" နာရီမပတ်သူ"
အဖေ့အလုပ်က နယ်မှာ၊ ရန်ကုန်မှာ ခဏသာ နေတာဖြစ်သည်။ အဖေ့မှာလက်ပတ်နာရီရှိသည်။ အဖေလာရင် အဖေ့လက်ပတ်နာရီကို ကြည့်ရသည်။ အဖေက လက်ပတ်နာရီကို အမြဲလိုလို ပတ်ထားတော့ ဧည့်သည်နဲ့ စကားပြောချိန် " အဖေ ဘယ်နှစ်နာရီ ထိုးပြီလဲ " မေးလို့ မဖြစ်၊ တကယ်တော့ မေးစရာလည်း မလို၊ ခဏခဏ ကြည့်ပြီး ၁၅ပေါင်းရ၊ နောက်တော့ ၃၀ကျော်အောင် ပေါင်းနေရတဲ့ အမေ့နာရီလည်း မကြည့်ဖြစ်တော့တဲ့ အခါ အချိန်သိရတာ ရေဒီယို၊ ကျမတို့ အိမ်မှာ မိုးလင်းက မိုးချူပ် ရေဒီယို ဖွင့်ထားသည်။ ဧည့်သည်ရှိက မပိတ်၊ အသံကို တိုးရုံသာ တိုးထားလိုက်သည်။ အဖေနဲ့ ဧည့်သည် စကားပြောနေတာ ထိုင်နားထောင်တုန်း" ဟော ဖတ်စရာမှတ်စရာ လာပြီ" လို့ ပြောပြောဆိုဆို ထအသွား ဧည့်သည်က အဖေ့ကို မေးသည်။
" ရေဒီယိုက ဖတ်စရာမှတ်စရာ လာတာနဲ့ သမီးက ဘာလို့ ထသွားတာလဲ" တဲ့
အဖေရဲ့ ရယ်မောရင်း ပြန်ဖြေသံကို အပေါ်ထပ်တက်ရင်း လှေကားမှာပဲ ကြားရသည်။
"
ဖတ်စရာမှတ်စရာလာရင် ၁၁နာရီထိုးဖို့ ၁၅မိနစ်အလိုလေ၊ သူတို့ ရေချိုးမယ်၊
သနပ်ခါးလိမ်းမယ်၊ တူပုံ့ တူပုံ့ တီးလုံးလာရင် (၁၁)နာရီထိုးပြီ။ သူတို့
ကျောင်းသွားကြမယ်"
အိမ်မှာ
တိုင်ကပ်နာရီ မရှိ၊ မဝယ်နိုင်တာ ဖြစ်မယ်လို့ ပြန်တွေးမိသည်။ နောက်ပိုင်း
ရေဒီယိုလေး ပျက်သွားတော့ နာရီသိချင်က ဘေးအိမ်ကို သွားကြည့်ရသည်။ ဘေးအိမ်က
သူဌေးတွေ ဖြစ်သည်။ သူတို့အိမ်ကို ခြံခတ်ထားသည်။ အိမ်ချင်းက
နံရံခြင်းကပ်နေတာဆိုတော့ အိမ်ရှေ့ ထွက်ပြီး ခေါင်းလေးပြူပြီး
ချောင်းလိုက်တာနှင့် သူတို့ ဧည့်ခန်းက နာရီကို ကြည့်လို့ရသည်။
တိုင်ကပ်နာရီကို ဧည့်ခန်းနဲ့ ထမင်းစားခန်း အကူး နံရံ အမြင့်မှာ အိမ်ရှေ့ကို
မျက်နှာမူပြီး ချိတ်ထားတာဖြစ်သည်။ ကျမတို့ ကလေးတွေ ခေါင်းကလေးတွေ
ခြံစည်းရိုး တိုင်တွေကြားက ဖြတ်ကနဲ ပေါ်လာ ပြီး ဖြတ်ကနဲ ပျောက်သွားတော့ အစ
ပထမ သူတို့ လန့်သွားသည်တဲ့၊ နောက်မှ ကျောင်းသွားဖို့ နာရီ လာကြည့်ကြမှန်း
သိသွားသည်။ တခါတလေ ချောင်းပြီး နာရီကို ကြည့်မယ်ပြင်တုန်း ဆယ်နာရီနဲ့
သုံးဆယ့်ငါးလို့ သူတို့ လှမ်းပြောပေးသည်။ တခါတလေ နာရီကြည့်တာ သတိမထားမိက
ခြံစည်းရိုးပေါ် ခေါင်းကလေးထွက်လာပြီး
" ကလေးတွေ ကျောင်းမသွားကြသေးဖူးလား" လို့ ဟိုဘက်ကနေသတိလှမ်းပေးတတ်သည်။ ကျမတို့ နာရီ ကြည့်လို့ရအောင် သူတို့အိမ်တံခါးကို မပိတ်ပဲ ထားပေသည်။ အဝင်က ခြံတခါးသာ ပိတ်ထားတာဖြစ်သည်။ အမေက မိုးလင်းတာနဲ့ ကျောင်းသွားရပြီဆိုတော့ ကလေးတွေချည်း ကျန်တာမို့ စောင့်ရှောက်ပေးသည်။
" ကလေးတွေ ကျောင်းမသွားကြသေးဖူးလား" လို့ ဟိုဘက်ကနေသတိလှမ်းပေးတတ်သည်။ ကျမတို့ နာရီ ကြည့်လို့ရအောင် သူတို့အိမ်တံခါးကို မပိတ်ပဲ ထားပေသည်။ အဝင်က ခြံတခါးသာ ပိတ်ထားတာဖြစ်သည်။ အမေက မိုးလင်းတာနဲ့ ကျောင်းသွားရပြီဆိုတော့ ကလေးတွေချည်း ကျန်တာမို့ စောင့်ရှောက်ပေးသည်။
ကျမငယ်ဘဝမှာ နာရီမရှိတာ ဝမ်းနဲစရာ မဟုတ်၊ ရှက်စရာ မဟုတ်လို့ ခံယူမိတာ
အဲဒီကစသည်။ ဘဝအတွက် အင်မတန် အရေးပါတယ်ဆိုတဲ့ ဆယ်တန်းဖြေတုန်းကတောင်
နာရီမရှိ၊ အဖြေလွှာသိမ်းကာနီးမှာ ဆရာမတွေက နာရီဝက်ပဲ လိုတော့တယ်နော်၊
နောက်တဖြည်းဖြည်း (၁၀)မိနစ်ပဲ လိုတော့တယ်နော် ပြောမှာ ကြိုသိသည်၊
ဒါ့ကြောင့် နာရီမရှိတာ ဘယ်လိုမှမနေ၊ ကျမလိုပဲ လက်ပတ်နာရီ မရှိတဲ့
ကျောင်းသားတွေ များပုံရသည်။ စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေက အချိန်ကို
အော်အော်ပေးသည်။ တချို့ဆို အချိန်တဝက်ကျိုးပါပြီ နောက်ထပ် တနာရီခွဲ
ကျန်ပါတယ် ဒီလို ပြောတာ သတိရမိသည်။ ကျောင်းတွေမှာလည်း
ကျောင်းအုပ်ဆရာကြီးရုံးခန်းကလွဲ ပြီး ဘယ်စာသင်ခန်းမှာမှ တိုင်ကပ်နာရီမရှိပါ။ နာရီ ရှားသည့် ခေတ်၊
နာရီကြောင့် ဝမ်းသာရသည့် အချိန်က ကျမ တက္ကသိုလ် ဒုတယ်နှစ်၊ အမေက ကျမတို့
မောင်နှမ သုံးယောက်စလုံးကို တယောက် လက်ပတ်နာရီ တလုံးစီ တပြိုင်ထဲ
ဝယ်ပေးသည်။ အဲဒီအချိန်က တရုတ်ကလာတဲ့ ဓါတ်ခဲ နာရီလေးတွေ ပေါ်ကာစ မှာ အမေက
ဝယ်နိုင်တုန်း ကောင်းတာ တခါထဲ ဝယ်ပေးမယ်ဆိုကာ ဂဏန်းလေးတွေ လှုပ်စိလှုပ်စိ
ပြောင်းတဲ့ တရုတ်နာရီတောင် မဝယ်၊ ဆီကိုနဲ့ ဆီတဇင် အမျိုးအစား ဝယ်ပေးသည်။
အကောင်းစားကြီး မဟုတ်ပေမယ့် နာရီတလုံးရဲ့ တန်ဘိုးက အဖေ့ရဲ့ အရာရှိလစာ
တလကျော် တန်သည်။ နာရီသွားဝယ်တော့ ကိုယ်နဲ့ အမေနဲ့ နှစ်ယောက်ထဲ၊ ကိုယ်က
ကိုယ်ကြိုက်တဲ့ ပုံစံကိုယ်တိုင် ရွေးယူဖို့ အခွင့်သာသည်။ ငွေရောင်အိမ်မှာ
ဒိုင်ခွက်ကလေးက ပါးပါးလေး၊ မှန်က နှစ်ထပ်၊ လက်မှာ ပတ်ထားရင်း ခဏခဏ
နာရီလေးကို ကြည့်မိသည်၊ သူငယ်ချင်းတွေက ဒီဇိုင်းလေးက ဆန်းလိုက်တာ လှလိုက်တာ
ပြောတိုင်း သဘောကျရသည်။
အဲဒီဆိုင်ကို
မှတ်ထားလိုက်သည်။ ဆိုင်ရှင်က ထူးထူးဆန်းဆန်း ဗမာ ဖြစ်သည်။ နာရီရောင်းတဲ့
ဆိုင်တွေ တဆိုင်ဝင်တဆိုင်ထွက် လိုက်ကြည့်တာ ဆိုင်ရှင်တွေက
လူမျိုးခြားချည့်သာ၊ အဲဒီဆိုင်က ဦးလေးကြီးက ဖော်ဖော်ရွေရွေနှင့် အင်မတန်
စကားပြောကောင်းပြီး စိတ်ကောင်းနှလုံးကောင်း ရှိပုံ အထူးပေါ်လွင်သည်။
ဒါ့ကြောင့်လည်း နောက်စာသင်နှစ် အစမှာ အမေ့ရဲ့ အကြပ်အတည်းကြောင့်
စိတ်ညစ်နေဆဲမှာ ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ ကျောင်းကအပြန် ဆူးလေကို
တယောက်ထဲ သွားခဲ့ပြီး အဆိုပါ ဆိုင်မှာ နာရီ ရောင်းမယ်ဆိုတော့ ဦးလေးကြီး
မရှိ၊ ဆိုင်ဝန်ထမ်းတွေက မေးခွန်းတွေ အများကြီးမေးသည်။ မှတ်မိတာက ဘောင်ချာ
မပြနိုင်ရင် မဝယ်ပါတဲ့၊ ဒီဆိုင်ကနေ ဝယ်တာပဲ လို့ ဘယ်လိုပြောပြော မရ၊ ဒါနဲ့
ဆိုင်ထဲကနေ ပြန်အထွက် လမ်းမပေါ် ရောက်တုန်း " ကလေးမလေး လာအုန်းတဲ့ ဘာလို့
ပြန်ရောင်းတာလဲ" တဲ့
ဆိုင်ရှင် ဦးလေးကြီး ၊ ဆိုင်ခန်း အနောက်က အခန်းလေးထဲက ထွက်လာဟန်တူသည်။ သူ့ကို မြင်လိုက်တာနှင့် အဆင်ပြေမယ်ဆိုတာ အလိုလို သိသွားသည်။
" ကျောင်းလခသွင်းဖို့ ငွေလိုလို့ပါ၊ အမေလည်း သိပါတယ်" အပြောကို
ခေါင်းလေးငြိမ့်ပြီး အံဆွဲထဲက ငွေ တခါထဲ ထုတ်ပေးသည်။ ဝယ်တုန်းက (၄၅၀)
ကျပ်ကို (၅၀၀)ကျပ်ပင် ရလိုက်သည်။
" သေချာထည့်သွားနော်၊
ကျောင်းစားရိတ်ဆိုလို့ ဈေးမနှိမ်ပဲ ပြန်ဝယ်လိုက်တာ" လို့ ထပ်ပြောသေးသည်။
ဘာစကားမှ အပိုမပြော၊ အိမ်ရောက်တော့ အမေက အခက်အခဲ ပြေလည်သွားလို့ ဝမ်းသာပုံ
သိပ်မရပဲ ခပ်တွေတွေနဲ့ ခေါင်းငြိမ့်သည်။
နောက်ပိုင်း ကားပေါ်မှာ အချိန်သိချင်ရင် ကားလက်တန်းကို ကိုင်ထားသည့် လက်တွေ
များစွာထဲက နာရီအမျိုးအစားမျိုးစုံကိုပင် တချိန်ထဲ တပြိုင်ထဲ
ကြည့်လို့ပင်ရသေးသည်။ နာရီမရှိတာ ကိုယ့်အတွက် အခက်အခဲမဟုတ်၊
ကျောင်းသူဘဝကနေ အလုပ်ဝင် သည်အထိ ကျမက နာရီမပတ်သူ၊ အခု ခင်ပွန်းဖြစ်လာမယ့်
ကျမချစ်သူရဲ့ မွေးနေ့လက်ဆောင်က လက်ပတ်နာရီ၊ နာရီကြိုးအနက် ဒိုင်ခွက်အသေးလေး
မို့ ချစ်စရာ၊ ဒါပေမယ့် ကျမမှာ နာရီအလာ့ဂျစ် ဖြစ်လာသည်။ နာရီရဲ့
ဒိုင်ခွက်နဲ့ အရေပြားထိတဲ့ နေရာက အမြဲလိုယားယံလာပြီး အဖုတွေ ထွက်သည်။ နာရီ
လုံးဝပတ် မရတော့ပေ၊ ဒါပေမယ့် ကျမနဲ့ နာရီက ဘယ်တော့မှ စိမ်းမသွား၊
ဝေးကွာမသွားသည့်အပြင် နာရီများစွာနှင့် မျက်နှာအပ်ဖို့ ဖြစ်လာရပြန်သည်။
အိမ်မှာ နာရီကြည့်ပြီး အပြေးအလွှားလုပ်ရသလို အလုပ်ကလည်း အချိန်နဲ့ တပြေးညီ
လုပ်ရသည့် အလုပ်ဖြစ်နေပြန်သည်။ တခုတော့ ကောင်းသည်၊ ဘဝတခုလုံး
ကြာမည့်နှစ်တွေကို တွေးမပူအားတော့ပဲ (၃)မိနစ်စာဆိုသည့် အချိန်ပင်
သီချင်းတပုဒ်စာ လွှင့်၍ ရသည်လို့ တွေးတတ်လာသည်။ ထိုသီချင်း တပုဒ်
သုံးမိနစ်စာအချိန်ထဲမှာ ဝမ်းနဲရတာနားထောင်ရသည်၊ လွမ်းရဆွေးရ ပျော်ရ
ရွှင်ရတာတွေ ကြားရသည်။ စက္ကန့် မိနစ် နာရီတွေ ကို မျက်ခြေမပြတ် စောင့်ရင်းက
အချိန်ကို စောင့်ရတာ အတော်ကြာမှန်းသိပြီး အချိန်ကိုက်ရတာ ပျော်ရွှင်လာသည်။
စံတော်ချိန်ကိုက် ကာ သီချင်းအဆုံး တင် ..တန် တန့် တန်းးးးး ဆိုသည့်
စံတော်ချိန်သံမှာ (၁၀) စက္ကန့် ကြာတာ အသေးစိတ် မှတ်သားရသည်။ တူပုံ တူပုံ့
သတင်းတီးလုံးက နှစ်မိနစ်ခွဲ အချိန်ကြာမြင့်ပေမယ့် နှစ်မိနစ်ခွဲလုံး
ကုန်အောင် တီးထားရတာ နားထောင်သူ ပရိတ်သတ် မကြိုက်သလို
ဌာနအကြီးအကဲတွေမကြိုက်၊ သတင်းတီးလုံးကြာနေတာ သတင်းဖတ်သူ ရောက်မလာလို့လား
လို့ အူမချေးခါးသိသည့် အချင်းချင်း နောက်တနေ့ ပြန်မေးစရာ အဖြစ်၊ ဒါ့ကြောင့်
တာဝန်ယူထားတဲ့ အချိန် စိတ်ကို ဘယ်မှ မလွင့်အောင် ထိန်းရင်း နာရီကို
အရိပ်တကြည့်ကြည့်လာရတာ (၁၅) နှစ်တာ၊
လုပ်ငန်းခွင် ရှိရာ နေရာအနှံ့ မျက်နှာလွှဲရာ နာရီ ရှိသည်။ လက်ပတ်နာရီ
ပတ်သူတွေပင် ကိုယ့်လက်ကို ငုံ့ပြီး ဘယ်နှစ်နာရီထိုးပြီလဲ ကြည့်သည့် အကျင့်
ပျောက်ကုန်သည်။ ဘဝမှာ နာရီက အရေးပါသည့် နေရာမှာ ရှိခဲ့ပေမယ့် ကိုယ်တိုင်
နာရီပတ်စရာမလို၊ ကိုယ့်ပတ်ဝန်းကျင်မှာ နာရီတွေ ဝန်းရံနေသည်။ နာရီတွေ
ရောင်းတာ တွေ့တော့ ကိုယ်နဲ့ မဆိုင်တဲ့ အရာတွေလို့ တွေးနေမိပေမယ့် လက်တွေ့က
နာရီမကြည့်ပဲ အလုပ်လုပ်မရသည့်အဖြစ်၊ ဒါပေမယ့် ကျမက နာရီမပတ်သူပါ။
No comments:
Post a Comment