August 7, 2016

အရှုံးကို အပြုံးနဲ့ကြိုနိုင်မှ " ၈ရက် ဩဂုတ်လ ၂၀၁၆ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၀)မှ

အရှုံးကိုအပြုံးနဲ့ကြိုနိုင်မှ"

                                              ဒီတပတ်မှာ အားပေးကြည့်ခဲ့ရတဲ့ ဘောလုံးပွဲအကြောင်း ရေးချင်စိတ်ပေါ်မိသည်။ ဘောလုံးပွဲ ဆိုတာ မဆန်းပါ၊ အသင်းနှစ်သင်း တစ်ဖက် တစ်ဆယ့်တစ်ယောက်စီ ကန်ကြတာ၊ ဂိုးစောင့် တစ်ယောက် ဖယ်လိုက်ရင် ကစားသမား ဆယ်ယောက်စီ ကစားကြတဲ့ပွဲ၊ ကွင်းပြင်ကြီးထဲမှာ ရှိနေကြတဲ့  လူ(၂၂) ယောက်ရဲ့ လှုပ်ရှားမှုတွေက  ကွင်းဘေးကနေ လူအများက ထိုင်ကြည့် အားပေးတဲ့  ပရိတ်သတ်ရဲ့ စိတ်အခြေအနေနဲ့ လှုပ်ရှားမှုတွေကို ဖန်တီးပေးနေတာ အားလုံးခြုံကြည့်က ရသတမျိုးကို ခံစားရလေသည်။ သံစဉ်ခလုတ်တွေ နိမ့်လိုက် မြင့်လိုက် ဖြစ်တာနဲ့ တပြိုင်နက် ထွက်ပေါ်လာသည့် တေးသွားနှင့်ပင် တူနေသေးတော့သည်။
                        ၂၀၁၅- ၂၀၁၆ ( sport days) အားကစားရက်ကာလကို ချင်းမိုင်က ကျောင်းအသီးသီးမှာ ကျင်းပကြရာ ကျောင်းပြင်ပ ပညာရေး ဖော်ဆောင်သည့် ကျမတို့ ကျောင်းကလည်း တတပ်တအား အားပေးဖို့  ပါဝင်ကြရလေသည်။ ထိုအခါကျမှ ထိုင်းနိုင်ငံက အားကစားကို ဘယ်လိုမြှင့်တင်ထားသလဲ၊ အားကစားစိတ်ဓါတ် ရှိရမယ်ဆိုတဲ့ အခြေခံသဘောတရားတွေကို ဆိုင်းဘုတ်တွေ ချိတ်၊ စာတန်းတွေထိုး ဆိုတာထက် လက်တွေ့ ဘယ်လို ကျင့်သုံးသလဲ ဆိုတာတွေ မျက်မြင် ခံစားသိရှိရလေတော့သည်။
                          စနေနေ့ ဘောလုံးပွဲက အပြန် စိတ်ထဲ ရှိတုန်း တန်းရေးတာ စာမူက ဒီမှာတင် ခဏရပ်သွားတာ ဖြစ်သည်။  အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စ ၊ ကျောင်းမှာ စာသွားသင်ဖို့ အချိန်ပေးရတာ စသည့်အကြောင်းတွေဖြင့် စာမူကို စာမရေးဖြစ်။  ထိုအချိန်မှာပဲ ထိုင်းနိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်သမားတွေကို စီမံချက်ဖြင့် ဆက်တိုက်ဆိုသလို ဖမ်းဆီးသည့် သတင်းတွေ စိတ်မချမ်းသာဖွယ်ရာ ကြားနေရပြန်ရာ သတင်းအချက်အလက် မေးမြန်းစုံးစမ်းပြီး ဒီအပတ် အဲဒီအကြောင်း ရေးမယ်လို့ စိတ်ကူးလိုက်မိပြန်လေသည်။ ဈေးဆိုင်တော်တော်များများ နဲ့ စားသောက်ဆိုင်တွေမှာက မြန်မာအလုပ်သမားတွေချည်းသာ ဖြစ်ကြရာ ဆိုင်အတော်များများပိတ်ထားရသည်။
   မြန်မာအလုပ်သမား အများစု အလုပ်လုပ်ကြသည့် နေရာတွေ ခြောက်ကပ်ကုန်သည်။ အလုပ်သမားတွေ အလုပ်မလာရဲ ဖြစ်ကုန်ကြသည်။  အထောက်အထားမရှိလို့လား ဆိုတော့ မဟုတ်ပြန်၊ အထောက်အထားမှာက အလုပ်အကိုင်နေရာမှာ အေးဂျင့်တွေက  လွယ်လွယ်ကူကူပဲ " ဆောက်လုပ်ရေးအလုပ်သမား" ဖြည့်ထားတာရယ်၊ လုပ်ပေးသည့် အလုပ်သမားဌာနက ကဒ်ပြားတွေ လုပ်ပေးစဉ်က သေသေချာချာ စစ်ဆေးမေးမြန်းမှု မရှိတာရယ်တွေကြောင့် အလုပ်အကိုင်အမည်လွဲတာက တော်တော်များများမှာ ဖြစ်နေသည်။ နောက်တခုက  ဆောက်လုပ်ရေးလုပ်ငန်းမှာ အမှန်တကယ်လုပ်နေတာတောင်မှ  လုပ်ငန်းခွင် အလုပ်ရှင် ပြောင်းပြီး လိုက်လုပ်ရရာ ဝင်စစ်သည့်အချိန် အလုပ်သမားကဒ်ထဲ က အလုပ်ရှင်မဟုတ်ပါက ဖမ်းတာပဲ ဖြစ်သည်။
                         ဈေးတွေ၊ ဆိုင်တွေ ဝင်ဖမ်းတာသာမက လမ်းတွေမှာလည်း ဖမ်းသည်။ ကျောင်းက ဝန်ထမ်းကလေးမလေး တစ်ယောက် ရဲက စစ်ဖို့ တားရာ ကြောက်ပြီး ဆိုင်ကယ်မောင်းကာ ထွက်ပြေးသည်။ ရဲက ဆက်သွယ်ရေးစက်ဖြင့် လှမ်းချိတ်လိုက်ရာ တစ်နေရာမှာ သူ့ဆိုင်ကယ်ကို တားပြီး ဖမ်းသည်။ အမှုက ပိုကြီးသွားသည်။ " မင်း ဘာလို့ ထွက်ပြေးတာလဲ " ယာဘ" ( မူးယစ်ဆေး) တွေ သယ်လာလို့ ပြေးတာမဟုတ်လား " မေးသည်တဲ့။ ထိုသတင်းကြားတော့ ကျောင်းက ကျောင်းသားတွေကို ရဲက စစ်ပါက အေးအေးဆေးဆေး အစစ်ခံဖို့ ပြောရပြန်သည်။  အဖမ်းအဆီးကြမ်းနေသည်။ မကြာလိုက် ကမ္ဘောဒီးယားအလုပ်သမား တစ်သိန်းနီးပါး သူ့တိုင်းပြည် ပြန်သွားကြသည့်အတွက် စိုက်ပျိုးရေးနဲ့ ခြံလုပ်ငန်းရှင်တွေ  ဒုက္ခရောက်ကြတာ ဖတ်ရပြန်သည်။  သစ်သီးတွေ ပုပ်ကုန်တာ၊ ခူးမည့်သူမရှိတာ အစရှိသဖြင့်  အလုပ်ရှင်တွေ အဆင်မပြေဖြစ်ကြတာ ၊ ကြားနေရလေသည်။
                      မနေ့ကမှ အဖမ်းအဆီးတွေ ရပ်လိုက်ပြီ ကြားလေသည်။ ထိုင်းနိုင်ငံမှာ ရေးဆွဲပြီးစီးသွားတဲ့ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲကျင်းပမယ့်ရက် နီးလို့ လုံခြုံရေးတင်းကျပ်တာလို့  အချို့က  ဆိုလာပြန်သည်။
အဖမ်းအဆီးတွေ ငြိမ်သွားပြန်ပြီဆိုလေသည်။ ကောင်းလေစွလို့ စိတ်ထဲကျေနပ်နေတုန်း ရန်ကုန်အနောက်ပိုင်းခရိုင်၊ သန်လျင်မှာ ဘောလုံးပွဲကနေ ရန်ပွဲဖြစ် ထိန်းမရ၍ နောက်ဆုံး သေနတ် သုံးချက်ဖောက် လူစုခွဲရသည့် သတင်းဖတ်လိုက်မိရာက ရေးလက်စ ဘောလုံးပွဲအကြောင်း သတိတရဖြစ်ကာ ဆက်ရေးဖို့ ဖြစ်လာရလေတော့သည်။
                 ဘောလုံးပွဲကအပြန် ရေးစဉ်က ခံစားခဲ့ရသည့် ကြည်နှုးဖွယ် အဖြစ်အပျက်ကို စာဖတ်သူတွေကို မျှဝေပေးမည်၊ ဒီတခေါက်တော့ စိတ်အေးချမ်းကြည်နှုးစေသည့် ရသအက်ဆေးလေး ရေးလိုက်ပါအုန်းမယ် စိတ်ကူး ပေါ်လာတာဖြစ်သည်။ အဖြူရောင်အသင်းနှင့် အနက်ရောင်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကျမတို့ကျောင်းနယ်မြေအသင်းက အဖြူရောင်၊ အဖြူရောင်ကို အားပေးရမှာဆိုတော့ အဖြူရောင်အင်္ကျီတွေ ဝတ်ဆင်လာခဲ့ကြသည်။ အဖြူရောင်အသင်း ပွဲမစခင် အရှေ့မှာ အနီရောင်နှင့်အပြာရောင်အသင်းတို့ ကန်နေတာကို ကြည့်ဖြစ်သည်။ ၃-၀ ဖြစ်နေရာ ထုံးစံအတိုင်း သုည ရနေသည့် အသင်းကို အားပေးကြလေသည်။ (၃)ဂိုးသွင်းထားသည့် အသင်းက ကျောင်းသားအရွယ်ပေမယ့် စစ်တပ်ကဖြစ်သည်။  နှစ်သင်းစလုံးက ကစားသမားတွေ အရွယ်တွေ ညီပေမယ့် စစ်သားလေးတွေက  ကိုယ်ကာယကြံခိုင်သည်။ ပြေးနိုင်လွှားနိုင် အမောခံနိုင်သည်။ ကျောင်းသားလေးတွေက ပျော့နွဲ့နွဲ့ ယိုင်တိုင်တိုင် ခြေရည် အတော်ကွာသည်။ သို့သော် နိုင်နေသည့် အသင်းက ကိုယ်နိုင်သည်ဆိုက မာန်မတက်၊ ဟန်မကြွ၊ သာသာငြင်းငြင်းဖြင့် တဖက်အသင်းကို ညှာညှာတာတာ ကစားနေတာ တွေ့ရသည်။ ဘောလုံးလာက လိုက်မလု၊ ဘေးကန်ပစ် ဒီလို သိသိသာသာ လုပ်တာမျိုး မဟုတ်၊ အကွက်မပျက် ကစားနည်းမပျက် ကန်ရင်းက ညှာကန်တာဖြစ်သည်။ နိုင်တယ်ဆိုပြီး တက်မထောင်၊ ပွဲအပြီး အချင်းချင်းနှုတ်ဆက်ကြ  ပြံးပြုံးပျော်ပျော် ကြည်နူးစရာ၊ အနိုင်အရှုံး ခံစားချက်ကို ကျောင်းပွဲမှာကတည်းက လေ့ကျင့်ပေးနေတာပင်၊ ဒိုင်လူကြီးတွေကလည်း ကျောင်းသားတွေနှင့် မတိမ်းမယိမ်း ၊ ရွယ်တူပေမယ့် ဒိုင်လူကြီးကို လေးစားဖို့ တခါထဲ လေ့ကျင့်ပေးသလို တွေ့ရသည်။
                ကျမတို့ အားပေးရသည့် နယ်မြေအသင်း အဖြူရောင်အသင်း ကန်သည့်အလှည့်မှာ ပထမပိုင်းတင် (၅)ဂိုး ပေးလိုက်ရသည်။ သူတို့ကျောင်းက ဆရာ/ ဆရာမနှင့် ကျောင်းသူ/ ကျောင်းသားတွေကို အကဲခပ်ကြည့်ရာ အော်ဟစ်အားပေးတာတော့ အသံကုန်ပင်၊ သို့သော် ဂိုးသွင်းခံလိုက်ရက စိတ်မပျက်၊ ဘောလုံးသမားတွေကို " ကိစ္စမရှိဘူး "  ကြိုးစားထား ဆိုကာ အားပေးကြလေသည်။ သို့သော် ဘဲဥ မကွဲပဲ ဖြစ်နေရာ ဆရာမဖြစ်သူက ဘဲဥခွဲနိုင်ရင် ခွဲသည့်သူကို တစ်ထောင်ပေးမယ် လို့ ဆက်အားပေးပြန်သည်။ ဒုတိယပိုင်းမှာ တဖက်က (၈)ဂိုး သွင်းအပြီး မှ ဘဲဥကွဲလေသည်။ ဂိုးသွင်းလိုက်သည့် ကလေးက သူသွင်းတာ ဖြစ်ကြောင်း ဆရာမရှိရာ အမူအယာဖြင့်ပြသည်။ ဂိုးသွင်းဖို့ ကြိုးစားတိုင်း အားမလိုအားမရ အားပေးရင်း ဂိုးသွင်းခံရပါကလည်း ဟာကနည်း ဖြစ်တာပဲရှိသည်။ တဖက်အသင်းသားတွေကို လှောင်ပြောင်တာ၊ သရော်တာ၊ ကိုယ့်အသင်းသားတွေကို ဆဲဆို မာန်မဲတာ လုံးဝမတွေ့ရပေ။ အရှုံးကို ပျော်ပျော်ပါးပါးပါး လက်ခံတာ တွေ့ရသည့်အခါ အားကျစိတ်ဖြင့် အားပေးသည့် ကျောင်းသူကျောင်းသား၊ ဆရာ ဆရာမတွေကို မကြာမကြာလှမ်းကြည့်မိလေတော့သည်။ ၈ဂိုး ၁ဂိုးဖြင့် ရှုံးသွားသော်လည်း ဘယ်သူ့ကိုမှ အပစ်မတင်၊ တဖက်ကိုလည်း ရန်မစောင်၊ အားပေးသည့်သူတွေကလည်း ရယ်ရယ်မောမော ၊ အားကျစရာ။
               ထိုင်းတွေ ဘောလုံးပွဲမှာ ရန်မဖြစ်ဘူးလား ဆိုက ဖြစ်ကြတာပဲ ဖြစ်သည်။ တခါက ထိုင်း ကလပ်အသင်း ကစားသည့်ပွဲစဉ်တခုမှာ ဒိုင်လူကြီးကို လက်သီးဖြင့်ထိုး၍ ဒိုင်လူကြီး ထွက်ပြေးတာ ကြည့်ဖူးပါသည်။ သို့သော် အားလုံးခြုံလိုက်က ရံဖန်ရံခါသာ ဖြစ်သည်။ ကျမတို့ လူမျိုးကတော့ ရပ်ကွက်ထဲ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ ကစားတာတောင် ရန်ဖြစ်ကြတာဖြစ်သည်။ ငယ်စဉ်ကတည်းက ဒီလိုပွဲတွေ ကြုံတွေ့တိုင်း ရပ်ကွက်တခုနှင့်တခု ရန်သူတွေ ဖြစ်သွားတာ၊ သူငယ်ချင်းအချင်းချင်းပင် မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်တာတွေ ရှိလေသည်။ တချို့ဆို တုတ်ဆွဲ ဒါးဆွဲအထိပင် ဖြစ်ကုန်ကြတာရှိသည်။ နိုင်သည့်အသင်းကလည်း တို့နိုင်တယ်ဆိုကာ တဖက်အသင်းကို စောင်ချိတ် အောင်ပွဲခံတာက ရှိသေးသည်။ ရှုံးသူက ဆဲ နိုင်သူက မာန်တက် အကျင့်လိုဖြစ်နေသည်။
   မနေ့က အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ(   AFF Myanmar Women's Championship 2016 ) ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် အုပ်စု(က) ပထမ ဗီယက်နမ် အသင်းနှင့်
အုပ်စု (ခ) ဒုတိယ မြန်မာအသင်းတို့ မန္တလာသီရိ အားကစားကွင်းမှာ  ယှဉ်ပြိုင်ကြသည့်  သတင်းအပြည့်အစုံကို ဒီမနက်မှာ ထပ်ပြီးဖတ်ရပြန်သည်။ သရေကတဆင့် အကြိတ်အနယ်ဖြစ်ရင်း  ဒိုင်လူကြီးကို ရန်ပြုတာ ပရိတ်သတ်အချို့  ထိုင်ခုံတွေ ရိုက်ချိုးတာ တွေ့ရပြန်သည်။ ဘောလုံးကွင်းထဲကို ပစ္စည်းတွေ ပစ်ပေါက်တာတွေ ရှိလာတဲ့အတွက် အချိန်ပိုကစားဖို့ကို ဆက်မကစားနိုင်ပဲ ဘောလုံးပွဲကို  နာရီဝက်နီးပါး ရပ်ထားခဲ့ရသည်။  ဒီမြင်ကွင်းကို ပြန်ကြည့်ဖြစ်ရင်းက အရှုံးပေါ် အရှုံးဆင့်ကုန်ပြီလို့ ခံစားရသည်။
" ဘောပွဲလည်းရှုံး  နာမည်လည်းရှုံး နိုင်ငံလည်း ရူံး ဖြစ်ရတယ်လို့ သတင်းသမားတစ်ယောက်က ပြောလေသည်။ အရှုံးပေါ်အရှုံးဆင့် ကြရတာ မကြာခဏ၊ အနိုင်နှင့်အရှုံးဆိုတာ ခေါင်းနဲ့ပန်းလို ကပ်ရက်အတူ ရှိနေတာကို ယထာဘူတကျကျ လက်ခံနိုင်ဖို့  အခြေခံစိတ်တွေ မွေးကြပါ၊ မိမိနဲ့ မိမိပတ်ဝန်းကျင် အသိုင်အဝန်း၊ ထိုကတဆင့် မြို့ ရွာ တိုင်း နိုင်ငံနဲ့ လူမျိုးအလိုက် ယဉ်ကျေးစွာ အနိုင်ယူတတ်ပြီး အရှုံးကိုအပြုံးဖြင့် ကြိုနိုင်သူများ ဖြစ်လာကြပါစေ။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment