January 11, 2016

"လွင့်ပါးပျောက်ကွယ်မသွားစေချင်" ၁၁ရက် ဇန္နဝါရီ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၂)မှ


သတင်းတစ်ပုဒ်မှာ မြန်မာပြည်မှာသာရှိတဲ့ မြန်မာ့မျိုးရင်း ရှားပါး ကြယ်လိပ် အကောင်တစ်ရာ ပျောက်ဆုံးနေပြီး အဲဒီထဲကမှ သုံးကောင်ကို ထိုင်းနိုင်ငံကနေ ပြန်တွေ့တယ်ဆိုတဲ့ အကြောင်း ဖတ်ရသည်။ အရောင်းအဝယ်လုပ်မယ့် ထိုင်းလူမျိုးက သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားရာက ထိုင်းသစ်တောအရာရှိတွေက သတင်းရပြီး သွားရောက် စစ်ဆေးတာမှာ ပျောက်ဆုံး မြန်မာ့ ကြယ်လိပ်တွေ ဖြစ်နေတာပင်၊ အဲဒီမတိုင်ခင်ကာလတွေမှာလည်း တနင်္သာရီတိုင်းဖက်က ရှားပါး ကြံ့တွေ ထိုင်းနိုင်ငံ သစ်တောတွေဆီ ရောက်ကုန်သည့် အကြောင်း ရေးတာ ဖတ်လိုက်ရသေးသည်။ သဘာဝတောတောင် ပြုန်းတီးမှုနှင့် လူတို့ရဲ့ သဘာပတ်ဝန်းကျင် သစ်တောနဲ့ ပတ်သက်ပြီး အသိပညာအားနည်းမှုတွေကြောင့် ပြည်တွင်းက ရှားပါး သဘာဝရတနာတွေ ပြည်ပကို ရောက်ကုန်တာဖြစ်သည်။
ဒီလို သတင်းတွေ ဖတ်ရမြင်ရသောအခါ အမိမြန်မာပြည်ရဲ့ သဘာဝတွင်းတွက်ရတနာ၊ သစ်တောထွက် ပစ္စည်းအပါအဝင် ရှားပါး တိရစ္ဆာန်တွေ သဘာဝအတိုင်း မျိုးတုံးပျောက်ကွယ်တာထက် လူတွေကြောင့် မျိုးတုံးပျောက်ကွယ်ကြရတာ တွေးရင်း လူသားမျိုးနွယ်တွေပါ ပြည်ပကို အကြောင်းအမျိုးမျိုးနှင့် ရောက်ကုန်တာ စဉ်ဆက်မပြတ် တွေးမိလေတော့သည်။
အတွေးထဲမှာ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့က ထိုင်းဘုရင် ဘူမိဘောရဲ့ အသက်(၈၈) နှစ်ပြည့် မွေးနေ့ ဆုတောင်းဖို့ လမ်းလျှောက်ကြတဲ့ ခရီးစဉ်တစ်ခုကို သတိရမိလေသည်။ ထိုနေ့က လမ်းလျှောက်ကြမည့် ကျောင်းတွေ၊ အုပ်ချူပ်ရေး အာဏာပိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက လူတွေ စုရပ်မှာ ရပ်နေကြသည်။ စာရေးသူပါဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးတွေရဲ့ ကျောင်းကနေ ပါဝင် လမ်းလျှောက်ကြမည့် သူတွေထဲမှာ မြန်မာပြည်က ရှမ်း၊ ကချင်၊ ကရင် အစရှိသည့် တိုင်းရင်းသားတွေ ပါရာ သူတို့က သူတို့ရဲ့ ရိုးရာ တိုင်းရင်းသား ဝတ်စုံ တွေ ဝတ်ဆင်လာကြသည်။ အများဆုံးက ကရင်တိုင်းရင်းသား ဝတ်စုံတွေ ဝတ်လာကြရာ စာသင်ပေးသည့် နိုင်ငံခြားသား ဆရာများပင် ကရင်ဝတ်စုံကို ဝတ်ဆင်လာကြလေသည်။ အားလုံး လူစုနေသည့် အချိန် အခြား ကျောင်းသားတွေ ဝင်လာရာ ကြည့်လိုက်တော့ ကရင်ဝတ်စုံတွေနှင့် ဖြစ်သည်။ အနီးမှာ ရပ်နေသည့် ဆရာမတစ်ယောက်က " ဟောတော့ ကရင်လူမျိုးးတွေကိုလည်း သူတို့ လူမျိုးအဖြစ် မွေးစားလိုက်ပြန်ပြီ" လို့ ရေရွတ်လေသည်။ သူအလန့်တကြား ရွတ်လိုက်တာ အကြောင်းရှိပါသည်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံလို ကမ္ဘာက စိတ်ဝင်စားဖွယ်ရာ ကိုယ်ပိုင်စာပေ၊ ယာဉ်ကျေးမှု၊ ဘာသာစကား ထုံးတမ်းဓလေ့ ရှိသည့် တိုင်းရင်းသားမျိုးနွယ်စုတွေ ရှိမနေပါ၊ မြန်မာလူမျိုးတွေကမှ အင်မတန် စိတ်ဝင်စားစရာ ကောင်းသည့် လှပပြီး စိတ်ဝင်စားစရာကောင်းစရာ လူမျိုးစုတွေ စုပေါင်းတည်ရှိနေတာဖြစ်သည်။ ထိုင်းနိုင်ငံအနေနှင့် နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်ရာမှာ သဘာဝပတ်ဝန်းကျင် အလှအပပြီးရင် လူမျိုးစုတွေက အဓိက အခရာကျနေလေသည်။ သဘာဝတောတောင် စိမ့်စမ်းတွေကို စွဲမက်ဖွယ်ကောင်းအောင် ပြုပြင်၍ ဖြစ်စေ၊ ဖန်တီး၍ ဖြစ်စေ ခရီးသွားများကို ဆွဲဆောင်ဖို့ကြိုးစားတာဖြစ်သည်။ မြန်မာပြည်မှာရှိသည့် သဘာဝ ရေခဲတောင်တွေ၊ သဘာဝ ကျောက်ဆောင်တွေ ၊ သဘာဝ ရေပူစမ်း၊ စိမ့်စမ်းတွေ၊ ရေတံခွန်တွေ မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမါန်အောင်လုပ်ညိ့း စနစ်တကျ မွမ်းမံပါက ထိုင်းနိုင်ငံထက် အများကြီးသာလှပေသည်။ အပန်းဖြေစခန်းတွေ၊ နိုင်ငံခြားသားများ လည်ပတ်ချင်စရာ နေရာတွေမှာ လူတို့ဖန်တီးတာ မဟုတ်ပဲ သဘာဝအတိုင်း များစွာ ရှိနေရာ အလုပ်အကိုင်အခွင့် အလမ်းတွေ များစွာပေါ်လာနိုင်ပေမည်။ ထိုင်းနိုင်ငံ အပန်းစခန်း ၊ ကျွန်းတွေမှာ သွားရောက်အလုပ်လုပ်နေကြသည့် ရခိုင်၊ တနင်္သာရီ၊ ကရင်ပြည်နယ် မှ ဒေသခံ တိုင်းရင်းသားတွေ အတွက် မိမိတို့ ဒေသမှာပင် မိမိတို့ အလုပ်လုပ်နိုင်ကြပေလိမ့်မည်။
ယခုသော် ထိုင်းမှာက ထိုအရာများကို သေသေချာချာ ဖန်တီးထားရာ မြန်မာပြည်က အလုပ်သမားတွေ များစွာ အလုပ်လုပ်နေကြတာ တွေ့ရလေသည်။ ပိုဆိုးတာက ပဒေါင်ဟုခေါ်သော ကယန်းလူမျိုးတွေမှာ ကမ္ဘာလှည့်ခရီးသွားတွေ အတွက် လူသားပြတိုက်ကဲ့သို့ လာရောက်ကြည့်ရှုရာ နေရာတစ်ခုဖြစ်နေလေသည်။ တကယ်တော့ လည်ပင်းကြေးကွင်းစွပ်ထားသည့် ထိုကယန်းလူမျိုးတို့သည် မြန်မာပြည်က တိုင်းရင်းသားမျိုးနွယ်ပင် မဟုတ်ပါလား၊ အလားတူ အခါ လူမျိုးတွေ ထိုင်းတောင်ပေါ်သား အဖြစ် ရှိနေကြသည်။ ထိုင်း-အခါ၊ ထိုင်း- ကရင် စသည်ဖြင့် တိုင်းရင်းသားတွေ ပေါ်ထွက်လာသည်။ အဆိုပါ ဆရာမက ကရင်ကတော့ ထားပါတော့ ထိုင်းဘုရင်တပါးလက်ထက်မှာ ကရင်တိုင်းရင်းသူတစ်ယောက် မိဖုရားဖြစ်ခဲ့ဘူးတာ ဖတ်ဖူးတဲ့ အတွက် ထိုင်း- ကရင် ဆိုတာ ရှိလာတာလို့ ဖြေသြိမ့်တွေးကာ ပြောပြန်သည်။ အခါ လူမျိုးကလည်း ထားပါတော့၊ ချင်းမိုင် ချင်းရိုင်း နဲ့ တောင်ပေါ်ဘက်က အခါတွေ ဖြစ်မှာလို့ ဆက်ပြောဖြစ်ကြသည်။ မွန်လည်း ထို့အတူလို့ ဆိုဖြစ်ကြသည်။ ထိုင်း- ရခိုင်၊ ထိုင်း- ချင်း တွေ ဖြစ်မလာတာ တော်သေးရဲ့လို့ တွေးလိုက်မိသည်။ ရခိုင်တို့ ချင်းတို့ ကချင်တို့ ဆိုတာက ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်မနေပေ။ အဆိုပါ ထိုင်း- ကရင်၊ ထိုင်း- အခါတွေကို လေ့လာကြည့်က ပိုပြီး သိရသည်။ အဖေကရင်၊ အမေကရင်၊ အဖေအခါ အမေ အခါကနေ ဘယ်လိုလုပ် ထိုင်း-ကရင် ၊ ထိုင်း-အခါတွေ ဖြစ်လာကြပါလိမ့် ၊ အဆိုပါ ဆရာမပြောသလို မွေးစားလိုက်တာ ဆိုရင်ဖြင့် ကြယ်လိပ်တွေ ထိုင်းရောက်သလို မြန်မာမျိုးနွယ်စုတွေ မျိုးတုန်းကုန်တော့မလား တောင်စဉ်ရေမရ တွေးနေမိလေသည်။
ထိုင်းနိုင်ငံ ချင်းမိုင်က ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးလာရောက်ရာ တောင်ပေါ်တစ်ခုမှာ ရိုးရာ ဝတ်စုံလေးတွေ ဝတ်ထားပြီး တောင်ပေါ်ကို လာရောက်ကြသည့် ခရီးသွားဧည့်သည်တွေနှင့်အတူ ဓါတ်ပုံအရိုက်ခံကြသည့် တိုင်းရင်းသား မိသားစုတွေ ရှိသည်။ ဧည့်သည်တွေက ပိုက်ဆံပေးလျင် ကလေးတွေက အမေဆီ ပြေးအပ်ကြသည်။ နာမည်ကျော် ဒွိုင်ပူ ဆိုသည့် တောင်ပေါ်မှာ အခါ အမျိုးသမီး တစ်ယောက် ဆိုပါက ကလေးတွေ (၅) ယောက်ခန့်ရှိသည်။ အကြီးဆုံးလေးမှာ အသက် (၆) နှစ်ခန့် ရှိမည်ထင်သည်။ ကျောင်းလည်းနေပုံမရ၊ ကလေးသဘာဝ ကောင်းကောင်းလည်း ဆော့ကစားရပုံမရ၊ ဧည့်သည်တွေ လာတာတွေ့သည်နှင့် သူ့အမေက ဓါတ်ပုံရိုက်ဖို့ ခေါ်စေသည်။ ဓါတ်ပုံ၇ိုက်ပြီး ရသည့် ပိုက်ဆံကို အမေလက်ထဲထဲ့ကာ၊ သူ့အတွက် ပြန်ပေးသည့် ပိုက်ဆံဖြင့် မုန့်သွားဝယ်စားသည်။ တခါသော် ထိုကလေးမှာ ခြေထောက်ထော့နဲ့ ထော့နဲ့ ဖြစ်နေသည်။ စာရေးသူမှာ ဧည့်သည်လာတိုင်း လိုက်ပို့ပြီး ရောက်နေကျဖြစ်၍ ထိုအခေါက်မှာ တောင်ပေါ် အမြင့်နေရာအထိ မတက်ပဲ ထိုကလေးအမေတွေ ထိုင်နေသည့် အနီးခုံတန်းမှာ ထိုင်နားနေလိုက်သည်။ ထော့နဲ့ထော့နဲ့ ဖြစ်နေသည့် ကလေးကို ဘာဖြစ်တာလဲ မေးရာ မဖြေ၊ သူ့ခြေထောက်မှာ ခြေကျင်းဝတ်အထိ ယောင်ကိုင်းနေလေသည်။ ဖဝါးမှာ တခုခု ထိမိရှိ၍ ယောင်နေတာဖြစ်မည်။ ကလေး အမေ မသိလေရော့သလား တွေးနေတုန်း ဧည့်သည် လူငယ်စုံတွဲ တစ်တွဲ ရောက်လာရာ ကလေးအငယ်နှစ်ယောက်က ပြေးကပ်သည်။ ထိုစုံတွဲက ဓါတ်ပုံရိုက်ဖို့ ပြင်သည်။ ကောင်လေးကို သူ့အမေက နောက်က ဧည့်သည် လူကြီးနှစ်ယောက်ဆီ သွားဖို့ မျက်စဖြင့် အချက်ပြသည်။ ကလေးက ခြေထောက်နာနေကြောင်း မသွားချင်ကြောင်း ပြောသည်ထင့်၊ ခေါင်းကို ဒေါက်ကနည်းနေအောင် ခေါက်ပြီး ကြိမ်းမောင်းရာ ထိုကလေးမှာ အသံမထွက်ပဲ မျက်ရည်တွေ တနင့်တပိုးကျသည်။ သူတို့ အိမ်က ဘယ်မှာလဲ၊ သူတို့ ဘယ်မှာနေသလဲ ငိုပြီး အိမ်ပြန်ပြေးမလား စိတ်ဝင်တစား ကြည့်နေတုန်းမှာပဲ အခါ ဝတ်စုံလေးဝတ်ထားသည့် ထိုကလေးမှာ ဧည့်သည်နားကို ပြေးကပ်ရင်း ဓါတ်ပုံရိုက်ဖို့ စကားတွေ တတွတ်တွတ်ရွတ်သည်။ ဧည့်သည်က ကလေးကို ထွေးပိုက်၍ ဓါတ်ပုံအရိုက်ခံရာ ထိုကလေးသည် အလှဆုံးပြုံး၍ ခေါင်းလေးငဲ့ကာ လက်နှစ်ချောင်းထောင်ပြီး အိုက်တင်လုပ်လေသည်။ ပြီးတော့မှ ဧည့်သည် ပေးလိုက်သည့် ပိုက်ဆံလေးကိုင်ကာ ထော့နဲ့ထော့နဲ့ဖြင့် သူ့အမေဆီ လာလေတော့သည်။ အမေဖြစ်သူက ပိုက်ဆံယူရင်းမှ ခြေထောက်ကို တချက်ကိုင်ကြည့်သည်။ ဘာပြောလိုက်သည်မသိ၊ ကလေးက တောင်ဆင်ခြေလျှောအတိုင်း ပြေးဆင်းသွားလေသည်။
မိတ်ဆွေတွေ ပြန်ဆင်းလာသည့်အခါ စောစောကအဖြစ်ကို စိတ်ထဲ မကောင်းသည်နှင့် ထိုင်းမှာအနေကြာသည့် မိတ်ဆွေ တစ်ယောက်ကို သူတို့တွေက ထိုင်းလူမျိုးတွေလား၊ မြန်မာပြည်က လာတဲ့ အခါတွေလား မေးလိုက်မိသည်။ သူ့ရဲ့ အဖြေက ရှင်းသည်၊ ထိုင်းလူမျိုးတွေဆို သူတို့ အစိုးရက ပစ်ထားမလား၊ ကလေးတွေ ကျောင်းမထားပဲ နေလို့ရမလားတဲ့ ပြန်ပြီး မေးပြောပြောသည်။ သူတို့သည် သူတို့ ဘယ်ကလာသလဲ၊ သူတို့ ရဲ့ မူရင်းဇစ်မြစ်က ဘာလဲ ဆိုတာထက် သူတို့ရဲ့ ရိုးရာဝတ်စုံကနေ ပိုက်ဆံရှာလို့ရတာပဲ သိကြသလား မဆိုနိုင်။
ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ လွန်ခဲ့သည့် (၁၅) နှစ်ကျော်ခန့်က မြန်မာပြည်ကနေ နယ်မြေချင်းထိစပ်၍ လာရောက်နေထိုင်သည့် တိုင်းရင်းသားတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုတွေကို တောင်ပေါ်သား အသိအမှတ်ပြုကာ တောင်ပေါ်သားမှတ်ပုံတင်ကဒ်တွေ ထုတ်ပေးတာ ရှိခဲ့ဖူးလေသည်။ ထိုတောင်ပေါ်သား အများစုမှာ မြန်မာစကားလုံးဝ မပြောတတ်သည့်သူတွေလည်း ပါရှိသည်။ သို့သော် တောင်ပေါ်သားကဒ် ကိုင်ဆောင်ထားသူမှာ ထိုင်းနိုင်ငံရှိ အခြားအရပ်ဒေသများသို့ သွားချင်တိုင်း သွား၍ မရပေ။ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တို့ရဲ့ ထောက်ခံစာ လက်မှတ်ပါမှ ခရီးသွားခွင့် ရှိတာဖြစ်သည်။ ယခုသော် ထိုတောင်ပေါ်သားတွေမှာ သူတို့ကို ထိုင်းနိုင်ငံက အသိအမှတ်ပြုသည့် အတွက် ထိုင်းနိုင်ငံသားဟုပင် သူတို့ဖာသာ မှတ်ယူထားကြလေသည်။
ကယန်းအလှ ဆိုသော ရုပ်ရှင်ကိုကြည့်ပြီး ကယန်းဆိုတာ မြန်မာပြည်ကလားလို့ မေးသည့် တိုင်းရင်းသားတွေပင် ရှိသလို၊ ထိုင်းမှာရှိသည့် လည်ပင်းကြေးကွင်းစွပ်ဝင်ဆင်သည့် လူမျိုးနွယ်မျိုး မြန်မာမှာလည်း ရှိတယ်၊ ဓါတ်ပုံတွေမှာ မြင်ဖူးတယ်ဆိုသည့် မြန်မာပြည်က အလည်လာတဲ့ လူတွေ ပြောကြတာလည်း ကြားနေရသည်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ကြော်ငြာတွမှာ ကယန်းလူမျိုးတွေရဲ့ ပုံက အပြည့်အဝ နေရာယူထားတာဖြစ်သည်။ ယခုလို မကြာသေးသည့် ကာလမှာပင် ကယန်း တိုင်းရင်းသားမျိုးနွယ်စုမှာ ထိုင်းနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ်စုလား၊ မြန်မာပြည်က ပဒေါင်လို့ခေါ်တဲ့ လည်ပင်းကြေးကွင်းစွပ်ထားတဲ့ လူမျိုးစုနဲ့ အတူတူပဲလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပြီ။ ယခုမျိုးဆက်မှ နောင် မျိုးဆက်တွေလက်ထက်ရောက်သော် မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေ ပျောက်ကွယ်ကုန်မလား၊ ဒါမှမဟုတ် ကိုယ့်အမျိုးမှန်းမသိ၊ သူများအမျိုးဆိုကာ တအံ့တဩ ငေးမောကြည့်ရသည့် အဖြစ်မျိုး ရောက်ကုန်မလား တွေးတော စိုးရိမ်မိလေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment