February 14, 2016

" ရောင်နီထွန်းလို့လာလေပြီ" ၁၅ရက် ဖေဖေါ်ဝါရီ ၂၀၁၆ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၇)မှ


တကယ်တော့ တိုင်းရင်းသား၊ ဗမာ ဆိုပြီး ရေးရမယ့် အကြောင်းတွေ ရေးစရာအကြောင်းတွေ ရှိတိုင်း လက်ရှောင်နေတာ ကြာပါပြီ။ အဓိကက ထိလွယ်ရှလွယ်သည့် လူမျိုးရေး တိုင်းရင်းသားအရေးတွေ ရောယှက်ပြီး နားလည်မှုလွဲမှာ စိုးရိမ်တာဖြစ်သည်။ ဖေဖေါ်ဝါရီ(၁) ရက်နေ့မှာ စတင်သည့် သမိုင်းဝင် ပြည်သူ့လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ကိုယ်စားလှယ်များ ပထမဆုံး တက်ရောက်ခွင့်ရသည့် လွှတ်တော် ၊ တနည်းအားဖြင့် ပြည်သူတွေ ရွေးကောက်ထားသည့် အမတ်များတက်ရောက်လာသည့် ပြည်သူ့လွှတ်တော်မှာ ပြည်သူ့ လွှတ်တော်ဥက္ကဌ အဖြစ် ဦးဝင်းမြင့်နှင့် ဒုဥက္ကဌ အဖြစ် ဦးတီခွန်မြတ် တို့ကို ရွေးချယ်တင်မြှောက်တာ ကြည့်ရတာရယ်၊ ဖေဖေါ်ဝါရီလ(၃) ရက်နေ့မှာ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ဦးမန်းဝင်းခိုင်သန်းနဲ့ ဒုဥက္ကဌအဖြစ် ဦးအေးသာအောင်တို့ကို ရွေးချယ်လိုက်သည့် သတင်းတွေ ဖတ်ရသည့်အခါ ရေးတော့မည်ဟု ဆုံးဖြတ်မိလေတော့သည်။
လွှတ်တော်နှစ်ရပ်စလုံးမှာ တိုင်းရင်းသားတွေကို ဦးစားပေးထားပြီး ဗမာက တနေရာသာ ယူထားသည်။ ထိုအကြောင်းကို စာရေးသူ လုပ်အားပေး စာသင်ပေးရသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပညာရေးပေါင်းကူးသင်တန်းကျောင်း BEAM ( Bridging Education Access to Migrants) က ကျောင်းသားတွေကို ဝမ်းသာအားရ ပြောမိလေသည်။ ပြောရတာက အကြောင်းရှိပါသည်။
အဆိုပါကျောင်းမှာ မြန်မာပြည် နယ်စပ်ဒေသ အထူးသဖြင့် တိုင်းရင်းသားဒေသက ကလေးတွေ အများဆုံး တက်ရောက်နေကြသည်။ အဆိုပါတိုင်းရင်းသားတွေမှာ မြန်မာပြည်မှ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး ပညာတပိုင်းတစဖြင့် အလုပ်လုပ်နေကြသူတွေ ဖြစ်သည်။ အသက်အပိုင်းအခြားအားဖြင့် (၁၈)နှစ်မှ (၂၅)နှစ်ဝန်းကျင်တွေ ဖြစ်ကြသည်။ BEAM ကျောင်းက ထိုကလေးတွေကို အထက်တန်းပညာ ဆက်လက်သင်ပေးပြီး တက္ကသိုလ်အဆင့်အထိ တက်ရောက်နိုင်အောင် ထိုင်းနိုင်ငံ ပညာရေးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် ကျောင်းဖြစ်သည်။ ထိုကျောင်းအကြောင်းကို အခွင့်သင့်က ထပ်မံရေးသားပါအုန်းမည်၊ ကျောင်းတည်ထောင်ဖြစ်ပုံနှင့် ယခုအချိန်အထိ ရပ်တည်နိုင်ခဲ့သည့်အကြောင်းများက စိတ်ဝင်စားဖွယ်ရာ အတိဖြစ်သည်။
ယခု ပြောလိုသည်က အဆိုပါကျောင်းမှ တိုင်းရင်းသားပေါင်းစုံ ကျောင်းသားလူငယ်တွေရဲ့ အကြောင်းဖြစ်သည်။ တိုင်းရင်းသားဒေသမှ စစ်ပွဲများ၊ လက်နက်ကိုင်အဖွဲ့တို့ ရန်မှ ထွက်ပြေးလာသူများ၊ စားဝတ်နေရေးကြပ်တည်းလွန်း၍ ရောက်ရှိလာသူများ၊ မူးယစ်ဆေးဝါးသားကောင်အဖြစ်မှ လွတ်မြောက်စေရန် မိဘတွေက တဖက်နိုင်ငံကို ခေါ်ဆောင်လာ၍ ရောက်လာသူများ၊ ဒုက္ခသည်စခန်းမှာ နေထိုင်ရင်းက ပညာဆက်သင်လိုသူများ စုံလင်လှပါသည်။ တူညီသော အချက်များက လူငယ်ကလေးတွေမှာ စိတ်ဒဏ်ရာတွေ အသီးသီး ရှိကြသည်။ အဖေမရှိ၊ တချို့ အဖေဘယ်သူဘယ်ဝါ မသိ၊ ကားဘီးပေါက်သံကြားတာကိုပင် အလွန်အမင်း တုန်လှုပ်သည့်သူတွေလည်း ရှိလေသည်။ ထိုသို့သော စိတ်ဒဏ်ရာတွေထဲမှာ ဗမာမုန်းတီးသည့် စိတ်ပါ ရောနှောပါဝင်နေလေသည်။
" မင်းတို့ကို သိပ္ပံဘာသာတွဲ သင်ပေးမယ့် ဆရာမ ရပြီ၊ ဗမာဆရာမ " လို့ တာဝန်ခံ ဆရာ ရဲ့ အပြောအဆုံးမှာ " ဟင်" ကနည်း မျက်နှာမကောင်း ဖြစ်သည်လို့ အဆိုပါဆရာက ရယ်ရယ်မော ပြန်ပြောတာ နားထောင်ရသည်။ ထိုဆရာလည်း ဗမာ၊ စာရေးသူလည်း ဗမာ၊ ဒါပေမယ့် ထိုစကားကို ပန်းနှင့်ပေါက်သလောက်တောင် မနာပဲ ရယ်မောစွာ ပြောဖြစ်သည်။ စာရေးသူ အဆိုပါ ကျောင်းမှာ စာသင်ရမည်ဆိုကတည်းက ဒီအရေးတွေ ကြိုမြင်ပြီးသား ဖြစ်သလို တာဝန်ခံဆရာတွေကလည်း လူတွေ့မှာကတည်းက " ကျောင်းသားတွေက တိုင်းရင်းသားတွေချည်းပဲ၊ ဒါ့ကြောင့် သူတို့ကို နားလည်နိုင်မယ့် ဆရာမျိုး ဖြစ်ရမယ်လို့ " ပြောတာကို သတိရသည်။ စာရေးသူက အဆိုပါကျောင်းမှာ အလုပ်မဝင်ခင်ကတည်းက ကျောင်းက တိုင်းရင်းသားပေါင်းစုံ ကလေးတွေနှင့် အထိုက်အလျောက် သိကျွမ်းသည်။ သူတို့ရဲ့ ဘဝတွေ သိရပြီး မေးမြန်းကာ စာတွေ ရေးဖူးလေရာ ထိုအချက်ဖြင့် နားလည်မည်ဟု ယူဆ၍ စာရေးသူကို ခေါ်လိုက်တာဟု နောက်မှ သိရလေသည်။
အမှန်က စာရေးသူမှာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ ပြောဆိုပြမှုတွေကြောင့် တိုင်းရင်းသားတွေ သူတို့ဒေသမှာ ချို့တဲ့စွာ နေရတာကို သိခဲ့ဖူးလေသည်။ အဖေက ဘဏ်စာရင်းစစ်အဖြစ် နှစ်ပေါင်း (၃၀) ကျော် နိုင်ငံအနှံ့ သွားခဲ့ရရာ မြန်မာပြည်အနှံ့ မရောက်ဖူးသည့် အရပ်မရှိ၊ ယခုတိုင် ဝေးလံခေါင်သီလှပါတယ်ဆိုသည့် လဟယ်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ လေရှီး၊ စတာတွေအပြင် တောင်ပိုင်းက ဘုတ်ပြင်း၊ အနောက်ပိုင်း ဘူးသီးတောင် မောင်တော ရမ်းဗြဲ၊ ရှမ်းပြည်ဘက်က အစွန်တကာ့အစွန် အားလုံးရောက်ခဲ့သည်။ ဘဏ်မရှိသည့် မြို့ပေမယ့် ငွေတိုက်ခွဲ ဖွင့်ထားသည့် စစ်တပ်သာရှိသည့် နေရာတွေအထိ စစ်တပ်အစောင့်အရှောက်နှင့် ငွေသေတ္တာပို့ရတာတွေ အတွက် သွားခဲ့ရတာလည်း ရှိပါသည်။ ထိုသို့သော ခရီးစဉ်တွေက ပြန်လာတိုင်း စာရေးသူတို့ မောင်နှမတတွေကို နေရထိုင်ရတာ ပြည့်စုံကြောင်း ၊ ဝန်ထမ်းသားသမီးမို့ မပြည့်မစုံနေရတာကို ဆင်းရဲတာ မဟုတ်ကြောင်း၊ တိုင်းရင်းသားဒေသမှာ စာမသင်ရတဲ့ ကလေးတွေ၊ စားစရာမရှိလို့ ပြောင်းဆန်စားရတဲ့ တိုင်းရင်းသားတွေ၊ မီးမရှိ၊ ရေမရှိ၊ ပေတူးညစ်ပေစွာ နေရတဲ့ တိုင်းရင်းသားတွေ၊ ဘိနပ်ဆိုတာ စီးစရာဆိုတာ သိဖို့ ဝေး၊ ဝတ်စရာ အဝတ်ဆိုတာ ဘာမှန်းမသိတဲ့ ပြည်သူတွေ အကြောင်း၊ အင်မတန်အေးခဲလှတဲ့ အချိန် နာဂတောင်တန်းဆီက ကိုယ်တုံးလုံးနဲ့ နာဂတွေ အကြောင်း၊ သူတို့ရဲ့ ရိုးသားမှု စတာတွေ၊ ဆားကို ရရင် နတ်သုဓါရသလို ဝမ်းသာရသည့် တောင်ပေါ်ရွာက လူတွေအကြောင်း မရိုးအောင် နားထောင်ရင်း တိုင်းပြည်မှာ တိုင်းရင်းသားဒေသကလူတွေ ဆင်းရဲကြပြီး အစိုးရက တနိုင်ငံလုံး လွှမ်းခြုံပြီး ဖွံ့ဖြိုးအောင် မလုပ်နိုင်တာတွေ၊ သိခဲ့ရသည်။ အညာကျေးလက်ဒေသတွေမှာပင် မီးမရှိ၊ ရေမရှိ၊ ဘိနပ်စီးစရာ မရှိ၊ ကျောင်းမရှိ၊ မူလတန်းကျောင်းကို ဘုန်းကြီးကျောင်းမှာတက်ရပြီး အလယ်တန်းကျောင်းဆက်မတက်နိုင်သူတွေ၊ ပညာကို အလွန်အမင်း လိုချင်သည့် ကလေးနှင့် မိဘ သော်မှ ရွာကနေလေးငါးခြောက်မိုင် ဝေးသည့်အရပ်ကို လမ်းလျှောက်တက်ရတာတွေ ၊ မိုးတွင်းဆိုက လမ်းမှာ လည်ကန်သင်းတွေ၊ ချောက်တွေ ၊ ရေပြည့်နေသည့် တာရိုးတွေကို ကျော်ကာ သွားတက်ရတာတွေ စသဖြင့် အမျိုးစုံ ကြားသိခဲ့ရလေသည်။
တိုင်းရင်းသား ကျောင်းသားတွေနှင့် ဆုံသည့်အခါမှာတော့ သူတို့ရဲ့ စိတ်ခံစားချက်ကို နားလည်အောင် နေထိုင်နိုင်ခဲ့သည်။ ၁၉၉၄ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ (၁၅)နှစ်နီးပါး မြန်မာ့အသံမှာ လုပ်ကိုင်ရင်း တိုင်းရင်းသား ဘာသာ ရှစ်မျိုးကို ထုတ်လွှင့်စဉ် ကြုံတွေ့ ဆက်ဆံခဲ့ရသည့် ကချင်၊ ကယား၊ စကော(ကရင်)၊ ပိုး (ကရင်)၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားတို့ရဲ့ စိတ်ခံစားချက်၊ သူတို့ရဲ့ တုန့်ပြန်ပုံတွေကနေ အတွေ့အကြုံတွေ ရရှိပြီး ထိုအတွေ့အကြုံတွေကို ကျောင်းသားတွေကို ပြောပြရင်း တိုင်းရင်းသားလူမျိုးစုံ ကျောင်းသားတို့ရဲ့ ရင်းနှီး နွေးထွေးမှုကို ရရှိခဲ့ရလေသည်။ တကယ်တော့ ဗမာကလည်း တိုင်းရင်းသားပဲဆိုတာ သူတို့ကို သိချင်စေမိတာ ၊ သိအောင်လည်း ပြောပြဖြစ်လေသည်။ ဆရာမတို့ အားလုံးဟာ မြန်မာဆိုတာကို မကြာခဏ အကြောင်းဆိုက်တိုင်း ထဲ့သုံးကာ ပြောရသည်။ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြတာ ဆိုတာကို မြန်မာလို့ ပြောလိုက်တာနှင့် အားလုံးကို အတူတူလို့ ဆိုလိုကြောင်း ရှင်းပြရသည်။
ဗမာအများစုမှာလည်း ကျေးလက်ဒေသတွေမှာ ယနေ့အထိ ဘိနပ်မစီးနိုင်သူတွေ၊ ရွှံတွေ ဗွက်တွေကြားမှာ ဆင်းရဲချို့တဲ့စွာ ရုန်းကန်နေရတာတွေ ပြောပြဖြစ်သည်။ တိုင်းရင်းသားဒေသတွေမှာ ဆင်းရဲချို့တဲ့နေတာ၊ မဖွံ့ဖြိုးတာ ဗမာလူမျိုးကြောင့် မဟုတ်ပဲ စနစ်ကြောင့်ဆိုတာရယ်၊ အဆိုပါစနစ်ကို ဦးဆောင်တဲ့ သူတွေကြောင့် ဆိုတာရယ်ကို စာသင်ချိန် တချိန်အကုန်ခံကာ ပြောပြရသည်။ ပြောပြရကျိုး နပ်ပါသည်။ စာရေးသူ ပြောပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD အစိုးရအဖွဲ့ ဖြစ်လာမည့်အချိန်ကို စောင့်ကြမည်ဟု မျှော်လင့်ချက်တွေ ရှိတာ သိသာလာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အစိုးရဖြစ်လာပါက ပထမဆုံးလုပ်မှာ အမျိုးသားရင်ကြားစေ့ရေး ဆိုတာပဲ၊ သိကြလား အပြောကို မျက်လုံးတွေ အရောင်တောက်စွာ နားထောင်ကြသည်။ သူတို့ထဲမှာ စစ်ကိုမုန်းသူ၊ သေနတ်သံကိုလန့်သူတွေ လည်း ပါကြသည်။
တိုင်းရင်းသားဒေသတွေ ဖွဲံ့ဖြိုးတိုးတက်လာဖို့ ယုံကြည်မှုတွေ ရှိဖို့ လိုအပ်ကြောင်း အပြင် စာရေးသူ သင်ကြားရသည့် ရှုပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်တွေနှင့် လားလားမှ မဆိုင်ပေမယ့် ထိုကလေးတွေ၊ အနာဂတ်အတွက် အထင်မှားအမြင်မှား ယုံကြည်မှုလွဲမှာတွေကို ဖြေဖျောက်လိုသော စိတ်ဖြင့် စာသင်ချိန်မှ သတင်းနှင့်စပ်ပြီး ပြောပြရသည်။ သူတို့ တစိုက်မတ်မတ် စွဲလာသည့် အစွဲတွေကို ချက်ခြင်း ပြောင်းဖို့ ခက်ပေမယ့် စဉ်းစား လက်ခံလာတာကို သိလာရသည့်အတွက် ဝမ်းမြောက်ရလေသည်။
ရွေးကောက်ပွဲအကြောင်း၊ လွှတ်တော်စတင်မယ့်အကြောင်း၊ အစိုးရဖွဲ့မည့်အကြောင်း ပြောပြရသည်။
" “တိုင်းရင်းသားလေးယောက်ပါအောင် ရွေးလိုက်တဲ့ဟာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို စတင်ကြိုးစား ဆောင်ရွက်လာတယ်လို့ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် အချိန်အခါမှာ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး စသည်တို့ကို အလေးအနက်ထားပြီး ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာ ပထမဦးဆုံး လွှတ်တော် ဒုတိယအကြိမ်အတွက် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ နာယကတွေ ရွေးချယ်တာကို ကြည့်ခြင်းအားဖြင့် ပြောတဲ့အတိုင်းပဲ ကြိုးစားပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတာ တွေ့ရပါတယ်။ အခု လွှတ်တော်မှာ တာဝန်ပေးတဲ့အတိုင်းပဲ အားလုံးကို တာဝန်ပေးသွားလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်တယ်။”
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နမ်ရဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အင်တာဗျူးတခုကို ပြန်ပြောပြတဲ့အခါ သူတို့ သဘောကျပြီး စိတ်ဝင်စားကြလေသည်။
တိုင်းရင်းသားကျောင်းသားတွေနဲ့ ရင်းနှီးမှုရလာတဲ့အခါ သူတို့ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတာတွေ၊ အလုပ်လုပ်ရင်း စာသင်ဖို့ ဆုံးရုံးတာတွေ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ BEAM ကျောင်းဆိုတာ ရှိတယ်လို့ သိလာတဲ့အခါ စာသင်ဖို့ အခွင့်အလမ်းပေါ်လာတဲ့အတွက် ဝမ်းသာရတဲ့ အကြောင်း၊ အလုပ်တဖက် စာသင်ရတာ ပင်ပန်းပေမယ့် သူတို့အနာဂတ် အပြောင်းအလဲ အတွက် အပင်ပန်းခံ ကြိုးစားရတာတွေ ရင်ဖွင့် ပြောပြလာကြသည်။ သူတို့ဒေသကို သတိရတာ၊ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို သတိရတယ်ဆိုတဲ့ အသံလေးတွေ ထွက်လာသည်။ သူတို့လေးတွေရဲ့ ရင်ထဲမှာ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ သူတို့ သတိရနေတဲ့၊ သူတို့နေခဲ့တဲ့ သူတို့မွေးရပ်မြေကို ပြန်ခွင့် ရမလား မျှော်လင့်စိတ်ကလေးတွေ ဖြစ်လာတာ အတိုင်းသား မြင်လိုက်ရလေသည်။ မြန်မာပြည်တွင်းမှာ လွှတ်တော်အပြောင်းအလဲ၊ ကိုယ်စားလှယ်အပြောင်းအလဲနှင့် အစိုးရအပြောင်းအလဲကို မျှော်လင့်စွာ စောင့်စားနေကြသည့် တိုင်းရင်းသားလူငယ်ကလေးတွေရဲ့ မျက်ဝန်းကို မြင်တွေ့ရပြီး သူတို့ ရင်ထဲက အမုန်းဆူးတွေ ထုတ်နိုင်ပြီး ၊ ရင်တွင်းခံစားချက်တွေ မျှော်လင့်ချက်တွေ အမြန်ပြည့်စေချင်သည့် ဆန္ဒဖြစ်မိလေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment