September 4, 2014

သူ့သမိုင်းထဲက ကိုယ့်အမှတ်တရ

   ဘိုဘိုနဲ့ကောင်လေးတစ်ယောက် အိမ်ကိုလာတဲ့ အကြောင်း မေမေ့ကို ပြောပြတဲ့အခါ ပိုက်ဆံလဲရှိမှာမဟုတ်ဘူးဆိုပြီး အမေက  နောက်ရက်မှာ သူကိုယ်တိုင် သွားပါတော့တယ်။ခါတိုင်း  စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆို သူ့သားဆီ သွားနေကျ။ အမေက သူတို့ ဘာတွေလုပ်နေသလဲ ဆိုတာ စိတ်မဝင်စား၊ သူ့သားကို ကျန်းကျန်းမာမာ တွေ့ရရင် ကျေနပ်ပြီ။ဒီလိုမျိုး။
             တစ်ရက်မှာ အမေက သူ့သားဆီ သွားရင်းက  မြိတ်လား ထားဝယ်လား မမှတ်မိဘူး အဲဒီမှာ ကိုအောင်ဇော်မင်းနဲ့ သူတို့အစည်းအရုံးကတစ်ချို့ အဖမ်းခံရတာ သိလာပြီး သူ့သားကို စိတ်ပူနေတယ်။ ကိုအောင်ဇော်မင်းရဲ့ အမေဆီ သတင်းသွားမေးတော့ ကိုယ်က အဖော်လိုက်သွားရတယ်။ အန်တီ ဒေါ်ရီရီတင်က အင်မတန်တော်တယ်၊ အမေ့လောက်တောင် စိုးရိမ် ပူပန်စိတ်ကို မျက်နှာမှာ မပေါ်ဘူး၊ သားတစ်ယောက်လုံး အဖမ်းခံရတာ မပူတဲ့ မိဘ ဘယ်ရှိပါ့မလဲ၊ စိုးရိမ် ပူပန်စိတ်ကို ထိန်းထားနိုင်တယ်။ ခါတိုင်းတွေ့နေကျ  ပုံစံပဲ စကားပြောတာ အေးအေးဆေးဆေးပဲ၊  အပြန်လမ်းမှာ အမေ့ကို ကိုယ်က"  မေမေ သူများအမေ တွေ့လား အေးဆေး ဟန်မပျက်ပဲ၊ တခုခုဆို ပူပန်ပြီး ပျာယာခပ်မနေပဲ အဲဒီလို အေးအေးဆေးဆေး နေမှ ဖြစ်မယ်" လို့ ပြောလိုက်တာ စိတ်ဆိုးသွားသေးတယ်။ အမေက တခုခုဆို  မျက်နှာမှာ ဖုံးမရဘူး၊ သူ့စိတ်ထဲမှာ ဒေါသဖြစ်ရင် မျက်နှာမှာ ချက်ချင်း ပေါ်တယ်၊ ကြိုပြီးလဲ စိတ်ပူတတ်တယ်၊
         အဲဒီနောက်ပိုင်းမှာ အမေက တခုခုဖြစ်တော့မှာ ကြိုသိတဲ့အတိုင်း  သူ့သားဆီ  သူကိုယ်တိုင် သွားတာ များလာတယ်။ ပြန်လာရင် ရုံးခန်းမှာ အရင်လို လူများများ မတွေ့ရတော့ဘူး၊ သူတို့ ဘာတွေ ဆက်လုပ်ကြမလဲလို့ မကြာမကြာ ပြောတတ်တယ်။ အရိပ်အကဲကြည့်ပြီး သူ့သား သွားတော့မလား အဲလို ကြိုသိနေပုံရတယ်။  ထုံးစံအတိုင်း အမေက သူမသွားနိုင်တဲ့အခါ ကိုယ့်အလှည့်ကျတော့ သွားရတယ်။
         ကိုယ်ရောက်သွားတဲ့ တစ်ရက်မှာ ကိုယ့်မောင်လေးက ထူးထူးဆန်း မေးတယ်။
" နင်လာတာ အပြင်မှာ ဘယ်သူ့တွေ့လဲ၊ စောင့်ကြည့်နေတာတို့ မသင်္ကာစရာတို့ တွေ့မိလား" တဲ့
မတွေ့တဲ့ အကြောင်းနဲ့  လမ်းမှာ လူသွားလူလာတောင် ရှင်းနေတာပဲပြောတော့
" အေး ဒီမှာ အခြေအနေမကောင်းဘူး၊ ကိုအောင်ဇော်မင်းနဲ့ တို့အဖွဲ့တွေ အဖမ်းခံနေရပြီ သိတယ်မဟုတ်လား၊ မေမေ့ကိုလဲ ဒီကို သိပ်မလာစေနဲ့၊ နင်လဲ လာရင် သတိထားလာ၊ ငါတို့လဲ သိမ်းစရာရှိတာတွေ သိမ်းနေပြီ" လို့ ပြောတယ်။ သူ့ကို ကြည့်ရတာ စိုးရိမ်နေတာမျိုး မဟုတ်ပဲ လုပ်စရာရှိတာတွေ  စီစဉ်နေတဲ့ပုံ ရပါတယ်။
          အမေ့ကို ပြန်ပြောပြတော့ အမေက  သူတို့ တစ်နေရာ ထွက်သွားကြတော့မလား တွေးမိပြီး  ရက်ဆက်ဆိုသလို  သွားပါတော့တယ်။ တခါမှာတော့ ညနေဖက် ကျောင်းက ပြန်လာပြီး ကိုယ့်ကို ပိုက်ဆံသွားပေးခိုင်းပါတယ်။  အဲဒါ လခထုတ်ရက်မို့ သူ့သားကို ပေးချင်တာနဲ့ ကိုယ့်ကို သွားခိုင်းတာ၊  ကိုယ်ရောက်သွားတဲ့ အချိန်မှာ ရုံးခန်းလုပ်ထားတဲ့ အဲဒီအိမ်ဟာ ခါတိုင်းနဲ့မတူ ခြောက်ကပ်နေပါတယ်။ ကျောင်းသားလေး နှစ်ယောက်က အိမ်ရဲ့ အနောက်ဖက်မှာ စာရွက်စာတန်း အထုတ်တွေကို သယ်ပိုးနေတာ တွေ့ရပါတယ်။
" ငါတို့ သိမ်းစရာတွေ သိမ်းနေတာ၊ တို့အဖွဲ့ကလူတွေ အဖမ်းခံထားရပြီဆိုတော့ ဒီမှာ ဘာတွေ ဖြစ်လာမလဲ မပြောနိုင်ဘူး " လို့ ပြောပါတယ်။ ကိုယ့်စိတ်ထဲ သူတို့ တစ်နေရာ ထွက်သွားတော့မယ်ဆိုတာ သိသလို ဖြစ်တာနဲ့ နင်သွားရင် ငါပါလိုက်ခဲ့မယ်လို့ ပြောလိုက်သေးတယ်။  မိန်းကလေးတွေကို အခုထဲက မလာခိုင်းထားဘူး။ နင်လဲ အိမ်မှာပဲ နေပါ၊ ငါသွားရင် ပြောမယ်လို့ ပြောတယ်။
          တကယ်တန်းကျ  သူတို့ ခြေရာဖျောက်သွားတာ  အစအနတောင် ရှာမရပါဘူး။
အမေက သူ့ရဲ့ မသိစိတ်ထဲမှာ  သူ့သား သွားတော့မယ် ဆိုတာ သိနေပုံရပါတယ်။ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ရှိရာ ဘောင်ဒရီလမ်းကို သွားရင်  ကားမှတ်တိုင်ဘက်က ကွေ့လိုက်တာနဲ့ ကုန်းတက်ကလေးလို လျှောက်သွားရပါတယ်။ အဲဒီကုန်းတက်လေးရဲ့ ထိပ်ကို ရောက်တာနဲ့ ခြံဝကို လှမ်းတွေ့ရတာပဲ၊ အမေက သူသွားတိုင်း ကုန်းတက်ကလေး ရောက်တာနဲ့ ခြံဝမှာ " ဗမာ့မျိုးချစ်လူငယ် အစည်းအရုံး" ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရင် " အင်း  ရှိကြသေးတယ်' တွေးပြီး ဆက်လျှောက်တတ်တယ်၊ ပြီးရင် ခြံဝ ရောက်တဲ့အခါ  အထဲက အိမ်ထဲမှာ တခါးလေးပွင့်နေရင် ရှိကြတယ် အဲဒီလို အမြဲတမ်း ကြည့်ကြည့် သွားတတ်တယ်လို့ ပြောပြဖူးတယ်။
           အဲဒီနေ့မှာတော့ ကုန်းတက်ကလေးက လှမ်းအကြည့်မှာ ဆိုင်းဘုတ်မတွေ့ရတော့ စိတ်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး ခပ်သုတ်သုတ် အလျှောက် ခြံဝမှာ သော့ခပ်ထားတာ တွေ့တဲ့အခါ သူ့သား သွားပြန်ဘီပေါ့လို့ တွေးလိုက်မိတယ်တဲ့။
အကျိုးအကြောင်း သိချင်တော့ အဲဒီကနေ ကားဆက်စီးပြီး ကိုအောင်ဇော်မင်းရဲ့ အမေအိမ်ကို ရောက်အောင် သွားပြီး အကျိုးအကြောင်း ဘာများသိရမလဲ သွားမေးတာ အန်တီ နဲ့ မတွေ့ခဲ့ရပဲ ကိုအောင်ဇော်မင်းရဲ့ အဖွားနဲ့သာ တွေ့ခဲ့ရပြီး အိမ်ပြန်လာခဲ့တယ်။
         နောက်ရက်မှာ ကိုယ့်ကိုပါ ခေါ်ပြီး အမေနဲ့ကိုယ်တို့ ကိုအောင်ဇော်မင်းရဲ့ အမေအိမ်ကို ရောက်ခဲ့ရပြန်တယ်။ ကိုယ်တို့လဲ သွားသာသွားရတာ အင်မတန် အားနာစရာကောင်းတယ်ဆိုတာ သိတယ်။ အန်တီ့မှာလဲ သားတစ်ယောက်လုံး ထောင်ကျနေတာ စိတ်ထဲ ပူပန်နေမှာ၊ ကိုယ်တွေက တပူ ထပ်ဆင့်သလို ဖြစ်နေမှာဆိုပီး အားနာနေရတာ၊ ဒါပေမယ့် အမေကလည်း  အန်တီတို့ကိုများ တစ်ခုခု မှာသွားလေသလား၊ ဘယ်ကိုသွားမယ်ဆိုတာ ပြောသွားလေမလား သိချင်တာနဲ့ သွားရအောင် ဆိုပီး ရောက်ခဲ့ကြတာ။
              အန်တီက စိတ်မပူဖို့နဲ့ သူတို့ စိတ်ချရတဲ့ နေရာမှာ ရှိပါလိမ့်မယ်လို့ အားပေးပါတယ်။ အမေက " အမကြီး သိရင် ပြောပါလား" လို့ မေးနေတော့ ကိုယ့်မှာ အားနာနေရတယ်။ အမေက သားသမီးအပူဆိုတော့ သူသိချင်တာပဲ မေးနေတော့တာပဲ၊
             အန်တီက သေသေချာချာ ပြောပြပါတယ်။
" ရုံးခန်းသော့၊ ခြံတခါးသော့တွေကို ကိုရဲ လာပေးရင်း ကျမကို ကန်တော့ပြီး နှုတ်ဆက်သွားတယ်၊ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ သူတို့ ကိစ္စ ပြောလို့ ရလား မရလား မသိတော့ ကျမ မမေးဘူး၊ သူလဲမပြောပြဘူး၊ " လို့ သိသလောက်ပဲ ပြောပြပါတယ်။
              ပြန်ကာနီးမှာ အိမ်ကနေအဆင်း အပြင်မှာ လမ်းရဲ့ ဟိုဘက်နဲ့ ဒီဘက်မှာ လူနှစ်ယောက် ရပ်နေတာ မသင်္ကာလို့ ကိုရဲက ပြန်တက်လာပါတယ်တဲ့၊ အန်တီက သူ့အိမ်က တစ်ယောက်ကို အပြင်ထွက်ပြီး တစ်ခုခုဝယ်ခိုင်းပြီး ကြည့်ခိုင်းတာမှာ သူတို့အိမ်ကို စောင့်ကြည့်နေတာ သေချာသိလာရလို့ ကိုရဲကို မပြန်ခိုင်းသေးပဲ အိမ်မှာပဲ နေခိုင်းထားရတယ်တဲ့။  နောက်ဆုံးတော့ တော်တော်မိုးချုပ်တဲ့ အထိ အဲဒီလူတွေ မပြန်ပဲ ရှိနေတော့ မဖြစ်တော့ဘူးဆိုပြီး  အိမ်ပြင်ထွက်လို့ရအောင် စဉ်းစားရတော့တယ်တဲ့။ အန်တီတို့နဲ့ နောက်ဖေးကပ်ရက် အိမ်ကို အကူအညီတောင်းတော့ လိုလိုလားလားပဲ လက်ခံတာနဲ့ သူတို့အိမ်ဘက်ကို  ခြံတိုင်ပေါ်ကနေ ခုန်ချပြီး ကူးသွားရတယ်၊ ပြီးမှ အဲဒီအိမ်ကလူတစ်ယောက်က  ခြံတခါး အသာဖွင့်ပေးလိုက်လို့ ချောချောမောမောပဲ ထွက်သွားတယ် လို့ ပြန်ပြောပြပါတယ်။
စိတ်ချရတဲ့ နေရာ ရောက်နေလောက်ပါပြီလို့ ပြောပါတယ်။
          ဒါဟာ ကိုယ့်မောင်လေး ဒုတိအကြိမ်မြောက် မြေလျှိုးခြင်းပါပဲ၊ ၁၉၈၈ခုနှစ် ဇွန်လမှာ ပထမအကြိမ် ထွက်ခွာသွားကြတယ်။ ဒုတိယအကြိမ်ကတော့ ၁၉၈၉ခုနှစ် ဇူလိုင်လထဲမှာပါ။  အဲဒီကာလအတွင်းမှာ အိမ်ကို တစ်ရက်ကလေးတောင် ညအိပ်မနေခဲ့ပဲ နိုင်ငံရေးကိစ္စတွေနဲ့သာ လုံးပမ်းနေတော့တာပါ။အခုလဲ နိုင်ငံရေးအခြေအနေ ဘာတွေ ဖြစ်မယ်မသိ၊ ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာ မသိပဲ အိမ်က မိသားစုက ဘေးအန္တရယ်ကင်းပါစေလို့  ဆုတောင်းပေးနေရတာပါပဲ။
             အမေကတော့ သူ့သားရဲ့ နိုင်ငံရေလှုပ်၇ှားမှုတွေကို  အတွင်းကျကျမဟုတ်ပေမယ့်  နိုင်ငံရေးလုပ်နေတာဆိုတာ သိနေပြီဆိုတော့ ပထမတစ်ခေါက်ကလို ပူပန်နေရတာမျိုး မဟုတ်တော့ပဲ သူ့ကိုယ်သူ နေကောင်းအောင် အားတင်းပြီး ဆုတောင်းပေးနေပါတယ်။ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ထားပြီမို့ ကျောင်းကိစ္စ လုပ်နေရတော့ စိတ်ဖြေသာနေတာလဲ ဖြစ်မယ်ထင်ပါတယ်။
            ကိုယ်ကတော့ တက္ကသိုလ်တွေက မဖွင့်သေးတော့ အလုပ်ကလဲ မရှိ အိမ်စောင့် ဖြစ်နေရတယ်။ အဲဒီလို အိမ်စောင့် ဖြစ်နေလို့လဲ ကိုယ့်မောင်လေးနဲ့ ပတ်သက်လာရင် ကိုယ်က အရင် သိသိနေရတာ၊ ရဲလင်း ထွက်သွားပြီး တစ်လနီးပါး ကြာတဲ့ အချိန်မှာ ကောင်လေးနှစ်ယောက် အိမ်ထဲကို တန်းတန်းမတ်မတ် ဝင်လာတယ်။  သေသေချာချာ ရောက်ဖူးတဲ့ အိမ်ကို လာသလိုပဲ၊ ကိုရဲလင်း အိမ်ဟုတ်ပါသလား ဘာညာတောင် မမေးဘူး၊ အိမ်ထဲကို တန်းဝင်လာပြီး ကိုယ့်ကိုတွေ့တာနဲ့ ကိုရဲလင်းက စာပေးလိုက်လို့ပါဆိုပြီး လက်ထဲကို စာတန်းထဲ့တာပဲ၊ ကိုယ်လဲ အဆက်ပြတ်ပြီး ဘယ်ရောက်နေမှန်းမသိ ဖြစ်နေတဲ့ အချိန်ဆိုတော့ ဝမ်းသာအားရ စာကို ဖွင့်ဖတ်လိုက်တယ်။ စာထဲမှာက
" အဖေနဲ့အမေ ခင်ဗျား
       ကျတော် လုပ်စရာတွေ မပြီးဆုံးသေးလို့ ခရီးထွက်သွားပါတယ်။ စိတ်မပူပါနဲ့။ အဆင်ပြေပါတယ်။
အဖေနဲ့အမေ ကျန်းမာအောင်နေပါ " လို့ ရေးထားပြီး သူ့လက်မှတ် ထိုးထားတယ်။
စာဖတ်ပြီး အခု ရဲလင်းက ဘယ်မှာလဲလို့ မေးမလို့ မော့အကြည့် စောစောက ကောင်လေး နှစ်ယောက် မရှိတော့ဘူး။ မြန်မှမြန် စက္ကန့်ပိုင်းကို အရိပ်တောင် မတွေ့ရဘူး။ ဒါနဲ့ကိုယ်လဲ ပြေးလိုက်တာ၊ ခြံဝရောက်တော့ ဘယ်ဘက်ချိုးပြီး လိုက်ရမလား၊ ညာဖက်ချိုးပြီး လိုက်ရမလား ဝေခွဲမရ ဖြစ်သွားတယ်။ ဘယ်ဖက်က ဖြတ်လမ်း၊ အဲဒီလမ်းက လူစိမ်းဆို မသိဘူး၊ ဒါနဲ့ ဒီကလေးတွေ သိမှာမဟုတ်ဘူး၊ လာရိုးလာစဉ်အတိုင်း လမ်းမကပဲ လာပြီး လမ်းမကပဲ ပြန်တာနေမယ်လို့ တွက်ပြီး ညာဖက်ကို ချိုးပြီး လိုက်တာ အစအနတောင် မတွေ့ရတော့ဘူး၊  လိုင်းကားတစ်စီး ထွက်သွားတာတွေ့တော့ ကားပေါ်ပါသွားပြီလား၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေသလားဆိုပြီး လက်ဖက်ရည်ဆိုင်ထဲ ပြူးပြဲ ကြည့်တော့ ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေက ကိုယ့်ကို ကြည့်နေတာ သတိထားမိသွားတယ်။ အဲဒီတော့မှ ဆံပင်က ဖားလျား၊ ထမီက အိမ်နေရင်းက ကမန်းကတန်း ထွက်လိုက်လာတော့ စွန်တောင်စွဲပြီး မညီမညာ၊ ခြေထောက်မှာ ဘိနပ်ကမပါတဲ့ ကိုယ့်ပုံကို သတိရပြီး သုပ်ခြေတင် အိမ်ပြန်လာခဲ့တော့တယ်။ အသွားတုန်းက သတင်း  အစအနရတဲ့ ကောင်လေးတွေကို တွေ့အောင် ပြေးလိုက်ချင်ဇောနဲ့ လိုက်ခဲ့တာ ဘာမှသတိမထားမိပဲ အပြန်ကျတော့ လမ်းသွယ်ထဲ ပြန်အဝင် ဂဝံကျောက်တွေက စူးလိုက်တာ မနည်းလျှောက်ယူရတယ်။ လမ်းထဲက အသိတစ်ချို့က ဘိနပ်မပါ ဘာမပါနဲ့ ဘယ်က ပြန်လာတာလဲ အမေးကို ဧည့်သည်နောက် လိုက်တာ မမီတော့လို့လို့ ဖြေရသေးတယ်။
              အဖေနဲ့အမေ အလုပ်က ပြန်လာတော့ စာဖတ်ပြီး စိတ်အေးသွားပုံရတယ်။ အဖေကတော့ ကိုယ့်ကို သမီးက အဲဒိကောင်လေးတွေကို မိအောင် ဖမ်းလိုက်ရမှာလို့ဆိုတယ်၊ ကိုယ်ကလဲ ဝမ်းသာပြီး စာကိုအရင်ငုံ့ဖတ်မိတဲ့ အကြောင်းပြောတော့ အဖေက စာကိုယူပြီး အဲဒီကောင်လေးတွေ ဂုပ်ကို ဖမ်းကိုင်ပြီး မလွတ်အောင် ဆွဲထားရမှာ သမီးရဲ့လို့ ပြောတော့ အမေက မနေသာပဲ ရှင်မွေးထားတာ သမီး မိန်းကလေးလေ လို့ ပြောမှ ငြိမ်သွားတယ်။ အခု စာရေးရင်းတွက်ကြည့်မှ ကိုယ့်အသက်က အဲဒီတုန်းက နှစ်ဆယ်စွန်းစွန်းရယ်။
           အဲဒီကနေ အဆက်အသွယ်ပြတ်သွားလိုက်တာ ဘယ်ရောက်နေမှန်းကို မသိတော့တာ နှစ်နဲ့ချီကြာတယ်။ ကိုယ်တောင် ၁၉၈၉ခုနှစ် နိုဝင်ဘာမှာ မူလတန်းပြဆရာမ ခေါ်လို့ ဝင်လျှောက်ရင်း စာမေးပွဲအောင်တာနဲ့  ကျောင်းဆရာမအဖြစ် နယ်ဘက်မှာတာဝန်ကျ နေပြီ။
             ၁၉၉၂ခုနှစ်၊ မတ်လ(၃)ရက် ( ဒီရက်စွဲကို တိတိကျကျသိရတာ အဲဒီတုန်းက အမေရေးထားတဲ့ ဗလာစာအုပ်ထဲက မှတ်တမ်းကြောင့်ပါ) မှာ မိသားစု တစ်ခုလုံး အံ့ဩမင်တက် စေတဲ့ စာတစ်စောင်ကို လက်ခံရရှိပါတယ်။
" အဖေနဲ့အမေ ခင်ဗျား
ကျတော်ဟာ နဝတ ထောက်လှန်းရေးဖြစ်တဲ့ အတွက် ကျောင်းသားတပ်မတော်က ဖမ်းမိထားပါတယ်။ ကျတော့်ရဲ့ အသက်ရှင်ရေးအတွက် အဖေနဲ့အမေ တစ်ယောက်ယောက် လာခေါ်မှ အသက်ရှင်ခွင့် ရမှာဖြစ်ပါတယ်
ရဲလင်း
                     ကိုယ်ဟာ ကိုယ့်မောင်လေးလုပ်တဲ့   နိုင်ငံရေး၊  အရှင်းဆုံးပြောရရင် ကျောင်းသားလှုပ်ရှားမှု အရေးကို စလုပ်တာကို မိဘထက် အရင်သိခဲ့သူ ဖြစ်တယ်။ အဲဒီနောက်ပိုင်း သူ့ရဲ့ နိုင်ငံရေးပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ထဲထဲဝင်ဝင်မသိပေမယ့်  သိအောင်လဲ မကြိုးစားခဲ့ပဲ တကောက်ကောက် လိုက်နေခဲ့ရတယ်။ အဓိကက အမေ့ရဲ့ စိတ်ပူပန်မှုကြောင့်ရယ် ကိုယ့်ရဲ့ မောင်နှမတွေ အပေါ် စိတ်မချတဲ့ သဘောတွေရဲ့ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် မြောက်ပိုင်းသတ်ဖြတ်မှုတွေ ဖော်ထုတ်ရေးသားတဲ့အခါ ကိုယ်ဟာ မြောက်ပိုင်းမိသားစုဝင်တွေထဲကမှ ပထမဆုံး ကိုယ့်မောင်လေး အကြောင်း ရေးသားခဲ့တယ်။  တခြားဘယ်သူ့အကြောင်းမှ မရေးခဲ့ပဲ ကိုယ့်မောင်လေးရဲ့ အကြောင်း၊ အဲဒီတုန်းက ကိုယ့်အမေ လိုက်ခေါ်တဲ့ အကြောင်းတွေကိုသာ ရေးပါလျက်နဲ့ ကိုယ့်ကို ကာယကံရှင်မဟုတ်ပဲ မရေးပါနဲ့လို့ တားခံရတယ်။ ကိုယ်ကလဲ မြောက်ပိုင်း သတ်ဖြတ်မှုတွေ အကြောင်း အတွင်းကျကျ သိသူမဟုတ်ပေမယ့်  ၁၉၉၃ ခုနှစ်ကတည်းက အမေပြန်ပြောတာတွေ သိနေပြီးပြီ။ ရင်ထဲမှာ မတရား ခံခဲ့ရတဲ့ ကျောင်းသားတွေအတွက်  အမြဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မြောက်ပိုင်းနဲ့ပတ်သက်ပြီး မဖတ်ရသေးသူတွေ ဖတ်ချင်ရင် ဒီဘလော့မှာပဲ " အမှတ်တရ ကဏ္ဍ" မှာ ဖတ်လို့ရပါတယ်။
           ကိုချိုတူးဇော် ရေးတဲ့ ကိုယ့်သမိုင်းကိုရေးကြတာပေါ့ ဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်သတိရတာတွေ အမှတ်ရရင်း အမှတ်တရ ရေးဖြစ်ပါတယ်။ ဒီသမိုင်းထဲက ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးကနေ ကိုယ့်မောင်လေး ထွက်ခွာပြီး တောခိုခဲ့တဲ့အထိသာ ဆက်စပ်ရေးပြီး ရပ်လိုက်ပေမယ့် မြောက်ပိုင်းကနေ အိမ်ပြန်ရောက်၊ အဲဒီကနေ ထောင်(၇)နှစ်ကျ ၊ ပြန်လွတ်လာတော့ အသက်(၃၇)၊ ဘဝတိုက်ပွဲ ဆက်လက်ဆင်နွှဲရင်း မိသားစုတွင်း အမှတ်တရတွေကတော့ များစွာ ရှိနေသေးတာပေါ့။


No comments:

Post a Comment