သမီးအတွက်အထူးသဖြင့် ကလေးတွေအတွက်က ရှားပါးပါတယ်။ တစ်ခါလာလဲ ဒီသီချင်း ထပ်နေတဲ့ အတွက် စာရေးသူကကိုယ့်ကဏ္ဍ မဟုတ်ပေမယ့် အကြိမ်ကြိမ် ပြောနေတော့ အဲဒီ အနောင်စာမလေးလဲ မနေသာပဲ သူ့တာဝန်ခံကိုပြောပြလိုက်ရာမှာ ဒီကနေ့အထိ မွေးနေ့လက်ဆောင်အခန်းမှာ လွှင့်နေတာ ကြားနေရပါတယ်။
အဲဒီတုန်းက  သီချင်းထဲမှာ”နင်” ” ငါ”ဆိုတဲ့ အသုံးပါရင် မလွှင့်ရပါဘူး။ ဒါပေမယ့်” အမေ”နဲ့ “ မိခင်” ဆိုတာပါရင်မလွှင့်ရတာကတော့ သိကြတဲ့ အတိုင်းပါ။
“ ငါတို့ရဲ့ မိခင် ဧရာဝတီ” ဆိုတော့ ငါ ကခွင့်လွှတ်နိုင်ပေမယ့်မိခင်ကို ကြောက်ကြဟန်တူပါတယ်။ “ငါတို့မိခင်” ဆိုတော့ လုံးဝ( လုံးဝ) မလွှင့်ရပါတဲ့။
၂၀၁၀ အစိုးရသစ်တက်လာတဲ့ နောက်ပိုင်းတော့ ဖြေလျှော့ပေးတာတွေလုပ်ပေးနေတယ်လို့ကြားသိရပါတယ်။  အကျဉ်းထောင်ထဲမှာထဲ့ထားပြီးတားဆီးပိတ်ပင်ထားတဲ့ နိုင်ငံရေး အကျဉ်သားများကို ပြန်လွှတ်ပေးသလို တားဆီးပိတ်ပင်တာတွေလဲတဖြည်းဖြည်း လျော့ပေး လာပါပြီ။ အဆိုတော်အချို့လည်း ပြည်တွင်းကို အခါခါလာလို့ စင်တင်ပွဲတွေလည်းနွှဲခဲ့ကြပါပြီ။ မီဒီယာမှာလည်း အထိုက်အလျှောက် ဖြေလျှော့ပေးနေတဲ့အချိန်မှာ အသံလွှင့်လုပ်ငန်းမှာလည်းပိတ်ပင်တားဆီး ထားတာတွေ မရှိသင့်တော့ပါဘူး။ အနုပညာတစ်ပိုင်းဖြစ်တဲ့အသံလွှင့် လုပ်ငန်းတွေမှာပိတ်ပင်တာတွေ လုံးဝ မရှိတော့ဘူးဆိုရင်တော့ ဝမ်းသာစရာပါပဲ။

2 comments:

  1. Khai---

    I like you blog but I`m not reading after you change background black colour. Before I came you blog everyday. I say you back colour and white colour write very bright for eye so ,can not reading you post. I want to say you many time and thinking so much.

    ReplyDelete