July 3, 2016

" ကြယ်တွေ ကြွေခဲ့တယ်" ၂၇ရက် ဇွန် ၂၀၁၆ခုနှစ်ထုတ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၂၃) မှ " ကြယ်တွေ ကြွေခဲ့တယ်"

ကြယ်ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာကျဆုံးပါစေ၊
စစ်အာဏာရှင်တို့ရဲ့ မတရားဖမ်းဆီး နှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ခရမ်းအမတ် ဦးတင်မောင်ဝင်းရဲ့ ဇနီး စာရေးဆရာမ ခင်လှိုင်ကြူရဲ့ ရင်ထဲက ဖွင့်ထုတ်လိုက်တဲ့ အသံ ၊ စစ်အာဏာရှင်တို့ တိတ်တိတ်ခေါ်သွား၊ ဘယ်ဆီရောက်မှန်းမသိ၊ နောက်ဆုံး အနှိပ်စက်ခံရပြီး ကျဆုံးတော့ " ကင်ဆာ" တဲ့
" မုန်တိုင်းမှာကြွေတဲ့ ကြယ်တစ်ပွင့်" ရင်နင့်အောင် ဖတ်ခဲ့ရပေမယ့် စိတ်ကူးယဉ် ဇာတ်လမ်းမဟုတ်၊ တကယ်ကြုံတွေ့ခဲ့ရတဲ့ မိသားစုအဖို့ ဘယ်တော့မှ မမေ့နိုင်တဲ့ နာကျင်စရာ အတိတ်ဆိုး၊ ဒီလို အတိတ်ဆိုးတွေ စစ်အာဏာရှင်တွေ အုပ်စိုးခဲ့သည့် (၁၉၆၂) ခုနှစ်မှသည် ၁၉၈၈ခုနှစ် နောက်တစ်ကြိမ်၊ ထိုမှ ဆက်ကာဆက်ကာ နှစ်ပေါင်း ငါးဆယ်ကျော် တိုင်းပြည်က မိသားစုတွေ ကြုံခဲ့ရသည်။
သီပေါစော်ဘွား စပ်ကြာဆိုင်တဲ့ ၊ ၁၉၆၂ခုနှစ် မတ်လ(၂)ရက် စစ်တပ်က အာဏာသိမ်းစဉ် စစ်အာဏာရှင်တို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့တိုင် သေသည်၊ ရှင်သည် အတည်မပြုနိုင်သည့် ထူးခြားသည့် ဖြစ်ရပ်၊ သူ့ဒေသမှာ သူသည်လည်း ကြယ်တစ်ပွင့်၊ ပြည်သူတွေအတွက် စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေသည့် ခေတ်ပညာတတ်၊ နိုင်ငံခြားပြန် တစ်ဦး၊ ပထမတော့ မိသားစုသိရတာက ရပ်စောက်က ဗထူးတပ်မှာ အဖမ်းခံနေရတာ ဖြစ်ပြီး မကြာမီမှာ သီပေါစော်ဘွားစပ်ကြာဆိုင်ကို တော်လှန်းရေးကောင်စီက ဖမ်းဆီးထားခြင်း မရှိပါ၊ သူဘယ်ရောက်နေသည် ဆိုတာ မသိပါလို့ အာဏာသိမ်းအစိုးရက သတင်းထုတ်သည်။ " မြူ တိမ်ဝေဝေ တောင်ခိုးဝေးဝေး" တဲ့ စပ်ကြာဆိုင်ရဲ့ ဇနီးဖြစ်သူ မဟာဒေဝီ စပ်သုစန္ဒီ Inge Sargent ကိုယ်တိုင်ရေး Twilight Over Burma ကို စာရေးဆရာ ပြေ (ဆေး-၂) ဘာသာပြန်သည့် စာအုပ်မှာ လွမ်းမောဖွယ်ရာ ရင်နင့်စရာ ဖတ်ရသည်။
စစ်အာဏာရှင်တို့ ထုံးစံ ဘယ်ခေါ်သွားမှန်းမသိ၊ ဘာဖြစ်မှန်းမသိ ၊ မိသားစုရဲ့ ပူဆွေးသောကတွေ အပြင် အာဏာရှင်တို့ရဲ့ ဗြောင်ကျကျ လိမ်တတ်တာတွေ၊ အမုန်းတရားနဲ့ အညှိုးတရားတွေကို ကွက်ကွက်ကွင်းကွင်း ပြန်သတိရစေသည်။ အဆိုပါ အာဏာရှင်တို့ လက်ဆင့်ကမ်းခဲ့သမျှ အာဏာရှင်အဆက်ဆက်တို့ တပုံစံထဲပါလား ဆိုတာကို စက်ဆုပ်ဖွယ်ရာ မြင်သိရသည်။ နောင်ကို စစ်အာဏာရှင်စနစ် တိုင်းပြည်မှာ မကျရောက်အောင် ပြည်သူတွေအားလုံး သတိရှိဖို့ ခံစားမိရသည်။
အဆိုပါ စာအုပ်ကို အခြေခံကာ မှတ်တမ်း ရုပ်ရှင်အဖြစ် ရိုက်ကူးထားသည့် Twilight Over Burma ၊ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို လူ့အခွင့်ရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ အပိတ်ခံရသည့် သတင်းတွေ ဖတ်ရသည်။ အစိုးရက သတင်းအတိအကျ ထုတ်ပြန်တာ မရှိသည့်အတွက် အများတကာ ပြောကြ ရေးကြ ရှင်းကြတာတွေ ဖတ်ရင်း သိရသည်က စစ်တပ်ရဲ့ ပုံရိပ် ထိခိုက်တာတွေ ပါတယ် ဆိုတာနဲ့ တချို့ကတော့ ဟိုအခန်းတွေများလို့လို့ ပြောကြပြန်သည်တဲ့၊
ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ပါက ဇာတ်ညွှန်းပေါ်မူတည်ပြီး ဇောင်းပေးတာ များသွားတာ၊ ဝတ္ထုရဲ့ ရသခံစားမှုတွေ မပါတာ ယခင့်ယခင်တွေကတည်းက များစွာ ရှိတာ ကြားဖူးလေသည်။ တချို့စာရေးဆရာတွေ ဆိုပါက သူတို့ရဲ့ နာမည်ကျော် ဝတ္ထုတွေကို ရုပ်ရှင် အဖြစ် ပေးမရိုက်လို့ ကြားဖူးလေသည်။ " မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး" ကရော ဘယ်လို ဖြစ်မလဲ၊ အဆိုပါ ရုပ်ရှင်ကို စရိုက်နေကတည်းက ကြားဖူးပါသည်။ ရင်းနှီးသည့် မိတ်ဆွေ လူငယ်ကလေးတစ်ယောက်ရဲ့ ဇနီးဖြစ်သူမှာ မဟာဒေဝီကို ရှမ်းဘာသာ၊ ရှမ်းစာ သင်ပေးရသည့် နေရာက ပါဝင်သရုပ်ဆောင်ပေးရလေသည်။ မယ်ဟောင်ဆောင်နဲ့ ချင်းမိုင်အနီးတဝိုက်မှာ လာရောက် ရိုက်ကူးကြတာ၊ ထိုင်းလူမျိုး အချို့နှင့် ထိုင်းနိုင်ငံမှာရှိတဲ့ ရှမ်းလူမျိုးတွေ ပါဝင် သရုပ်ဆောင်ကြတဲ့ သတင်းတွေ ကြားခဲ့ဖူး ပါသည်။
ယခု ပိတ်ပင်ခံရသည်ဆိုသောအခါ အဆိုပါ ရုပ်ရှင်ကို သူတို့ပြောသလို စစ်တပ်ရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်ဆိုသည့် ဇာတ်ဝင်ခန်းတွေက ဘယ်လိုပါလိမ့်၊ ယခင် အာဏာရှင်ဟောင်းရဲ့ ရက်စက်မှုကို ရိုက်ကူးတာကို အခုအချိန်အထိ ကာကွယ်နေကြတာလား စသော အတွေးမျိုးစုံဖြင့် ကြည့်မိလေသည်။
စာအုပ်ထဲမှာ မြန်မာအငွေ့အသက်နဲ့ ရှမ်းပြည်ရဲ့ တောင်တန်းအလှတွေ ၊ ရှမ်းတိုင်းရင်းသားတို့ရဲ့ ယုံကြည်မှုတွေ၊ မဟာဒေဝီရဲ့ တိုင်းရင်းသူတစ်ယောက်လို ပြည်နယ်သားတွေနဲ့ တထပ်တည်းကျအောင် နေထိုင်မှုတွေ ပေါ်လွင်သလောက် ရုပ်ရှင်မှာ ဥရောပဆန်နေသည်။ နိုင်ငံခြားသူတစ်ယောက်ရဲ့ မြန်မာပြည်ရဲ့ တောင်တန်းဒေသမှာ နေထိုင်သွားတဲ့ ဘဝကို ရိုက်ထားသလို ဖြစ်နေသည်။ ရုပ်ရှင်ကိုကြည့်နေရင်း ရှမ်းတိုင်းရင်းသူတစ်ယောက်လို တသားထဲ နေထိုင်သွားသည့် ပုံရိပ်တွေ ရှာမရသည့် မဟာဒေဝီ စပ်သုစန္ဒီအတွက် စိတ်မကောင်းပင် ဖြစ်မိလေသည်။
ဩစထြီးယားသူ အင်းဂ် တစ်ယောက် စော်ဘွားလေးနဲ့ ရှမ်းပြည်ဆီ ရောက်အလာ ကြိုဆိုသည့် ရှမ်းတိုင်းရင်းသားတွေက " မင်္ဂလာပါ" တဲ့
ရုပ်ရှင်ရိုက်ကူးစဉ်က အဆိုပါ ရှမ်းလူမျိုးတွေကို မေးမြန်းပြီး ဘယ်လို နှုတ်ခွန်းဆက်သလဲ အဲလို နှုတ်ဆက်ကြ ပြောရင်တောင် လွဲမည်မထင်၊ ကြိုသည့်အခါ မဟာဒေဝီကို ဆက်သသည့် ပန်းကုံးက ထိုင်းစတိုင်၊ ထိုအချိန်က မြန်မာပြည်မှာ ရိုက်ခွင့်မရလို့ အနီးဆုံးနဲ့ အနိးစပ်ဆုံးတူသည့် ထိုင်းနိုင်ငံမှာ လာရောက်ရိုက်ကူးသည် ဆိုက ထားလိုက ထားလိုက်ရနိုင်သော်လည်း ဘယ်လိုမှ ရှမ်းပြည်ရဲ့ လူနေမှုစရိုက်ကို မဖော်နိုင်တာက အမှန်၊
မိခင်နဲ့ကလေးစောင့်ရှောက်ရေး လုပ်ငန်းတွေနဲ့ တရွာပြီးတစ်ရွာ လှည့်လည်ပြီး ကျေးရွာက တိုင်းရင်းသူတွေကို စောင့်ရှောက်တာ စာအုပ်ထဲမှာ ကြည်နူးဖွယ် လေးစားဖွယ်ရာ ဖတ်ပြီးသိရသည်။ ရုပ်ရှင်မှာက တစ်ယောက်က ပြောသလို အနမ်းတွေ ဝေနေပြီး အိပ်ခန်းဆောင် အနီးတဝိုက် အခြွေအရံတွေ နီးနီးကပ်ကပ် အပြည့် အမြဲရှိနေတဲ့ ကြားက ချစ်တင်းနှောရတဲ့ အဖြစ်ကို ကွက်ကွက်ကွင်းကွင်းပြပြန်တော့ မြန်မာမဆန်တဲ့ ပြကွက်ကို မြန်မာတွေက ဟိုဟာတွေလည်း ပါသတဲ့ ပြောကြတာ မဆန်းပြန်၊
စာအုပ်ထဲမှာ ထိုခေတ်ထိုအခါက သီပေါနဲ့ ကျောက်မဲကို သွားရတဲ့ ခရီးတောင် လုံခြုံမှုမရှိတာ၊ စစ်တပ်က သီပေါအနီးတဝိုက်က ရွာတွေကို မီးရှို့တာ၊ လုယက်တာ၊ မိန်းကလေးတွေကို မတော်တရားပြုတာ စတာတွေ ဖတ်ရသည်။ ဒါကလည်း ယနေ့အချိန်အခါထိ ဘယ်သူမှ မငြင်းနိုင်သည့် အမှန်တရား၊ စစ်သားက မုဒိန်းမှုကျူးလွန်တဲ့ အမှုတွေ အများကြီး ရှိသည်။ ဗမာစစ်တပ်နှင့် ဗမာလူမျိုး မကွဲပြားပဲ ဗမာ ဆို မုန်းပါသည် ဆိုသည့် တိုင်းရင်းသားတွေ များစွာ ကြုံဖူးပါသည်။ ဗမာစစ်တပ်က တိုက်လို့ ရွာတွေစွန့်ပြီး ပြေးလာရသူ၊ စစ်တပ်က ဖမ်းဆီးနှိပ်စက်၍ ထွက်ပြေးလာရသူ၊ စတဲ့တိုင်းရင်းသားမျိုးစုံကို ချင်းမိုင်မှာ အများကြီး ကြုံတွေ့ရပါသည်။ တိုင်းရင်းသားအချင်းချင်း အမြင်မလွဲအောင် စစ်တပ်နဲ့ ပြည်သူအကြောင်း စာသင်ချိန်တွေထဲကနေ ဖဲ့ယူကာ ရှင်းပြ ပြောပြ သိစေခဲ့ဖူးပါသည်။
ရုပ်ရှင်ဆိုတာ ဇာတ်နာအောင် လုပ်ရသည်ဆိုပေမယ့် သဘာဝတော့ကျမှ ဖြစ်ရမှာမဟုတ်လား၊ ဗမာစစ်သားတွေ ရွာတွေကို မီးရှိုသည်၊ အကြောင်းပြချက်မပါ၊ စစ်ကားပေါ်က ဆင်းလာပြီး အသားလွတ်မီးရှိုပြသည်။ ယာတောထဲမှာ ဗမာစစ်သားက လူပုံအလယ်မှာ မုဒိန်းကျင့်သည်၊ တိရိစ္ဆာန်တွေအလား၊ စစ်အာဏာရှင်တွေ ရက်စက်သည်ကို ပေါ်လွင်အောင် စစ်သားက လူလယ်ခေါင် ဒီိလိုလုပ်တယ်ပြသည်။ စစ်အာဏာရှင်တွေ ရက်စက်တာကို စာကလေး သုံးကြောင်းနဲ့တင် ပေါ်လွင်အောင် ရေးသားခဲ့သူတွေ ရှိပါသည်။
ကျောင်းက ရှမ်းတိုင်းရင်းသူ ကျောင်းသူလေးတစ်ယောက်က စာအုပ်လည်း ဖတ်ပြီးပါပြီ။ ရုပ်ရှင်လည်း ကြည့်ပြီးပါပြီ ဆိုလေသည်။ ရုပ်ရှင်နှင့် ဝတ္ထု ထပ်တူ မကျပါတဲ့၊ ရှမ်းပြည်ရဲ့ အလှအပ ခံစားမှုတွေ ရုပ်ရှင်မှာ မခံစားရသည့်အပြင် မဟာဒေဝီ စပ်သုစန္ဒီရဲ့ သဘောသဘာဝလည်း မပေါ်ပါလို့ ဆိုလေသည်။
သူက ဆက်ပြောသည်၊
" ဗမာစစ်တပ်က နှိပ်စက်ညှဉ်းပမ်းတာတွေ အများကြီး ကြုံခဲ့ ဖူးပါတယ်၊ စာအုပ်မှာလည်း ပါပါတယ်၊ ဒါပေမယ့် ရုပ်ရှင်ထဲမှာ ပြတာနည်းပြီး အဲဒီပြတာတွေက သဘာဝမကျပါ" တဲ့
စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ဆုံးရှုံးသွားရတဲ့ သီပေါစော်ဘွားစပ်ကြာဆိုင်နဲ့ မိသားစုဝင်တွေရဲ့ ဖြစ်ရပ်က မပေါ်လွင်ပဲ ပြီးသွားတယ်။ တခုတော့ ရှိပါတယ် ၊ သမီးက စာအုပ်ကို အရင်ဖတ်ပြီးလို့ ဒီလို ခံစားရတာလား ထင်လိုက်ပါသေးတယ်၊ ဒါပေမယ့် ဘာအကြောင်းမှ မသိ မဖတ်ရပဲ ဒီရုပ်ရှင်ကို ကြည့်မိရင်တော့ နိုင်ငံခြားသူတစ်ယောက်ရဲ့ ရှမ်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ ဘဝဇာတ်ကြောင်းလို့ ထင်ကြမှာပဲ"
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ အချိန်မတန်ခင် ကြွေလွင့်သွားရတဲ့ သူတွေ ရှိခဲ့တယ်ဆိုတာ ဖျောက်မရ၊ ကြယ်တွေ ကြွေသလို ကြွေရဲတဲ့ ကြယ်တွေ များစွာရှိခဲ့သည်။ သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရပါ၊ နှုတ်တရာ စာတလုံး မှတ်တမ်းတင်ထားတာတွေကြည့်ရင်း သမိုင်းအမှန်ကို သိနိုင်ပါမည်၊ မှတ်တမ်းဆိုတာ အမုန်းပွားဖို့ မဟုတ် အမှန်ကို ဖော်ထုတ်ဖို့သာ ဖြစ်သည်ဆိုတာကတော့ မှတ်တမ်းရုပ်ရှင် အသီးသီးက သက်သေပြကြရပါလိမ့်မည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment