August 23, 2015

ညီညွတ်မှ ဖြစ်မည် ၂၄. ၈. ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၃၂)မှ


“ခင်ဗျားတို့ဒေသကိုရွေးချယ်ခံဖို့၊လွှတ်လိုက်တဲ့ကိုယ်စားလှယ်လောင်းကို
ခင်ဗျားတို့ကြိုက်ချင်မှကြိုက်မယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့မို့၊
လူရွေးမှားတာ၊ပါကောင်းပါမယ်။အရေးကြီးတာကဖဆပလအနိုင်ရဖို့လိုတယ်။
ဖဆပလထက်တိုင်းပြည်ကိုပိုလုပ်ပေးတဲ့အဖွဲ့အစည်းမရှိဘူး။
ဒီတော့လွှတ်လိုက်တဲ့ကိုယ်စားလှယ်ကိုခင်ဗျားတို့မကြိုက်လည်း ဖဆပလအဖွဲ့ချုပ်မျက်နှာကိုထောက်ပြီးမဲထည့်လိုက်ပါ”
(ဗိုလ်ချုပ်အောင်ဆန်း)
"ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ပါ၊ ပြီးတော့ ကိုယ်စားလှယ်လောင်းရယ် နာမည်ရယ် လည်း မကြည့်နေပါနဲ့၊ ကောင်းတဲ့လူလည်းရှိမယ် ဆိုးတဲ့လူလည်းရှိမယ်၊ ဒါပေမဲ့ ကောင်းတဲ့လူတွေ ပိုပြီးကောင်းအောင်လုပ်မယ်၊ ကျမတို့ဟာ ဒီနိုင်ငံမှာရှိတဲ့ ၅၂ သန်းကျော်ရဲ့ ပြဿနာတွေကို ရင်ဆိုင်ဖို့အဆင်သင့် ရှိမှတော့ ကိုယ်စားလှယ် တစ်ထောင်လောက်တော့ ကောင်းကောင်းလေးနိုင်တယ်"
( ဒေါ်အောင်ဆန်းစုကြည်)
လွတ်လပ်ရေးကြိုးပမ်းမှုကာလက ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ် ဖဆပလ အဖွဲ့ ဥက္ကဌ လူထုခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ပြောကြားချက်နှင့် ယနေ့ကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်စုကြည် မကွေးတိုင်း မင်းဘူးမြို့မှာ ဒေသခံတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ စကားနှစ်ခုကို အဖန်ဖန် ပြန်ဖတ် ပြန်နားထောင်ရင်းက လူထုခေါင်းဆောင်တို့ရဲ့ တိုင်းပြည်အတွက် စေတနာစကားကို ကွက်ကွက်ကွင်းကွင်း မြင်မိလေသည်။
ဗိုလ်ချူပ်အောင်ဆန်းက မြန်မာပြည်လွတ်လပ်ရေး ရအောင် အစွမ်းကုန်ကြိုးစားပေးမည်၊ လွတ်လပ်ရေးကျိန်းသေရကို ရရမည်၊ ဘယ့်လောက် ကျိန်းသေသနည်းဆိုသော် တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်ဟု ပြောကြားခဲ့သည်။ သို့အတွက် သူ့ဖက်က အစွမ်းကုန်ကြိုးစားမည် ဖဆပလ ကို ပြည်သူအားလုံးက မဲပေးရမည်ဟု အပြတ်ပြောခဲ့တာဖြစ်သည်။
ယခုအချိန်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ တိုင်းပြည်ကောင်းအောင် တိုးတက်ပြောင်းလဲအောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ကိုသာ မဲထဲ့ပါ၊ ကျန်တာ သူတို့ တာဝန်ထားလို့ ထပ်တလဲလဲ ပြောသည်။ ဒီမိုကရေစီလိုချင်သလား NLD ကိုသာမဲထဲ့ပါလို့ ဆိုလိုတာဖြစ်သည်။ ပါတီအနိုင်ရပါမှ ပြည်သူတွေလိုချင်သော စစ်မှန်သည့် ဒီမိုကရေစီစနစ်ဆီ ဖြောင်ဖြောင့်တန်းတန်း သွားနိုင်ပေမည်။ မည်သည့်ပယောဂမှ မစွက်ပဲ ခေါင်းဆောင်ပြောသည့် စကားကို တည့်တည့်မတ်မတ် စဉ်းစားပါက အဖြေကရှင်းပါသည်။ ရိုးစင်းပါသည်။ စေတနာမှန် ဖြင့် အမှန်အတိုင်းပြောတာကို ပကတိအတိုင်း လက်ခံက ဟုတ်တာပေါ့ ဖြစ်မည်။ သို့သော် ယခုကာလကလေးမှာ လူထုခေါင်းဆောင်ရဲ့ စကားကို မလိုသူတို့က ချဲ့ကား တွေးခေါ် ၊ ဖြတ်ထုတ် ဝေဖန်ကြရာ လမ်းလွဲသွားကြမည့် အရေးကို စိုးရိမ်မကင်း ဖြစ်မိရပါသည်။
ကိုယ်စားလှယ်လောင်းနာမည် မကြည့်ပဲ ပါတီနာမည်ကို ကြည့်ပါ ဆိုတဲ့ အဓိပ္ပါယ်ကို အထအန ကောက်ကာ ကိုယ်စားလှယ်လောင်းအချို့  ၏ချွတ်ယွင်းချက် အားနဲချက်တို့ကို ထောက်ပြဝေဖန်ကာ ဒီလိုလူတွေကို မကြိုက်ပဲ ပါတီကို မဲပေးရမလားဆိုသည့် အသံတွေ ထွက်လာလေသည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ အုံနှင့်ကျင်းနှင့် မဲပေးလိုက်သည်မှာ ထိုစဉ်က NLD အမှတ်အသား ခမောက် တံဆိပ်ကိုသာဖြစ်သည်။ စာရေးသူကိုယ်တိုင်ပင် ကိုယ့်မြို့နယ်က ကိုယ်တိုင်မဲပေးခဲ့သည့် ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဆိုတာ အခု ပြန်စဉ်းစားတော့ မသိတော့ပေ။ ဘယ်သူရယ်လို့ မဲပေးခဲ့တာ မဟုတ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် နိုင်ရမည်ဆိုသည့် စိတ်ဖြင့် ခမောက်ကိုသာ အမှန်ခြစ်ခဲ့တာ ဖြစ်သည်။ ထိုစဉ်က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါသည်။ နိုင်ငံတကာမှာရော မြန်မာပြည်မှာပါ ခေတ်စနစ်တွေ ပြောင်းလဲလာပြီဖြစ်သည့်အတွက် လာမည့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အနိုင်ရရှိရေးသည် အထူးပင် အရေးကြီးပေသည်။ စစ်ခေါင်းဆောင်တွေ အနေဖြင့် ယခင်ကလို မတရားသည့်လုပ်ရပ်များ ဖိနှိပ်ထားတာမျိုး လုပ်ဖို့ အခွင့်မသာတော့ပေ။ ဒီလိုအချိန်မှာ ပြည်သူတွေ လိုလားသည့် စစ်မှန်သည့် အပြောင်းအလဲ အတွက် လိုအပ်တာ ဒါလို့ ဆိုက ပြည်သူတွေ သဘောပေါက်မည်ထင်ပါသည်။ မြန်မာလူမျိုးတွေသည် ပင်ကိုသဘာဝအရ ရိုးတာသာရိုးမည်၊ ခပ်တုံးတုံးတော့ မဟုတ်ကြပေ။
လူထုခေါင်းဆောင်ပြောစကားကို ပကတိအတိုင်း ဟုတ်တာပေါ့လို့ လက်ခံမည့်အစား သွေးထိုးစကား ပြောသည်များမှာ ယခင်အစိုးရလက်ထက် အပုပ်ချဝေဖန်သူတို့နှင့် အလားသဏ္ဍန်တူလွန်းလှပေသည်။ လွန်ခဲ့သည့် (၂၅) နှစ်ခန့်က လူထုခေါင်းဆောင်ရဲ့ နေအိမ်ခြံဝင်းမှာ ပြောကြားခဲ့သည့် " ကြိုးစားကြပါ၊ ကြိုးစားက ဘာမဆိုဖြစ်နိုင်ပါတယ်၊ ဘုရားကလည်း သာမာန်လူပါပဲ၊ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်" ဆိုတဲ့ စကားကို ဖြတ် ညှပ်ကပ် လုပ်ကာ စစ်အာဏာရှင်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်မြူနစ်တံဆိပ်ပင် ကပ်ဖို့ ကြိုးစားသည့် ဆောင်းပါးများ အစိုးရသတင်းစာများမှာ ရေးသားခဲ့ကြလေသည်။ ဒေါ်အောင်ဆန်းစုကြည်က ဘုရားကို သာမာန်လူဟု ပြောသည်တဲ့ အစချီကာ အပုပ်ချ ရေးသားလေသည်။
ယခု NLD ဥက္ကဌ ပြောသည့် ပြည်သူတွေအပေါ်ထားသည့် စေတနာနှင့် ပြည်သူတွေက ဒါလိုချင် ဒါကို လုပ်ကိုလုပ်ရမည်ဆိုသည့် အချက်ကို လမ်းလွဲအောင် ယခင် အာဏာရှင်တို့ လေသံ အသုံးအနှုန်းဖြင့် ဝေဖန်တာတွေ ထွက်လာတာဟု ထင်မြင်မိသည်။ အဓိကက ပြည်သူတွေ တညီတညွတ်ထဲ ရှိကြဖို့ပင်ဖြစ်သည်။ စစ်မှန်သည့် အပြောင်းအလဲကို သွားဖို့အတွက် အပြောင်းအလဲကို လုပ်နိုင်ဖို့အတွက် လုပ်ရမည့်အလုပ်ကို မဝေဝါးပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ အထူးပင်အရေးကြီးလှပေသည်။

ခိုင်ခိုင်စောလွင်

No comments:

Post a Comment