August 30, 2015

" မျက်နှာအရေပြား ထူသလား၊ ပါးသလား " ၃၁- ၈- ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်( ၃၃) မှ

                          နာမည်ကျော် လွှတ်တော်အမတ် တစ်ယောက်က ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက (၂၆%) ပဲ နိုင်၊ လွှတ်တော်မှာရှိတဲ့ စစ်သား (၂၅%) နဲ့ပေါင်းပြီး အစိုးရဖွဲ့လို့ ရပြီလို့ ထုတ်ပြောလိုက်ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ် စတေးတပ်စ်အောက်မှာ ဆဲသံတွေ သောသောညံ သွားပါတယ်။ တကယ်တော့ ဒီစကားကို ပြောလိုက်တာဟာ သူနဲ့တကွ သူ့ပါတီ တစ်ခုလုံး မတရားမှုကို လုပ်ပါတယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲဆိုတာ သူ့ဖာသာပင် သိရဲ့လားလို့ တွေးမိပါတယ်။ တလက်စထဲမှာပဲ မတရားတဲ့သူတွေ အနိုင်မရအောင် NLD ပါတီကို ရာနှုန်းပြည့် မဲပေးဖို့ အမှန်ပင် လိုပြီဖြစ်ကြောင်း သိလိုက်ရပါတယ်။
မတရားတာကို တရားတယ်လို့ ထင်မှတ်နေတာကိုက မတရားမှုကို ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သန်လျင်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ လူထုထဲက အဲဒီအချက်ကို မေးတာမှာ အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
ကိုယ်စားလှယ် (၂၆%) ရှိရင် အစိုးရဖွဲ့လို့ ရတယ်လို့ ပြောတာဟာ တပ်မတော်ကို စော်ကားတာပဲ၊
ဘယ်လို စော်ကားတာလဲဆိုရင် တပ်မတော်ကို ပါတီတစ်ခုရဲ့ ခါးပိုက်ဆောင် တပ်အဖြစ် သတ်မှတ်လိုက်တာပဲ။
( ဒေါ်အောင်ဆန်းစုကြည်)
သန်လျင်ဟောပြောပွဲ
၂၁. ၈. ၂၀၁၅
လူထုခေါင်းဆောင်က အသိဉာဏ်ကြီးသူပီပီ၊ ယဉ်ကျေးလိမ္မာ ပါးနပ်စွာ ဖြေကြားခဲ့ပေမယ့် အဲဒီလွှတ်တော်အမတ်က
" ဒီကိစ္စနဲ့ပါတ်သက်ပြီးမခံချိမခံသာဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေန့က တပ်နဲ့ကြံ့ခိုင်ရေး မဲ ကွဲ သွားမှသာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်မယ့်အနေအထားကနေ ဦးရွှေမန်း ပ ထုတ်ခံရပြီးနောက်မှ ကျနော့်ထင်မြင်ယူဆချက်အတိုင်းတကယ်ဖြစ်လာပြီး NLD ရဲ့ ရည်မှန်းချက်မှေးမှန်ပျောက်ကွယ်သွားလို့ တပ်ကိုခါးပိုက်ဆောင်လုပ်တယ်ဆိုပြီး ကျနော့်အပေါ် စွပ်စွဲလာတာဖြစ်ပါတယ် တပ်ကို ခါးပိုက်ဆောင်လုပ်ဘို့ရာမှာလည်း တပ်မတော်ခေါင်းဆောင်တွေက ငထုံငအ ပူတူတူးလေးတွေမှမဟုတ်တာဗျာ ကျနော်နဲ့တပ်နဲ့ကိုအဲလိုအကွက်ရိုးကြီးနဲ့ ရန်တိုက်ပေးလို့ မဖြစ်နိုင်ပါဘူး နဖူးပေါ်လက်တင်ပြီး ရိုးရှင်းစွာ ဆင်ခြင်သုံးသပ်ကြည့်လိုက်ပါ ဒါပါဘဲ ။ အော် ဒါနဲ့ သွားပါပြီဟုတ်မှာပါဘဲ လို့စိတ်ပျက်ပြီး ရွေးကောက်ပွဲတော့မဝင်ဘဲမနေပါနဲ့ဦးနော် ဖမ်းကုတ်စရာ ဒေါင်းတွေဘာတွေမရှိဘဲ ခြင်္သေ့တစ်ကောင်ထဲတောကစားနေရရင် ပျင်းစရာကောင်းနေမှာစိုးလို့ပါ ။" လို့ အင်မတန် စိတ်ပျက်ဖွယ်ရာ ကလေးကလားဆန်စွာ တုံ့ပြန်တာကို ဖတ်ရပါတယ်။
ဒီလိုလူမျိုးတွေ စုစည်းထားတဲ့ ပါတီ တစ်ရပ်အနေနဲ့ မတရားမှုပြုဖို့ဟာ သူတို့ အတွက် ရှယ်ဖွယ်မဟုတ်လို့ ယူဆနေပြီလို့ အဓိပ္ပါယ်ပေါက်တဲ့ အပြင် ဒါ့ကြောင့်လည်း လူထုခေါင်းဆောင်က သန်လျင်ဟောပြောပွဲမှာ ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ့် ပါတီကို အာဏာ အေးအေးဆေးဆေး လွှဲပြောင်းပေးတဲ့ သူတွေ ဖြစ်ပါစေလို့ ပြောသွားတာ ဖြစ်ပါလိမ့်မယ်။
" အရေးကြီးတာက စိတ်နေစိတ်ထားဖြစ်တယ်၊ ဒီမိုကရက်တစ်ယောက် ဖြစ်ဖို့ အရေးကြီးတဲ့ မှတ်ကျောက်ဟာ ရွေးကောက်ပွဲနဲ့ အာဏာကိုရအောင် ဘယ်လိုယူနိုင်သလဲ ဆိုတဲ့ အချက်မဟုတ်ပါဘူး၊ ရွေးကောက်ပွဲ အရှုံးကို လူကြီးလူကောင်းဆန်ဆန် ဘယ်လို ခံယူသလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ရှုံးသွားရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲအထိ စောင့်ရပါတယ်။ မြန်မာပြည်က စစ်ခေါင်းဆောင်တွေဆီမှာ ဒီမိုကရက် စိတ်နေစိတ်ထားတွေ မရှိသလောက် အားနည်းနေတာ တွေ့ရပါတယ်၊ ( ၁၉၉၀ ရွေးကောက်ပွဲက သက်သေခံပါတယ်)၊ အာဏာကို တရားမျှတတဲ့ ရွေးကောက်ပွဲနည်းလမ်းနဲ့ ယူရတယ်၊ ရှုံးသွားရင် နောက်ရွေးကောက်ပွဲကို စောင့်ရတယ် ဆိုတဲ့ ဒီမိုကရက်စိတ်ဓါတ်တွေကို မြန်မာစစ်ဗိုလ်ချူပ်တွေ နားလည်လက်ခံ သဘောပေါက်တဲ့နေ့ဟာ မြန်မာပြည်မှာ ဒီမိုကရေစီရမယ့်နေ့ပါပဲ " လို့ စာရေးဆရာ ညီစောလွင်ရဲ့ မြန်မာပြည် ဒီမိုကရေစီရမယ့်နေ့ ဆောင်းပါးမှာ ဖတ်ရတာကို ပြန်ပြောင်းသတိရမိပါတော့တယ်။
ဒီနေရာမှာ အတုယူစရာနဲ့ သတိထားဆင်ခြင်စရာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို အမှတ်ရစေပြန်ပါတယ်။ အနှစ်(၈၀) သက်တမ်းရှိတဲ့ ထိုင်းနိုင်ငံဒီမိုကရေစီခရီးလမ်းမှာ စစ်တပ်က အာဏာသိမ်းတာ (၁၈) ကြိမ်ရှိတာ ထူးခြားပါတယ်။ ၂၀၁၁ခုနှစ်မှာ ဝန်ကြီးချူပ်ဟောင်း သက်ဆင်ရဲ့ ဩဇာမကင်းသူ၊ နိုင်ငံရေး အတွေ့အကြုံ လုံးဝမရှိသူ သက်ဆင်ရဲ့ နှမ ယင်လတ်ကိုခေါင်းဆောင်တင်ပြီး ဖွေထိုင်းပါတီ နာမည်ဖြင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာမှာ စစ်တပ်က ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရအဖွဲ့ကို လက်ခံပါမယ်လို့လည်း ကတိကဝတ်ပြုခဲ့ပါတယ်၊ ၂၀၀၆ခုနှစ်မှာ သက်ဆင့်လက်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်က သက်ဆင်ရဲ့ နှမကို ကာကွယ်ရေးဝန်ကြီးအဖြစ်ပင် လက်ခံခဲ့ပါတယ်။ အာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက ဝန်ကြီးချူပ်အဘီဆစ်က အသာတကြည်ပဲ ဆင်းသွားပေးပြီး အတိုက်အခံအနေနဲ့ ဆက်ပြီး ရှိနေပါမယ်လို့ ကြေညာခဲ့ပါတယ်။
ယင်လတ်ဝန်ကြီးချူပ် သက်တမ်းနှစ်နှစ်အတွင်းမှာပဲ ယင်လတ်ဟာ သူ့အကို ပြည်တော်ပြန်နိုင်ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အတွက် လမ်းပေါ်ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်၊ ဥပဒေကြမ်းကို အထက်လွှတ်တော်က ပယ်ချခဲ့ပေမယ့် အကြီးဆုံးအတိုက်အခံ ဒီမိုကရက်ပါတီက လွှတ်တော်ကို အယုံအကြည်မရှိဆိုကာ သပိတ်မှောက် ကျောခိုင်းထွက်ခွာသွားပြီးတဲ့နောက် လွှတ်တော်လည်း ထျက်သိမ်းလိုက်ရပါတယ်။ ဝန်ကြီးချူပ်က အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောပေမယ့် နောက်ဆုံးမှာ ယင်လတ်ကို အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားလိုက်ပြီး ပီး စစ်တပ်ကအာဏာသိမ်းလိုက်ပါတယ်။
ယနေ့ ထိုင်းစစ်ခေါင်းဆောင်တွေဟာ မြန်မာဗိုလ်ချူပ်တွေနဲ့ အလွန်နီးစပ်တယ်၊ မြန်မာဗိုလ်ချူပ်တွေလို အာဏာကိုလက်မလွတ်တမ်း ဆုပ်ကိုင်လေမလား ဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။ စစ်ခေါင်းဆောင်တွေကတော့ အခြေခံဥပဒေကို ပညာရှင်အများနဲ့ ရေးဆွဲနေပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ပြီးပါက ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။
အာဏာသိမ်း စစ်ဗိုလ်ချူပ် တစ်ဦးဖြစ်တဲ့ ဝန်ကြီးချူပ် ပရာယွတ်ကတော့ သူ့ရဲ့ အပတ်စဉ် သောကြာစကားပြောခန်းမှာ " မနက်မိုးလင်းလို့ မျက်စေ့နှစ်လုံးပွင့်တာနဲ့ ကျတော်တို့ကို ဆဲတာတွေ တွေ့နေကြားနေရတာ ဘယ်သူက လုပ်ချင်မတုန်း၊ အားလုံး ငြိမ်ငြိမ်နေကြ၊ အားလုံး အေးအေးဆေးဆေး နေပါမှ အစိုးရအဖွဲ့ လုပ်ရပ်တွေ မြန်ုမြန်ခရီးရောက်မယ်၊ ငြိမ်ငြိမ်မနေရင်တော့ ကြာသွားမယ်၊ မြန်မြန်လိုချင်ရင် ငြိမ်ငြိမ်နေကြလို့" ခပ်တည်တည် ပြောသွားပါသေးတယ်။
မြန်မာနိုင်ငံငံမှာ မကြာမီ ရွေးကောက်ပွဲပြုလုပ်တော့မယ်၊ ထိုင်းနိုင်ငံအနေနဲ့ရော ရွေးကောက်ပွဲတွေ ဖြစ်လာမလားဆိုပြီး မိတ်ဆွေ ထိုင်းဆရာမတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူကတော့ ထိုင်းနိုင်ငံမှာ လတ်တလော စစ်တပ်ကအာဏာယူထားပေမယ့် ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ၊ သူတို့တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်နဲ့ ယဉ်ပါးနေတာ ကြာပြီဖြစ်ကြောင်း၊ ပြည်သူတွေရော၊ အုပ်ချူပ်သူ၊ စစ်တပ်ပါ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ အစဉ်အလာကို လိုက်နာကြောင်း၊ ဒါကြောင့် ပြည်သူတွေရွေးကောက်တင်မြှောက်တဲ့သူကို လက်ခံကြောင်း၊ ပြည်သူ့အတွက်ရှေ့ရှုတာ အစဉ်အလာပင် ဖြစ်ကြောင်း၊ ပြောရင်း တလက်စထဲ ထိုင်းလူမျိုးတွေက မျက်နှာအရေပြားပါးတယ်လေလို့ ဆိုပါတယ်။
ထိုင်းလူမျိုးတွေက ရှက်စရာကို ရှက်စရာလို့ မြင်တယ်၊ မတရားလုပ်ပြီး ရတာကို ယူဖို့ ရှက်တတ်ကြတယ်၊ လူတွေ ရှက်တဲ့အခါ အရေပြားပါးတဲ့ သူက မျက်နှာကိုနီရဲသွားတာပဲ မဟုတ်လား။ ဒါ့ကြောင့် ထိုင်းလူမျိုးတွေက ရှက်တတ်တာကို အရေပြားပါတယ်လို့ ပြောတာလေလို့ သူ့စကား အဓိပ္ပါယ်ကို ကို သူကပဲ ထပ်ရှင်းပြပါတယ်။
မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေက မျက်နှာအရေပြား ထူသလား၊ ပါးသလားတဲ့၊ သူကြားဖူးတာကတော့ တိုင်းပြည်အာဏာကို ပြည်သူတွေရွေးကောက်တင်မြှောက်တဲ့ ပါတီကို မပေးပဲ သူတို့ယူထားတယ်။ ပြည်သူတွေအကျိုးကို မလုပ်ပဲ သူတို့အကျိုးစီးပွားပဲလုပ်လို့ သူတို့တွေ ချမ်းသာကြတယ်။ ပြည်သူတွေဆင်းရဲကြတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲတာ (၂၅)နှစ်ကျော်တောင် ကြာတယ်လို့ ဖတ်ဖူးတယ် လို့ ဆက်ပါတယ်။
နှစ်ယောက်စလုံး တပြိုင်ထဲပဲ သူတို့က အရေပြားထူသူတွေ ထင်ပါရဲ့ လို့ ပြောရင်း ရယ်မိကြတယ်။ သူနဲ့အတူ လိုက်ရယ်ပေမယ့် သူများတိုင်းပြည်နဲ့ ကိုယ့်တိုင်းပြည် ယှဉ်ပြောတာမှာ အောက်ကျမခံချင်တဲ့ စိတ်နဲ့ စိတ်ထဲမှာ မခံချင်စိတ်တော့ ဖြစ်မိတယ်။ ကိုယ့်မြန်မာလူမျိုးကို အထင်သေးနှိမ့်ချတဲ့ စကားဆိုရင် မှန်တာပြောရရင် မကြားချင်ပါ။ ဒါ့ကြောင့် မိတ်ဆွေ ဆရာမကို တစ်ခွန်းတော့ ပြန်ပြောလိုက်မိတယ်။ မကြာခင် ၂၀၁၅ခုနှစ် နိုဝင်ဘာမှာ လုပ်မယ့် ရွေးကောက်ပွဲအပြီးကို စောင့်ကြည့်ပြီး မြန်မာစစ်ဗိုလ်ချူပ်တွေ မျက်နှာအရေပြားပါးသလား ထူသလားဆိုတာကို ပြန်ပြီးအဖြေပေးချင်ပါတယ်လို့ ပြန်ပြောဖြစ်အောင်ပြောလိုက်မိပါတယ်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment