August 23, 2015

" ဦးဆောင်သူစေရာ" ၁၇- ၈-၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၃၁)မှ


၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမည်လို့ ကြေညာလိုက်တဲ့အခါ စိတ်က ၁၉၉၀ခုနှစ်ဆီ ရောက်သွားသည်။ ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD )ကို ပြည်သူတွေ စုပြုံမဲပေးခဲ့ကြသည်။ အကြောင်းက ဒီမိုကရေစီလိုချင်၍ပဲ ဖြစ်သည်။ နောက်တစ်ခုက လတ်တလောအစိုးရကို ပြည်သူတစ်ရပ်လုံး အုံးအုံးကြွက်ကြွက် တော်လှန်ထားရာ အာဏာရှင်စနစ်ကို အမြစ်ကပြတ်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ် အရောက်ပိျု့နိုင်မည့် NLD ကို အစွမ်းကုန် ထောက်ခံလိုက်တာဖြစ်သည်။ ယခု ဒုတိယအကြော့ အားပြိုင်ကြရတော့မည်။ အာဏာရှင်နှင့် ဒီမိုကရက်တို့ အားပြိုင်ပွဲမှာ ဒီမိုကရေစီ လိုလားသူပြည်သူတွေက ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ရောက်အောင် အကောင်အထည်ဖော်ပေးမည့် ပါတီကိုသာ မဲပေးကြမှာ အမှန်ပင်။ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်အောင် ပြောင်းလဲ ပေးနိုင်မည့် အမှန်တကယ်အပြောင်းအလဲကို ဆောင်ကျဉ်းပေးနိုင်မည့် ဦးဆောင်နိုင်မည့်သူကိုသာ မဲပေးရွေးကြပေတော့မည်။
ပြည်သူတွေလိုလားသည့် အပြောင်းအလဲကို ဦးဆောင်မည့်သူ မြန်မာပြည်တွင် ရှိနေသည်။ ပြည်သူအားလုံး ညီညွတ်ရေးဖို့နှင့် ပြတ်ပြတ်သားသား ရွေးချယ်ဖို့ပဲလိုပါသည်။ အာဏာရှင်တပိုင်း အစိုးရ တိုင်းပြည်အုပ်ချူပ်နေသမျှ ပြည်သူတွေ လူချင်းတူသူချင်းမျှ နေဖို့ နေနေသာသာ ဒုက္ခအပေါင်းသာ ဝန်းရံနေပေလိမ့်မည်။ ပြည်သူအတွက်ဆိုပါက ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေမည့် အစိုးရအောက်မှာ ဆက်လက် ရုန်းကန် နေရပေလိမ့်မည်။
ထိုင်းလူမျိုး မိတ်ဆွေတစ်ယောက်နှင့် ရွေးကောက်ပွဲအကြောင်း စကားစမိရာ သူတို့ထိုင်းနိုင်ငံရေး ရှုတ်ရှုတ်ထွေးထွေးကို ကြားသိရသည်။ အနီ အဝါ ကွဲပြားနေသည့် ပြည်သူတွေမှာ အနီဖက်က တက်လာလိုက် အဝါက ဆန္ဒပြလိုက်၊ စီးပွားရေးတွေ ကျဆင်းသွားလိုက်၊ အဝါဖက်က အာဏာရတော့ အနီတွေက ဆန္ဒပြ ဒီလို ပြည်သူတွေ နှစ်ခြမ်းကွဲ တိုင်းပြည်မငြိမ်တော့ စစ်တပ်က အာဏာသိမ်းလိုက် ဒီလိုသံသရာက ပြည်သူတွေ လွတ်မြောက်ချင်ပါပြီတဲ့။
( အနီ အဝါ အကွဲအပြဲ နှင့် ထိုင်းနိုင်ငံရွေးကောက်ပွဲအကြောင်းကိုတော့ နောက်အပတ်မှာ အပြည့်အစုံ ရေးပါအုန်းမယ်)
အဲဒီလို လွတ်မြောက်ဖို့အတွက် စစ်တပ်ဝင်တာမလိုပဲ ပြည်သူတစ်ရပ်လုံး ထောက်ခံမယ့် လက်ခံနိုင်မယ့် ဦးဆောင်သူ လိုချင်နေကြတယ်လို့ ဆိုလေသည်။ စာရေးသူက အသစ်ကို လိုချင်တာပေါ့ လိုဆိုရာ အပြည့်အဝ ထောက်ခံသည်။
စာရေးသူနှင့် ဆေးရုံမှာ ဆရာဝန်ထိုင်စောင့်စဉ် ကြုံရသည့် ထိုင်းအမျိုးသမီးကြီးတစ်ယောက်ကို ပြန်ပြောင်းသတိရမိသည်။
ထိုအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်( NLD) ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာ ခရီးစဉ်များသွားရောက်နေချိန်ဖြစ်ရာ ထိုင်းနိုင်ငံ ရုပ်မြင်သံကြားမှာ သတင်းတွေ ဆက်တိုက်တွေ့မြင်နေရချိန်ဖြစ်သည်။ ထိုအန်တီကြီးက စာရေးသူကို ဘာလူမျိုးလဲ မေးပြီး မြန်မာလို့သိတာနဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်နေရာကနေ ကပ်လျက်ခုံကို ပြောင်းပြီး လာထိုင်ကာ စကားတွေ အဆက်မပြတ်ပြောလေသည်။
" မင်းတို့ ခေါင်းဆောင် အောင်ဆန်းစုကြည် သိပ်တော်တယ်၊ မင်းတို့ သိပ်ကံကောင်းတာပဲ၊ သူခေါင်းဆောင်လာရင် မင်းတို့မြန်မာပြည် သိပ်ကို တိုးတက်သွားမယ်၊ မင်းတို့ ဒီမိုကရေစီရတော့မယ် ငါတို့ဝမ်းသာတယ် ပြီးတော့ မင်းတို့ကို ငါတို့ သိပ်အားကျတယ်၊ တို့တိုင်းပြည်မှာ ဒီလိုခေါင်းဆောင်မရှိဘူးတဲ့ "
သူ့ကို ဆရာဝန်နဲ့ တွေ့လို့ရပြီလို့ လာခေါ်တဲ့ အတွက် အခု မင်းတို့တိုင်းပြည်ကို အုပ်ချူပ်နေတဲ့ စစ်ခေါင်းဆောင် သမတနာမည်က ဘယ်သူလို့ မေးတာတောင် ပြန်မဖြေလိုက်ရ၊ ဒါပေမယ့် စိတ်ထဲမှာ ကျေနပ်ပြီး နေမကောင်းလို့ လာပြတာကိုပင် မေ့တေ့တေ့ ဖြစ်သွားမိသည်။
လတ်တလော ရွေးကောက်ပွဲမတိုင်မီ ဝင်ရောက်အရွေးခံမည့် ပါတီကိုယ်စားလှယ်လောင်းများစာရင်း ထွက်လာရာ ဝေဖန်သံတွေ အပစ်တာတွေ သောသောညံလေသည်။ စာရေးသူကတော့ အပစ်တင်နေသည့်လူတွေကို ကြည့်ပြီး ပြုံးမိလေသည်။ အဘယ့်ကြောင့်နည်း။ ထိုသူတွေသည် ပထမတုန်းက ကိုယ်စားလှယ်လောင်း အဖြစ် NLD ကို စာရင်းတင်သွင်းထားသူအချို့ကို သဘောမကျဆိုကာ ဝေဖန် ပစ်တင် မကြိုက်ဟု ဆိုကြလေသည်။ ဝေဖန်တယ်လို့ ပြောလိုက်တာက စကားလှအောင် ပြောရခြင်းသာ၊ တကယ်က ပယ်ပယ်နယ်နယ် ငယ်ကျိုး ငယ်နာဖော်ကာ ဆဲကြတာဖြစ်သည်။
ဟော ကိုယ်စားလှယ်စာရင်း ထွက်လာတော့ အဆိုပါ သူတို့ဆဲထားသူများ မပါလာ၍ဆိုကာ NLD ကို ဆဲကြပြန်သည်။ ကျောင်းသားခေါင်းဆောင်တစ်ယောက် မပါ၍ ပစ်တင်ကြပြန်သည်။ အဆိုပါကျောင်းသားကို သူတို့ပဲ အစောကတည်းက ငယ်ကျိုးငယ်နာတွေ ဖော်ပြီး ရေးနေပြောနေတာပဲ ဖြစ်သည်။ ဖော်လိုက်တာမှ လွန်ခဲ့သည့် (၂၇)နှစ် ၁၉၈၈ ကာလကတည်းက သူလုပ်ပုံကိုင်ပုံ တွေးပုံခေါ်ပုံတွေ ပြန်ပြောင်းပြောကာ ထိုစဉ်ကတည်းက ကြိုက်တာမဟုတ်လို့ ဆိုသေးသည်။ သူတို့ပဲ ကိုယ်စားလှယ်လောင်း စာရင်းမထွက်ခင်မှာ ရွေးလိုက်မှာဆိုး၍ထင့်၊ ငယ်ကြိုးငယ်နာဖော်လိုက်၊ နောက်ကြော င်းတွေ ရှာပြောလိုက်၊ ကိုယ်စားလှယ်လောင်းစာရင်း ထွက်လာတော့ မရွေးလို့ဆိုကာ NLD ပါတီကို ဆဲလိုက် လုပ်နေကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်( NLD) ကို တမင်ကို အပုတ်ချနေတာဖြစ်မည်ဟု ခန့်မှန်းရလေသည်။
အရေးကြီးသည်က ရွေးကောက်ပွဲမျာ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရှိရေးမဟုတ်ပါလား၊ အာဏာရှင်စစ်အစိုးရ တဖြစ်လဲ ဒီမိုကရေစီနာမည်ခံ စစ်ခေါင်းဆောင်တွေရဲ့အုပ်ချုပ်မှုကို တော်လှန်ဖို့ လမ်းမလွဲဖို့ လိုလေသည်။ .ခုအချိန်မှာ ဒီမိုကရေစီကို တစ္ဆေသရဲလို ကြောက်ရွံ့သူတွေက သွေးထိုး သွေးခွဲ သပ်လျှိုတာတွေ လုပ်မှာသေချာသည်။ ဒီမိုကရက်တွေ အင်အားလျော့အောင် လုပ်မှာသေချာသည်။ အမျိုးမျိုး ပစ်တင်ဝေဖန်နေသူတွေမှာ သွေးရိုးသားရိုးမှ ဟုတ်ပါလေစလို့ သံသယဝင်မိသည်။
နောက်တစ်ခုက ကိုယ်စားလှယ်လောင်းရွေးတာမှာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ဥပဒေတွေနှင့် အညီ လုပ်ဆောင်ရတာလည်း ရှိနိုင်သည်။ တချို့ ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်ထားတဲ့ ဥပဒေအရ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့် မရှိတာတွေ သိရသည်။ နိုင်ငံရေးသမားဆိုတာ ဥပဒေကိုပါ နားလည်မှ လို့ ပြောတတ်သည့် ရှေးက နိုင်ငံရေးအတွေ့အကြုံ ရှိသူတွေ ပြောတာ သတိရမိလေသည်။
တောင်ကိုးရီးယားမှာ ၁၉၈၀ခုနှစ် နာမည်ကျော် မေ၁၈ အရေးအခင်းဖြစ်ပြီး အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားရာ နာမည်ကျော် ဂွမ်ဂျူးလူသတ်ပွဲကြောင့် အာဏာရှင် ချန်ဒူးဝှမ်က ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကြေညာကာ ရွေးကောက်ပွဲလုပ်ပေးခဲ့သည်။ သို့သော် ၁၉၈၇ခုနှစ် ရွေးကောက်ပွဲလုပ်တော့ စစ်တပ်ကိုကျောထောက်နောက်ခံပြုထားသည့် ချန်ဒူးဝှမ်နှင့်အတူ အာဏာသိမ်းစဉ်က အတူပါလာသည့် ဗိုလ်ချူပ် နိုတေဝူးက ရွေးကောက်ပွဲမှာ အနိုင်ရသွားသည်။ အဓိကက မဲတွေ ပျံ့သွားပြီး အတိုက်အခံတွေ အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ထိုအချက်ကို အမှတ်ရကာ မြန်မာပြည်သူတွေ သတိထား သုံးသပ်ဆင်ခြင် သင့်ပါသည်။ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားချင်လျင် ဒီမိုကရက်တွေ အားကောင်းမှဖြစ်မည်။ တောင်ကိုးရီးယားနိုင်ငံကတော့ ထိုအဖြစ်ကို သင်္ခန်းစာယူကာ နောက်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေ အားကောင်းလာအောင် ကြိုးစားနိုင်ခဲ့ သဖြင့် ယခုဆိုပါက ဒီမိုကရေစီအစိုးရအုပ်ချူပ်မှုအောက်မှာ တိုးတက်သော တိုင်းပြည်တစ်ခုသို့ရောက်ရှိနေလေပြီ။ အဓိကက ဒီမိုကရေစီလိုချင်ပါက ဒီမိုကရေစီစနစ်ကို အမှန်တကယ် အကောင်အထည်မည့် ပါတီကို ရွေးချယ်မှ ဖြစ်မည်။
" နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ပြည်သူလူထုကြီးက NLD ကို အစိုးရအဖွဲ့တင်မြှောက်လိုက်လို့ တစ်နေ့မှာ ပြည်သူက မလိုလားတော့ဘူးဆိုရင် ကျမတို့ NLD အနေနဲ့ ကပ်ဖဲ့ပီးနေနေမှာ မဟုတ်ပါဘူး
အသာတကြည်နဲ့ ထွက်သွားပေးမယ်ဆိုတာ ကျမတို့ ပြောရဲပါတယ်
အဲ့လိုမာနမျိုး ကျမတို့မှာ အပြည့်အဝရှိတယ်ဆိုတာ ပြောပါရစေ လို့ " ဇူလိုင်လ(၂၆)ရက် မော်ကျွန်း ရွေးကောက်ပွဲဆိုင်ရာပညာပေးရေးဟောပြောပွဲမှာ ပြောလိုက်တာ နားထောင်ရသည်။ အာဏာကို လက်မလွတ်တမ်း ဆုပ်ကိုင်လိုသည့် စစ်အာဏာရှင်တို့နှင့် အကွာကြီးကွာသည့် ဒီမိုကရက်စိတ်ဓါတ်ဖြစ်သည်။ လက်ရှိ ဟန်ပြဒီမိုကရေစီမှ စစ်မှန်သော ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းပေးမည့် ခေါင်းဆောင်လည်း အသင့်ရှိပြီ။ တိုင်းပြည်ကို အကျိုးရှိအောင် လုပ်ဆောင်ပေးမည်ဟု ယုံကြည်ရသည့်အပြင် မကြိုက်ပါက အေးအေးဆေးဆေး ထွက်သွားပါမည်ဆိုသော ဒီမိုကရက်အစိုးရမျိုး ပြည်သူတွေ ရရှိအောင် အားလုံး ညီညွတ်စွာ မဲထဲ့ကြရပေမည်။
ဘုရားလောင်းဇာတ်တော်တစ်ခုမှာ ဘုရားလောင်း လှည်းကုန်သည်ဘဝ လှည်းသားငါးရာကို ဦးဆောင်ကာ ခရီးထွက်ရာမှာ လမ်းမှာ ဘီလူးတို့ရဲ့ ဖျားယောင်းခံရသည်။ သို့သော် ဘီလူးတို့၏ လှည့်ကွက် ကျော်လွှားနှိုင်ခဲ့ပြီး လိုရာခရီးရောက်ကာ ကုန်ရောင်းကုန်ဝယ်လည်း အဆင်ပြေခဲ့သည်။ အခြားလှည်းသား ငါးရာတို့မှာ ဘီလူးတို့လှည့်ကွက်ထဲ ဝင်မိပြီး ရေကန်ထဲရေချိုး ကြာရိုးကြာစွယ်များ စားသောက်၊ လူယောင်ဖန်ဆင်းထားသည့် ဘီလူးမတို့နှင့် ပျော်ပါးကာ အသက်ဆုံးခဲ့ကြရသည်။ ထိုအဖြစ်ကို ယှဉ်ကြည့်သော် အဓိကက ကိုယ်သွားမည့် ခရီးလမ်းမှာ ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံခြင်းဆိုတာ တွေ့ရလေသည်။ မကျွမ်းကျင်သည့် အရပ်ဒေသကို ခရီးသွားသူသည် နားလည်တတ်ကျွမ်းသည့် ပညာရှိကို ခေါင်းဆောင်တင်ကာ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရသည်။ လမ်းပြရဲ့ လမ်းညွှန်ချက်အတိုင်း သွားရသည်။ လမ်းဆုံလမ်းခွရောက်လို့ ဘယ်ဆီလိုက်ရမည် ဇဝေဇဝါဖြစ်တိုင်း လမ်းပြဖြစ်သူ ပြရာလမ်းကို လျှောက်မှ ကိုယ်သွားချင်သည့် လမ်းကို တည့်တည့်မတ်မတ် ရောက်ပေလိမ့်မည်။
ယခုလို ရွေးကောက်ပွဲ နီးလာသည့်အချိန်မှာ သတိရမိသည့် သူတစ်ယောက်ရှိပါသည်။ သူသာရှိပါက
" ခင်ဗျားတို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီးဒီမိုကရေစီလိုချင်တယ်မဟုတ်လား၊ တိုင်းပြည်ကောင်းတာ တိုးတက်တာ လိုချင်တာမဟုတ်လား
ရှည်ရှည်ဝေးဝေး ပြောမနေနဲ့ NLD ကိုသာမဲထဲ့၊ ဒါပဲ " လို့ ပြောမှာ သေချာသည်။

ခိုင်ခိုင်စောလွင်

No comments:

Post a Comment