August 23, 2015

" အတူလေးရယ်တဲ့ ယှဉ်ကာပြိုင်" ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၃၀)မှ

ထိုင်းဝန်ကြီးချူပ်ဟောင်း အဘီဆစ်က လက်ရှိထိုင်းနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားလိုက်ပြီး နောက်တစ်ရက်မှာပဲ လက်ရှိ ထိုင်းဝန်ကြီးချူပ် ပရာယွတ်က သူ့ရဲ့ အစိုးရအဖွဲ့အတွင်း စနစ်တကျ နားလည်တတ်ကျွမ်းသူများနဲ့ အပြောင်းအလဲ လုပ်မှာ ဖြစ်ကြောင်း ရှင်းလင်းလေသည်။ သဘောကတော့ အဘီဆစ်ရဲ့ ဝေဖန်မှုကို လက်ခံပြီး ပြုပြင်စရာရှိတာ ပြုပြင်မယ်လို့ ဆိုလိုက်တာဖြစ်သည်။ ဘယ်လောက် ဒီမိုကရေစီဆန်လိုက်ပါသလဲ၊ တကယ်တော့ ယနေ့အချိန် ထိုင်းနိုင်ငံက နိုင်ငံရေးအကြပ်အတည်းကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်း အုပ်ချူပ်နေသည့် ကာလဖြစ်သည်။ မြန်မာပြည်မှာဆိုပါက အစိုးရကို အကြည်ညိုပျက်အောင် ဝေဖန်သည်ဆိုကာ ပုဒ်ထီး ပုဒ်မတွေ တပ်လာနိုင်သည်။
ထိုင်းစီးပွားရေး ကျဆင်းလာတယ်ဆိုတာ အစိုးရလို တာဝန်ရှိအဖွဲ့အစည်းတွေလို စစ်တမ်းမကောက်၊ ဒေတာ တွက်ချက်ခြင်း မရှိပဲ သာမာန်လူတစ်ယောက်အနေနှင့်ပင် သိရှိလာရလေသည်။ ဈေးသည်တွေ ၊ ဈေးဆိုင်တွေ လမ်းတွေပေါ်မှာ တိုးလာသည်။ တခါမှ မတွေ့ဘူးသည့် တောင်းရမ်းသူတွေ များလာသည်။ လူသွားလူလာနည်းပါး၍ လွန်ခဲ့သည့် (၅)နှစ် ဝန်းကျင်ခန့်အထိ မည်သည့် ဆိုင်မှ မရှိပဲ ရှင်းလင်းနေသည့် ဟိုင်းဝေးလမ်းမသို့ အထွက်လမ်းတွေမှာ ဈေးဆိုင်လေးတွေ အလျှို အလျှို ပေါ်လာသည်။ ဒီအကြောင်း ရေးသာရေးရတာ မြန်မာအစိုးရက တွေ့လား သူများနိုင်ငံတွေလည်း စီးပွားရေးတွေကျနေတာလို့ ပခုံးချင်းယှဉ်ပြောမှာလည်း စိုးရသေးသည်။
မြန်မာပြည်မှာ ရေကြီးတဲ့ အဖြစ်အပျက်တွေ စဖြစ်ကာစက ဖေ့စ်ဘွတ်မှာ သတင်းတွေ ပလူပျံနေပြီး အစိုးရက အတိအကျ ပြောတာ မတွေ့တဲ့အတွက် အစိုးရပိုင်ရုပ်မြင်သံကြားသတင်းကို စောင့်နားထောင်ရာ ရေကြီးသည့်သတင်းနှင့်အတူ တိုင်းဝန်ကြီးချူပ်က အလှုပစ္စည်းတွေ ပေးတဲ့ သတင်းတွေ ဝေဝေဆာဆာ တွေ့ရသည်။ ရေထဲမှာ ပြေးလွှား ရွှေ့ပြောင်းနေသည့် မြင်ကွင်းတွေတော့ မမြင်ရ။ မဏ္ဍပ်တွေမှာ အစိုးရအဖွဲ့က တွေ့ဆုံ အားပေးစကားပြောတာတွေ မြင်ရသည်။ တဆက်ထဲမှာ မြန်မာပြည် ရေကြီးသတင်းပြီးတော့ နိုင်ငံတကာ သတင်းစပြရာမှ ရေကြီးနေသည့် အနောက်နိုင်ငံ သတင်းကိုတန်းပြလေသည်။ စိတ်ထဲမှာ အစိုးရက ရေကြီးတာ တို့တစ်နိုင်ငံထဲ မဟုတ်ဘူးဟေ့လို့ ပြောချင်တာလား မသိလို့ တွေးလိုက်မိလေသည်။
နောက်တော့ ဒါဟာ တကယ်ဖြစ်နေသည်။ သမတက သူများနိုင်ငံတွေလည်း ဖြစ်နေတာပဲ လို့ ထုတ်ဖော်ပြောသည်။
မြန်မာပြည်မှာ ငွေတန်ဘိုးကျဆင်းပြီး ကုန်ဈေးနှုန်းတွေ တက်လာသည်။ ဒေါ်လာငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ တခါမှ မရောက်ဖူးသည့် ဈေးကို ရောက်ရှိသွားသည်။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ တစ်ထောင့်သုံးရာနား ရောက်လုရောက်ခင် ဖြစ်လေသည်။ ထိုင်းမှာလည်း ၂၀၁၁ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ငွေတန်ဘိုးကျဆင်းတာဖြစ်သည်လို့ ဆိုသည်။ အမေရိကန်ငွေ တစ်ဒေါ်လာကို ထိုင်းဘတ်(၃၅) ဘတ်အထိ ရောက်သွားသည်။ ယခင်က ဒေါ်လာ(၁၀၀)ငွေလဲလျင် ထိုင်းဘတ် သုံးထောင်ဝန်းကျင်ကနေ သုံးထောင့်နှစ်ရာ အလွန်ဆုံး ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များက အမေရိကန်ငွေကြေး ကျဆင်းမှုကြောင့် စီးပွားရေးကျဆင်းမှုကို ပြန်လည်နလံထူအောင် ယခုနှစ်ပိုင်းတွေမှာ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်မှုကြောင့် ငွေကြေးခိုင်မာလာတာလို့ ဆိုလေသည်။ တဖက်က နိုင်ငံတကာသုံး ငွေကြေးက ဈေးကွက်မှာ ခိုင်မာလာသည့်အခိုက် ကိုယ့်တိုင်းပြည်မှာက မလုပ်တတ်မကိုင်တတ် အလွဲအချော်တွေကြောင့် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဆိုသကဲ့သို့ ဖြစ်ကာ အများတကာထက် နှစ်ထပ်ကွမ်းနစ်နာကြရလေသည်။
တိုင်းပြည်မှာ လုပ်တတ်ကိုင်တတ်သည့် ပညာရှင်များ ဦးဆောင်လုပ်ပါမှ ပြည်သူတွေ အထိအခိုက်နည်းမှာတော့ အမှန်ပင်။
မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်နေသည့်အချိန်မှာပဲ နိုင်ငံအဝှမ်း ရေလွှမ်းရာ ကုန်ဈေးနှုန်းကြီးမြင့်လာမှာ စိုးရိမ်သည်ဆိုသည့် သတင်းတွေ ဖတ်ရသည်။ (၂၀၁၁)ခုနှစ် မှာ ထိုင်းနိုင်ငံမှာ ခရိုင်(၇၇)ခု ရှိတာမှာ (၆၇) ခရိုင် ရေလွှမ်းမိုးခံခဲ့ရသည်။ နိုင်ငံရဲ့ သုံးပုံနှစ်ပုံ ရေလွှမ်းခံခဲ့ရလေသည်။ ထိုစဉ်က ဝန်ကြီးချူပ်မှာ ယင်လတ်ရှနာဝပ်ဖြစ်သည်။ ကုန်ဈေးနှုန်းတွေ မတက်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်သည့်ကြားကပင် ဆီဈေးတွေ ခေါက်ချိုး တက်သွားသည်။ သူကတော့ တိုင်းပြည်ကို ပွင့်ပွင့်လင်းလင်းပင် ပြောပြသည်။ ဆီထွက်သီးနှံများ ရေနစ်မြုတ်သည့်အထဲ ပါသွားသည်။ ကြံစိုက်ခင်းတွေ ရေမြုတ်၍ သကြားဈေး အနည်းငယ်တက်သည်။ သို့သော် ဆန်ဈေးအထွေအထူးပြောပလောက်အောင်မတက်ပါ။ မတက်အောင် ကြိုးစားထားရာ တဖက်က ခံသာလေသည်။ ယခု ၂၀၁၅ခုနှစ်ရောက်သည်အထိ ဆန်ဈေးက ပုံမှန်ပင်။ အဓိကက ဝိသမလောဘသမားတွေက အခွင့်အရေးချောင်းကာ အလုအယက် ဈေးတက်တာမျိုး မရှိပေ။
ထိုင်းမှာ ခေါက်ဆွဲခြောက် တစ်ထုတ်ကို ငါးဘတ်မှ ခြောက်ဘတ်သို့ အကြောင်းမဲ့ ဈေးတက်သည့်အတွက် ပြည်သူတွေ ဆန္ဒပြရာ ငါးဘတ်သို့ ပြန်ချပေးရသည့် အဖြစ်အပျက် ဖြစ်ခဲ့ဘူးပါသည်။ ရေဘေးခံရ၍ ဆီထွက်သီးနှံများ နစ်မြုတ် သဖြင့် ပဲ ဆီ (၁၀၀၀ မီလီဂရမ်) ၊ မြန်မာအလေးချိန် ခြောက်ဆယ်ကျပ်သားခန့် တစ်ပုလင်းကို (၂၄) ဘတ်ကနေ (၄၈)ဘတ် တက်သွားရာ အများက လက်ခံလေသည်။ ယခု ၂၀၁၅ခုနှစ် အရောက်မှာ ဆီတစ်ပုလင်း (၅၅)ဘတ်အထိ ဈေးတက်လာလေသည်။
ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ သိသိသာသာ တက်လာသည်။ တစ်နှစ်အတွင်းမှာ စုံ့သမ်လို့ ခေါ်သည့် ထိုင်းသင်္ဘောသီးထောင်း တစ်ပွဲကို ဘတ်(၃၀)ကနေ (၃၅)ဘတ်၊ ထိုင်းတွေ အများဆုံးစားကြသည့် ထမင်းပေါ်မှာ ဟင်းတခါထဲ ပုံသည့် စတိုင်၊ အရင်က တစ်ပွဲ (၃၀) ကနေ ယခု (၃၅)ဘတ်၊ တချို့ဆိုင်တွေမှာ ဘတ်(၄၀)၊ ကွေ့တီယိုလို့ ခေါ်သည့် ထိုင်းခေါက်ဆွဲပြုတ်လည်း ထို့အတူ ဈေးတွေ တက်လာသည်။
ထူးခြားသည်က ရွှေဈေး ဘတ်(၁၈၀၀၀) အထိ ကျဆင်းနေသောလည်း ယခင် ဘတ်နှစ်သောင်းခွဲ ဈေးပေါက်တုန်းကလို ဝယ်သူကြိတ်ကြိတ်တိုးမနေ။
ထိုင်းစစ်တပ်က မှတ်ပုံတင်ထားခြင်း မရှိသည့် တရားမဝင် ငါးဖမ်းလှေတွေကို ဖမ်းဆီးရာက ရေထွက်ကုန်တွေ ဈေးတက်ကုန်ပြန်သည်။ မီဒီယာက ချက်ခြင်း သတင်းထုတ်သည်။ ပင်လယ်မထွက်ပဲ ရပ်နားထားရသည့် လှေများ၊ အလုပ်အကိုင် မရှိတော့သည့် ငါးဖမ်းလုပ်သားများ၊ ဈေးထဲမှာ ရေထွက်ပစ္စည်းပြတ်လတ်မှုနှင့်အတူ ဈေးတွေ တက်တာ စသဖြင့် ရိုက်ကူး သတင်းထုတ်ကြသည်။ ဒီလိုလုပ်ရင် ဒီလိုဖြစ်မှာ ကြိုမတွေးဘူးလား၊ ကြိုတင်ပြင်ဆင်မှု မရှိပဲ ရုတ်တရက် အမိန့်ထုတ်တာကို ဝေဖန်သံတွေ သောသောညံသွားရာ အစိုးရက ပြန်လည်စီမံ ပေးလိုက်ရလေသည်။
တိုင်းပြည်ကို အုပ်ချူပ်တာမှာ လူမှန်နေရာမှန် အုပ်ချူပ်မှသာ သင့်တော်နိုင်သည့် အကြောင်းတရားတွေဖြစ်သည်။ ထိုင်းစစ်တပ် အာဏာသိမ်းစဉ်ကာလက တိုင်းပြည်ကို ထိုကဲ့သို့ အုပ်ချူပ်နေပါက မြန်မာပြည်ကဲ့သို့ ဖြစ်သွားမည်ဟု ပညာရှင်တွေ ဝေဖန်ရေးသားတာ ဖတ်ရတာ ပြန်သတိရမိလေသည်။ အကောင်းဆုံးကတော့ သူ့နေရာနှင့်သူ လူမှန်နေရာမှန်သာ အသင့်တော်ဆုံးဖြစ်ပေမည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment