May 29, 2016

" စည်း" ၃၀ရက် မေလ ၂၀၁၆ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၂၀) မှ

၃၀ရက် မေလ ၂၀၁၆ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၂၀) မှ
" စည်း"
ယခုတလော လူမှုကွန်ယက်မှာ ပရိတ်သတ်တစ်ယောက်အနေနဲ့ ကြည့်နေမိသည့် အကြောင်းအရာတစ်ခု ရှိနေလေသည်။ စာရေးကောင်းသည့် ဆရာလည်းဖြစ်၊ ခွဲစိတ်အထူးကုတစ်ယောက်လည်း ဖြစ်သည့် ဆရာက ရန်ကုန်ဆေးရုံကြီးမှာ ကြုံတွေ့ရသည့် အကြောင်းတွေ ရေးသည်။ လူနာတွေက ဆရာဝန်တွေအပေါ် နားမလည်သည့် အချက်တွေကိုလည်း သိရှိရသည့် အပြင် ဆရာဝန်တွေ ဖက်က အခက်အခဲတွေကိုပါ သိခွင့်ရလေသည်။ ဂျူတီတဆိုင်းကို ( ၂၄)နာရီ ဆင်းရတာ၊ နားနေစရာ သတ်သတ်မှတ်မှတ်မရှိပဲ ကြုံသည့်နေရာ အဆင်ပြေရာ နောက်ဆုံး ဆေးရုံက လူနာသယ်သည့် ကုတင်မှာ ခေတ္တမှေးစက်ရတာ စတာတွေ သိရသည်။ ဆေးရုံမှာ ဆရာဝန်နဲ့ လူနာ မမျှတတာ၊ ဆေးဝါးနဲ့ ဆေးပစ္စည်း လုံလောက်မှုမရှိတာ၊ စက်ကရိယာတွေ ပျက်ဆီးပြီး ထပ်မဖြည့်နိုင်တာ၊ ခေတ်မီစက်ပစ္စည်းတွေ လိုအပ်နေတာ စတာတွေကတော့ နှစ်ပေါင်းများစွာကတည်းက ခံစားနေကြရတာမို့ မပြောလည်း သိနေကြပြီးသားပင်။
ယခုက ဆရာဝန်တွေဖက်က မပြည့်မစုံကြားက အဆင်ပြေအောင် နည်းမျိုးစုံဖြင့် လုပ်ကိုင်နေသော်ငြား လူနာတွေ အထူးသဖြင့်လူနာရှင်ဖြစ်သူတွေထံက အကောင်းမမြင်နိုင်ကြသည့်အခါ သူတို့လည်း ခံစားချက်တွေ များပြားလာရသည်။ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ သားဖွားမီးယပ်အထူးကု တာဝန်ထမ်းဆောင်နေရသည့် ဆရာဝန်တစ်ယောက်က အခုလို ရေးထားတာ ဖတ်ရသည်။
မီးတွေပျက်.....
အိမ်မှာနေတဲ့ ကိုယ်တွေက အိပ်လိုက်ရုံပဲ...
ဆေးရုံက ဗိုက်ဗိုက်တွေ ဘယ်လိုနေကြမလဲ
တစ်ခုတင် နှစ်ယောက်မနေနိုင်လို့  တစ်ယောက်တစ်လှည့် လမ်းလျှောက်နေကြရအောင်လဲ လမ်းမမြင်ရ...
ဝရန်တာထွက်နေရအောင်လဲ မိုးအေး မီးမှောင်....
On duty တွေ ဘယ်လို Round ကြမလဲ
CTG တွေ ဘယ်လိုဆွဲကြမလဲ
Mishap တွေ မဖြစ်အောင် ပဌာန်းသာ နာနာရွတ်ကြပါတော့
ဆရာဝန်တွေ ရေးလိုက်တဲ့ စာတွေမှာတင် သူတို့ရဲ့ စေတနာတွေကို မြင်နေရသည်။ ဂျူတီထွက်လို့ ကိုယ့်အိမ်ကိုယ်မှာ ကိုယ်နေရတာတောင် ဆေးရုံမှာအဆင်ပြေရဲ့လား ဆိုသည့်အတွေးက စိတ်ကို လွှမ်းမိုးနေကြလေသည်။ အဆိုပါ အကြောင်းအရာလေးမှာတင် ဆရာဝန်ရဲ့ စိတ်နေသဘောထားနဲ့ ဆေးရုံအခြေအနေက ထင်ရှား ပေါ်လွင်နေလေသည်။ လူနာဦးရေနဲ့ ကုတင်လုံလောက်မှုမရှိဆိုတာ သက်သေပြနေလေသည်။ မီးပြတ်သွားသဖြင့် လက်ကိုင်ဖုန်းက မီးဖြင့် ခွဲစိတ်ခဲ့ရတာတွေ ကလေးမွေးပေးခဲ့ရတာတွေကတော့ မဆန်းတော့သည့် အကြောင်းအရာတွေ ဖြစ်နေလေသည်။
လူနာဖက်က ကြည့်ပြန်တော့ ဆရာဝန်တွေက လူနာလာပါက နွေးနွေးထွေးထွေး မဆက်ဆံတာ၊ ဂရုမစိုက်တာ၊ အော်တာ၊ ငေါက်တာ စတာတွေကို စာဖွဲ့ကြပြန်သည်။ လောလောလတ်လတ် မနေ့ကပဲ လူနာရှင် တစ်ယောက်က သူ့အမျိုးသမီးကို အစိုးရဆေးရုံတင်လိုက်တာမှာ ကြုံရတာတွေ ရေးပြလေသည်။ သို့သော် သူ့ရေးထားတဲ့စာမှာ ဝင်ရေးတဲ့ ကောမန့်တစ်ခုကတော့ သူလည်း အဲဒီဆေးရုံမှာ အဆိုပါရောဂါ ပုံစံမျိုး ကုသခံယူခဲ့ရဖူးတဲ့ အကြောင်းနဲ့ ဂရုစိုက်ကြောင်း၊ ကျေးဇူးတင်လွန်းလို့ အဆိုပါ ဆရာဝန်နာမည်ကို အခုထိ မမှတ်မိနေကြောင်း ဆရာဝန်နာမည်ပါ ထည့်သွင်း ရေးပြလေသည်။
တကယ်တော့ ဒီလိုကိစ္စတွေမှာ အဘက်ဘက်က မပြည့်စုံတဲ့ အခြေအနေအရပ်ရပ်ကြောင့် ဖြစ်ရတာလို့ ကောက်ချက်ချမိလေသည်။ ဒါ့ဖြင့် ပြည့်စုံသည့် နိုင်ငံခြားတိုင်းပြည်တွေမှာ ဘယ်လိုရှိသလဲ ဆိုက စာရေးသူလည်း နိုင်ငံခြားတိုင်းပြည်တွေ မရောက်ဖူးသည့်အတွက် မသိပါ။ သို့သော် လတ်တလောနေထိုင်သည့် ထိုင်းနိုင်ငံမှာတော့ မြန်မာလူမျိုးတွေ ဆေးလာကုနေကြတာ တွေ့နေမြင်နေရသည်။ လာသမျှလူတိုင်း သဘောကျကြကြသည်။ ကွန်ပလိန့်ဘာမှ မရှိ၊ အဓိကက စကားပြန်က ကြားကနေ အဆင်ပြေအောင် ပြောပေးနေလို့ပဲလို့တောင် တွက်လို့ရသေးသည်။ ဆရာဝန်နဲ့ လူနာကြား မပြေလည်စရာ ရှိလာရင်တောင် စကားပြန်က ပါးပါးနပ်နပ် ပြန်ဆိုတော့ အဖုအထစ်မရှိ၊ ဒါတွေတွေ့မြင်ကြတဲ့ အခါ မြန်မာပြည်မှာလည်း မြန်မာအချင်းချင်းကြား ချစ်ကြည်ရေးကိုယ်စားလှယ် ထားပေးက အဆင်ပြေကြလိမ့်မည်ထင်သည်။
ထိုင်းမှာလည်း အစိုးရဆေးရုံတွေမှာ မနက်ကတည်းကလူနာစောင့်နေရတာ၊ ဆရာဝန်နဲ့လူနာမမျှတာတွေ ရှိလေသည်။ ထမင်းစားချိန်မှာ ဆရာဝန်မရှိတာလည်း အတူတူပင်၊ တလောကကပင် ထိုင်းလူမျိုး တယောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးတင်ထားသည်။ ကလေးနေမကောင်းလို့ ဆေးရုံသွားပြတာ ဆရာဝန်က ထမင်းစားနေလို့ကြည့်မပေးတဲ့အကြောင်း ကလေးက အဖျားတွေတက်ပြီး သတိလစ်သွားတဲ့အကြောင်း ရေးတာမှာ ဟိုးလေးတကြော်ကြော်ဖြစ်ပြီး ဆရာဝန်တွေကို ဝိုင်းပြီး အပြစ်ပြောကြ ဝေဖန်တာတွေ ဖြစ်လာလေသည်။ အခုနောက်ပိုင်းမှာတော့ သက်ဆိုင်ရာတွေက အမိန့်ထုတ်လိုက်တဲ့အတွက် ထမင်းစားချိန်မှာ တလှည့်စီ လူနာကြည့်ပေးတာတွေ ရှိလာလေသည်။ တကယ်တော့ ထိုင်းနိုင်ငံက အစိုးရဌာနတွေမှာ ထမင်းစားချိန် (၁၂)နာရီဆိုက လုံးဝ နားလိုက်တာဖြစ်သည်။ ပြည်သူတွေကလည်း သိသည်။ နေ့လည် ထမင်းစားနားချိန် ဆိုက ဘာအလုပ်မှ သွားမလုပ်၊ အစိုးရဌာနတင်မဟုတ် ဈေးသည်တွေနှင့် ကုမ္မဏီတွေပါ နားကြရာ ထိုအချိန်သည် အလုပ်လုပ်ချိန်မဟုတ်လို့ တွက်ထားကြတာပဲ ဖြစ်သည်။ ဆေးရုံကတော့ အခုနောက်ပိုင်း အလှည့်ကျ ကျင့်သုံးသည့် စနစ် ဖြစ်လာတော့သည်။
မြန်မြန်ဆန်ဆန် ပြချင်သူတွေကတော့ ပုဂလိက ဆေးရုံတွေ သွားကြသသည်။ ထိုင်းနိုင်ငံသားတွေအဖို့ အာမခံအတွက် အခွင့်အလမ်းတွေ အများအပြားရှိတာမှာ ကျန်းမာရေးအာမခံလည်း ထားကြသည်။ ကျန်းမာရေးအာမခံထားသည့် ဆေးရုံတွေမှာ ပြလို့လည်းရသည်။ ချင်းမိုင်မှာ ကျန်းမာရေးအာမခံ ပေးသွင်းရသည့် ငွေသက်သာပြီး ဝန်ဆောင်မှု ကောင်းသည့် ( RAJAVEJ) ရာ့ချဗက် ဆေးရုံကြီးက အိမ်အနားမှာရှိသည့် အတွက် ဖြတ်သွားဖြတ်လာ သွားရင်းသာမက ခင်ပွန်းဖြစ်သူ အဆိုပါဆေးရုံမှာ ဆေးကုသခံတာရယ်၊ ခွဲစိတ်ပြီး အနာကို တလတိတိ နေ့စဉ် ဆေးပုံမှန်သွားထည့်တာရယ်မှာ အဆိုပါ ဆေးရုံကြီးရဲ့ လည်ပတ်ပုံတွေ ဆရာဝန်နဲ့ လူနာ ဆက်ဆံရေး၊ လွယ်ကူလှတဲ့ စနစ်တွေကို အသေးစိတ် ကိုယ်တိုင်ကိုယ်ကျ သိခွင့်ရခဲ့လေသည်။ ထူးထူးခြားခြား သတိထားမိတဲ့ အရာမှာ အထူးကုဆရာဝန်ဆေးရုံကို ရောက်လာတဲ့အခါမှာရော သူ့ကဏ္ဍပြီးသွားလို့ ပြန်သွားတဲ့ အခါမှာပါ သူ့ဘာသာ ပြန်သွားတာပါပဲ၊ ဝင်လာတာလည်း ထူးခြားမနေ၊ ပြန်သွားလည်း ထူးခြားမနေပါ၊ မြန်မာပြည်က အထူးကုဆေးရုံက ဆရာဝန်ကြီးတွေလို ဘုန်းကြီးပင့်သလို တဖြည်းဖြည်း ခြေလှမ်းမကျော်အောင် စောင့်ခေါ်ပြီး ထီးမိုးပေးရ အိပ်ကိုင်ပေးရတာ မရှိပါ။ စာရေးက စာရေးအလုပ်လုပ်၊ စာရင်းကိုင်က စာရင်းကိုင်ပြီး သူနာပြုက သူနာပြုတာဝန်ဖြင့် ကိုယ့်အလုပ်ကိုယ်ပုံမှန်လုပ်နေကြတာဖြစ်သည်။
တရက်မှာ လူနာအလွန်များသည့် အတွက် မေးကြည့်ရာ ဘန်ကောက်က အထူးကုဆရာဝန်က ထိုင်သည့်နေ့ ဖြစ်လို့ပါတဲ့၊ ထိုကဲ့သို့ ချင်းမိုင်ကို ဘန်ကောက်ကနေ နေ့ချင်းပြန် လေယာဉ်ဖြင့် ဆေးလာကုပေးသည့် အထူးကုဆရာဝန်တွေ ရှိသည်ဟု ကြားဖူးထားရာ ဘယ်လိုပုံပါလိမ့်လို့ သိချင်၍ စောင့်ကြည့်မိလေသည်။ အဆိုပါ ဆရာဝန်သည် သူ့လူနာကုန်သွားသောအခါ သူ့အထုတ် သူဆွဲ၍ အများသူငါ ထွက်သွားသည့် တံခါးပေါက်မှ သူ့ဘာသာ ထွက်ကာ ကားငှားပြန်သွားလေသည်။ တကယ်တော့ ဆရာဝန်နှင့်လူနာ ကိုယ့်တာဝန်ကိုယ်ယူ၊ သူ့တာဝန်သူယူ၊ နှစ်ဦးနှစ်ဖက် နားလည်စွာဆက်ဆံက ပြဿနာဆိုတာ ရှိလာမှာမဟုတ်ပါ၊ အချို့လူနာရှင်တွေက ဆရာဝန်ကို ဆေးရုံတင်မက အိမ်အထိပါ လိုက်လံ ဆက်သွယ် ပတ်သက်ကြတာတွေရှိသည်။ တဖူးဖူး မှုတ်တတ်ကြသည့် လူတွေလည်းရှိသည်။
လူဆိုတာက မြှောက်ရင် မြောက်တတ်တာ သဘာဝပါပဲ၊ သူများဆီမှာက ဆရာဝန်လည်းလူ၊ လူနာလည်းလူ အတူတူ၊ သို့သော် ဒီလူနှစ်ယောက် တွေ့ကြရာမှာ တတ်သည့်သူက စီမံတာ ကျန်သူက လိုက်နာမည် ဆိုသည့် စိတ်ကလေး မွေးကြတာဖြစ်သည်။ ဆရာဝန်ကို လူတန်းစားတရပ်အဖြစ် သဘောထားတာမျိုး မတွေ့ဖူးပါ၊ ဆရာဝန်ဆိုပြီး အထက်က ပြောဆို မနေပါ၊ ဆေးရုံက ဆရာဝန်တွေ အများစားနေကြသည့် ဆိုင်မှာ သူ့ဘာသာဝင်ထိုင်စားသွားတာပဲ ဖြစ်သည်။ မျက်မှန်းတန်းမိနေသည့် ဆရာဝန် တစ်ယောက် ဆိုပါက လမ်းဘေးက ကောက်ညှင်းပေါင်းဝယ်ပြီး ဆေးရုံသွားတာ မြင်ဖူးလေသည်။ ဆရာဝန်ဆိုပြီး တခန်းတနား ကိုးကွယ်လိုက်၊ တော်နေကြာ ဆဲလိုက် မကြားဖူးပါ၊ အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်ဝါသနာပါတာ ကိုယ့်အသက်မွေးဝမ်းကျောင်း အတတ်ပညာကို လုပ်ကိုင်ရင်း လူတွေ အချင်းချင်း ပေါင်းသင်းဆက်ဆံ နေကြတာပဲဖြစ်သည်။ တကယ်က ဘယ်သူပဲဖြစ်ဖြစ် သူ့စည်း ကိုယ့်စည်း နေထိုင်ပြီး တစ်ဖက်တဖက် ယုံကြည်စွာ ဆက်ဆံကြရင်ဖြင့် အေးချမ်း သာယာကြမှာမလွဲဧကန်ပါ၊
ခိုင်ခိုင်စောလွင်

No comments:

Post a Comment