February 5, 2015

လေလွင့်တိုင်းပြည် ( ၃. ၂. ၂၀၁၅ အတွဲ(၁) အမှတ်(၂၀) ပြည်သူ့အရေးဂျာနယ်မှ

                      
  မြန်မာပြည်မှာ လေလွင့်ကလေးငယ်တွေ များပြားလာတာကြည့်ပြီး ဒီခေါင်းစဉ်ရေးဖို့ဖြစ်လာလေသည်။ တိုင်းပြည်တစ်ခုမှာ အနာဂတ် အရေးကြီးသည်။ အနာဂတ်အတွက် ပစ္စုပ္ပန်ကာလသည် ပိုလို့ပင် အရေးကြီးလေသည်။ စာရေးသူတို့ တိုင်းပြည်၏ လက်ရှိပစ္စပ္ပန်ကာလကို အ. ဂတိကင်းကင်းနှင့် တည့်တည့်ကြည့်လျှင် အဆိုးတွေ များနေသည်။ အာဏာ၊ ငွေကြေး ၊ အတ္တတွေကြားမှာ တိုင်းပြည်က ဂျူံးး ဂျူံး ကျနေပြီ။  တိုင်းပြည်၏ သယံဇာတအရင်းအမြစ်များ ပျောက်ကွယ်ယုံသာမက လူသားအရင်းအမြင်များပါ လျော့ပါးလာသည်မှာ ငြင်းမရနိုင်သည့် အချက်တွေ ဖြစ်လာလေသည်။ မြေမဲ့ ယာမဲ့ အိမ်ခြေမဲ့တွေ ဖြစ်အောင် အစိုးရကိုယ်တိုင်က တွန်းပို့ရာမှ လေလွင့် ကလေးသူငယ်နှင့် လေလွင့် လူငယ်တွေ တိုင်းပြည်အနှံ့ အများအပြား ရှိလာခြင်းဖြစ်သည်။                    ဒီနေရာမှာ လေလွင့်ကလေးငယ်၊ လေလွင့်လူငယ်တွေနှင့် ဆိုးသွမ်းလူငယ် မတူပါ၊ တချို့က မိဘက ငွေကြေးချမ်းသာသည်က တစ်ကြောင်း၊ အာဏာပိုင် အဖွဲ့အစည်းမှာ ဩဇာသက်ရောက်မှုရှိသည်က တစ်ကြောင်းတို့ကြောင့် သားသမီးအပေါ် လွဲမှားစွာ အလိုလိုက်ရာက ဆိုးသွမ်းလူငယ် ဖြစ်မှန်းမသိ ဖြစ်ကြရသည့် လူငယ်လေးတွေ ဖြစ်လာကြတာပင်။ စာရေးသူဆိုလိုသည့် လေလွင့်ကလေးငယ်တွေကတော့ ဘဝအကြောင်းမကောင်းစွာဖြင့် လူ့ဘဝကို  ရောက်ရှိလာခဲ့ရခြင်းဖြစ်လေသည်။ တနည်းအားဖြင့် စနစ်ဆိုး၏ သားကောင် ဖြစ်နေရသည့် လူတန်းစားတွေပင်။
                  ပညာသင်ရမည့် အရွယ်မှာ ပညာမသင်ရ၊ ကလေးသဘာဝ ဆော့ကစားရမည့် အရွယ်မှာ ပိုက်ဆံသာ အဓိက၊ ပိုက်ဆံရမှ စားရမည်၊ ပိုက်ဆံမရက ငတ်မည်၊ သည်လိုအတွေးတွေ အမြင်တွေ အတွေ့အကြုံ ဘဝခံစားချက်တွေနှင့် ကြီးပြင်းလာရသည်။ ကျောင်းနေတာ၊ ပညာသင်တာ၊ ကိုယ့်အလုပ်မဟုတ်၊ ကိုယ်နဲ့လားလားမှမဆိုင်သလို ကြီးပြင်းနေရသည့် ကလေးတွေ များစွာ ရှိလာသည်။ အသက်ငါးနှစ်အရွယ် ကလေးက သူ့ထက်အငယ် နှစ်နှစ်ခန့်ရှိမည့် ကလေးကို လက်ကဆွဲကာ လမ်းဘေးမှာ တောင်းရမ်းနေသည့် မြင်ကွင်းတွေ၊ အသက်ငါးနှစ်အရွယ်ကနေ အသက်ဆယ်နှစ်ဝန်းကျင် ကလေးတွေ အမှိုက်ပုံမှာ ထိုးဆွနေတဲ့ မြင်ကွင်းတွေ၊ ရပ်ကွက်ထဲ လမ်းတွေထဲမှာ သံချိတ်တစ်ဖက် မြွေရေခွံအိတ်လို့ခေါ်တဲ့ ပလတ်စတစ်လျှော်အိတ်ခွံ တစ်ဖက် ကိုင်ပြီး အမှိုက်လိုက်ကောက်တဲ့ ကလေးတွေ ၊ ကားမှတ်တိုင်မှာ လမ်းဘေးမှာ ရေသန့်ဗူးတွေ အပြေးအလွှားလိုက်တောင်းတဲ့ ကလေးတွေ ၊ ကလေးတွေ ကလေးတွေ စာသင်ခန်းမှာ ရှိမနေပဲ လမ်းပေါ်မှာ ကြက်တွေဘဲတွေ အစာရှာသလို အလုအယက် တွေ့နေရသည်။
             တချို့ကလေးတွေက နဲနဲ အဆင့်မြင့်သည်၊ ကျောင်းမနေ၊ ဒါပေမယ့် ကျောင်းနေခဲ့ဖူးသည်၊ မိဘကိုကူပြီး ငွေရှာပေးဖို့၊ အိမ်ရှိမိသားစု မသေရုံ စားလောက်အောင် ငယ်ငယ်ရွယ်ရွယ်နှင့် ကျောင်းထွက်ပြီး ဈေးကူရောင်းရသည်။ ကားမှတ်တိုင်တွေမှာ ငုံးဥပြုတ်၊ ကန်စွန်းဥပြုတ်၊ မြေပဲပြုတ် စသဖြင့် ရာသီပေါ်စာတွေ ရောင်းရသည်။ တစ်ချို့က လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်သည်။ ရသည့်ပိုက်ဆံ မိဘကိုပို့လိုက်ပြီး  ဆိုင်မှာစားစရာ နေစရာမပူရ သည့်ဘဝဖြင့် ကျေနပ်စွာ နေသည်။ အိမ်ဖော်လုပ်နေရသည့် အရွယ်မရောက်သေးသည့် ကလေးတွေလည်း အများအပြားပင် ရှိသည်။  မည်သို့ပင် ဆိုစေ တိုင်းပြည်မှာ ကလေးတွေ စာသင်ခန်းပြင်ပကို ရောက်နေတာ များလာချေပြီ။ မျိုးဆက်သစ်တို့ ပညာတတ်မှ အသိဉာဏ်ပြည့်စုံမှ အတတ်ပညာ ဗဟုသုတ တိုးတက်ပါမှ တိုင်းပြည်အနာဂတ်တိုးတက်နိုင်မည်။ သို့ဆိုလျှင် နောင်အနာဂတ် တိုင်းပြည်မှာ စာသင်ခန်းပြင်ပရောက် ကလေးငယ်တွေ များပြား လွှမ်းမိုးလာပါက မည်သို့ရှိမည်နည်း၊ တွေးကြည့်ရုံနှင့် ရင်လေးစရာပင်၊
          နယ်စပ်ဒေသမှာ စစ်ကြောင့် တိုက်ပွဲတွေကြောင့် စာမသင်နိုင်ပဲ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရသည့် ကလေးငယ်တွေ မနည်းမနော ရှိသည်။ အချို့ နယ်စပ်ကတစ်ဆင့် တစ်ဖက်နိုင်ငံကို ရောက်ရှိသွားပြီး ဒုက္ခသည်စခန်းတွေမှာ စာဆက်သင်ရသည့် ကလေးတွေလဲ ရှိလေသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စာသင်ရမည့် အရွယ်၊ ကျောင်းနေရမည့်အရွယ် ကလေးတွေ လမ်းပေါ်မှာ ရှိနေတာ မတွေ့ရ၊ အမှိုက်ကောက်သည့် မိဘပင် သူ့ကလေးကို ကျောင်းချိန်မှာ ကျောင်းသို့ သွားပို့သည်။ အဘယ့်ကြောင့်နည်း၊ အစိုးရကိုယ်တိုင်က ကျောင်းနေရမည့်အရွယ် ကလေး အားလုံး ကျောင်းတက်နိုင်အောင် ပံ့ပိုးထားသည်။
ပလာတာ( ထိုင်းအခေါ် ရိုတီ) ရောင်းသည့် အမျိုးသမီး တစ်ယောက်ပြောပြတာ ဖောက်သည်ချလိုသည်။ သူက မြန်မာပြည်က ရောက်လာပြီး ထိုင်းမှာ ရိုတီရောင်းသည်။ သူ့ကလေးမှာ ဘာမှတ်ပုံတင်မှမရှိ၊ အထောက်အထားက ဆေးရုံမှာမွေးထားသည့် အထောက်အထားသာရှိသည်။ ကျောင်းကလဲ ဘယ်မှာထားရမှန်းမသိသည့်အတွက် သူတို့ဘာသာရေးကျောင်းမှာပဲ စာသင်ထားသည်။ ထိုင်းကျောင်းမနေ၊ တစ်ရက်မှာ ကလေးက သူနဲ့အတူ ရိုတီ ရောင်းရာ လိုက်လာသည်။ ရိုတီလာဝယ်သည့် အမျိုးသမီးကြီးတစ်ယောက်က ကလေးကို ကျောင်းမသွားဖူးလားမေးသည်။ ကျောင်းမနေတဲ့ အကြောင်းပြောပြရာ အသက်ရှစ်နှစ်အရွယ်ဆိုတာ  စာသင်ခန်းမှာ ရှိနေရမယ့်အရွယ်ပဲ၊ ကျောင်းတက်ရအောင် သူလိုက်ပြောမည်ဆိုကာ ကျောင်းလိုက်ပို့ပြီး ကျောင်းအပ်ပေးသည်။  သတိထားမိစရာက ထိုင်းမှာ စာသင်ရမည့်အရွယ်၊ ကျောင်းနေရမည့်ကလေးတွေ လမ်းပေါ်မှာ ရှိမနေခြင်းပင်၊ ရှိနေပါက စာသင်ခန်းရောက်အောင် ပို့ဆောင်ကြလေသည်။
                နယ်စပ်ဒေသမှာတော့ အိမ်နီးချင်း မြန်မာပြည်က အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသည့် ကလေးတွေ လမ်းပေါ်မှာ ရှိသည်။ အမှိုက်ပုံမှာရှိသည်။ ထိုကလေးတွေကို စာသင်နိုင်အောင် မြန်မာလူမျိုးအချို့က ဦးဆောင်ပြီး စာသင်ကျောင်းတွေ ပို့ကြသည်။ စာသင်ပေးကြသည်။ အချိုကျောင်းတွေဆိုပါက ထိုင်းအစိုးရက (၇၅%) အထိ ထောက်ပံ့ပေးထားသည်။ မြဝတီနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာပင် ရွှေ့ပြောင်းမြန်မာကျောင်း (၇၀) ကျော်ရှိသည်။ အဆိုပါ တာ့ခ်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းများမှာ  ကလေး ၁၅,၀၀၀ ကျော် ပညာသင်ကြားနေကြသည်။ သို့သော်လည်း အရွယ်ရောက်ပြီး ပညာသင်ကြားရန် အခြေအနေမပေးသည့် ကလေးငယ် အရေအတွက်မှာ ( ၃၀,၀၀၀ )ခန့် ရှိနေသေးတာကို ဖတ်ရဖူးသည်။
              ထိုင်းအစိုးရက မြန်မာကလေးတွေကို ကျောင်းနေရအောင်၊ စာသင်နိုင်အောင် စာသင်ခန်းတွေဆီ ပို့နိုင်မည့် နည်းလမ်းတွေ၊ အထောက်အပံ့တွေ ပေးနေ ၊ အထောက်အပံ့ရအောင် ကူညီနေတာတွေသည် မြန်မာလူမျိုးကို ချစ်လွန်းလို့မဟုတ်၊ သူတို့လူမျိုး၊ သူတို့ တိုင်းပြည်ကို ချစ်လို့ဆိုတာ သေချာသည်။ အဘယ့်ကြောင့်နည်း၊ အိမ်နီးချင်းဖြစ်နေတော့ သူတို့တိုင်းပြည်ကို မြန်မာတွေ စိမ့်ဝင်လာသည်။ ဒီလူတွေက စာမတတ်၊ အသိဉာဏ်မရှိ ပါက ရာဇဝတ်မှုတွေ ကျူးလွန်လာမည်၊ ထိုသို့ဖြစ်ပါက သူတို့လူမျိုး ထိခိုက်မည်၊တိုင်းပြည်မှာ ရာဇဝတ်မှုတွေ ထူပြောလာမည်၊ ဒါ့ကြောင့် လူ့အခွင့်အရေးတို့၊ လူသားချင်းညှာတာထောက်ထားရေးတို့ဆိုတာကို အကြောင်းပြုပြီး သူတို့တိုင်းပြည်ကို ကာရံထားခြင်းဖြစ်သည်။
              သို့သော်ငြား မြန်မာကလေးငယ်များကို ခိုးယူ၍ ထိုင်းနိုင်ငံသို့ရောင်းချ ပြီးကလေးငယ်များအား တောင်းရမ်းခိုင်းကာ ကြီးပြင်းလာလျှင် မကောင်းသည့် လုပ်ငန်းများလုပ်ကိုင်စေသော ဈေးကွက် ထိုင်းနိုင်ငံတွင် ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။ ဆိုသည့် ဂျာနယ်တစ်ခုမှ သတင်းကို ဖတ်ရသည့်အခိုက် တုန်လှုပ်မိလေသည်။ အလွယ်တကူ ခေါ်ယူနိုင်သည့် ကလေးတွေမှာ ဘယ်လို ကလေးမျိုးတွေ ဖြစ်မလဲ၊ သိသာထင်ရှားလွန်းပေသည်။
              ခိုးယူခံရ၍ ထိုင်းနိုင်ငံအတွင်းသို့ ရောင်းချခံရသော မြန်မာကလေးငယ်အချို့သည် အရွယ်မရောက်သေးမီ တောင်းရမ်းသည့် လုပ်ငန်းလုပ်ကိုင်ကြရပြီး အရွယ်ရောက်လျှင် မိန်းကလေးဖြစ်ပါက ပြည့်တန်ဆာလုပ်ငန်း၊ အနှိပ်ခန်း နှင့် အိမ်အကူလုပ်ငန်းများ လုပ်ကိုင်ကြရလေ့ရှိသည်။ ယောက်ျားလေးဖြစ်ပါက မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ကြရကြောင်း မြန်မာလုပ်သားများအား ကူညီ စောင့်ရှောက်မှုပေးနေသော ထိုင်းနိုင်ငံရှိ မြန်မာအသင်း အဖွဲ့အစည်းများက ပြောသည်။

ထိုင်းနိုင်ငံ၌ တစ်နှစ်အရွယ် မြန်မာကလေးငယ်များအား ဟန်ပြ၍ တောင်းရမ်းသည့်လုပ်ငန်း လုပ်ကိုင်ရန် မိဘများထံမှ နေ့ယူညပြန်ပေးပုံစံဖြင့် လွန်ခဲ့သည့် သုံးနှစ်အတွင်းက စတင်ပေါ် ပေါက်လာကြောင်း ကလေးငယ်များ၊ လူကုန်ကူးမှုတားဆီးရေးလုပ်ကိုင်နေသော  ညီမျှခြင်းမြန်မာမှညွှန်ကြားရေးမှူးဦးအောင်မျိုးမင်းက ပြောသည်။ ကလေးငယ်များအား ခိုးယူ  အရောင်းအ၀ယ်ပြုလုပ်ရာတွင် တစ်ဦးလျှင် အများဆုံးကျပ် ၁၅ သိန်း(ဘတ်ငါးသောင်း)ထိ ဈေးပေါက်သည်ကို တွေ့ဖူးကြောင်း ၎င်းက ပြောသည် လို့ အဲဒီ သီတင်းမှာ ဖတ်ရသည်။
               
                     ထိုင်းနိုင်ငံမှာ  မြန်မာကလေးများအပေါ် ခေါင်းပုံဖြတ်ခံရမှုနှင့် လူကုန်ကူးခံရသည့်အပေါ် ကလေးများအား ကာကွယ်စောင့်ရှောက်နေသော အဖွဲ့အစည်းများက ကယ်ဆယ်နိုင်ခဲ့သော မြန်မာ ကလေးအရေအတွက်မှာ ၂၀၁၁ မှ ၂၀၁၃ အတွင်း ခုနစ်ရာကျော်ရှိနေကြောင်း ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPPCR) က သတင်း ထုတ်ပြန်ထားတာ ဖော်ပြထားပေမယ့် မြန်မာအစိုးရရဲ့ တရားဝင်ထုတ်ပြန်မှု စာရင်းမှာက ၂၀၁၃ခုနှစ်တွင် ကျားငါးဦး၊ မ ၃၀ ဦး ကယ်ဆယ်တားဆီးနိုင်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် ကျားလေးဦး၊ မ ၂၈ ဦး လို့သာ ဖော်ပြထားတာ တွေ့မိလေသည်။
                အစိုးရရဲ့ အားနည်းချက်ကြောင့် တိုင်းပြည်မှာ လေလွင့်ကလေးတွေ၊ လူငယ်တွေ များပြားလာပြီး ဒီလူတွေကို ဝိသမလောဘသမားတွေက လူသားအရင်းအမြစ်အဖြစ် အသုံးချဖို့ လုပ်လာကြပြီ။ လူမျိုးဂုဏ်သိက္ခာ၊ မြန်မာဆိုသော သမိုင်းကို ပြောင်းပြန်ဖြစ်စေမည့်   မကောင်းမှု ဒုစရိုက်တွေ ကျူးလွန်သူ၊ တောင်းရမ်းစားသောက်သူ အစရှိသည့် အောက်တန်းနောက်တန်းကျသည့် ဘဝတွေ ရောက်အောင်  အစိုးရကိုယ်တိုင်က တွန်းပို့နေခဲ့သည်။
         
            အနာဂတ်မှာ မျိုးဆက်သစ်ဖြစ်လာမည့် ကလေးငယ်တွေ အသိဉာဏ်ပြည့်ဝအောင် ကျောင်းစာသင်ခန်းထဲ အရောက်သွားနိုင်မည့် နည်းလမ်းတွေ မြန်မာအစိုးရ ဘာတွေ လုပ်ထားသနည်း၊ အစီအစဉ်တွေ ဘာတွေ ချမှတ်ထားသနည်း၊ ရှာမတွေ့ပါ၊ လက်ရှိအစိုးရသက်တမ်းပင် (၁၀)လပျော့ပျော့ ရှိတော့သည်။
".................................. တိုင်းပြည်မှာ တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး  ဒီတိုင်းပြည်ကြီးက လွတ်လပ်တယ် ဆိုပေမယ့်  ဟိုလူ့လဲပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ ဒီလူ့လဲပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ  ....ာ သယ်လို နိုင်ငံမျိုးဖြစ်သွားမယ် ဆိုတာ ခင်ဗျားတို့ အတိအလင်း သတိထားဖို့လိုမယ်............." ဗိုလ်ချုပ်ပြောသည့် မိန့်ခွန်းတစ်ခုလို တိုင်းပြည်က လတ်တလောဖြစ်နေသည်။ လွတ်လပ်ရေးရပြီးပါက လွတ်လပ်သည့်တိုင်းပြည်အတွက် စိုးရိမ်စိတ်ဖြင့် ပြောခဲ့သော စကားသည် နောင်မျိုးဆက် တိုင်းပြည်ခေါင်းဆောင်တွေကြောင့် တကယ့်ကို ကမ္ဘာပတ်မျက်နှာချိုသွေးနေရသည့် အစိုးရတစ်ရပ် ပေါ်ထွန်းလာလေသည်။ ထိုအစိုးရသည် ပြည်သူ့အတွက်၊ တိုင်းပြည်အတွက် အမှန်တကယ်တိုးတက်အောင် စေတနာမှန်ခြင်းမရှိ။ သို့ဖြင့် နောင်တခေတ် မြန်မာပြည်မှာ ပညာမဲ့သော၊ အသိဉာဏ်တိမ်သော မျိုးဆက်တွေချည်းသာ ရှိတော့မည်ဆိုလျှင် ဘိန်းရာဇာများ၊ ခိုးဆိုးလုယက် ဓါးပြတိုက်သူများ မင်းမူလာလျှင် ဗိုလ်ချုပ်ပြောသော နိုင်ငံမှ လေလွင့်တိုင်းပြည်ဘဝ ရောက်သွားလေမည်လား၊ လူကြီးတွေ တာဝန်မကျေ၍ နောက်မျိုးဆက်တွေ ဒီလိုအဖြစ်မျိုး ဖြစ်လာရမည်ဆိုလျှင် လက်ရှိ  ပြည်သူလူလုတစ်ရပ်လုံးမှာ တာဝန်ရှိနေလေပြီ။
" တို့ခေတ်ရောက်မှ ညံ့ကြရမှာလား"
လေလွင့်တိုင်းပြည်ဘဝ လွင့်ပျောက်သွားအောင် အမြန်ဆုံး ဆောင်ရွက်အကောင်အထည်ဖော်နိုင်မည့်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဟန်ချက်ညီစွာ ဦးဆောင်နိုင်မည့် အစိုးရတစ်ရပ်ကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ အထူးပင် လိုအပ်နေသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

No comments:

Post a Comment