August 21, 2016

"သူတို့ရဲ့ ကမ္ဘာငယ်" ၂၂ရက်ဩဂုတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၂)မှ

" သူတို့ရဲ့ ကမ္ဘာငယ်"

                              မျက်နှာမှာ သနပ်ခါး ပါးကွက်ကလေးတွေလိမ်းချယ်ပြီး ခပ်သုတ်သုတ်သွားနေကြသည့် မိန်းမပျိုကလေးတွေကို ငေးကြည့်နေမိသည်။ သူတို့ရဲ့ စက်ရုံဝတ်စုံ ဖြစ်သည့် စိမ်းဝါရောင် ခေါင်းစွပ် ချည်သားအင်္ကျီ၊ စိမ်းဝါရောင် ဘောင်းဘီစက တို့ဖြင့် သွားလာနေကြသည့် စက်ရုံအလုပ်သမားတွေ ကိုယ့်အုပ်စုနဲ့ကိုယ် စကားတပြောပြော သုတ်ချေတင်နေကြလေသည်။ အဆိုပါ မြင်ကွင်းကား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏဘူမိလေဆိပ်အနီးက လမ်းမကြီး တခုပေါ်မှာ မြင်တွေ့ရခြင်းဖြစ်သည်။ မြန်မာစကားတွေ ညံစည်အောင် ပြောပြီး သနပ်ခါး အဖွေးသားဖြင့် လမ်းလျှောက်သွားနေကြတာ မြင်လိုက်ရသည့်အခါ မြန်မာပြည်များ ရောက်နေတာလားလို့  ထင်မိရသည်။
                           အဆိုပါ စက်ရုံက အမျိုးသမီးငယ်ကလေးဖြင့် စကားစမြည် ပြောဆိုရင်း မြန်မာတွေ စုပေါင်းနေထိုင်ကြသည်ဆိုသော တိုက်ခန်းတွဲဆီ ရောက်ရှိခဲ့သည့်အခါမှာတော့  သီးခြား မြန်မာပြည်ရပ်ကွက်ကလေးတခု ရောက်သွားသလို ခံစားရလေတော့သည်။ လမ်းထဲကို ကွေ့ဝင်လိုက်သည့်အခါ  အဝင်ဝကတိုက်တွေက ထိုင်းလူမျိုးတွေ နေကြသည်။ အဆိုပါ နေရာအထိ လမ်းရှိသည်။ ထို လမ်းထိပ်ကနေ  မြန်မာအလုပ်သမားတွေ စုပေါင်းနေထိုင်ရာ တိုက်ခန်းတွဲ ရှိသည့် နေရာအထိ လမ်းတွေ ဆိုးရွားသည်။ ချိုင့်တွေ ခွက်တွေ မညီမညာ ဖြစ်ရုံမက ကတ္တရာပင် မရှိတော့ပေ။ ချင်းမိုင်မှာ အင်မတန် ဆိုးရွားသည့် လမ်းသွယ်တခုကို ဖြတ်ဝင်စဉ်က အနီးက မြန်မာဆိုင်ကလေးက ကောင်လေးတယောက်ကို ဒီလမ်းက တခြားလမ်းတွေနဲ့မတူ တော်တော်ဆိုးတယ်နော် ၊ ကားကြီးတွေ ဝင်လို့လား မေးမိရာ မဟုတ်တဲ့ အကြောင်းနဲ့ ဒီရပ်ကွက်ထဲ မြန်မာတွေချည်းနေကြတာ ဖြစ်လို့ မပြုမပြင်ထားတာ လို့ ဖြေတာ သတိရမိသည်။ အခြား နီးစပ်ရာ မေးကြည့်ရာ တူညီသော အဖြေကိုရသည်။ မြန်မာတွေ အနေများတဲ့ လမ်းဆိုပါက ပစ်ထားကြကြောင်း ၊ ပြင်ဆင်မှု ဘာမှ မလုပ်ပေးကြောင်း ကြားသိဖူးရာ လမ်းတွေ ကောင်းလှပါတယ်လို့ နာမည်ကြီးသည့် ထိုင်းနိုင်ငံမှာ လမ်းဆိုးဆိုး တွေ့က ဒီလမ်း၊ ဒီရပ်ကွက်မှာ မြန်မာအလုပ်သမားတွေ စုနေကြတယ် ထင်တယ်လို့  ပြောမိရသည်အထိပင်။
                        အဆိုပါ တိုက်ခန်းကို မဝင်ခင် လမ်းမှာကတည်းက ခပ်လှမ်းလှမ်း ကွက်လပ်မှာ ခြင်းခတ်ကစားနေကြသည့် အုပ်စုနှင့် ထိုင်ကြည့်နေသည့် အုပ်စုကို တွေ့ရသည်။ လှေကားမှာ ဆေးလိပ်သောက်ရင်း ဝိုင်းဖွဲ့ စကားပြောနေကြသည့် လူငယ်တစုကို ပြုံးကြည့်ရင်း ခြင်းပွဲ လူစည်လှချည်လား အမေးကို
 " ဒီနေ့ အမေနေ့ ၊ ဘုရင်မကြီး မွေးနေ့ စက်ရုံပိတ်ရက်မို့ လူစုံလို့လေ " မြန်မာလို ပြန်ဖြေသည်။
အပေါ်ထပ်ကို တက်ဖို့ လှေကား အကွေ့မှာ ကွမ်းတံတွေးတွေ မြင်မကောင်း ၊ အတူပါသည့် အဖော်က မြန်မာပြည်သားတွေ ပီသပါပေတယ် ရေရွတ်လိုက်လေသည်။  နှစ်ထပ်တိုက်ရဲ့ အခန်းငယ်ကလေးတွေမှာ တံခါးတွေ ဟောင်းလောင်းဖွင့်ထားတဲ့ အတွက် မကြည့်သော်လည်း မြင်နေရသည့် မြင်ကွင်းတွေပင်၊ ငါးပေ ခုနှစ်ပေ အခန်းငယ်ကလေးရဲ့ သမံတလင်းပေါ်မှာ အင်္ကျီကျွတ်ဖြင့် တုံးလုံးလှဲသူကလှဲ၊ ချက်ပြုတ်သူက ချက်ပြုတ် မီးပူတိုက်သူက တိုက်နေရင်း  ဖြတ်သွားသည့် လူစိမ်းတွေကို လှမ်းအကဲခပ်ဟန် တွေ့ရသည်။ မြန်မာစကားသံတွေ သောသောညံနေတာလည်း ကြားရသည်။
  ထိုင်းလူမျိုးတွေ မြင်က အထင်သေးနိုင်သော်လည်း " ကိုယ့်တိုင်းပြည်မှာ နေသလို လွတ်လွတ်လပ်လပ် နေကြရတာပဲ" လို့ သူတို့ကိုယ်စား ကျေနပ်မိရပြန်သည်။ ထိုင်းလူမျိုးတွေက တိတ်တိတ် ဆိတ်ဆိတ် ၊ အိမ်တံခါးပိတ်၊ အခန်းတံခါးပိတ် ငြိမ်ငြိမ်သက်သက် နေတတ်ကြတာဖြစ်သည်။
               အလည်ခေါ်လာသည့် မိန်းကလေး အခန်းရောက်တော့မှ အခန်းဖွဲ့စည်းပုံကို ကြည့်ရင်း တလ ဘယ်လောက်ပေးရသလဲ မေးကြည့်မိသည်။ အနောက်မှာ ၃ပေခန့်ကျယ်သည့် အခန်းကလေးရှိသည်။ သူကတော့ ဂက်စ်မီးဖိုကလေး ဝယ်ထားပြီး ရံဖန်ရံခါ ချက်စားသည်တဲ့၊ အဆိုပါ အခန်းနဲ့ ကပ်ရက်က ရေချိုးခန်း အိမ်သာတွဲရက် ရှိသည်။ မြန်မာပြည်က ရေချိုးခန်းလို တူအောင် ဆောက်ပေးသလား ထင်ရသည်။ တလကို ဘတ်(၂၈၀၀) ပေးရသည်။ သူတို့ကတော့ နှစ်ယောက်နေတော့ တယောက် ဘတ်(၁၄၀၀) ကျသည်တဲ့။ တချို့  သုံးလေးယောက် စုနေကြသည်။ ဘန်ကောက်က မြို့ကြီးပြကြီးမို့ ရန်ကုန်လိုပင် နေစားရိတ်ကြီးသည်။ အဆိုပါ ဘတ်(၂၈၀၀) မပြောနှင့် ဘတ်(၁၅၀၀) လောက်ပေးရသည့် အခန်းတွေပင် ချင်းမိုင်မှာ ဆိုပါက  အိပ်စရာ ကုတင်တလုံး၊ မွေ့ယာ၊ စောင်၊ ခေါင်းအုံး ပါသည်။ ရေခဲသေတ္တာ တလုံး၊ ပန်ကာ(သို့မဟုတ်) လေအေးပေးစက် တလုံးပါသည်။ အဝတ်ထည့်ရန် ဘီရို၊ မှန်တင်ခုံ၊ ရေချိုးခန်းမှာ ရေပူရေအေးစက်ပါသည်။ လူတစ်ယောက် နေထိုင်ဖို့ လိုအပ်သည့် အသုံးအဆောင်တွေ ဖြည့်ဆည်းပေးထားတာ ဖြစ်သည်။
             သူတို့မှာ သမံတလင်းခင်းထားသည့် အခန်းပြောင်ကြီးသာ ရရာ မြန်မာအလုပ်သမားတွေမို့ ဒီလိုလုပ်တာလား အမေးကို မဟုတ်ဘူးလို့တော့ ဖြေကြသည်။ အင်မတန်မှ သန့်ရှင်းပြီး အလှအပ ကြိုက်တတ်ကြသည့် ထိုင်းလူမျိုးတွေ ဒီလို အခန်းမျိုးပေးငှားက နေပါ့မလား မေးခွန်းထုတ်မိသည်။ သူတို့ တိုက်နဲ့ မြေကွက်လပ်ကြီး ခြားသည့် တိုက်ခန်းတွဲ နှစ်ခုကို လှမ်းမြင်၍ အဆိုပါတိုက်ခန်းတွေက သစ်လွင်သားပဲ အဲဒီမှာရော မြန်မာအလုပ်သမားတွေ ရှိလား မေးရာ အဆိုပါ တိုက်ခန်း ပိုင်ရှင်က မြန်မာအလုပ်သမားဆို မငှားလို့ ဆိုသတဲ့။
အခု နေနေတဲ့ အခန်းလည်း ကောင်းပါတယ်၊ အခန်းမှာ နေရတာလည်း နည်းတယ်လေ၊ အိပ်ချိန်ပဲ၊ တခါတလေ ညဂိုဏ်း နေ့ဂိုဏ်း အချိန်ပိုတွေ ဆင်းရရင် အခန်းတွေမှာ လူတောင်မရှိကြဘူး ဆိုလေသည်။ ဒီအခန်းကို ရဖို့ တစ်နှစ်လောက် စောင့်ယူရတာလို့ ပြောပြလေသည်။ အဓိကက ကျောတခင်းစာ နေရာ လုံလုံခြုံခြုံ ရဖို့နဲ့ စက်ရုံနဲ့ အနီးဆုံးကို ရဖို့ ဆိုပြန်တော့ ဟုတ်သားလို့ စိတ်လျှော့ရပြန်သည်။
               ထိုင်းနိုင်ငံမှာ ရောက်နေကြသည့် သန်းချီသည့် အလုပ်သမားတွေ ကြုံတွေ့ရသည့် ဒုက္ခအဖုံဖုံနှင့် ယှဉ်လိုက်သော် သူတို့ အနေအထားက နတ်ဘုံနတ်နန်းပေါ့၊ အိမ်ကနေ စက်ရုံကို လမ်းလျှောက်သွားလို့ရတာ တပန်းသာသည်။ စက်ရုံက တနေ့ ထမင်းတနပ်ကျွေးသည်။ ဒါတင်မက နေစရာမရှိက ခန်းမကြီးထဲမှာ ကုတင်တွေ တန်းစီပေးထားသည့် အခန်းမှာ တလကို ဘတ်(၅၀၀) ပေးပြီး နေလို့ ရသေးသည်တဲ့။ လူကတော့ ပေါင်းစုံသည်။ တယောက်အဝတ်လဲ တယောက် မြင်နေရတာဖြစ်သည်တဲ့။ လခကြပြန်တော့ ထိုင်းလူမျိုးတွေကို ပေးသည့် နှုန်းထားအတိုင်းရကြသည်။ အလုပ်သမား အခွင့်အရေးတွေ အကုန်ရသည်။ စက်ရုံကလည်း အလုပ်ဖြစ်သည်။ ထိုင်းလူမျိုးး အလုပ်သမားတွေ လည်း များစွာရှိသည်။ အလုပ်သမားတစ်ထောင်ကျော် ရှိသည့် ချည်စက်ရုံကြီးမှာ အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား အုပ်စုကို လူသူမနီးသည့် ဘန်ကောက်မြို့ပြင်က ရပ်ကွက်တခုမှာ တွေ့မြင်ရရင်း အနှိပ်စက်ခံ၊ မတရားပြုခံရင်း အလုပ်လုပ်နေရသည့် သူတွေထက် များစွာတော်သေး၍ ကျေနပ်မိသော်လည်း စိတ်ထဲတော့ နင်တင်တင် ဖြစ်မိတာအမှန်၊
ကိုယ့်နိုင်ငံရဲ့ လုပ်ငန်းတွေမှာ ဒီလို ဝန်ထမ်းတွေ လုပ်ကိုင်ပြီး အလုပ်ရှင်ရော၊ အလုပ်သမားရော တိုးတက်ကြီးပွားကြပါက ဘယ့်လောက် ကောင်းမည်နည်း၊ ထိုင်းနိုင်ငံရဲ့ ယန္တရားတွေကို မြန်မာတွေဖြင့် မောင်းနှင်နေကြတာဆိုသည့် ကာတွန်းလိုပင် ၊ ကိုယ့်နိုင်ငံရဲ့ ယန္တယားကို ကိုယ့်လူမျိုးတွေနှင့် တက်ညီလက်ညီ မောင်းနှင်နိုင်သည့် အချိန် အမြန်ဆုံး ရောက်ချင်စိတ်ပေါ်သည်။
                       အဆိုပါ တိုက်ခန်းကနေ စက်ရုံကို သွားသည့် လမ်းမကြီးရဲ့ နံဘေးက စားသောက်ဆိုင်မှာ ထိုင်ကြပြန်တော့ ခပ်တည်တည်နဲ့ ဘာတွေရလဲလို့ မြန်မာစကားနဲ့ မေးလိုက်ရာ စားပွဲထိုးကောင်လေးက ပြုံးရင်း မြန်မာလို ပြန်ဖြေသည်။ အလုပ်သမားတွေအားလုံး လိမ္မော်ရောင်တောက်တောက် တီရှပ်တွေ ဝတ်ထားကြသည်။ အသက်(၂၀) ဝန်းကျင် လူငယ်ကလေးတွေ အများဆုံး ဖြစ်သည်။ သူတို့ကြည့်ရတာ တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ် ရှိပြီး အလုပ်ခွင်မှာ ပျော်ရွှင်ကြပုံရသည်။ ဝမ်းသာပါတယ်လို့ စိတ်ထဲက ပြောမိသည်။ အကြော်အလှော်ခန်းက နေ မှာထားသည့် အစားအစာတွေကို ကောင်တာက ထုတ်ပေးသည့် အသက်(၄၀) ခန့် အမျိုးသမီးကြီး မျက်နှာမှာလည်း သနပ်ခါးတွေ အဖွေးသား၊ ကရင်ပြည်နယ်က လာကြတာ အများဆုံး ဖြစ်သည်တဲ့။ သူတို့ကတော့ စက်ရုံက အလုပ်သမားတွေလောက် ဝင်ငွေ မရကြ၊ ဒါပေမယ့် နေစရာနဲ့ စားစရာ အပြီးအစီးဆိုတော့ မဆိုးလှ၊ စားသောက် ငွေရှင်းပြီးတဲ့ အခါ  လက်အုပ်ကလေးချီ နှုတ်ဆက်သည်။ မျက်နှာကလေးက ရှက်ရွံ့ရွံ့၊ မရှက်ပါနဲ့ ကလေးရယ်၊ တို့လူကြီးတွေက ရှက်ရမှာပါ၊
" မင်းတို့လိုလူငယ်တွေ ပညာသင်ရမယ့် အရွယ်မှာ ပညာမသင်ရပဲ သူများတိုင်းပြည်မှာ အခုလို မိဝေးဖဝေး လာပြီး အလုပ်လုပ်နေရတာ တို့လူကြီးတွေ ဘာမှ လုပ်မပေးနိုင်လို့ပေါ့ မင်းတို့ကို အားနာရှက်ရွံ့မိတယ်"
             စိတ်ထဲက ခံစားချက်က ကြာကြာသည်းခံနိုင်စွမ်းမရှိတော့တဲ့အခါ နှုတ်က အကြိမ်ကြိမ် ပြောမိသည်။ ဒီလို ကလေးတွေ၊ လူငယ်တွေ၊ တို့နိုင်ငံသားတွေ ဒီလိုပဲ နေကြရမှာလား အပြောကို အတူတွေ့မြင်ခဲ့ရသည့် ခင်ပွန်းဖြစ်သူက " အခုအနေအထားက ဘာတတ်နိုင်မှာလဲ၊ တို့တွေ့ခဲ့ရတဲ့ ကလေးတွေ၊ အလုပ်သမားကလေးတွေ အဆင်ပြေပြေ ဖြစ်နေကြတာပဲ တော်သေးတယ်လေ၊ ဆိုးဆိုးဝါးဝါး အခြေအနေတွေ မဖြစ်တာကို အဆိုးထဲက အကောင်းဖြေကြတာပေါ့" လို့ နှစ်သိမ့်သည်။
             သူတို့နေနေရသည့် ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မြို့ကြီး ဘယ်လောက်စည်တယ်ဆိုတာ သူတို့ မသိ၊ သူတို့ အခုနေနေတဲ့ လူသူမနီး အဝေးပြေးလမ်းမကျယ်ကြီးရဲ့ တဖက်ခြမ်းက စက်ရုံ အလုပ်ရုံတွေမှာ နေ့နေ့ ညည အလုပ်လုပ်ရင်း ၊ ရွာမှာကျန်ခဲ့တဲ့ မိဘ ညီအကိုမောင်နှမနဲ့ သားသမီးတွေကို လစဉ်  ငွေပို့ပေးဖို့ အလုပ်သည်သာအိမ်၊ အလုပ်သည်သာ လူမှုအသိုင်းအဝန်း၊ မျက်စေ့တဆုံးမြင်နေရသည့် အဝေးပြေးလမ်းမကြီး၊ တမျှော်တခေါ်လှမ်းမြင်နေရတဲ့ လေယာဉ်ကွင်းကြီးကို ငေးရင်း ကိုယ့်ကမ္ဘာလေး ကိုယ်တည်ဆောက်၊ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း စုပေါင်းနေကြ ပျော်အောင်နေကြ သီးခြားကမ္ဘာလေးထဲက မြန်မာအလုပ်သမားတွေဘဝ မြင်ခဲ့ရခိုက် ထိုင်းနိုင်ငံတဝန်း ဒီလို ကမ္ဘာငယ်ကလေးတွေ မြောက်များစွာ ရှိနေမှာလို့ တွေးရင်း အဆိုးထဲကအကောင်း သီးခြားကမ္ဘာငယ်ကလေးထဲက မြန်မာအလုပ်သမားလေးတွေ အကြေားင်း တစေ့တစောင်း မှတ်တမ်းတင်မိလေတော့သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment