August 5, 2015

" သတင်းစကားပါးပါရစေ "( ဩဂုတ်လ(၃)ရက် ၂၀၁၅ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၂၉)မှ)


“ကျနော့်အမြင်ကတော့ လုပ်သင့်တာပေါ့ဗျာ။ ဒီလောက် မိုးကြီးတာ ထူးထူးခြားခြား ဖြစ်နေတာပဲ။ နည်းနည်းနောနော ပြည်နယ်တိုင်းလည်း မဟုတ်ဘူးလေ။ တပ်လှန့်ဖို့သင့်ပြီလို့ ကျနော်မြင်တယ်၊ အထူးသဖြင့် စောင့်ရှောက်သင့်တာကတော့ ရေကာတာတွေပဲဗျ။ ဆည်ကာတာက ရေကိုတော့ ဖြစ်ပေါ်နေတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ရေပြင်ကို ထိန်းဖို့ပေါ့။ တချို့ ရေကာတာတွေထဲက ရေက ဘောင်ဘင်ခတ်နေပြီဗျ၊ ဘောင်ဘင်ခတ်နေပြီဆိုတော့ မိုးကြီးတာ တချက်နဲ့ မိလိုက်ရင် အောက်ကတကြောက အကုန် သွားမှာပဲ။ အဲ့ဒါကတော့ အရေးအကြီးဆုံး အချက်ပဲဗျ။”
မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဆရာဦးထွန်းလွင်က လတ်တလော ဖြစ်နေတဲ့ ရေကြီး ရေလျှံမှုနဲ့ ပတ်သက်ပြီး မီဒီယာတစ်ခုနဲ့ အင်တာဗျူး မှာအခုလို ပြောတာဖြစ်သည်။ ကန့်ဘလူ၊ ကောလင်း အပါအဝင် စစ်ကိုင်းတိုင်းမှာ ရွာတွေ၊ လယ်မြေတွေ ရေနစ်မြုတ်ကုန်ပြီ၊ မြန်မာပြည်အထက်ပိုင်း ရေကြီးမှုသတင်းတွေ ဆက်တိုက် ဆိုသလို တွေ့နေရလေသည်။ သို့သော် ရေကြီးတာ ဖေ့စ်ဘွတ်မှာပဲ ကြီးနေသလား ထင်ရအောင် အစိုးရသတင်းထုတ်ပြန်ချက်တွေ နှေးကွေးနေတာ တွေ့ရသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းမှာတော့ ရေကြီးရေလျှံ သတင်း၊ ရေကြီးလာနိုင်သည့် သတင်းအချက်အလက်၊ ရေအနေအထား စတာတွေထက် ရေကျသွားပါက မည်သို့မည်ပုံ နေထိုင်ရမည်၊ ကျန်းမာရေးသတိပေးနှိုးဆော်ချက်တွေကို နားထောင်ရသည်။ ဟိုမှာ ရေဘေးဒုက္ခသည်တွေက မီးကမလာ ရေကစိုရွဲ စားဖို့က တမျိုး ဒုက္ခမျိုးစုံထဲမှာ ရုပ်မြင်သံကြားကို ဘယ်နေရာမှာ ကြည့်နိုင်ပါ့မလဲ။
ရေဘေး ကူညီနေသည့် အရပ်ဖက်အဖွဲ့အစည်း အချို့ နှင့် ပရဟိတအဖွဲ့များပင် လိုအပ်သည်များ သယ်ဆောင်၍ သွားပါသော်လည်း အမှန်တကယ် လိုအပ်သည်များကို ထိုဒေသရောက်မှ သိရှိ၍ နောက်လူတွေ လာပါက ယူဆောင်လာရန်တွေကို လူမှုကွန်ရက်တွေမှ ရေးသား ဖြန့်ဝေသတိပေး အကြောင်းကြား လက်ဆင့်ကမ်း သတင်းဆိုနေကြရလေသည်။ အတွေ့အကြုံရှိသည့် NGO ဝန်ထမ်း တစ်ဦးကတော့ ရေဘေးဒုက္ခသည်တွေအတွက် ပထမဦးဆုံး အရေးကြီးတာက ရေသန့် ရရှိရေးပါတဲ့၊ ပြီးတော့ဆေးဝါး၊ အဝတ်အထည်ပါတဲ့၊ ခေါက်ဆွဲခြောက်ထုတ်တွေထက် ရေသန့်နှင့် ဆေးဝါး ထောက်ပံ့နိုင်ဖို့ ဦးစားပေးရမည်ဟု ဆိုပါသည်။
သဘာဝဘေးဒဏ်မှာ မလွဲမရှောင်သာ၍ ခံကြရတယ်ဆိုသော်လည်း ကြိုတင် သတိပေးချက်က အလွန်ပင် အရေးကြီးပါသည်။ ကြားရသည်များကတော့ ဒေသခံတွေသည် ရေကြီးလာမှ ကသုတ်ကရက် ပြေးကြရသည်တဲ့၊ တချို့ရွာတွေဆိုပါက ဆည်ရေကြောင့် နစ်မြုတ်ကုန်လေသည်။ တိုးတက်လာသော ခေတ်စနစ်ကြောင့် ယခုခေတ်မှာ အချိန်နှင့် တပြေးညီ ပြည်သူတွေ သိကြရခြင်းဖြစ်သည်။ ယခင်ကတော့ မပြောမဆို ဆည်ရေဖောက်ချလိုက် သဖြင့် တစ်ညအတွင်းမှာ ရွာလုံးကျွတ်ပျောက်သွားရတာ မည်သူမျှပင် မသိလိုက်၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းရင်းမှ သိရတာပင်၊ သတိပေးချက်ထုတ်တာလည်းမရှိ၊ လုပ်ချင်တာ လုပ်လိုက်တာပဲ ဖြစ်သည်။
တကယ်တော့ ဆည်ရေ ပြည့်လာ၍ ဖောက်ချဖို့ လိုအပ်သည် ဆိုပါက နီးစပ်ရာ ဒေသခံများကို ကြိုတင် သတိပေးချက် ထုတ်ပြန်ရပေမည်။ ရေအတိုင်းအတာကို တွက်ချက် ချိန်ဆ၍ တစ်နေ့ ဘယ်နှစ်လက်မ ဖောက်ချမလဲဆိုတာ ကြိုတင်ပြင်ဆင်ရသည်။ အဆိုပါ ဖောက်ချသောရေသည် ကျေးရွာ၊ လယ်မြေတွေ အပေါ် ထိခိုက်မှု မရှိအောင် တဖြေးဖြေး ချင်း တနေကုန် ၊ ရက်ဆက် ဖောက်ချရခြင်းဖြစ်သည်။
အဆိုပါ အကြောင်းတွေကို စာရေးသူ သိရသည်မှာ ဆည်မြောင်းနှင့် သက်ဆိုင်၍လည်း မဟုတ်ပါ၊ အဆိုပါ ဌာနတွေမှာ အလုပ်လုပ်ဖူး၍လား ဆိုတော့ မဟုတ်ပါ။ အစိုးရက ပညာပေး၍ ပြည်သူတစ်ယောက်အနေနှင့် သိရှိလာရခြင်း ဖြစ်ပါသည်။ သို့သော် မြန်မာပြည်မှာတော့ မဟုတ်ပါချေ။
စာရေးသူသည် မြန်မာလူမျိုးတစ်ယောက် ဖြစ်သော်လည်း တိုင်းပြည်၏ ခေတ်စနစ်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ အရိပ်ကို ခေတ္တခိုကာ ထိုင်းအစိုးရကို ပေးစရာရှိသည့် အခွန် ထမ်း၍ နေတာသာရှိပြီး သူတို့လက်အောက်မှာ ၊ သူတို့မျက်နှာကြည့်ပြီး လုပ်ရသည့် အလုပ် လုပ်ကိုင်နေခြင်း မရှိပါ။ သို့သော် ထိုင်းအစိုးရ၏ ပြည်သူတွေ အပေါ်ထားသည့် စေတနာနှင့် အခွင့်အရေး အချို့ ကို ကပ်သပ်ပြီး ရနေတတ်လေသည်။
သဘာဝဘေးဒဏ် ကျရောက်နိုင်သည့် အလားအလာများ ဖြစ်လာပါက တာဝန်ရှိသူများက တစ်လမှနေ အနည်းဆုံး နှစ်ပတ်ခန့် ကြိုတင် သတိပေးသည့် အကျင့်ရှိလေသည်။ မိုးကြီးမည်၊ ရေလျှံမည်၊ မိုးခေါင်မည်၊ ရေရှားမည် စသဖြင့် ကြိုတင် အသိပေးသည့် အလေ့အကျင့် ရှိလေသည်။ ထို့အပြင် ရေကြီး၊ ရေရှား ဖြစ်က မည်သို့ ဆောင်ရွက်မည်ကိုလည်း ကြိုတင်စီမံထားပြီး ဖြစ်သည်မှာ အားကျစရာပင်၊
၂၀၁၅ခုနှစ် ဇူလိုင်လဆန်းအထိ ထိုင်းနိုင်ငံအနှံ့မှာ မိုးရွာသွန်းခြင်း မရှိပဲ ပူပြင်းခြောက်သွေ့လျက်ရှိလေသည်။ မိုးလေဝသနှင့် ရာသီဥုတု တိုင်းတာရေးအဖွဲ့က မိုးခေါင်မည်ဟု သတိပေးချက်ထုတ်ပြန်လာသည်။ အစိုးရက မိုးခေါင်ပါက ရေရှားလာမည်ဖြစ်၍ ရေကို ချွေတာသုံးဖို့ ပြောလေသည်။ ဝန်ကြီးချူပ် ပရာယွတ်ကိုယ်တိုင်က အဝတ်တွေကို နည်းနည်းချင်းမလျှော်ပဲ စုလျှော်ဖို့၊ သွားတိုက်နေစဉ် ရေပိုက်ခေါင်းတွေ ပိတ်ထားဖို့၊ သစ်ပင်တွေကို နေ့စဉ် ရေလောင်းခြင်း မလုပ်ပဲ တစ်ရက်ခြားတခါမှ ရေလောင်းဖို့ ပြောကြားလေသည်။
စာရေးသူမှာ အဝတ်လျှော်မည် ပြင်တိုင်း၊ အပင်တွေ ရေလောင်းဖို့ ပြင်တိုင်း ပရာယွတ်မျက်နှာ မြင်ယောင်ကာ ရေသုံးဖို့ တွန့်သွားလေသည်။ အိမ်နီးချင်း မိတ်ဆွေကလည်း ထိုသို့ ခံစားရကြောင်း ပြောလာပြန်တော့ အားလုံး တွန့်သွားပြီး ချွေတာရေးစကား ထိရောက်သည်ဟု ဆိုရမည်။
ယခုသော် မိုးကြီး၍ ရေများလာပြန်ရာ ထိုင်းနိုင်ငံ မြောက်ပိုင်း ရေကြီးနိုင်ပြီး မြေပြိုမှု ဖြစ်နိုင်တယ်လို့ ကြိုတင် သတိပေးပြန်လေသည်။ သဘာဝဘေးဆိုတာ ဒီလိုပဲ ပြောင်းလည်း ဖြစ်တတ်တဲ့ သဘောမို့ အစိုးမရ။ ပထမဆုံး ရေကြီးတာ ကိုယ်တွေ့ကြုံခဲ့တာ ၂၀၁၁ခုနှစ် ထိုင်းနိုင်ငံမှာ ဖြစ်သည်။ ၊ မြန်မာပြည်မှာ နေစဉ်က ရေကြီးတာ တခါမှ မကြုံဖူးတဲ့ အတွက် ရေကြီးပါက ရေတွေဝုန်းကနည်း တက်လာပြီး အသက်လု ပြေးရမည်ဟု စိုးရိမ်နေခဲ့လေသည်။ ထိုင်းနိုင်ငံ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာတို့မှ မိုးများ၍ ရေကြီးမည့်အကြောင်း၊ ဆည်များ ရေပြည့်လာ၍ ရေဖောက်ချမည့် အကြောင်း သတိပေးချက်များ ထုတ်ပြန်လေသည်။ ရေကြီးတော့မည် ဆိုတော့ ရေဘယ်လို ကြီးပါလိမ့် စောင့်ပြီး ညည ထကြည့်ရလေသည်။ မြစ်ရှိရာ သို့ သွား၍ ရေမှတ်ကို သွားကြည့်ကြသည်။ လာကြည့်သူများမှာမနည်းမနော၊ ကား၊ ဆိုင်ကယ်တွေဖြင့်လာကြည့်ကြရာ ဈေးသည်တွေ ပွဲဈေးလို စည်ကားစွာ ရောင်းကြရာ မြစ်ဘေးမှာ ဈေးတန်းကြီး ဖြစ်နေလေသည်။ မြစ်ထဲမှာ စီးနေသည့် ရေအရှိန်ကို ကြည့်လိုက် ဒီဂျစ်တယ်ဖြင့် အချက်ပြနေသည့် ရေမှတ်ကို ကြည့်လိုက်ဖြင့် တွက်ချက်၍ ရလေသည်။
မြစ်ထဲမှာ ဆည်ကဖောက်ချလိုက်တဲ့ ရေတဖြည်းဖြည်း များလာတဲ့အခါ မြို့ထဲ၊ ရွာထဲ ရေဝင်ဖို့ သေချာလာပြိဆိုတော့ ရပ်ကွက်တွေမှာ တပ်ထားသည့် လော်စပီကာမှနေ၍ သတိပေးကြေညာချက်တွေ ဆက်တိုက် ထွက်လာလေသည်။ ၂၀၁၁ခုနှစ်၊ ချင်းမိုင်ရေကြီးတော့မှ ရေတက်တာ ဝုန်းကနည်း တက်တာမဟုတ်ပဲ တဖြေးဖြေး တက်လာတယ်ဆိုတာ သိရလေသည်။ ပြေးလို့မှ လွတ်ပါ့မလား တွေးပူရတာ အလကားဖြစ်ပြီး အေးအေးဆေးဆေး အိမ်ကနေ ရေလွတ်ရာ နှစ်ထပ်တိုက် စာသင်ကျောင်းကို ပြောင်းရွှေ့နေရလေသည်။ လှုတန်းသည်များက ရေသန့်နှင့် ဆေးတွေ ဖြစ်သည်။ အရက်ပြန်နှင့် ထိခိုက်ရှနာလိမ်းဖို့ ဆေး၊ဂွမ်း၊ ပလာစတာတွေလည်းမနည်းမနော၊ ရေကျပြီးအိမ်ပြန်တဲ့အထိ ဆက်သုံးနေရလေသည်။ ရေတက်လာတော့ ရေက လူကြီးရင်ခေါင်းလောက်အထိ တက်သည်။ သို့သော် လူတွေ ၊ ပစ္စည်းတွေ ဆုံးရှုံးနစ်နာမှု အနည်းဆုံးအနေအထားဖြင့် သဘာဝဘေးဒဏ်ကို ခံရတာဖြစ်သည်။
ရေကြီးရေလျှံ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံခဲ့ပြီး ပညာပေး၊ သတိပေးချက်တွေကို ကိုယ်တိုင်ခံစားခဲ့ရပြီး ၊ ရေက သူ့ဖာသာ တက်ချင်သလောက်တက်၊ အမိုးအကာအောက်မှာ နွေးနွေးထွေးထွေးဖြင့် နေခဲ့ရတာ ကြုံခဲ့သည့်အတွက် ယခုလို မြန်မာပြည်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းနေသည့် အဖွားအိုကို မြင်ရသည့်အခါ၊ ရေရွှဲနစ်နေသည့် စာအုပ်ကလေးကို ကြည့်ပြီး ဝမ်းပမ်းတနည်း ငိုနေသည့် ကလေးငယ်လေးကို မြင်လိုက်ရသောအခါ ဆို့နစ်စွာ ခံစားရပါသည်။
“မြစ်ဝကျွန်းပေါ်က ပြေးမလွတ်ဘဲ၊ ရှိသမျှရေက မြစ်ဝကျွန်းပေါ် လာစုမှာပဲလေ။ ချင်းတွင်းမြစ်ဖျား ရွာလည်း နောက်ဆုံး ဧရာဝတီမြစ်ထဲပဲ ရောက်တာပဲလေ။ မြစ်ဝကျွန်းပေါ်က ကျနော် အမြဲသတိပေးနေတဲ့ ဒေသပဲ။ နောက် သူကိုယ်နှိုက်ကိုကလည်း မိုးကောင်းနေတယ်။ ဆိုးတာက မုတ်သုံကောင်းရင် အောက်က ရေက တောင့်တယ်၊ အဲ့ဒီမှာ အပေါ်က ရေကဆင်းလာပြီး ဒီရေနှစ်ခုသာ ဆုံတဲ့ရက်ကိုရောက်ရင် ရေကြီးတာ ရုတ်တရက် မြင့်တက်လာဖို့ အကြောင်းရှိတယ်။”
“သိပ်မကြာဘူးဗျ၊ ဒီ တပတ်အတွင်းပဲ၊ တပတ်ဆိုတာတောင် များနေပါတယ်၊ အလွန်ဆုံး ၄-၅ ရက်ပေါ့။ ကြိုတင်ကာကွယ်မှုကတော့ ကိုယ်နေတဲ့ဒေသ သိရမှာပေါ့ဗျာ။ ဘယ်လို ဖြစ်နိုင်လဲ၊ ရေကြီးမှုအန္တရာယ် ရှိလာနိုင်သလား၊ ရှိနိုင်ရင် ဘေးကင်းရာ ပြောင်းပြီး နေတာ ကောင်းတယ်။ အထူးသဖြင့် တောင်ကျချောင်းရေ ၀င်နိုင်တဲ့ အရပ်မျိုးဆို ပိုပြီး သတိထားနေရမယ်။ အခု အဲ့ဒါနဲ့ သေတာကို တော်တော်များနေပြီ။ တောင်ကျချောင်းရေ ၀င်နိုင်တဲ့ဒေသ၊ မြေနိမ့်ပိုင်းဒေသ၊ မြေပြိုနိုင်တဲ့ ဒေသမျိုးတွေဆို ဘေးကင်းရာ ပြောင်းနေတာ အကောင်းဆုံးပဲ။”
ဆရာဦးထွန်းလွင်ရဲ့ ခန့်မှန်း သတိပေးချက်ဖြစ်လေသည်။
လွှတ်တော်အမတ်တစ်ဦးကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ " လေယာဉ်ပေါ်ကကြည့်လိုက်တော့ မှ မြစ်သာမြစ်က ပင်လယ်ဖြစ်နေတာတွေ့ရတယ် ။
အပေါ်ကမြစ်တွေဒီလောက်ဆိုးနေရင် ဧရာဝတီ တိုင်းကလူတွေ ပြေးကြရင်အချိန်မှီပါသေးတယ် ။ ပြေးကြဘို့အချိန်တန်ပြီ " တဲ့
သတိပေးစကား ပြောပုံကတော့ သင်းပါပေ့ဆိုတော့ အနားမှာရှိတဲ့ အိမ်သားက ပြောလို့ တော်သေး မှတ်ပါအေ တဲ့၊
သေချာတာကတော့ ရေကြီးရေလျှံမှုသည် မြန်မာပြည် အထက်ပိုင်းမှ ဧရာဝတီတကြော စီးဆင်းလာနိုင်လေသည်။ ပညာရှင်ဖြစ်သည့် ဆရာဦးထွန်းလွင်ရဲ့ ခန့်မှန်း သတိပေးချက်ကို ပြည်သူအများ သိရှိပြီး လိုက်နာနိုင်ကြပါစေ၊ ကျေးလက် တောရွာအရောက် သတင်းစကားတွေ ဖြန့်ဝေပေးနိုင်ပါစေ၊ ဆုတောင်းစကားနှင့်အတူ ပြည်သူတွေ ဘေးကင်းနိုင်ပါရန် သတင်းစကား မျှဝေလိုက်ရပါသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment