February 11, 2015

မြောက်ပိုင်းပြန် ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း မောင်ငယ်သို့ အိတ်ဖွင့်ပေးစာ( ကောင်းကင်အနုရသမဂဇင်းတွင် ဖော်ပြပြီး)


 
                       မနက်ဖန်ဆိုရင်   ဖေဖေါ်ဝါရီလ(၁၂) ရက်ကို ရောက်တော့မယ်၊ ပြည်ထောင်စုနေ့ဆိုတာကို သတိရရုံတင်မက နင်တို့ မြောက်ပိုင်းကျောင်းသားရဲဘော်တွေရဲ့ နှလုံးသားတွေ ထိခိုက်နာကျင် ကြေကွဲခဲ့ရတဲ့ နေ့ဆိုတာ ငါလဲ အမြဲ သတိရနေပါတယ်၊ အဲဒီနေ့မတိုင်ခင်ကတည်းက ဖေဖေါ်ဝါရီ( ၁၂) ရောက်တော့မယ်ဆိုရင် ဆို့နစ်ကြေကွဲစရာ အဖြစ်တွေကို တနုံ့နုံ့ ပြန်သတိရနေတတ်တယ်၊ မြောက်ပိုင်းကနေ အသက်မသေပဲ လွတ်လာတယ်ဆိုပေမယ့် ဒီသမိုင်းကြောင်းမှာ လူးလိမ့်အောင် ခံစားခဲ့ရတာကို တို့လဲ ထပ်တူ ခံစားရပါတယ်၊ ဒါ့ကြောင့် မိသားစုထဲမှာ အမေအပါအဝင် မောင်နှမအားလုံးက နင့်အပေါ်မှာ အစစ နားလည် ထားတတ်ကြတယ်။
                ၁၉၈၈ခုနှစ် ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းသား အရေးအခင်းမှာ နင်ပါနေပြီ ဆိုတာကို ငါပဲ အရင်ဆုံးသိခဲ့ တာကစလို့ နောက်ပိုင်း ထားဝယ်ကို ထွက်သွားတာ၊ အဲဒီကနေ စစ်တပ်အာဏာသိမ်းတဲ့အခါ ရန်ကုန်ကို ပြန်တက်လာတာ၊ ဘယ်ရောက်နေမှန်းမသိတဲ့ အချိန်တွေကနေ သတင်းအစအနရတဲ့အခါ အနောက်ကနေ ငါကလိုက်ပြီး တွေ့ရတာ ဆိုတော့ နိုင်ငံရေးနယ်ထဲ ကိုယ်ရောစိတ်ရော နစ်ဝင်ပြီး ကျောင်းသားအရေး၊ အစိုးရပြုတ်ကျရေးသာ နင့်ခေါင်းထဲမှာ ရှိတယ်ဆိုတာ တွေ့နေ သိနေတယ်၊
         ငါမှတ်မိသေးတယ်၊ တို့ငယ်ငယ်တုန်းက အဖေနဲ့အမေ မကြာခဏ စကားများရန်ဖြစ်ကြတဲ့ အခါ နင်ကအမြဲ အမေ့ဖက်က၊   အဖေနဲ့အမေ ရန်ဖြစ်ပြီး အမေ့ကို ဒေါသတကြီးပြောဆိုတာ၊ အမေငိုတာကို နင်ကပါ လိုက်ငိုပြီး အဖေ့ကို စိတ်ဆိုးဒေါသထွက်တဲ့အခါ ငါက နင့်ကိုဖျောင်းဖျပြီး ဒီလိုပဲ အဖေနဲ့အမေက စကားများရန်ဖြစ်၊ ပြီးရင် ပြန်တည့်သွားကြတာပဲ၊ အဖေ့ကို ဘယ်တော့မှ ပြန်မအော်နဲ့ အဖေဆိုတာ အဖေပဲ၊ နင်ပဲ ငရဲကြီးမယ်လို့ ပြောပြီး အိမ်ရှေ့မှာ ထွက်ထိုင်ပြီး ငိုနေတဲ့ နင့်ကို ငါဖျောင်းဖျခဲ့တယ်၊ နင်က မိသားစု အထူးသဖြင့်အမေ့ကို ချစ်ခင်တွယ်တာပေမယ့် နိုင်ငံရေး လုပ်နေတဲ့ အချိန်မှာ မိသားစုကို လုံးဝ မေ့ထားတယ်ဆိုတာ ကြည့်ပြီး နိုင်ငံရေးအလုပ်ပဲစိုက်စပ်မတ်စပ် လုပ်နေတာသိလာတယ်။ ဒါ့ကြောင့် ငါတို့ အလိုလိုသိပြီး ဘယ်သူကမှ မတားကြဘူး၊ တတ်နိုင်သလောက် ကြည့်ကြတယ်။ ကျောင်းသားတွေ သေကြ ထောင်ကျ ကြ တာတွေ့နေ ကြားနေရတဲ့ အတွက် နင်လုပ်တာကို အားလုံးက မသိမသာ ထောက်ခံပြီး လိုက်လျောထားခဲ့ကြတယ်။
             စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်မြေပေါ် ပြန်တက်လာတဲ့ နင်တို့က တစ်ချို့ကျောင်းသားတွေလိုပဲ မြေပေါ်ရပ်တည်ရေးအတွက် အဲဒီတုန်းက ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ပြုတဲ့အခါ နင်တို့လည်း " ဗမာ့မျိုးချစ်လူငယ်အစည်းအရုံ'' ဆိုပြီး ပါတီ တစ်ခုဖွဲ့လိုက်သေးတယ်လေ၊ အဲဒီမှာလဲ အမေခိုင်းလို့ နင်တို့ ရုံးခန်းရှိရာကို ငါခဏခဏ လာရသေးတယ်၊ ဆန်ပြုတ်သောက်နေတဲ့ ကျောင်းသားတွေကို တွေ့ဖူးခဲ့ရတာပေါ့၊ ဒါ့ကြောင့် နင်တို့ရုံးခန်းလာတိုင်း ကားနှစ်တန်စီး၊ ခြေကျင် တစ်မှတ်တိုင်လောက် လျှောက်ရတာတောင် ဆန်သုံး လေးပြည်လောက်က အမြဲ လက်ကဆွဲလာခဲ့ရသေးတယ်၊ အဲဒီတုန်းက မောတယ်လို့ မထင်ဘူး၊ လက်ထဲက အထုတ်ကိုမြင်ရင် ဝင်းလက်သွားတဲ့ ကလေးတွေရဲ့ မျက်နှာကို သတိထားမိလို့လေ။ 
 
        အဲဒါလဲ ဘယ်လောက်မှမကြာလိုက်ဘူး၊ ငါအမှတ်မမှားဘူးဆိုရင် ဥက္ကဋ္ဌ ကိုအောင်ဇော်မင်း မြိတ်ဖက်မှာ  အဖမ်းခံရတဲ့ အချိန်မှာပဲ နင်တို့ မြေလျှိုး သွားကြတယ်၊ အဲဒါက ကျောင်းသားတပ်မတော်မြောက်ပိုင်းကို ရောက်သွားကြတာပဲ၊ ဒါပေမယ့် အစမှာ ငါတို့ မသိခဲ့ဘူး၊  ကျောင်းသားတပ်မတော်က တောင်ပိုင်းမှာပဲ ရှိတယ်လို့ သိထားတာ၊ သောင်ရင်းမြစ်ကမ်းတစ်လျောက်မှာ ကျောင်းသားတွေတပ်စွဲ ပြီးနေကြတယ်လို့ပဲ သိတယ်၊ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ အမေဆိုရင် သူ့သား တောခိုသွားတာသိတယ်။ ဘယ်နေရာရောက်မှန်းမသိဘူး၊ နောက်ပိုင်း ငါပြောပြလို့ မြောက်ပိုင်းမှာ ကျောင်းသားတပ်မတော် ရှိတယ်ဆိုတာ သိလဲသိရော

" အို... ကြီးကြီးကလေ ကျောင်းသားတွေရှိတဲ့ အရပ်ကို မှန်းပြီး မေတ္တာပို့ ဆုတောာင်းနေကြ၊ ဒီအတိုင်းဆို မြောက်ဖက်ကိုပါ ရည်မှန်းပြီး ကျောင်းသားတွေကို မေတ္တာပို့ ဆုတောင်းပေးရအုန်းမယ်" လို့ ပြောဖူးတယ်။

         ပြောရကြေးဆိုရင် အဲဒီတုန်းက ပြည်တွင်းမှာ အစိုးရက ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက် ထောင်ချ ခံရတာထက်စာရင် တောထဲမှာ နင်တို့ အေးအေးချမ်းချမ်းနေရလိမ့်မယ်လို့ ငါတို့ စိတ်အေးနေခဲ့ကြတာပေါ့။ ဒါပေမယ့် သမိုင်းဝင်တဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်အပျက်တွေမှာ နင်လဲ သေလုမတတ်ခံနေရတယ် ဆိုတာ မသိခဲ့ကြဘူး၊  နင်တို့ ကချင်ပြည်နယ် ပါဂျောင် ကျောင်းသားတပ်မတော်စခန်းကို အမေလိုက်သွားတဲ့ အချိန်မှာတောင် ငါတို့ စိတ်မပူခဲ့ကြဘူး၊ 
 
            အဖေနဲ့အမေခင်ဗျား
              ကျတော်ဟာ ထောက်လှန်းဖြစ်တဲ့အတွက် ကျောင်းသားတပ်မတော်ရဲ့ ဖမ်းဆီးခြင်းကို ခံရပါတယ်၊ မိဘတွေ လိုက်ခေါ်ပါမှ အသက်ချမ်းသာရာ ရမှာမို့ လာခေါ်စေချင်ပါတယ် 
 
ဆိုတဲ့ စာကို ငါတို့ အခေါက်ခေါက် ဖတ်ပြီး နင်တို့ ကျောင်းသားအချင်းချင်း စိတ်သဘောထားမတိုင်ဆိုင်လို့ ရန်ဖြစ် မိဘခေါ် အဲဒီလောက်ပဲ သဘောထားခဲ့မိကြတယ်၊ ဒါပေမယ့် ပါဂျောင်မှာ အမေအပါအဝင် မိဘ(၇)ယောက် တစ်လခွဲလောက်နေပြီး ပြန်လာတဲ့အခါ နင် ပြန်မပါလာတော့ ငါတို့ ဝမ်းနည်းပက်လက် ဖြစ်ကြတယ်၊ အမေ့မျက်နှာက အသွားတုန်းကလို စိုးရိမ်ပူပန်သောကတွေ သိပ်မတွေ့ရဘူး၊ နင်နဲ့ လူချင်းတွေ့ စကားပြောခဲ့ရလို့ ဖြေသာတဲ့ ပုံမို့ တော်သေးတယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့က လူတွေနဲ့ တွေ့ဆုံပြီးရင် ပြန်လွှတ်ပေးမယ်လို့ အမေက ပြောတယ်၊ အမေက  မိသားစုဝင်တွေကို ဖြစ်ကြောင်းကုန်စင်ကို ထိန်းထိန်းသိမ်းသိမ်းပဲ ပြောပြလို့ အကြောင်းစုံ သိပ်မသိခဲ့ရဘူး၊ ဒါပေမယ့် ခင်ချိုဦးဆိုတဲ့ ကျောင်းသူကို ရက်ရက်စက်စက် သတ်တာ၊ မြတ်ကို အသတ်ခံရတာ၊ အဲဒီမတိုင်ခင် ဈေးလာရောင်းတဲ့ အဒေါ်ကြီးတွေကို ထောက်လှန်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့တော့ သူတို့က ကျောင်းသားတွေကို ကျိန်စာတိုက်ပြီး နင်တို့လဲ ငါတို့လို ပျက်ဆီးရမယ်လို့ ကျန်စာတိုက်ခဲ့လို့ အခုလို ဖြစ်ကုန်တာလို့ ကောက်ချက်ချတယ်၊
သားကြီးငါးကြီး အင်မတန်ကြိုက်တဲ့ အမေက ပြန်လဲရောက်ရော အသားလုံးဝ မစားတော့ဘူး။ စားလို့မရဘူး အသားမြင်ရင် အန်ချင်သတဲ့၊ သေသွားတဲ့ ကျောင်းသားရဲ့ပေါင်သားကို လှီးပြီး စားကြတာတွေ ပြောတာကြားပြီး စိတ်နှလုံးမကောင်းဖြစ်ပြီး အသားဆိုရင် အဲဒါတွေ မြင်ပြီး စားမရဖြစ်တာ အတော်ကြာတဲ့အထိပဲ။ 
       ပါဂျောင်မှာ မေမေတို့ကို နင်တို့ကို စစ်ထားတဲ့ ဗီဒီယိုအခွေကို ဖွင့်ပြတဲ့ အခါ နင်က တစ်လ ၄၅၀ ဆိုလား၊ ၅၀၀ဆိုလား ရတဲ့ စစ်တပ်က ထောက်လှန်းရေးလို့ ထွက်ဆိုသတဲ့၊ အမေက အဲဒီလူတွေကို အန်တီ့သား ထောက်လှန်းရေးမဟုတ်ဘူး၊ အန်တီ့သား ကျောင်းသားအရေးပဲလုပ်တာ အန်တီသိတာပေါ့ ပြောခဲ့တယ်တဲ့၊ သူတို့က အန်တီမသိပဲ လုပ်တာနေမှာပေါ့ လို့ပြောသတဲ့။
         အဲဒါလေး မေမေပြန်ပြောပြတော့ ငါ့မှာ ရီတောင်ရီချင်တယ်၊ ငါတို့ မောင်နှမတွေ များတော့  ကျောင်းတက်တဲ့အခါ လမ်းစားရိတ်နဲ့မုန့်ဖိုးကို တိုင်းပြီး ပေးတာလေ၊ ငါက ရန်ကုန်တက္ကသိုလ်ကို အိမ်ကနေ ကားနှစ်ဆင့် စီးရလို့ ပြီးတော့မိန်းကလေးဆိုတော့ ဘတ်စ်ကား တိုးမစီးနဲ့ဆိုပြီး အဲဒီတုန်းက သင်္ဘောသားကားလို့ခေါ်တဲ့ ဒတ်ဆန်း၊ ဟိုင်းလတ် အမြန်ကားကို တစ်ကျပ်ပေးစီးရတယ်၊ အဲဒီတော့ မုန့်ဖိုးနဲ့ကားခ တစ်နေ့ကို (၁၀) ကျပ်ရတယ်၊ နင်က ရန်ကုန်တက္ကသိုလ် (ဗိုလ်တစ်ထောင်နယ်မြေ) မှာတက်ရတယ်၊ ကားကတစ်ဆင့်နဲ့ရောက်တယ်၊ ပြီးတော့ ယောင်္ကျားလေးတွေ ဘတ်စ်ကားပဲစီးဆိုတဲ့ မေမေ့ရဲ့ အစီအစဉ်ကြောင့် ဖေဖေတောင် ဘတ်စ်ကားပဲ စီးပြီး ရုံးတက်ရတာ၊ ဘတ်စ်ကားခ ဗိုလ်တစ်ထောင်ဘုရားမှတ်တိုင်ကို ပြား(၄၀)ပဲ ပေးရတယ်၊ အသွားအပြန် ပြား(၈၀)ပဲ ကုန်တာမို့ နင့်ကို မေမေက တစ်နေ့ နှစ်ကျပ်ခွဲပေးတယ်၊ နင်က လက်ဘက်ရည်ဖိုး၊ ဆေးလိပ်ဖိုးနဲ့ သုံးရတယ်။ ငါက ပိုက်ဆံပိုရတော့ နင့်မှာ အမြဲတန်း အကြွေရှိရင် တစ်မတ်လောက်လို့ ငါ့ဆီ အမြဲ ဆေးလိပ်ဖိုးလာလာ တောင်းတယ်၊ တခါတလေ ငါစာကျက်နေတုန်းမို့  လွယ်အိတ်ထဲ နှိုက်သွားဆို အကြွေတွေတွေ့ရင် ငါးမူးယူသွားပြီ ဆိုပြီး အမြဲ ပိုယူတတ်တယ်၊  နင့်ကို တောင်းတိုင်း ဘာလို့ပေးလဲဆိုတော့ နင်က ငါမသိအောင် ဘယ်တော့မှ မယူဘူး၊ ဘယ်သူ့ဟာပဲ ဖြစ်ဖြစ် မပြောပဲ  မယူတတ်ဘူး၊ 
သူတို့ပြောသလိုဆို အဖေ့လခတောင် အရာရှိလစာမို့ (၄၅၀)ကျပ်ရတာ၊ အဖေနဲ့အမေ့ရဲ့ ကျောင်းအုပ်ဆရာမလစာ နှစ်ယောက်ပေါင်းနဲ့ ငါတို့ မိသားစု သုံးရတာလေ၊ နင်သာ အဲလောက်ရလို့ကတော့ နင့်မှာ သုံးမကုန်အောင် ပေါလျှံနေမှာပေါ့၊ ငါ့မြင်တာနဲ့ အကြွေရှိရင် တစ်မတ်လောက် နင်တောင်းပြီး ဆေးလိပ်သောက်တာ ငါက ရီချင်တာပေါ့၊ 
           ငါမှတ်မိသေးတယ်၊ အဲဒီ ကျောင်းသားအရေးအခင်းမဖြစ်ခင် စာမေးပွဲနီးနေလို့ ငါစာကျက်နေတဲ့အချိန် ည(၉)နာရီလောက် သူငယ်ချင်းအိမ်က ပြန်လာပြီး မီးဖိုထဲမှာ အိုးခွက်လှန်သံ ကြားတယ်၊ တအောင့်နေတော့ ငါစာကျက်တဲ့ အပေါ်ထပ်တက်လာပြီး " ဘိုက်ဆာလိုက်တာ ဘာမှမကျန်တော့ဘူး" လို့ ညည်းတယ်၊ နင်လဲ ညနေစာ စားပြီးမှ အပြင်ထွက်ပေမယ့် မိုးချုပ်တော့ ထပ်ဆာတာ၊ ခါတိုင်းဆိုရင် တစ်ခုခုတော့ ကျန်နေကြ၊ နင်လဲ အလည်ပြန်လာပြီးရင် ထပ်စားနေကြ၊ ငါလဲ ဘာမှမတတ်နိုင်ဘူး၊ ဒါပေမယ့် ငါလဲ မအိပ်ပဲ စာကျက်နေတော့ ဘိုက်ဆာသလိုလိုပေါ့၊ နင်က ပြောတယ်။
" ဇာတ်ရုံမှာ ပွဲဈေးက ဖြတ်လာတာ မုန့်ဟင်းခါးနံ့လေးမွှေးနေတာပဲ အခုတောင် ပြောရင်း စားချင်လာပြီ၊ အပျိုကြီးဆိုင်လေ အဲဒီဆိုင်ပွဲဈေးမှာ ရောင်းနေတာ" လို့ ပြောပေမယ့် ငါမသိယောင်ဆောင်နေလိုက်တယ်၊ နင့်မှာ ပိုက်ဆံမှမရှိတာ၊ ငါဝယ်ကျွေးရမှာလေ၊ အဲဒီနေ့က ကျောင်းပိတ်ရက် တနင်္ဂနွေနေ့မို့ ငါမုန့်ဖိုးမရဘူး၊ တစ်ပတ်လုံး သုံးပြီး ကျန်တာလေးကို ကျစ်ထားရတာ၊ တခါတလေ မေမေ မပေးတဲ့ဆိုရင် ကိုယ့်ဘာသာစိုက်ပြီး ကျောင်းသွားရမှာဆိုတော့ အရံထားရသေးတာ၊ နင်က ငါ့ကို ဝယ်ကျွေးပါလားလို့ ထပ်ပြောတော့ ငါလဲ မနေနိုင်ဘူး၊ ကဲ ဒါဆို သွားကြမယ်ဆိုတော့ ဘယ်အချိန်က အိပ်ယာထဲကနေ နားထောင်နေလဲ မသိတဲ့ နင့်အောာက်က ညီမတစ်ယောက်က သူလဲ စားချင်တယ်၊  ကျွေးပါ လိုက်ခဲ့မယ် ပြောပါလေရော၊ သူထအော်ရင် မေမေနိုးပြီး မသွားရတော့မှာဆိုးလို့ အေးအေး လိုက်ခဲ့ ဟိုရောက်ရင် တစ်ပွဲဆီပဲ စားလို့ ခေါ်သွားရတယ်၊ ဟိုရောက်တော့ ငါတို့တောင် စားမပြီးသေးဘူး၊ နင်က တစ်ပွဲကုန်ပြီ၊ မုန့်ဟင်းခါးတစ်ပွဲ ငါးမူး၊ အကြော်နဲ့(၇၅)ပြားဆိုတော့ ငါတို့ မောင်နှမ (၃)ယောက်စလုံး အကြော်မထဲ့ပဲ စားကြတာလေ၊ နင့်ကိုကြည့်ရတာ မဝဘူး၊ ထပ်စားချင်နေတော့ ငါလဲ မထူးပါဘူးဆိုပြီး နောက်တစ်ပွဲ မှာလိုက်တယ်၊ အားလုံး(၂) ကျပ်ကျတယ်၊ ငါ့မှာ ငါးမူးပဲ ကျန်တယ်။ 
            နင်တောထဲ ရောက်သွားလို့ သတိရတိုင်း တော်သေးတယ် အဲဒီတုန်းက ဆာနေတာကို ဝယ်ကျွေးလိုက်မိလို့လို့ စိတ်ဖြေသာတယ်၊ ဒါ့ကြောင့် နောက်ပိုင်းမှာ တစ်ယောက်ယောက်က တစ်ခုခုကို လိုချင်တယ်ဆိုရင် နောင်မှ နောင်တရတဲ့ စိတ်ဖြစ်မှာဆိုးလို့ အမြဲတန်း ငါတတ်နိုင်သလောက် လုပ်ပေးလိုက်တဲ့ အကျင့်ရလာတယ်၊ 
          ပြောရမယ်ဆိုရင် နင့်လက်ထဲမှာ နှစ်ကျပ်ခွဲထက်ပိုပြီး ကိုင်တာ မတွေ့ရတဲ့ လူက တစ်လ(၅၀၀) လောက်ရတယ်ပြောတာကို အရယ်ရဆုံး ဟာသလို့ ငါသိတာပေါ့၊
         တကယ်တန်းကြတော့ နင်တို့ကို ဘယ်သူမှ လွှတ်မပေးပဲ ကိုယ့်ဖာသာ ထွက်ပြေးခဲ့ရတယ်၊ အဲဒီမတိုင်ခင် (၅၅)ရောက် ထွက်ပြေးလွတ်မြောက်ပြီး အလင်းဝင်တယ်ဆိုကာ ကျောင်းသားတွေ သတင်းစာရှင်းလင်းပွဲလုပ်ကြတယ်၊ မိဘတွေလာခေါ်မှ လွှတ်ပေးမယ်လို့ ပြောထားတဲ့ (၇) ယောက်ထဲက ဘိုဘို၊ ညီညီအောင်နဲ့ ဝဏဇော်တို့ကို ဘိုဘို့အမေ၊ ညီညီအောင်(ခ) ဒိုဇာ့အမေတို့ နောက်တစ်ကြိမ် သွားခေါ်လို့ ပြန်ရောက်ကြတယ်၊ ကျန်တဲ့နင်တို့ကို ရဲဘော်အဖြစ် အသိအမှတ်ပြန်ပြုထားတယ်လို့ သိရပေမယ့် ထွက်ပြေးလာမယ်ဆိုတာ ငါတို့ ကြိုသိနေတယ်၊ ဘိုဘို့အမေက ကြယ်ခေါင်က ဆိုင်တစ်ဆိုင်မှာ နင်တို့ဆက်သွယ်လာလို့ရအောင် ပြောထားခဲ့တယ်၊ 
 
       နင့်ကို စိုးရိမ်ပူပန်ဆုံး အချိန်က ဝဏ္ဏဇော်နဲ့ သူ့အမေ အန်တီဒေါ်ရီရီခင်တို့ အိမ်ကိုရောက်လာပြီး " ကိုရဲရေ ကိုရဲရေ" လို့ အိမ်ဝမှာကတည်းက အော်ဝင်လာပြီး ငါတို့က ကိုရဲ မရောက်သေးဘူး၊ မရှိဘူးလေလို့  ဇဝေဇဝါနဲ့  နင်မရှိပဲ ဘာလို့ နင့်နာမည်ခေါ်ပါလိမ့်လို့ စိုးရိမ်ခဲ့ရတယ်၊ သူတို့သားအမိလဲ ငါတို့ မျက်နှာငယ်လေးတွေနဲ့ စိုးရိမ်တဲ့ ပုံစံတွေ့မှ မျက်နှာပျက်ပြီး မိသားစုကို အားပေးပြီး ပြန်သွားကြတယ်။ သူတို့က နင်တို့ ထွက်ပြေးလာပြီး ရောက်နေပြီလို့ တွက်ထားတာ၊ ဒါ့ကြောင့် ဝမ်းသာအားရ လာကြတာလေ။
         အဲဒီ အချိန်မှာ နင့်အတွက် မိသားစုက အင်မတန် စိုးရိမ်နေကြပြီ၊ ပြန်မိသွားလို့ သတ်ပစ်လိုက်သလား၊ စစ်တပ်ကမိလို့ တခုခုလုပ်သလား ပူလိုက်ရတာ နှိုင်းပြစရာ စကားလုံးတောင် မရှိဘူးပေါ့ဟာ၊ အမေနဲ့အဖေဆို နင်စဉ်းစားသာ ကြည့်တော့။ အဖေက ချက်ချင်းပဲ ကချင်ပြည်နယ် တဝိုက်မှာရှိတဲ့ ဘဏ်ခွဲတွေက သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေကို သံကြိုးရိုက်တန်ရိုက်၊ ဖုန်းဆက်လို့ရတဲ့နေရာဆို ဖုန်းဆက်ပြီး နင့်အကြောင်းတွေ ပြောပြထားပြီး တွေ့ရင် ခေါ်ထားပေးဖို့၊ အိမ်ကို အကြောင်းကြားပေးဖို့ ပြောပြထားတယ်။ 
 
        တကယ်လဲ နင်တို့ဟာ ဟိုဆိုင်လေးကို ရောက်ခဲ့ပေမယ့် အဆက်အသွယ်လုပ်ဖို့ နားလည်မှုလွဲပြီး အနောက်က လိုက်လာရင် မိသွားမှာဆိုးတဲ့အတွက် လမ်းကြောင်းပြောင်းပြီး ပြေးရာက ဗန်းမော်မှာ စစ်တပ်က ဖမ်းထားပါလေရော၊ ဗန်းမော်က ဖေဖေ့မိတ်ဆွေနဲ့ တွေ့ပြီး  အဖေနဲ့အမေက ဒါထောက်လှန်းရေးလို့ စွပ်စွဲပြီး ကျောင်းသားတွေ ဖမ်းထားတဲ့ထဲက ထွက်ပြေးလာတဲ့ အုပ်စုထဲကပဲလို့ အကြောင်းကြားဆက်သွယ်ပြောဆိုမှ ပြန်လွှတ်ပေးတာ။ ဒီလိုနဲ့ မြောက်ပိုင်းကျောင်းသားတပ်မတော် ငရဲစခန်းကနေ အိမ်ကို မဖြောင့်မတန်း ကံကောင်းစွာနဲ့ ပြန်ရောက်လာခဲ့ရတယ်။
        ဒီအဖြစ်အပျက်တွေဟာ နင်နဲ့အတူ ငါအပါအဝင် မိသားစုတွေအတွက် ဘဝတလျောက် မမေ့နိုင်တဲ့ အဖြစ်ဆိုးကြီးပဲ၊ နင့်ကို ဘယ်လိုနှိပ်စက်တယ်ဆိုတာ နင်ကိုယ်တိုင် တခါမှ ပြန်မပြောဖူးဘူး၊ ငါတို့ကလဲ  နင့်ကို သနားလို့ စကားမစဘူး၊ ဒါပေမယ့် မြောက်ပိုင်းပြန်မိသားစုဝင်တွေ၊ မြောက်ပိုင်းပြန်ထဲက လူတွေနဲ့တွေ့ရင် ပြောကြဆိုကြရာက တခြားနှိပ်စက်တာတွေထားတော့ အချုပ်ခန်းကို ဝင်ပြီး ရဲဒင်းနဲ့ ခေါင်းကို ခုတ်လိုက်တာမှာ သွေးတွေ အိုင်ထွန်းပြီး ကိုရဲ သေပြီလို့ တွက်ထားကြတာ ပြောပြတိုင်း အဲဒီ မြောက်ပိုင်းက ကျောင်းသားခေါင်းဆောင်တွေကို အသေအလဲ မုန်းတီးခဲ့တာပေါ့၊ ဘိုဘို့ကို နှာခေါင်းမှာ ငါးမြှားချိတ်တပ် သစ်ပင်မှာ ကြိုးနဲ့ဆွဲပြီး လူကို ခြေဖျားထောက်ခိုင်းထားပြီး နှိပ်စက်တယ်ဆိုတာ ကြားရတိုင်း ကိုယ့်ခြေဖဝါးကို မြေမှာ ချလိုက်ရမှာတောင် တွန့်သွားတဲ့အထိ ထိခိုက်ခံစားရတယ်၊ အဲဒီလိုလုပ်ခဲ့တဲ့ သူတွေကို အော့နှလုံးနာမိတယ်။ 
 
            စစ်အစိုးရလက်ထက်တစ်လျောက်လုံး ဒီအကြောင်းတွေကို ကိုယ်တိုင်ခံစားခဲ့ရတဲ့သူတွေ၊  မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေကလွဲပြီး ဘယ်သူမှ အတွင်းကျကျ မသိကြဘူး၊ ဒီလိုဖြစ်ရပ်တွေ ရှိခဲ့တယ်၊ ဖြစ်ခဲ့တယ်ဆိုတာ မသိကြဘူး၊ ငါတို့ အားလုံးက သိစေချင်တယ်၊ နင်တို့က ပိုဆိုးတာပေါ့၊ တချိန်မှာ ဒီလိုအဖြစ်တွေ ဖြစ်ခဲ့ဖူးတယ်၊ ကျောင်းသားလောကမှာ ကျောင်းသားတွေကို ထောက်လှန်းရေးလို့ စွပ်စွဲပြီး ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ခဲ့တာကို အချိန်ကျတဲ့ တစ်နေ့ပြောကြမယ်၊ ရှင်းကြမယ်၊ ထောက်လှန်းရေးမဟုတ် ကျောင်းသားစစ်စစ်တွေ ဖြစ်တယ်ဆိုတာ ရှင်းပြနိုင်တဲ့ တစ်နေ့ ရောက်လာမှာပဲလို့ နေခဲ့ကြတယ်။ ငါလဲ ထို့အတူပဲ အဲဒီလိုအချိန်ကို အမြဲမျှော်လင့်ခဲ့တယ်။
 
           မြောက်ပိုင်းကျောင်းသားအရေးကို ဖွင့်ထုတ်ပြောလို့ရတဲ့ အချိန်ရောက်လာပြီး ဖွင့်ပြောကြ စာတွေပေတွေ ရေးကြတဲ့ အချိန်မှာ  ငါက နင်နဲ့နီးတဲ့နေရာမှာ မရှိတော့ဘူး၊ ဒါပေမယ့် ဖတ်ရတယ်၊ တွေ့ရတယ်၊ တစ်ချို့အကြောင်းအရာတွေဆိုရင် ငါမသိတာတွေ အများကြီးပေါ့၊ ဒါပေမယ့် ငါလဲ မိသားစုဝင်တစ်ယောက် အနေနဲ့ နင်နဲ့ပတ်သက်ပြီး နင်ဖြတ်သန်းခဲ့ရတာ ကြုံရတာတွေကို ကိုအောင်မိုးဝင်းရေးတဲ့ မြောက်ပိုင်းဒေသမှအရိုးတွန်သံများဆောင်းပါး အပိုင်း(၂)လောက်အရောက်မှာ ငါရေးခဲ့တယ်၊ ငါ့အနေနဲ့  ထောက်လှန်းရေး လုံးဝမဟုတ်၊ ကျောင်းသားစစ်စစ်ဖြစ်တယ်ဆိုပြီး ကိုယ့်အသက်ကို အာမခံပေးပြီး ပြောပါဆို ပြောရဲတဲ့သူဟာ နင်ပဲ၊ နင်ဟာ ကျောင်းသားစစ်စစ်ပဲ ၊  ငါ အချိန်မရွေး ရဲရဲရင့်ရင့်ပြောရဲတယ်၊ 
 
         တစ်ချိန်ထဲမှာပဲ  လက်ရှိကျောင်းသားတပ်မတော်ကနေ တရားမျှတရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေတာလဲ ဖတ်ရတယ်၊ ဒါပေမယ့် အဖြေတစ်ခု ထွက်မလာသေးဘူး၊ နေ့တွေ ရက်တွေ ရွှေ့ပြီး နှစ်တွေတောင်ကြာလာပြီ ၊ ဘာမှ မထူးခြားပဲ နေပေမယ့် ငါ့အနေနဲ့တော့ မမျှော်မိဘူး၊ သူတို့ဘာထုတ်ထုတ် အဖြစ်မှန်က လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေတာပဲလေ၊ ငါကတော့ ဒီလိုပဲ တွေးမိတာပဲ၊
         အရိုးတွန်သံဆောင်းပါးတွေ  ထွက်မလာခင် ၊ အွန်လိုင်းနဲ့ မီဒီယာတွေမှာ မြောက်ပိုင်းအကြောင်းတွေ ဖွင့်မချခင်ကတည်းက အဲဒီတုန်းက ပါဝင်ပတ်သက်ခဲ့ဖူးတဲ့၊ တာဝန်ရှိတဲ့ သူတွေထဲက တစ်ချို့ကို အပြင်မှာ ငါမြင်ဖူးနေခဲ့တယ်၊ ဒီအကြောင်းတွေကို ငါကသိနေတော့ သူတို့ကို ငါအမြဲတန်း အကဲခပ်ကြည့်တတ်တယ်၊ သာမာန်လူတွေနဲ့ သွားလာမပျက် နေမြဲ ရှိတဲ့ အဲဒီလူတွေကို တွေ့ရတဲ့ အခါ ဒီအဖြစ်အပျက်အပေါ်မှာ သူတို့အနေနဲ့ ဘာခံစားချက်မှ မရှိပဲ သာမာန်ကိစ္စတစ်ခု ပြီးသွားသလိုပဲလားလို့ ထင်မိတယ်၊ 
 
        အရိုးတွန်သံဆောင်းပါးတွေနဲ့ မြောက်ပိုင်းပြန်တွေရဲ့ ရှင်းလင်းချင်တွေ ထွက်လာတဲ့ အချိန်မှာလည်း သူတို့ကို ငါ လူချင်းဆုံဖူးပြန်တယ်၊  သူတို့ဟာ အများသူငါလိုပဲ သွားမြဲ နေမြဲ အေးချမ်းတယ်၊ တစ်ဖက်ကို ကြည့်ပြန်တော့ ကိုထွန်းအောင်ကျော်ရဲ့ မိခင်ကြီး ပူဆွေးနေတယ်၊ အဲဒီကြီးကြီးရဲ့ ပုံတွေကို မြင်ရတိုင်း ကိုထွန်းအောင်ကျော်နေရာမှာ နင်ဖြစ်ပြီး အဲဒီကြီးကြီးဟာ မေမေဆိုရင်လို့ တွေးလိုက်တိုင်း ငါ့အတွေးဟာ မဆုံးပဲ ငါ့နှလုံးသားက ကျင်တက်လာတယ်၊ ဒီအတိုင်းပဲ မခင်ချိုဦးရဲ့ အဖေကို မြင်လိုက်တိုင်း ဖေဖေ့မျက်နှာကို ပြေးမြင်လာလို့ ဆက်မတွေးရဲဘူး၊ 
 
          ဒါပေမယ့် ဒီအကြောင်းအရာတွေ ဒီအဖြစ်အပျက်တွေကို   တွေ့ရကြားရ တိုင်း ကိုထွန်းအောင်ကျော်မိခင်ကြီးကို ငါ့အမေလိုပဲ ငြိမ်းအေးစေချင်တယ်။နင်အပါအဝင်  မြောက်ပိုင်းပြန်ရဲဘော် အားလုံးကို ငြိမ်းချမ်းစေချင်တယ်၊ မမေ့နိုင်တဲ့ အဖြစ်အပျက်တွေကို မေ့ခိုင်းလို့ မရဘူး၊ ငါကိုယ်တိုင်လဲ မမေ့ဘူး၊
" သေမှပဲပြီးမှာပါပဲ" လို့ ပြောသွားတဲ့ အဲဒီကြီးကြီးရဲ့စကား လိုမဟုတ်ပဲ မသေခင်ပြီးစေချင်တယ်။

                  ပြောခဲ့သလိုပေါ့ လုပ်တဲ့သူတွေက နေမြဲဖြစ်တဲ့အခါ ခံရတဲ့သူတွေက ထပ်ခါတလဲလဲ ခံစားနေရတော့ အရှုံးပေါ်အရှုံးဆင့်နေတယ်လို့ ငါခံစားရတယ်၊ သူတို့ နေမြဲဆိုရင် မှန်တဲ့ နင်တို့ကလဲ နေမြဲ ဖြစ်ရမယ်၊ သူတို့ ငြိမ်းချမ်းရင် နင်တို့က သာပြီးတောင် ငြိမ်းချမ်းရမယ်၊ ဒါ့ကြောင့် အဲဒီ တာဝန်အရှိဆုံး အဖြစ်အပျက်မှာ ဦးဆောင်ခဲ့တဲ့ သူတွေ အသက်ရှင်နေတုန်း သူတို့နဲ့မျက်နှာချင်းဆိုင် စကားပြောကြရင် မန္တလေးရဲ့ အထင်ကရ ကျောင်းသားခေါင်းဆောင်၊ မင်းကိုနိုင်လို အရည်အချင်းရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအဝင် ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ ကိစ္စဟာ အဲဒီကျမှ ရှင်းလင်းလိမ့်မယ်၊ လုပ်ခဲ့တဲ့ ကာယကံရှင်သာ အသိဆုံးပေါ့၊ 
 
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကော်မရှင်က ကြားဝင်ပြီး အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ စားပွဲဝိုင်းမှာ ဆွေးနွေးသလို တရားမျှတမှုကော်မရှင်ကို အလယ်မှာထားပြီး မြောက်ပိုင်းမှာ သတ်ဖြတ်ခဲ့တဲ့ တာဝန်ရှိသူတွေနဲ့ ခံခဲ့ရတဲ့ ကျောင်းသားတွေဖက်က ကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင် ပြောကြဆိုကြရင် ဒီကိစ္စဟာ လက်စသတ်သွားမယ်လို့ ငါထင်နေတယ်၊ ဒီအတွေးကို ငါ တွေးမိနေတာကြာပြီ၊ ကြီးကြီးရဲ့ပုံကို မြင်တိုင်း၊ ကိုထွန်းအောင်ကျော်ရဲ့ ပုံကို မြင်တိုင်း၊ နောက်တစ်ခုက ငါ့ရဲ့ဖေ့စ်ဘွတ်ထဲမှာ ဘယ်သူ့ကိုမှ အသိမပေးပဲ ရှိနေတဲ့ ကိုကျော်ဝေရဲ့ တူလေး ပြောပြဖူးတဲ့ ကိုကျော်ဝေရဲ့ တိတ်ဆိတ်စွာနာကျည်းနေတဲ့ မိသားစု ညီအကိုမောင်နှမတွေလို လူမျိုးတွေ ရှိနေတာကို သိနေတိုင်း သေမှပြီးသွားမယ့် အရာလို့ မဖြစ်စေချင်တဲ့ ငါ့ရဲ့ စေတနာပါလို့ ပြောပါရစေ၊

     မနက်ဖန်ဆိုရင် မြောက်ပိုင်းမှာ မတရားသတ်ဖြတ်ခံရတဲ့ ကျောင်းသားများ အတွက် ရည်စူးပြီး ဆွမ်းကျွေးအမျှဝေကြမယ်၊ မြောက်ပိုင်းတွင်ကြွေလွင့်သွား သောကျောင်းသားများအမှတ်တရနေ့...အဖြစ် မှတ်မှတ်ရရ ရှိကြတယ်၊ ဘယ်တော့မှမမေ့ဘူး ဘယ်တော့မှလဲ မေ့မှာမဟုတ်တဲ့ နေ့ဖြစ်တယ်၊ ကိုထွန်းအောင်ကျော် အပါအဝင် မြောက်ပိုင်းမှာ ကြွေလွင့်သွားခဲ့ရတဲ့  ကျောင်းသားတွေအားလုံး ကောင်းရာမွန်ရာ ရောက်ရှိပြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ဘယ်သာအခါမှ မကြုံရ မဆုံရပါစေနဲ့လို့ နင်နဲ့ထပ်တူ ၊ မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်များနဲ့ထပ်တူ ဆုတောင်းပေးနေပါတယ်၊
နင့်ရဲ့အမ
       
                                   ခိုင်ခိုင်စောလွင် 

No comments:

Post a Comment