February 1, 2016

" ညီထွေးဆီက ပြန်ခဲ့တယ်" ဖေဖေါ်ဝါရီ(၁) ရက် ၂၀၁၆ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၅) မှ


ပါးစပ်ရာဇဝင်လို့ပဲ ပြောရမည်၊ ရှေးရှေးက နယ်မြေတွေကို ညီအကို သုံးယောက်က သုံးပိုင်းပိုင်းပြီး နေရာသတ်မှတ် အုပ်ချူပ်ဖို့ သဘောတူကြသတဲ့၊ ကိုယ့်ပိုင်နက်ကိုယိ့ဘာသာ စီမံခန့်ခွဲပြီး ညီရင်းအကို ချစ်ခင်မပျက် အုပ်ချူပ်ပြီး နေလာခဲ့တာ အခု ထိုင်းနိုင်ငံရယ်၊ တိုင်းယိုင် ( မြန်မာပြည်ပိုင်နက်ထဲက ရှမ်းလူမျိုးတွေနေတဲ့နေရာ) ၊ ပြီးတော့ လာအိုတဲ့၊ ယိုင်ဆိုတာက ထိုင်းဘာသာနဲ့ ကြီးတာ၊ ရှမ်းက အကိုကြီး၊ ထိုင်းက ဒုတိယ၊ လာအိုက ညီအငယ်ဆုံး အထွေးဆုံးပေါ့၊ ပါးစပ်ရာဇဝင်ဆိုတော့ မှန်မမှန် မသေချာပေမယ့် ထိုင်းလူမျိုးတွေက ရှမ်းကို ထိုင်းယိုင် ဆိုကာ သံယောဇဉ် ရှိပုံရသည်။
ဘာသာစကား အတော်လေး တူသည်။ ရုပ်ဆင်းအင်္ဂါ တူသည်။ အထူးသဖြင့် ဇင်းမယ် ၊ယနေ့ ချင်းမိုင်ဟု ခေါ်နေကြသည့် လန်းနားနယ်က လူတွေမှာ ရှမ်းလူမျိုးတို့ အနေအထိုင် ဝတ်စားဆင်ယင်မှု ဘာသာစကား တူညီကြသည်။ လာအိုက လော လူမျိုးတွေနှင့်လည်း ဘာသာစကား တူကြသည်။ လာအိုမှာ စာကလည်း ထိုင်းစာ၊ စကားပြောကလည်း ထိုင်းစကား ဖြစ်သည်။ အက္ခရာ စာလုံးအချို့ အရေးအသား မတူတာ အနည်းငယ် ရှိတာတွေ့ရသည်။ ကျောင်းသားတပ်မတော်မြောက်ပိုင်းက ရဲမေတယောက်ရဲ့ မှတ်တမ်းမှာ နယ်စပ်ကနေ ထိုင်း လာအို တို့ကို ပတ်ပြီး မြန်မာစစ်တပ်ကို ရှောင်ကွင်းရန် သွားခဲ့ရာ လာအိုက လူတွေနှင့် ရှမ်းလို ပြောရင်း ဆက်သွယ်ရာ စကားပေါက်၍ အဆင်ပြေသွားကြောင်း ဖတ်ရဖူးလေသည်။
ဗီဇာကိစ္စဖြင့် လာအိုနိုင်ငံသို့ ရောက်ရှိ သွားစဉ်မှာ အဆိုပါညီအကို ပါးစပ်ရာဇဝင်ကို သတိရသွားခြင်း ဖြစ်လေသည်။ တဆက်ထဲ အကိုကြီးနဲ့ ညီထွေးလေးက ဆင်းရဲကြရှာပါလား အတွေးဝင်မိသည်။ လာအိုနိုင်ငံကို သွားရတာ ယခုအခေါက်နှင့်ဆိုပါက (၃) ကြိမ်တိုင်ပြီဖြစ်သည်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သူ့နိုင်ငံသား မဟုတ်သူ နိုင်ငံခြားသားများမှာ ဗီဇာအကြောင်းအမျိုးမျိုးဖြင့် လာအိုနိုင်ငံကို ခေတ္တထွက်ရသည်မှာ ထုံးစံဖြစ်လို့နေသည်။ ထိုင်း လူဝင်မှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းတွေကိုယ်တိုင်ကပင် ဗီဇာသက်တမ်းကိစ္စ မေးမြန်းလာပါက လာအိုသို့ ထွက်ပါ၊ ပြီးမှ ဗီဇာယူပြီးပြန်လာဖို့ ပြောပြတတ်လေသည်။ ထိုနည်းဖြင့် လာအိုနိုင်ငံမှာ ဝင်ငွေရရှိနေလေသည်။ အလည်အပတ် ဗီဇာကို ဗီဇာကြေး ကင်းလွတ်ခွင့် သတ်မှတ်ထားသော်လည်း လာအိုသို့ ဝင်သည်နှင့် လူတစ်ဦးကို ဘတ်(၄၀) ကောက်ခံသည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဥဒုံဌာနီဆိုသည့် မြို့နယ်ကတဆင့် နောင်ခိုင်နယ်စပ်မြို့အထိ အရောက်သွားကြရသည်။ ထိုင်း- လာအို နယ်စပ်တံတားမှာ မဲခေါင်မြစ်ကို ဖြတ်၍ တည်ဆောက်ထားတာဖြစ်သည်။ လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ကျင်းနှင့် အနီးဆုံးခရီးပင်ဖြစ်သည်။ ဘန်ကောက်၊ ချင်းမိုင်အစရှိသည်တို့မှ တစ်ညအိပ်ခရီး ကားဖြင့် သွားကြရသည်။ ညနေ ၆နာရီခန့် ထွက်ပါက နောင်ခိုင် တံတားရှိရာ နံနက် (၆)နာရီဆို ရောက်ပါပြီ။ ထိုင်း- လာအိုတံတားက မနက် ၆နာရီကနေ ည(၈)နာရီအထိ နေ့စဉ် ဖွင့်လေသည်။ ဥဒုံဌာနီကို လေယာဉ်ဖြင့် လာရောက်ပြီး ဥဒုံဌာနီ လေဆိပ်မှ ကားဖြင့် နောင်ခိုင်ရောက်အောင် တစ်နာရီခရီးဆက်က ဘန်ကောက်၊ ချင်းမိုင်တို့မှ လေယာဉ်ခရီး တစ်နာရီ စုစုပေါင်း (၂)နာရီအကြာဆို နယ်စပ်တံတားကို ရောက်ပါပြီ။
ထိုင်း လူဝင်မှုကြီးကြပ်ရေးကောင်တာက ထိုင်းနိုင်ငံက အထွက် ဆိုတော့ အမေးအမြန်းမရှိ ဒုန်းကနဲ တုံးထု ပေးလိုက်လေသည်။ လာအိုသို့ အဝင်ကလည်း အလွန်လွယ်ကူပါသည်။ အာဆီယမ်နိုင်ငံအချင်းချင်း ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အရ အလည်အပတ် ဗီဇာ နှစ်ပတ်( ၁၄) ရက် ပေးလေသည်။ ထိုရက်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်ရန် လာအိုရှိ ထိုင်းသံရုံးမှာ ဗီဇာပြန်လျှောက်ရတာဖြစ်သည်။ လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားတွေကိုတော့ တခါထဲ အဆင်သင့် ပြင်ဆင်ခဲ့ရတာဖြစ်သည်။
တံတားမှာ ဘတ်(၄၀)ပေးသွင်းပြီးက ဖြတ်သန်းခွင့် ကဒ်ပြားရသည်။ ထိုကဒ်ပြားဖြင့် စက်ကိုထဲ့လိုက်မှ ဝင်ပေါက်က အလိုလို ပွင့်လေသည်။ စက်ပစ္စည်းတွေကတော့ တိုးတက်သည်။ ထိုသို့ တိုးတက်တာ လွန်ခဲ့သည့် ခြောက်နှစ်ခန့်ကတည်းက သတိပြုမိသည်။ မြန်မာပြည်မှာ ဓါတ်ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ ကွေ့ကောက် တန်းစီ၊ ညအိပ်တန်းစီ နေရသည့်အချိန်မှာ လာအိုက ဓါတ်ဆီဆိုင်တွေက ဒီဂျစ်တယ်စက်များဖြင့် အချိန်မရွေး ရောင်းချပေးနေလေပြီ။ လက်ကိုင်ဖုန်းတွေ လူတိုင်း ကိုင်နိုင်နေပြီ၊ ဆင်းရဲတာချင်း တူသော်လည်း ထိုစဉ်ကတည်းက လာအိုက အနည်းငယ် တိုးတက်သည်ဟု ပြောရမည်။
" လာအိုက လူတွေက သနားပါတယ်နော်၊ သူတို့တွေကို အားတောင်နာတယ်" လို့ အတူပါသည့် မိန်းကလေးတစ်ယောက်က ဆိုလေရာ ဘာ့ကြောင့်လဲ ပြန်မေးမိသည်။
" လာအိုက လူတွေက ဆင်းရဲတယ်၊ နောက်ပြီး သူတို့ဆီကို လာတဲ့ ဧည့်သည်တွေက သူတို့ဆီ အလည်လာပြီး သူတို့ ယဉ်ကျေးမှု၊ စိတ်ဝင်စားစရာ သမိုင်းဝင်နေရာတွေကို လည်ပတ်ဖို့ထက် ရောက်တာနဲ့ ထိုင်းသံရုံးကိုသွား ဗီဇာဝင်၊ ဟိုတယ်မှာ တညအိပ် နောက်နေ့ ဗီဇာရတာနဲ့ အပြေးအလွှား ထိုင်းဖက်ကိုပြန်ကြတာလေ၊ သူတို့ တိုင်းပြည်ကို စိတ်ဝင်စားလို့ လာလည်ကြတာမှ မဟုတ်တာ" တဲ့၊
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာထွက်ကုန်မှ မရှိ၊ ကုန်းတွင်းပိတ်နိုင်ငံသေးသေးကလေးအဖို့ ပြည်ပကဝင်ငွေ ရရှိတာ ကောင်းတာပေါ့လို့ ပြန်ပြောမိသည်။ ဈေးဆိုင်တွေ ရောင်းရသည်။ ကားသမားတွေ ခရီးသည် ရသည်။ တည်းခိုခန်း၊ ဟိုတယ်တွေ အလုပ်ဖြစ်သည်။ တနေ့ တနေ့ တံတားကို ဖြတ်လာသည့် လူတွေကမနည်းလှ၊ လာအိုဘက် အခြမ်းရောက်ပြီး ဗီယန်ကျင်းမြို့တော်ကို ကားဖြင့် မိနစ်(၄၀)ဆိုက ရောက်ပြီ၊ လာအိုက ကားဆရာတွေ အလုပ်ဖြစ်သည်။ တံတားထိပ်ကနေ သံရုံးအရောက် (သို့) တည်းခိုမည့်နေရာအရောက် လူတယောက် ဘတ်(၁၀၀) ရသည်။ ဘတ်(၁၀၀)ဆိုပါက လာအိုငွေ ကစ်ပ်( ၂၂၀၀၀) နှစ်သောင်းနှစ်ထောင်ဖြစ်သည်။ တံတားပေါ်မှာ ဟိုဘက် ဒီဘက် နယ်စပ်ကူးဖို့ ဖြတ်သန်းမောင်းပေးသည့် ကားခပင် တစ်ဦး ဘတ်(၂၀) ရသည်။ (၁၀)မိနစ်ပင်မကြာ၊ ကားပေါ်တက်ရ ဆင်းရတာကမှ အချိန်ပိုကြာနေသေးသည်။ လာအိုသို့ လူတစ်ဦးဝင်ရောက်လာပါက တံတားပေါ်မှာပင် ဘတ်(၆၀) ရနေပြီ။
အစိုးရက ရရှိသည့် ငွေကို တိုင်းပြည်အတွက် ထိထိရောက်ရောက် အသုံးချပေးတဲ့ အစိုးရမို့သာ ဆင်းရဲပေမယ့် ခေတ်မီနေသေးသည်။ လမ်းတွေ ကောင်းသည်။ ရန်ကုန်လိုပဲ လမ်းတွေကျဉ်းသည်၊ ဒါပေမယ့် ညစ်ပတ်မနေ၊ လူတွေ ဆင်းရဲသည်။ လာအိုတွေမှာ ပုညှက်ညှက်သေးသေးလေးတွေ ပေမယ့် အသားအရည်လှပပြီး ရုပ်ရည် ချောမောကြသည်။ မြို့တော်ဗီယန်ကျင်းပင် မြန်မာပြည် မြေလတ်မြို့ကလေးနှင့် ခပ်ဆင်ဆင်တူသည်။ ဖုန်တထောင်းထောင်းနှင့် တုတ်တုတ်ခေါ် သုံးဘီးဆိုင်ကယ်များက သံချေးတွေကွာကာ ဆေးရောင်ပျယ်၍ အရောင်အဆင်းမရှိ၊ ဖုန်တထောင်းထောင်းကြားမှာ သွားကြလာကြ ရောင်းကြဝယ်ကြ၊ အဆိုပါ ဆင်းရဲသည့် လာအိုအောက်ကိုပင် မြန်မာပြည်က ရောက်နေတာ အံ့ဩစရာ၊ ဒါပေမယ့် ဒါကတကယ်ဖြစ်နေသည်။ ကိန်းဂဏန်း ၊ လေ့လာဆန်းစစ်ချက်အရ မြန်မာပြည်က အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်နေလေသည်။
မြန်မာပြည်က အရှေ့တောင်အာရှမှာ သယံဇာတအပေါကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။ တွင်းထွက် ကျောက်မျက်ရတနာများ၊ ကျွန်းသစ်အပါအဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများနှင့် စွမ်းအင်ဖြစ်သော သဘာဝဓါတ်ငွေ့များ၊ ရေအရင်းအမြစ်ကရရှိသော ငါး၊ ပုစွန် နှင့် ရေထွက်ပစ္စည်းများ စသဖြင့် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတတွေ ပေါ်ကြွယ်လှရာ အဘယ့်ကြောင့် ဆင်းရဲတွင်းသို့ ရောက်ရှိသွားရသနည်း၊ စင်္ကာပူဝန်ကြီးချူပ်ဟောင်း လီကွမ်ယုပြောခဲ့သလိုပင်၊ ဈေးဆိုင်ဖွင့်ရင်တောင် ရှုံးမည့်သူတွေ ဦးဆောင်ပြီး တိုင်းပြည်ကို အုပ်ချူပ်ခဲ့၍ ဖြစ်သည်။ ပြည်သူတွေအတွက် အကျိုးရှိရာ မလုပ်ပဲ အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခွင့်အရေးယူပြီး ကိုယ်ကျိုးရှာသူတွေကြောင့် တိုင်းပြည် ဆင်းရဲရခြင်းဖြစ်သည်။
လာအိုနိုင်ငံနှင့် ယှဉ်ကြည့်သော် ဆင်းရဲတာခြင်းတူတာတောင်မှ ဆင်းရဲလည်း ပြောင်ပြောင်ဆိုသည့် ရှေးလူကြီးတွေ ပြောနေကြ စကားကို သတိရမိလေသည်။ မြန်မာပြည်သူတွေမှာ ရုတ်တရက် ယှဉ်လိုက်ပါက လာအိုထက် ချမ်းသာသည်ဟု ထင်ရသည်။ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ လူတွေကြိတ်ကြိတ်တိုးနေသည်။ သူတို့ဆီမှာ မရှိ။ သို့သော် လာအိုက ဈေးဆိုင်တွေမှာ ထင်း၊ မီးသွေး တို့ဖြင့် မီးခိုးတအူအူ ချက်ပြုတ်ရောင်းချနေတာ မတွေ့ရ၊ ဂက်စ်အိုးတွေဖြင့် သန့်သန့်ရှင်းရှင်း စနစ်တကျ ချက်ပြုတ်ရောင်းချတာ တွေ့ရသော် မနာလိုတောင်ဖြစ်မိသည်။ သူတို့တိုင်းပြည်က ဂက်စ်မထွက်ပဲ ဘာဖြစ်လို့ ဒီလို သုံးနိုင်ရတာလဲ မေးခွန်းထုတ်မိသည်။ ထိုင်းနိုင်ငံက ဝယ်သုံးတာဟု သိရသည်။ မြန်မာပြည်မှာတောင် အဲဒီလောက် လမ်းဘေးဈေးသည်အထိ တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေး၊ ဒီဂက်စ်တွေ ဘယ်ကလာသလဲ လျှောက်တွေးရင်း အစိုးရကိုသာ စိတ်နာမိလေသည်။ စနစ်တခုရဲ့ ဆိုးကျိုး ကောင်းကျိုးမှာ ပြည်သူတွေရရှိသည့် ရလာဒ်က ဒါပဲဖြစ်သည်။ ဒါတောင် လာအိုနိုင်ငံက ကွန်မြူနစ်နိုင်ငံ ဖြစ်နေသည်။ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ ပြောင်းစရာ ကွန်မြူနစ်ပဲ ကျန်တယ်ဆိုသည့် ခေါင်းဆောင်ကြီးမျက်နှာ ပြေးမြင်မိသည်။
ပြည်သူတွေအပေါ် စေတနာ တခုမှမထား ပစ်ပယ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်ဘာသာရပ်တည်ဖြင့် ပညာရေး၊ ကျန်းမာရေး အစစချွတ်ခြုံကျခဲ့ရာ စည်းစနစ်တွေလည်းမရှိ၊ တရားဥပဒေစိုးမိုးမှုမရှိ ဖြင့် ကြာသော် အစိုးရက ဖျက်ဆီးလိုက်သည့် အကျင့်ပျက်ပြည်သူတွေ များလာကြသည်။ အမှိုက်ပုံနှင့် ကွမ်းတ့တွေးတွေ ပေကျံနေသည့် မြန်မာပြည်ကလမ်းတွေလို လာအိုမှာ မရှိ၊ ဆင်းရဲပေမယ့် အစိုးရက သူတတ်နိုင်သလောက် ပြည်သူကို စောင့်ရှောက်ထားသည့် အပေါ်မှာ လာအိုပြည်သူတွေ ခေတ်နဲ့အညီ လိုက်ပါနေထိုင်နိုင်ကြသည်။
တိုင်းပြည်အတွက် ဘာတခုမှ တိုးတက်ကောင်းမွန်အောင် မလုပ်ပဲ၊ တိုင်းပြည်သာ ချွတ်ခြုံကျခဲ့ရသည်။ အုပ်ချူပ်သည့် အာဏာပိုင်အဖွဲ့နှင့် အစိုးရဟူသော လူတန်းစားတရပ်သာ သားစဉ်မြေးဆက် သုံးမကုန်အောင် ချမ်းသာသွားကြသည်မှာ ဘယ်လိုမှ ဖုံးကွယ်၍ မရ၊ ဒီလို အစိုးရမျိုးကို ပြည်သူတွေညီညွတ်မှုဖြင့် ဖယ်ရှားနိုင်ခဲ့ပြီ။ နောင်တက်လာမည့် အစိုးရလက်ထက်က စပြီး ပြည်သူ့ဘဝ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်မိသည်။ ပြည်သူတွေ တင်မြှောက်လိုက်သည့် အစိုးရလက်ထက်က စပြီး တိုင်းပြည်တိုးတက် ပြောင်းလဲလာပါက လာအိုဆိုသော ယခင်က အဆင်းရဲဆုံးနိုင်ငံငယ်ကလေးနှင့် ယှဉ်မရအောင် တိုးတက်လာနိုင်မည်ဟု တွေးနေမိသည်။ အတူသွားသည့်သူတွေထဲက စာရေးဆရာ သတင်းသမား တယောက်က သူ့အမြင်ကို ယခုလိုပြောသည်။
" ထိုင်းကို အမီလိုက်ဖို့ သိပ်တော့ မလွယ်သေးဘူး၊ အချိန်နဲနဲ စောင့်ရမယ်၊ လာအိုကိုတော့ NLD အစိုးရဖွဲ့ပြီး တစ်နှစ်အတွင်းမှာ ကျော်တက်နိုင်မယ်" လို့ ဆိုလေရာ စာရေးသူမှာ ဖုန်တထောင်းထောင်း ၊ တုတ်တုတ်အဟောင်းလေးပေါ်ကနေ တို့နိုင်ငံ ဒီနိုင်ငံကလေးရဲ့ အောက် စာရင်းရောက်နေရာက အခုပဲ လွတ်တော့မယောင် ဝမ်းသာသွားမိလေတော့သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment