August 16, 2016

" အပယ်ရတနာ" ၁၅ရက် ဩဂုတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၁) မှ

" အပယ်ရတနာ"

                    ငွေလဲကောင်တာမှာ ဒေါ်လာ(၁၀၀) လဲပါမယ် ပြောလိုက်တဲ့အခါ  ဝန်ထမ်းအမျိုးသမီးလေးဆီက တခါမှ မမေးဘူးတဲ့ မေးခွန်းကို ကြားလိုက်ရသည်။
" ဘယ်နိုင်ငံကို ယူသွားဖို့လဲ" တဲ့
" မြန်မာပြည်" လို့ ဖြေလိုက်အပြီးမှာ အတွင်းခန်းကလူကို အင်တာကောလ်နဲ့ မြန်မာပြည်ယူသွားဖို့ပါ ဒေါ်လာ(၁၀၀) တဲ့။
လက်ထဲရောက်လာတဲ့ ဒေါ်လာ(၁၀၀)တန်က အသစ်နီးပါး ။ စိတ်ချမ်းသာစရာပါ။ ဒါပေမယ့် ဘာလို့ ဒီလိုမေးရတာလဲ ။ အဖြေက ရှင်းသည်။ ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို ဆက်လက် သွားရောက်ကြသည့် နိုင်ငံခြားသား များစွာ ရှိသည်။ သူတို့ မြန်မာပြည်မှာ ငွေကြေးသုံးစွဲရတာမှာ အခက်အခဲတွေ ရှိရာက ငွေလဲတဲ့အခါ တောင်းဆိုကြတာမှာ  အခုလို  ထိုင်းကငွေလဲလုပ်ငန်းတွေကပါ မြန်မာပြည်အတွက်ဆိုကာ သီးသန့် ထုတ်ပေးရတာ ဖြစ်လာသည်။ သတင်းကြီးလှပါပေတယ်လို့ တွေးနေမိလေတော့သည်။
                     အဆိုပါ ငွေလဲကောင်တာမှာ လွန်ခဲ့တဲ့ တပတ်က တခါရောက်တုန်းက ဒီလိုမဟုတ်၊ ပေးလိုက်တဲ့ ဒေါ်လာ(၁၀၀)တန်က အစွန်းအထင်းနဲ့ ကြေတာမွတာ မရှိပေမယ့် အသစ်ကြီးတော့ မဟုတ်၊ ခပ်လတ်လတ်၊ ကိုယ်တိုင်က ပိုက်ဆံဆို သစ်မှလို့ အစွဲမရှိ၊ ချေးမများတတ်ပေမယ့် မြန်မာပြည်က ဒေါ်လာလက်ခံမယ့် ဘဏ်၊ ရုံးဌာနတွေက အင်မတန်ချေးများတာ ကြုံဖူးတဲ့ အတွက် ဒါလေးက မဆိုးပါဘူးလို့ ကျေနပ်စွာပဲ လက်ခံယူခဲ့တာဖြစ်သည်။ ကိုယ်ကသာ မဆိုးပါဘူး တွေးထားသည့် အဆိုပါ တစ်ရာတန်ကို လေကြောင်းကုမ္မဏီတစ်ခုက လက်မခံပါ။ နွမ်းလို့ ဆိုကာ အကြောင်းပြသည်တဲ့။ သဘောကတော့ အသစ်မဟုတ်လို့ပေါ့။ ပျက်စီး ဆုတ်ပြဲနေတာမဟုတ်ပါပဲ လက်မခံ။
              တက္ကသိုလ်ဝင်ခွင့်ရသည့် သမီးက ရန်ကုန်မှာ လေယာဉ်လက်မှတ် ဝယ်ဖို့ အဆိုပါ ပိုက်ဆံကို ပေးလိုက်တဲ့ အခါ  ကြုံရတာဖြစ်သည်။ သူ့ကို လိုက်ဝယ်ပေးသည့် သမီးကြီးဖြစ်တဲ့သူက လေကြောင်းကုမ္မဏီက ဝန်ထမ်း အမျိုးသမီးလေးကို ဘာဖြစ်လို့ မယူသလဲ မေးတဲ့အခါ သူတို့က ဘဏ်ကို ငွေသွားပြန်သွင်းရင် ဘဏ်တွေက လက်မခံလို့ပါ ဆိုသတဲ့။ သူပြောတဲ့ ဘဏ်ကလည်း အနားတင်ဆိုတော့ အဲဒီ ပုဂလိကဘဏ်မှာပဲ မြန်မာငွေသွားပြန်လဲ၊ ပြီးမှ မြန်မာကျပ်ငွေ ပေးဖို့ စီစဉ်ကာ ဘဏ်မှာ ငွေလဲတော့လည်း လက်မခံပါတဲ့။ သမီးကြီးကတော့ ဥပဒေတွေဘာတွေနဲ့ ကိုင်ပေါက် ပြောဆိုမှ ဝန်ထမ်းနှစ်ယောက်လောက် လာပြောလိုက်၊ ပြန်သွားလိုက်၊ ဒီတစ်ရာတန်အပေါ်မှာ ပြောလိုက်တာ တစ်ရာတန်လည်း နွမ်းရာကနေ စွန်းထင်း ကြေမွ ရစရာပင်မရှိသလို ဖြစ်၊ နောက်ဆုံး ဘဏ်မန်နေဂျာနဲ့ တွေ့ပြီး ပြောမယ်ဆိုမှ မြန်မာကျပ်ငွေ လဲပေးလိုက်လေသည်။
            ဒီအကြောင်းတွေ ကြားရတဲ့အခါ လွန်ခဲ့တဲ့ (၇)နှစ်ခန့်က မြန်မာပြည်ကနေ ထိုင်းကို အလည်လာတာမှာ ဆွေလိုမျိုးလို ခင်မင်ရတဲ့ အဒေါ်တစ်ယောက်က သူ့ဆီမှာ ရှိတဲ့ ဒေါ်လာ (၅၀၀)ကို ထိုင်းရောက်ရင် သုံးပေးပါ၊ ဆိုကာ ပေးလာတာ သတိရသည်။ အဲဒီအဒေါ်ရဲ့ အမျိုးသားက  အင်္ကျီထဲ ပိုက်ဆံတွေ ထည့်ထားတာ မေ့ပြီး အဝတ်လျှော်စက်ထဲ ထည့်လျှော်မိ၍ ကြေမွနေတာ ဖြစ်သည်။ ဘယ်လိုမှ သုံးမရ၍ သိမ်းထားတာလို့ ဆိုသည်။ ထိုင်းရောက်တော့ အဆိုပါ ပိုက်ဆံတွေကို ဘယ်သူကမှ ဘာမှ မပြော၊ ငွေစစ်သည့် စက်ဖြင့် ဖြတ်ပြီး ဒေါ်လာ အတုအစစ်ခွဲကာ လဲပေးလိုက်တာဖြစ်သည်။
           ဘဏ်တွေကမှ လက်မခံပါက အဆိုပါငွေကို ဘယ်မှာ သွားသုံရမည်နည်း အတွေးပေါ်သည်။ ဘဏ်ဆိုတာ ငွေကြေးကို လှည့်ပတ်သုံးစွဲနေရသည့် လုပ်ငန်းတင်မက တိုင်းပြည်ရဲ့ အရေးကြီးသည့်  ယန္တရားတစ်ခုပင်မဟုတ်ပါလား။  နိုင်ငံခြားငွေကြေးတင်လားဆိုတော့ မဟုတ်ပြန်၊ မိမိတိုင်းပြည်တွင်းမှာ လည်ပတ်သုံးစွဲနေရသည့် မြန်မာကျပ်ငွေကိုပင် ဘဏ်တွေက တာဝန်ခံ တာဝန်ယူမှုမရှိပဲ အလွယ်တကူ ငြင်းပယ်နေတာ တွေ့နေရလေသည်။

" ဒီနေ့ ပုဂ္ဂလိကဘဏ်တစ်ခု ရောက်တော့
ငွေလွှဲဖို့စောင့်နေရင်း ကိုယ့်ရှေ့ကလူတွေနဲ့ ဘဏ်ဝန်ထမ်းမိန်းကလေးတွေ ပြုမူပြောဆိုပုံတွေကို လေ့လာနေမိတယ်။
“ဒီမှာ။ ဦးလေးရဲ့ ပိုက်ဆံ ၂ရွက် ပေနေတယ်။ ပြန်လဲပေးပါ။“
ကိုယ့်ရှေ့က အသက် (၅၀)ကျော်အမျိုးသားတစ်ဦးကို ပြောနေတာပါ။
သူ့ငွေစက္ကူအုပ်ထဲက စွန်းပေနေတဲ့ (၁)ထောင်တန် ၂ရွက်ကို ပြန်လဲခိုင်းနေတာပါ။
ပြည့်စုံတဲ့ပုံပေါက်တဲ့ အဲဒီ ခပ်၀၀ အမျိုးသားက
ဘာမှ မပြောပဲ အသာတကြည် လဲပေးလိုက်ပါတယ်။

နောက်တစ်ယောက်ကတော့ ...
အသက် (၇၀)ခန့် တုန်တုန်ချိချိ အမေအိုကြီးတစ်ယောက်။ ချို့တဲ့ရှာပုံပါ။
လွှဲဖို့ငွေက (၅)သောင်း။
ခဏအကြာ......ဇာတ်လမ်းစပါပြီ။
“ အမေကြီး.......အမေကြီးငွေထဲက ၅ထောင်တန်တစ်ရွက် ပေနေတယ်။ ပြန်လဲပေးပါ“
အမေကြီးခမျာ ...အလွန် တုန်လှုပ်သွားရှာပါတယ်။
“ အမေ့....အမေ့မှာ.....အပို...မ....မပါပါဘူး....သမီးရယ်.....
လက်ခံပေးလို့ ....လို့......မရဘူးလားဟင်.....“ လို့ ပြောပေမယ့်
“ မရလို့ပါအမေကြီး။ အားနာပါတယ်။ ပြန်လဲပေးမှ ရပါလိမ့်မယ်“
ဖေ့စ်ဘွတ်သုံးသူတစ်ယောက်က ပုဂလိကဘဏ်ခွဲတစ်ခုကို အရောက် သူကြုံရတာကို ရေးတင်တာ ဖတ်လိုက်ရသည်။ အဆိုပါ အမေကြီး အခက်အခဲ ဖြစ်နေသည့် ငါးထောင်တန်တစ်ရွက်ကို သူပဲ စိုက်ထုတ်ပေးလိုက်သည်တဲ့
           တစ်ခုတွေးမိတယ်ဗျာ။
ဘဏ်တွေဆိုတာ Customer တွေကို ၀န်ဆောင်မှုပေးရတဲ့လုပ်ငန်းပါ။
ရှေ့က အမျိုးသားရော၊ အမေကြီးပါ သူတို့ပိုက်ဆံတွေက နည်းနည်းစွန်းပေနေပေမယ့် အတုမှမဟုတ်တာ။
ငွေစက္ကူမှာပါတဲ့ နံပါတ်တွေကလည်း ထင်ထင်ရှားရှားပါ။
နိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူ အစုတ်အပြဲ၊ အဟောင်းအပေတွေကို လဲလှယ်ပေးတဲ့ ၀န်ဆောင်မှု ရှိမယ်ထင်ပါတယ်။
အဲဒီဝန်ဆောင်မှုကို ပုဂ္ဂလိကဘဏ်တွေက ချိတ်ဆက်ပြီး ကူညီဝန်ဆောင်မှုပေးလို့ မရဘူးလားလို့ပါ။
အဲဒါဆို Customer တွေ အတော်အဆင်ပြေမှာပါ။ လို့ ရေးထားတာ ဖတ်ရရင်း ဘဏ်နှင့် ဆက်သွယ်လုပ်ကိုင်နေရသည့် ပြည်သူတွေအပေါ် ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြတာတွေ မရှိတာ ထင်ရှားလေသည်။
             တကယ်တော့ ပုဂလိကဘဏ်ပဲ ဖြစ်ဖြစ်၊ အစိုးရဘဏ်ပဲဖြစ်ဖြစ် ဘဏ်အားလုံးမှာ ဗဟိုဘဏ်နှင့် ချိတ်ဆက်လုပ်ဆောင်ရတာ ဖြစ်ပြီး ဗဟိုဘဏ်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း လိုက်နာကြရတာဖြစ်သည်။ ဘဏ်နဲ့ ပတ်သက်ပြီး ဆက်ဆံရတဲ့ ပြည်သူတွေကို သက်ဆိုင်ရာဘဏ်က အသိပေးရမည့် အချက်တွေကို ဘဏ်နှင့်စတင်ဆက်သွယ်ကတည်းက ရှင်းလင်းပြောကြားရမည်သာဖြစ်သည်။ ထိုင်းနိုင်ငံမှာ ထိုနည်း အတိုင်း ကျင့်သုံးတာဖြစ်သည်။ ဘဏ်နှင့်စတင် ဆက်သွယ်ပြီ ဆိုကတည်းက သိသင့်သိထိုက်သည့် အကြောင်းအရာတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ ရှင်းပြတာဖြစ်သည်။  နောက်ထပ် ထုတ်ပြန်သည့် အကြောင်းအရာတွေ ရှိပါကလည်း စာတိုက်ကတဆင့် အကြောင်းကြားပေးတာမျိုးနှင့် တယ်လီဖုန်းမက်စေ့ခ်ျတွေကနေတဆင့် အကြောင်းကြားတာ၊ သတင်းမီဒီယာတွေကတဆင့် အကြောင်းကြားပေးတာ စသဖြင့် အမြဲလိုလို အသိပေးနေတတ်ရာ ပြည်သူတွေက မသိတာဘာမှမရှိ၊ ရှင်းရှင်းလင်းလင်း သိခွင့်ရကြလေသည်။ အစိုးရဘဏ်၊ ပုဂလိကဘဏ် နာမည်သာကွာသည်။ အတူတူပင်။
          ကျပ်ငွေ အဟောင်းအစုတ် စတာတွေကို ဘယ်သူကမှ လက်မခံ ဆိုတာ ကြားရသည့်အခါ ငယ်ငယ်တုန်းက ပိုက်ဆံအပြဲအစုတ်တွေကို ဘဏ်မှာပြန်လဲဖို့အတွက် ပိုက်ဆံရဲ့ နောက်ကျောကို စက္ကူတွေဖြင့် ကပ်ပေးရတာ သတိရမိသည်။ အိမ်မှာက ဝန်ထမ်းမိသားစုဖြစ်သည့်အတွက် ငွေကြေးလည်း ပိုပိုလျှလျှံမရှိပါ၊ သို့သော်ပိုက်ဆံ အဟောင်းအမြင်းလည်း တခါမှ ကိုင်မသုံးရသလို ငွေအကြွေလည်းမရှားပါ။ အကြောင်းက ဖခင်ဖြစ်သူက ဘဏ်ဝန်ထမ်း ဖြစ်သည့်အတွက် ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ သိသည်။  နိုင်ငံသားတစ်ယောက်မှာ ဘဏ်ကနေ တစ်နေ့ကို ငွေကျပ်မည်မျှကို ငွေအကြွေ လဲလှယ်သုံးစွဲပိုင်ခွင့်ရှိသည် ဆိုတာ သိရသည်။ ငွေကြေး အဟောင်းအမြင်းသာမက စုတ်ပြဲနေသည့် ငွေစက္ကူတွေကို ဘယ်ပုံဘယ်နည်း ပြန်လဲ၍ ရတယ်ဆိုတာ ငယ်စဉ်ကတည်းကသိခွင့်ရလေသည်။ ဒါ့ကြောင့် ဈေးသွားဝယ်လို့ ငွေစက္ကူ အပြဲကို မယူက စည်းမျဉ်းတွေ စည်းကမ်းတွေနှင့် ရှင်းပြရင်း အစိုးရထုတ်ထားတဲ့ ငွေကို မယူဘူးငြင်းပါက တရားစွဲ ထောင်ချလို့ ရသည်အထိ ဈေးသည်ကို ပြောမိရာ လန့်ဖြန့်ပြီး ယူလိုက်သည့် ဈေးသည်တွေကို သတိရမိလေသည်။ အဖေကတော့ ဈေးသည်တွေကို ဘယ်တော့မှ အစုတ်မပေး။ အသစ်သာပေးသည်။ ပြန်အမ်းငွေ အစုတ်တွေကို သူ့ဘာသာလဲ သုံးသည်။ ဈေးသည်တွေကို ပြောပြသည်၊ ထိုခေတ်က ဈေးသည်မပြောနှင့် သူဌေးတွေ ကုန်သည်ပွဲစားတွေပင် ဘဏ်နှင့် မဆက်ဆံကြ၊ ငွေကို ဂုံနီအိတ်ဖြင့်သာ ထည့်ပြီး အိမ်ခန်းထဲ ထောင်ထားကြတာ ဖြစ်သည်။ ယခုလို ပုဂလိကဘဏ်မပြောနှင့် အစိုးရဘဏ်တွေပင် မြို့နယ်တိုင်း မရှိသေး။ နောက်ပိုင်းမှ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေ တနယ်ပြီးတနယ် တမြို့ပြီးတမြို့  လိုက်ဖွင့်ပေးတာ ဖြစ်သည်။
                အိမ်နီးချင်း တစ်ယောက်က စီးပွားရေးသမား၊ အရောင်းအဝယ်လုပ်ရင်း ငွေစက္ကူအစုတ်တွေ များလာကာ ဘာလုပ်ရမလဲ မေးရာက ဘဏ်မှာသွားလဲပါ လို့ အဖေက ရှင်းပြမှ သူတို့သိသည်။ အဆိုပါ အိမ်နိးချင်းရဲ့ ငွေစက္ကူတွေကို လဲဖို့အတွက် ငွေစက္ကူရဲ့ နောက်ကျောက်ု စက္ကူတွေ ဝိုင်းပြီး ကပ်ပေးရတာဖြစ်သည်။ အဆိုပါ ငွေစက္ကူရဲ့ အနောက်က ကပ်ထားတာ စက္ကူအဖြူအပေါ်မှာ ငွေလဲလှယ်မည့်သူရဲ့ မှတ်ပုံတင်နံပါတ်ကို ရေးပေးရသေးသည်။ ထိုသို့ ပြုလုပ်၍ ဘဏ်တွေမှာ ငွေစက္ကူအစုတ်တွေကို ပြန်လက်ခံတာဖြစ်သည်။ သို့သော် ထိုစဉ်ကတည်းက နိုင်ငံသားတိုင်း သိကြတာမဟုတ်၊ သိအောင် သတင်းထုတ်ပြန်မှုက အားနည်းတာ ယနေ့တိုင်အောင်ဆိုက နှစ်ပေါင်းမနည်းမနော ကြာခဲ့လေပြီ။
         ငယ်စဉ်ကတော့ ပိုက်ဆံတွေရဲ့ တခြမ်းက စက္ကူတွေ ဖြစ်နေတော့ အစိုးရက ဘယ်လို ပြန်သုံးမလဲ လို့ ပူပူပင်ပင် မေးမိသည်။ အစိုးရက ပြန်မသုံးပါ၊ နံပါတ်တွေနှင့် သေချာမှတ်ထားပြီးသား အဆိုပါ ငွေစက္ကူတွေကို ဘဏ်ခွဲတွေကတဆင့် ဗဟိုဘဏ်ကို ပို့လိုက်ရတာဖြစ်သည်။ ဗဟိုဘဏ်က ရှင်းလိုက်သည့် နည်းကို ယခု ရိုးတိုးရိတ်တိတ်သာ မှတ်မိသဖြင့် မသေချာ၍ မပြောတော့ပါ။ အဓိကက နိုင်ငံရဲ့ ငွေကြေးကဏ္ဍကို မြို့နယ် ဘဏ်ခွဲတွေကတဆင့် ဗဟိုဘဏ်က တာဝန်ယူ တာဝန်ခံရတယ်ဆိုတာ ရှိကြောင်း ပြောလိုရင်းဖြစ်သည်။ ယခုသော်  စုတ်ပြဲ၊ ကြေမွ နေသည့် ငွေကြေးများကို မည်သည့်ဘဏ်ကမှ လက်မခံသော်၊ နိုင်ငံသားတွေက သုံးမရဆိုက ဒီတိုင်းထားလိုက်တာမျိုး၊ ဒါမှမဟုတ် သိမ်းဆည်းထားသည်ဆိုသော် တစ်ဦးတယောက်မက သန်းနှင့်ချီသော လူဦးရေနှင့် တွက်ကြည့်သော် ငွေတွေ အိပ်နေပြီလို့ ယူဆလေသည်။ နိုင်ငံတော်ရဲ့ ငွေကြေးလည်ပတ်မှုမှာရော ထုတ်လိုက်သည့် ငွေကြေးနှင့် သုံးစွဲသည့် ငွေကြေး လည်ပတ်မှု ညီမျှမှု ရှိပါမလား။ နှမ်းတစေ့နှင့် ဆီမဖြစ် ဆိုသလို နှမ်းစေ့တွေ စုပြီး တစ်ဦးချင်းမှာ တစ်ရာကျပ်နှင့် တွက်ကြည့်တာပင် သန်းငါးထောင်၊ အခြားငွေစက္ကူတန် ၂၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ စတာတွေ သုံးမရ၍ ဒီတိုင်းပစ်ထားတာတွေ ရှိနေအုန်းမှာပင်။
           ဖေ့စ်ဘွတ်မှာ ဖတ်လိုက်ရသည့် အမေကြီးရဲ့ ငါးထောင်တန်ရော ၊ သုံးမရ၊ ဘဏ်ကလည်း လက်မခံ ဘယ်သူကမှ လက်မခံ ဆိုက ၊ ဒီတိုင်း ဆုံးရှုံးသွားမည်သာ ဖြစ်သည်။ နိုင်ငံသားအားလုံး၊ အထူးသဖြင့် ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်ရသည့် နိုင်ငံသားတွေအားလုံးကို ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းသိရှိရအောင် ပြောဆိုပြီး ဘဏ်တွေအားလုံးက ငွေစက္ကူ နဲ့ ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံမှုတွေ ရှိထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ လိုနေပြီလို့ ယူဆမိလေသည်။ ကိုယ်တာဝန်ယူရမှာကို  တာဝန်မယူပဲ သုံးစွဲသူကို ပြန်ပြီး ပုံချတာ မဖြစ်သင့်ပေ။ အစိုးရဘဏ်ပဲ ဖြစ်ဖြစ် ၊ ပုဂလိကဘဏ်ပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍကို တာဝန်ယူရသူချည်းဖြစ်သည်။ ကိုယ်နှင့် ဆက်သွယ်လုပ်ဆောင်ရသည့် နိုင်ငံသားတွေ အပေါ်မှာ ငွေကြေးဆိုင်ရာ လည်ပတ်ဖို့ ကူညီရမည်ဆိုတာကို အထက်အကြီးအကဲတွေကနေ အောက်ခြေဝန်ထမ်းတွေအထိ သိရှိနားလည်ပါမှ နိုင်ငံသူနိုင်ငံသားအပေါင်း ငွေကြေးကိုင်တွယ်သုံးစွဲရာမှာ အဆင်ပြေချောမွေ့လာပါလိမ့်မည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment