July 17, 2016

" အလေးပြုပါတယ်လေ"၁၈ရက် ဇူလိုင် ၂၀၁၆ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၂၇) မှ



ဇူလိုင်(၁၉) ရက် အာဇာနည်နေ့ ရောက်ပါတော့မည်၊ ဒီနှစ်အာဇာနည်နေ့ကတော့ ထူးခြားသည်။ ကာလကြာရှည်စွာ မှေးမှိန်ထားသည့် ကာလကို လွန်မြောက်လာသည့် ပထမဆုံးနှစ်၊ ဆန်းစလလို ပွင့်လင်းလာသည့်ခေတ်၊ မြန်မာပြည်သူတွေ အခုမှ လွတ်လပ်ရေးရသည့်အလား ကျေနပ် ကြည်နူးရသည့် အချိန်မဟုတ်ပါလား၊ စစ်အာဏာရှင် အဆက်ဆက် အာဇာနည်နေ့ကို မှေးမှိန်သွားအောင်၊ အထူးသဖြင့် ဗိုလ်ချူပ်အောင်ဆန်းကို လူတွေ မသိတော့လောက်အောင် လုပ်ခဲ့ကြပေမယ့် အာဇာနည်မျိုး သေရိုးမရှိ ဆိုသည့်စကားအတိုင်း ဘယ်တော့မှ မသေခဲ့၊ ဗိုလ်ချူပ်ကို မှေးမှိန်အောင် လုပ်ခဲ့သူတွေသာ လူမသေခင် နာမည် သေခဲ့ကြရပြီး မျိုးရိုးလိုက်ပါ သမိုင်းသေကြလေသည်။ သံဝေဂရစရပါပင်။
" ဗိုလ်ချူပ်အောင်ဆန်း ဆိုတာ တကယ်ရှိတဲ့ လူလား"
လွန်ခဲ့သည့် အနှစ်နှစ်ဆယ်နီးပါးက အသက်(၇) နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အမေးကို ကြားရပြီး အဆိုပါကလေးကို ထိုတစ်ကြိမ်သာ မြင်သိခဲ့ပေမယ့် သေသေချာချာ ရှင်းပြဖြစ်ခဲ့တာ သတိရမိသည်။
စိတ်ထဲမလည်း ဒီအစိုးရ လုပ်ပုံဖြင့် နောက်လူငယ်တွေ အတွက် စိုးရိမ်စိတ်ဖြစ်မိသည်။ ၂၀၁၅ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရွေးကောက်ခံလိုက်ရခြင်းသည် တိုင်းပြည်အနာဂတ် အလင်းတန်းများ ပွင့်လန်းလာခြင်းပင်။
ထိုကလေးနှင့် ကိုယ့်ကိုယ်ကို ပြန်ယှဉ်ပြီး တွေးနေမိသည်။ ငယ်စဉ်က ကျမတို့အိမ်မှာ အထွတ်အမြတ်ထားသော ဓါတ်ပုံ နှစ်ပုံရှိသည်။ ဧည့်ခန်းကို ဝင်ဝင်ချင်း ညာဖက် ထိပ်ဆုံးမှာ ဗိုလ်ချူပ်အောင်ဆန်းပုံ၊ ပြီးတော့ အဖေ့ပုံ၊ စာရေးသူ သူငယ်တန်း ကျောင်းမတက်ခင်ကတည်းက ချိတ်ဆွဲထားတာ မှတ်မိပြီး ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလည်း မသိပါ။ ဒါပေမယ့် ဗိုလ်ချူပ်အောင်ဆန်းကို သိနေခဲ့တာတော့ အမှန်၊ နောက်တခုက မိသားစု ဓါတ်ပုံ အယ်လ်ဘမ်ထဲမှာ ဗိုလ်ချူပ်တို့ မိသားစုပုံ ရှိလေသည်။ သူငယ်ချင်းတွေ အိမ်လာလည်ရင်း အယ်လ်ဘမ်ထဲက ဗိုလ်ချူပ်တို့မိသားစုပုံကို တွေ့က အမျိုးတော်တာလား အမေးကို မတော်ကြောင်း ပြောရင်း ကျေနပ်နေမိလေသည်။ အဖေ့စာအုပ်သေတ္တာထဲက ဗိုလ်ချူပ်နဲ့ ပတ်သက်ပြီး ရေးထားသည့် စာအုပ်တွေမှာ ကျမတို့ မောင်နှမတတွေရဲ့ ပြဌာန်းစာအုပ်လိုပင်။ မဖတ်ရသေးသည့်သူ မရှိ၊ အကြိမ်ကြိမ်ဖတ်ကြသည်၊ အကြိမ်ကြိမ် လွမ်းကြသည်။ အချင်းချင်း ဆွေးနွေးစရာ လူကြီး တစ်ယောက်ဖြစ်သည်။ ရင်ထဲအသဲထဲ စွဲနေအောင် လေးစားကြည်ညိုဖြစ်အောင် ပတ်ဝန်းကျင်မှာ အမှတ်တရတွေ ရှိနေသည်။
သူငယ်တန်းမှာ မုန့်ဖို့ ဆယ်ပြားရတော့ ခေါင်းနဲ့ပန်းမှာ ခေါင်းက ဗိုလ်ချူပ်၊ နောက် ငါးမူးစေ့၊ ပြီးတော့ တစ်ကျပ်တန် စသဖြင့် ဗိုလ်ချူပ်သည် တို့ဗိုလ်ချူပ်အဖြစ် ပတ်ဝန်းကျင်မှာ ရှိသည်။ ကျောင်းရောက်တဲ့အခါကျပြန်တော့ ဖေဖေါ်ဝါရီ(၁၃)ဟာ ဗိုလ်ချူပ်မွေးနေ့ပါ နဲ့စလို့ မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး စတာတွေ သင်ရသည်။ စတုတ္ထတန်းရောက်တဲ့အခါ " ငါဟာ ဗမာ ငါဟာရာထူးနဲ့ဂုဏ်ကို မမက်ဘူး၊ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်တော့မှသစ္စာမဖောက်ဘူး" အစရှိတဲ့ အဂ်လိပ်စစ်ဗိုလ်ချူပ်ကြီးကို ပြန်ပြောတဲ့ စကားကို မာန်ပါပါနဲ့ အလွတ်ရအောင် ဆိုကြည့်ရင်းကို ကြက်သီးထမိသည်အထိ သဘောကျရလေသည်။
နောက်ပိုင်းကျ စစ်အာဏာရှင်တို့ရဲ့ သဘောထားသေးသိမ်မှုကြောင့် အာဇာနည်နေ့ ဆိုတာကိုပင် မှေးမှိန်အောင်လုပ်လာကြတော့သည်။ လွတ်လပ်ရေးဗိသုကာဆိုတာကို သမိုင်းကနေ ဖျောက်ချင်လာကြသည်။ နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်း ခေါင်းဆောင်ကြီးများ လုပ်ကြံခံရချိန် နံနက် ၁၀နာရီ ၃၇ မိနစ်တိတိမှာ မြန်မာ့အသံက ဖွင့်နေကျ အလေးပြု ဥဩဆွဲတာကိုပင် ရပ်တန့်လိုက်လေသည်။ အဆိုပါ ဥဩသံနှင့် တဆက်ထဲ အဆိုတော် မေလှမြိုင်ရဲ့ " အလေးပြု" ပါတယ် သီချင်းကို ကြားရပါက လွမ်းလွမ်းဆွတ်ဆွတ်နှင့် ရင်ထဲ မချိအောင် ခံစားရသည်ကို တမ်းတမိသည်။ ၊ ဗိုလ်ချူပ်တို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွေကိုလည်း ညဖက်သတင်းအပြီးမှာ နားထောင်ရကာ ဗိုလ်ချူပ်လို တိုင်းပြည်ချစ်စိတ်တွေ၊ ဗိုလ်ချူပ်စကားနားထောင်ပြီး ပြည်သူလူထုအတွက် အလုပ်လုပ်လိုစိတ်တွေ၊ ဗိုလ်ချူပ်ကို နှမျောတသ ချစ်ခင်လေးစားစွာဖြင့် စကားနားထောင်ကာ ပြည်သူပြည်သားကောင်းတစ်ယောက် အဖြစ် နေထိုင်ရမယ်ဆိုသည့် စိတ်တွေ တဖွားဖွားပေါ်ပေါက်လာရလေသည်။
အာဇာနည်နေ့မှာ ပြည်သူတွေ အလေးပြု ရအောင် မြန်မာ့အသံက ဥဩမဆွဲပဲ ပိတ်ထားတာ နှစ်ပေါင်းမည်မျှကြာသလဲ ပြန်တွေးကြည့်ရာ မြန်မာ့အသံမှာ တာဝန်ထမ်းသည့် ဝန်ထမ်းသက်(၁၅) နှစ်လုံးလုံး တခါမှ လွှင့်ခွင့် မကြုံခဲ့ရတာ သတိရသည်။ အာဇာနည်ခေါင်းဆောင်တွေကို သတိတရ ဖြစ်စရာ အမှတ်တရတွေကို အမျိုးမျိုး ဖျောက်ဖျက်ကြပေမယ့် ပြည်သူတွေကတော့ တသမတ်တည်းသောစိတ်ထားဖြင့် ယနေ့ထိတိုင် မမေ့နိုင်ကြပါပေ၊
အာဇာနည်ကုန်းမှာ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြု၊ ပြီးလျင် ဗိုလ်ချုပ်ပြတိုက်သွား၊ ညကျ ဗိုလ်ချူပ်ပြောတဲ့ စကားတွေ နားထောင်ရင်းဖြင့် ထိုနေ့သည် ဝမ်းနည်းစရာနေပေမယ့် ကျောင်းသားဘဝ မမေ့နိုင်သည့် အမှတ်တရ နေ့တွေဖြစ်ခဲ့သည်။ ရွှေတိဂုံဘုရား မြောက်ဖက်မုခ်ကအဆင်း သွေးဆေးကန်ဘက်အခြမ်း အမိုးနိမ့်လေးအောက်က အုတ်ဂူတစ်ခုချင်းမှာ ကျဆုံးသွားသော အာဇာနည်တွေရဲ့ နာမည်နဲ့ တာဝန်တွေ ကျဆုံးချိန်တွေ ဖတ်ရသည်။ ငယ်စဉ်ကတော့ အုတ်ဂူထဲမှာ ဗိုလ်ချူပ်တို့ ရှိနေမှာပေါ့လို့ လူကြီးတွေကို မေးဖူးတာ ပြန်အမှတ်ရသည်။ ၁၉၈၃ခုနှစ်မှာ မြောက်ကိုရီယားတို့ရဲ့ ဗုံးဖောက်ခွဲမှုကြောင့် အာဇာနည်ဗိမ္မာန်ကို ပြန်တည်ဆောက်ရပြီး အသစ်ပြန်မြင်ရသည့် အဆောက်အဦမှာ ထိုနေရာမှာ ရှိနေပေမယ့် ပုံစံအနေအထားက စိတ်ထဲမှာ ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များရဲ့ အရိပ်အအငွေ့ကို ဘယ်လိုမှ ဖမ်းဆုပ်လို့ မရခဲ့၊ တခြားသူတွေဆီကလည်း ဒီအတိုင်းပဲ အသံထွက်သည်။ ထိုအဖြေကို မနေ့တနေ့ကမှ သိရသည်။
" ဗိုလ်ချူပ်အောင်ဆန်းက ဘယ်မှာလဲ"
" ဟို ကြယ်ဖြူလေး ရှိတဲ့ နေရာက ဗိုလ်ချူပ်နေရာဖြစ်မယ်"
ဒီလို ကိုယ့်အတွေးနဲ့ကိုယ် မေးကြပြောကြသည်။ အုတ်ဂူပုံစံနဲ့ ကဗျည်းတွေ မပါပဲ လိုင်းလို အမြောင်းကိုးခုသာမြင်ရသည့်အတွက် ဘယ်သူဘယ်ဝါဆိုတာလည်း မသိရတော့ပေ၊
အာဇာနည်ဗိမာန်ဆောက်ပြီးစ ထိုနေရာကို ဖြတ်သွားတိုင်း ဟင်းလင်းပြင်ထဲက အနီရောင်အပြားလိုက် အဆောက်အဦကို သဘောမကျကြောင်း တီးတိုးပြောသံတွေ လိုင်းကားပေါ်ထွက်လာတတ်သည်။ တချို့ကားစပယ်ယာတွေကတော့ " ကြည့်ပါအုန်း တခုခုလိုနေသလိုပဲ " ပြောတာလည်း ကြားရသည်။
တကယ်တန်းက ထိုစဉ်က တာဝန်ယူ ဆောက်လုပ်ခဲ့သည့် ဗိသုကာပညာရှင်တွေရဲ့ ပုံစံကို အာဏာရှိသူတွေက အမျိုးအမျိုး ဖဲ့ထုတ်ခဲ့တာဖြစ်နေသည်။
အာဇာနည်ဗိမ္မာန်အဆောက်အဦအတွက် ဒီဇိုင်းရေးဆွဲရာမှာပါဝင်ခဲ့သည့် ဗိသုကာပညာရှင် တစ်ယောက်နဲ့ အင်တာဗျူးး ကို ဖတ်ရအပြီးမှာ သိရတာဖြစ်သည်။
" ပညာရှင်များ၏စိတ်ကူးစိတ်သန်းများကို အထက်လူကြီးများက ၀င်ရောက်စွက်ဖက်ကြသည်။ စာအထောက်အထားကျန်မည်စိုး၍ နှစ်ဦးချင်းတွေ့ပြီး အာဇာနည်ကြီးများ၏ ဂူများကို ဒီဇိုင်းသဘောဖြင့် ဖျောက်ဖျက်ပစ်ရန် ညွှန်ကြားချက် (နှုတ်မိန့်) ကျလာသည်။ သို့ဖြင့် ဂူများကို ငုံပစ်လိုက်ရသည်။ သို့သော် ဗိသုကာပညာရှင်များက နောက်ခံနံရံကားချပ်တွင် အာဇာနည် ကိုးဦးကို ကိုယ်စားပြုသည် အမြောင်းကိုးခုထည့်ပေးလိုက်သည်။
‘‘သူတို့က ဖျောက်ရမယ်ဆိုတော့ ကျွန်တော်က အမြှောင်းကိုးခု လုပ်ပေးလိုက်တာ။ သူတို့မသိလိုက်ဘူး’’ ဟု ဦးဆန်းဦးက ပြန်ပြောင်းပြောပြသည်။
ထို့ပြင် အာဇာနည်ကိုးဦးကို ညွှန်းဆိုသည့်အမည်နှင့် ကိုယ်ရေးအကျဉ်းရေးသားထားသည့် ကျောက်တုံး ကိုးခုကို ဒီဇိုင်းရေးဆွဲခဲ့သည်။ အုတ်ဂူများ မတွေ့ရတော့သဖြင့် အာဇာနည်များကို ရည်စူးပြီး အလေးပြုရန် ရည်ရွယ်ရင်းဖြစ်သည်။ သို့သော် အစိုးရက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါသင်္ကေတကျောက်တုံးများ မထည့်ခဲ့သည့်အပြင် မည်သည့် အာဇာနည်ကြီးများ၏ အမည်မျှ ကမ္ပည်းမှမထိုးဘဲ ဗြောင်သက်သက်ပင် ဆောက်လုပ်ခိုင်းစေခဲ့သည်။ အာဇာနည်ဗိမာန်သို့ လာရောက်ဂါရ၀ပြုသည့် မိသားစုဝင်များမှာ နှစ်ပေါင်းများစွာယဉ်ကျေးမှုဝန်ကြီးဌာန၀န်ထမ်းများ၏ ပြသမှုဖြင့်သာ လွမ်းသူ့ပန်းခွေချခဲ့ရရှာသည်။ ဦးသိန်းစိန်အစိုးရလက်ထက်ရောက်မှကြေးပြားပေါ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မွေးသက္ကရာဇ်နှင့် ကျဆုံးသည့်သက္ကရာဇ်ကို ပြန်လည်ဖော်ပြခဲ့သည်။
ဗိသုကာပညာရှင်များသည် အာဇာနည်ဗိမာန်၏ နောက်ခံနံရံကားချပ်ပေါ်တွင် ကြယ်ပွင့်သဏ္ဌာန်အပေါက်ဖောက်ပြီး မြက်ခင်းပေါ် ကြယ်ကြွေကျနေသည့် ဒီဇိုင်းကိုရေးဆွဲပေးခဲ့သည်။ အာဇာနည်ကြီးများ ကြွေလွင့်ခဲ့ရသည်ကို ဆိုလိုရင်း ဖြစ်သည်။ သို့သော် ထိုစဉ်က ဆောက်လုပ်ခဲ့သူများက အပေါက်မဖောက်ဘဲ ကြယ်ပုံသဏ္ဌာန်အချိုင့်သာလုပ်ခဲ့ကြသည်။ အလံတိုင်ကို ဘေးဘက်တွင်ထားရန် ဒီဇိုင်းဆွဲပေးခဲ့သော်လည်း‘‘အလံကို ဘေးမှာထားတာမကောင်းဘူး’’ဟု ၀န်ကြီးတစ်ဦးက ဆိုသဖြင့် အလယ်သို့ ရွှေ့ခဲ့ကြပြန်သည်။ ထိုသို့သော အခြေအနေမျိုးတွင်ဗိသုကာပညာရှင်များက အာဇာနည်ဗိမာန်တွင်ရှိသင့်သော ပြတိုက်၊ အာဇာနည်ကြီးများ၏ ပန်းပုရုပ်တုများနှင့် ပန်းခြံတို့ကို ဒီဇိုင်းထဲတွင်အင်္ဂလိပ်လို ထည့်ရေးဆွဲခဲ့ရသည်။
‘‘အဲဒီတုန်းက အခွင့်မသာလို့ မသိမသာနဲ့ထည့်ပေးခဲ့ရတာတွေ ရှိတယ်။ သူတို့က ကြားကိုမကြားချင်ခဲ့တာ’’ဟု ဦးဆန်းဦးက ပြောသည်။" တဲ့
ဒီအင်တာဗျူးကို ဖတ်ရသည့်အခိုက် အာဏာရှင်တို့ရဲ့ သေးသိမ်သည့် စိတ်ဓါတ်တွေကို အံ့ဩမိလေသည်။
ယခုသော် ပြည်သူ့အစိုးရစစ်စစ်လက်ထက်တွင် ဗိသုကာပညာရှင်များက အာဇာနည်ကြီးများအတွက် ရည်စူးပြီး ဖန်တီးပေးခဲ့မှုများ ပြန်လည်အသက်ဝင်လာတော့ မည့်အချိန်သို့ရောက်ရှိလာပြီဟု ဆိုရပေတော့မည်။
မြို့တော်စည်ပင်က အာဇာနည်ဗိမာန်နောက်ခံနံရံချပ်ကို ကြယ်ပွင့်သဏ္ဌာန် အပေါက်ပြန်ဖောက်ပြီး မြက်ခင်းပေါ်သို့ ကြယ်ကြွေကျနေသည့် ဒီဇိုင်းကို ပြန်လည်ပြုပြင်နေပြီး
အာဇာနည်ကြီးများရဲ့ အမည်၊ မွေးသက္ကရာဇ်နှင့် ကျဆုံးသည့် ခုနစ်တို့ကို ရေးထိုးထားသော ကြေးပြားတပ်ဆင်ထားသည့် ကြယ်ပွင့်သဏ္ဌာန်ကျောက်သားသင်္ကေတကိုးခုကို ပြန်လည်တွေ့မြင်ရတော့မှာ ဖြစ်သည်လို့ သိရလေသည်။ ပြည်သူများမှာ အာဇာနည်ကြီးများကို ရည်စူးပြီး ဦးညွှတ်နိုင်တော့မည်ဖြစ်သည်။
အာဇာနည်ဗိမာန် နောက်ခံနံရံများကို အာဇာနည်ကိုးဦးအား ရည်စူးပြီး အမြှောင်းကိုးခုပုံဖော်ထားသည့် အပေါ်မှာ အာဇာနည်အထိမ်းအမှတ် သင်္ကေတအဖြစ်ကျောက်တုံးတစ်တုံးစီ ထားရှိမှာလို့ ဆိုလေသည်။
ယခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ အာဇာနည်များ၏ မိန့်ခွန်းတို ဒါမှမဟုတ် ထူးခြားသည့် အကြောင်းအရာတွေကို ရုပ်ပုံကားချပ်တွေနဲ့ တကွ ပြသမှာဖြစ်သလို ယခင်က နိုင်ငံတော်အလံကို အလယ်တည့်တည့်မှာ ထားခဲ့တာကိုလည်း ပညာရှင်တို့ ဆွဲပေးထားတဲ့ အတိုင်းဘေးဘက်ကို ပြန်ထားမှာ ဖြစ်သည်တဲ့၊
ဖျောက်ဖျက်ရန်ကြိုးစားခဲ့သော်လည်း ဗိသုကာပညာရှင်တို့က အမြော်အမြင်ရှိစွာဖြင့် တချိန် အခွင့်ရတဲ့အခါ ပြန်လည် ဖော်ထုတ်နိုင်ရန် မသိမသာ ပညာသဘောအရ နေရာထားခဲ့တာတွေ ရှိခဲ့သည့်အတွက် ယခု အဆင်ပြေကြောင်း ၊ မူလ စီစဉ်ထားသည့် ဒီဇိုင်းအတိုင်း လွတ်လပ်စွာ ပြန်လည် ပြင်ဆင်နိုင်တော့မှာ ဖြစ်တဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေသည်။ ထို့အတူ ပြည်သူတွေ အာဇာနည်ခေါင်းဆောင်ကြီးများကို လွတ်လပ်စွာ အလေးပြုခွင့်လည်း ရကြပေတော့မည်။ စိတ်အားဖြင့်လည်း လွတ်လပ်ကြပေတော့မည်၊ ဖျောက်ဖျက်ခံရဖို့ အရေးက ပြည်သူတို့ရဲ့ အင်အားဖြင့် ပြန်လည် အသက်ဝင်လာရပေပြီ။ စည်းလုံးညီညွတ်ခြင်းရဲ့ အကျိုးဆက်သည် ကောင်းကျိုးအထွေထွေ ဖြစ်ပေါ်လာလေသည်။ နိုင်ငံသူနိုင်ငံသားအားလုံး လွတ်လပ်ရေးဗိသုကာကြီး ဖခင်ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို ဦးညွတ်အလေးပြုရင်း အာဇာနည်တို့ ဆိုစကားများအတိုင်း နိုင်ငံကောင်းကြိုး ရွက်ဆောင်ကြပါစို့ တိုက်တွန်းကာ ကာလရှည်ကြာ ပိတ်ပင်ခံထားရသည့် အဆိုတော်မေလှမြိုင် သီဆိုထားတဲ့ " အလေးပြုပါသည်" သီချင်းဖြင့် ဦးညွတ် အလေးပြုလိုက်ရပါသည်။
"( နှစ် လနာရီ ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ ကိုဖြင့် မမေ့သင့်ပါသလေ၊ ယနေ့ဖြင့် သတိတရားထားဖို့အခြေ............... အများပြည်သူတွေ ...အများပြည်သူတွေ အာဇာနည်နေ့ကိုလေ............ တွေးရှုကာပဲ ..အလေးပြုပါမယ်လေ ၊ )၂
စနစ်အခြေ..ပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ ၊ လွမ်းမျက်ရည် မြေခပြီမို့..တွေး.......တသသ၊ ဆွေး.စ မရွှင် ရွှေရင်ဆို့ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင်အခြေ အော်.. မမေ့ရက်နိုင်ပါပေ အာဇာနည်ခေါင်းဆောင်ကြီးတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိ ရောက်ရှိကြပြီလေ၊ တေးကဗျာအနုစာခွေ ရေးကာ အလေးပြု အလေးပြုပါတယ်လေ................"
ခိုင်ခိုင်စောလွင်

No comments:

Post a Comment