December 11, 2016

"အရိပ်တကြည့်ကြည့်" ၁၂ရက် ဒီဇင်ဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၈)မှ

" အရိပ်တကြည့်ကြည့်"

                             
                     စီစီတီဗွီ  လို့ အတိုကောက်ခေါ်တဲ့ လုံခြုံးရေးကင်မရာတွေ ပေါ်လာပြီး အသုံးပြုကာစက စီစီတီဗွီကနေ လူဆိုးကို ခြေရာကောက်မိတယ် ပြောသံကြားရရင်  တရုတ်ပြည် သတင်းဌာန CCTV  (  China Central Television) ကနေ ရှာတွေ့ မိတယ်ချည်းထင်နေတာ၊ နောက်တော့မှ  ( Closed- circuit television camera) ဆိုတဲ့ ကင်မရာတပ်ထားပြီး  လှုပ်ရှာမှုတွေကို မှတ်တမ်းယူထားလို့ရတဲ့ ကင်မရာကို ပြောမှန်းသိတော့သည်။ အခုခေတ်မှာတော့ စီစီတီဗွီကို အိမ်တို့၊ ဆိုင်ခန်း ရုံးခန်း နဲ့  ဈေးဝယ်စင်တာတွေမှာ  တွင်တွင်ကျယ်ကျယ် သုံးနေကြလေပြီ၊ ထူးခြားတာက အစိုးရရုံးတိုင်းမှာ မတပ်နိုင်သေး၊ မကြာသေးခင်ရက်ကရန်ကုန်တိုင်းလွှတ်တော်ရုံးဝင်း အတွင်း  M150 အချိုရည်ပုလင်းဖြင့် ဖောက်ခွဲခံရတဲ့ သတင်းမှာ  စီစီတီဗွီ တပ်မထားဆိုတာ ဖတ်လိုက်ရသည်။
                                    ၂၀၀၇ခုနှစ် ခန့်အထိပင် အင်မတန် အရေးကြီးသည့် အစိုးရဌာနတွေမှာပင် စီစီတီဗွီ မတပ်ကြသေး၊ အရေးကြီးသည့် ဌာနကြီးတခုဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား  (ပြည်လမ်း)မှာပင် ထိုအချိန်အထိ စီစိတီဗွီမရှိခဲ့၊ နေပြည်တော် တပ်ကုန်း ရုံးသစ်ကြီးမှာတော့ ရှိသည်လို့ ဝန်ထမ်းတွေ ပြောတာ ကြားဖူးသည်။ ယနေ့ကာလ အမှုအခင်းတွေ ပေါများသည့် အချိန် စီစီတီဗွီ တပ်ထားက တရားခံကို အမြန်ဆုံးနှင့် အမှန်ဆုံး ဖော်ထုတ်လာနိုင်ပေလိမ့်မည်။ တနည်းအားဖြင့် စီစီတီဗွီ တပ်ထားတာ သိက ရာဇဝတ်မှု ကျူးလွန်မည့်သူကို ထိန်းချူပ်ရာလည်း ရောက်သည်၊ အဟန့််လည်း ဖြစ်သည်။ ရာဇဝတ်မှုလျော့ကျရေး ပညာပေးတာ တဖက်ကလုပ်ရင်း တဖက်ကလည်း စောင့်ကြည့်ရေးပါ ရှိနေက အကျိုးရှိမည်။ လူတယောက်ချင်းကို စောင့်ကြည့်ဖို့ လုံခြုံရေးဝန်ထမ်းတွေ ထားနိုင်မှာမဟုတ်သလို အရပ်သားပြည်သူတွေ လွတ်လွတ်လပ်လပ် သွားခွင့်မရအောင် စောင့်ကြည့်နေတာလည်း ဘယ်သူကမှ မကြိုက်၊ လုံခြုံရေးကင်မရာ ဖြစ်သည့် စီစိတီဗွီတွေ တပ်ထားက စောင့်ကြည့်ရုံမက လိုအပ်ပါက တရားခံကို ချက်ခြင်း ဖော်ထုတ်ဖို့ လွယ်လေသည်။ သို့သော် အစိုးရမှာ ဘတ်ဂျက် မတတ်နိုင်လို့ တချို့က ဆိုလေသည်။ တကယ်က နေရာတကာ အစိုးရချည်း အားကိုးမနေပဲ ကိုယ့်ဝန်ကိုယ်ထမ်း ဝိုင်းဝန်း လုပ်ဆောင်လို့ရတာတွေ များစွာ ရှိပါသည်။
                    ထိုင်းနိုငံမှာတော့ ဘဏ်တွေကအစ ဈေးဝယ်စင်တာတွေမှာပါ  ဝင်လာသူကို ပြူးပြဲကြည့်ပြီး မသင်္ကာသလို ဘယ်သူမှ စောင့်ကြည့်မနေ၊ လုံခြုံရေးကင်မရာ အပြည့် တပ်ထားတာ ဖြစ်သည်။ 7-11 လို စတိုးဆိုင် အသေးစားလေးတွေမှာလည်း တပ်ထားသည်။ ဈေးဝယ်သူ နောက်က တကောက်ကောက် ဘယ်သူမှ မလိုက်သလို ဘယ်သူကမှလည်း လူလစ်၍ ဆိုကာ ပစ္စည်းကို  ကောက်ထည့်မသွား၊ လုယက်မှု မရှိဘူးလားဆိုက ရှိပါသည်။ အမှုအခင်းတွေ များပါသည်။ ရွှေဆိုင်၊ စတိုးဆိုင် စတာတွေကို ဝင်လုတဲ့အခါ ပါသွားတာ ရှိသည်။ ချက်ခြင်း ဖမ်းလိုက်နိုင်တာ ရှိသလို ပစ္စည်းပါသွားသော်ငြား စီစီတီဗွီကတဆင့် ပြစ်မှုကျူးလွန်သူကို လိုက်လံရှာဖွေကာ အလွယ်တကူ ဖမ်းမိလေသည်။ အဓိကက တရားခံကို ဖမ်းမိဖို့ လွယ်ပြီး  မှုခင်းနည်းပါးအောင် ထိန်းချူပ် ထားနိုင်တာ ဖြစ်သည်။                 လမ်းမကြီးတွေမှာ စီစီတီဗွီ ခေါ် လုံခြုံရေးကင်မရာတွေ တပ်ထားသည်။ ရပ်ကွက်အတွင်းမှာ လမ်းထောင့် အိမ်ထောင့်တွေမှာ စီစိတီဗွီတွေ တပ်ထားသည်။ ဗီအိုင်ပီ ရပ်ကွက်မို့ မဟုတ်၊ လူနေသည့် ရပ်ကွက်တွေမှာ တပ်ထားတာ ဖြစ်သည်။ ရပ်ကွက်တိုင်းမှာ ရပ်ကွက်အုပ်ချူပ်ရေးမှုး ရုံးတွေ ရှိသည်။ ရပ်ကွက် လူကြီးတွေရှိသည်။ ရပ်ကွက်ထဲက လုံခြုံရေးကင်မရာကို ရပ်ကွက်ရုံးကနေ ထိန်းချူပ်တာ ဖြစ်သည်။ အဆိုပါ ကင်မရာတွေ တပ်ဆင်တာ ရပ်ကွက်ရန်ပုံငွေ၊ ကျေးရွာရန်ပုံငွေထဲက တပ်ဆင်ပေးတာ ဖြစ်သည်။ ကိုယ့်အိမ်ကိုယ် တပ်ချင်က မိမိဘာသာ ဝယ်တပ်ရသည်။ အစိုးရဌာနတွေမှာလည်း ထိုနည်း၎င်းပင်၊ ဌာနတွေမှာ လုံခြုံရေး စားရိတ်တွေ ရှိသည်။ မြန်မာပြည်မှာပင် အစိုးရဌာန အသီးသီးလိုက် လုံခြုံရေးအတွက် ဘတ်ဂျက်ရှိသည်။ ယခင်ကဆို အရေးကြီးသည့် ဌာနတွေမှာ  စစ်တပ်ရော၊ လုံခြုံရေးဝန်ထမ်းရော ရှိပါလျက်နှင့် အရာရှိအချို့ကို လုံခြုံရေးဆိုကာ ညစောင့်ခိုင်းတာ ရှိသည်။ အဲဒီအတွက် ညကြေးရတာလည်း ရှိသည်။
                   

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်အတွင်း ဒီဇင်ဘာ(၁)ရက်နေ့က စင်ကာပူနိုင်ငံရောက် မြန်မာအသိုင်းအ၀န်းနှင့် တွေ့ဆုံတာမှာ မေးခွန်းတွေ မေးကြတဲ့အထဲ အမှိုက်ပစ်တဲ့ ကိစ္စမျိုးဆိုက လမ်းထဲမှာ ဓါတ်တိုင်အသီးသီးမှာ စီစီတီဗွီရှိက စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ဖို့ လက်တွန့် သွားနိုင်သလို စည်းကမ်းမဲ့သူကို ဖော်ထုတ် အရေးယူနိုင်လေသည်။ ထိုင်းနိုင်ငံမှာ လမ်းဆုံလမ်းခွ မီးပွိုင့်မှာ ညည့်နက်သန်းခေါင် ဒါမှမဟုတ် နံနက်စောစော တလမ်းလုံးမှာ ကိုယ့်ကား တစီးထဲ ရှိလည်း မီးနီ မဖြတ်ကြ၊ မီးပွိုင့်မှာ စီစီတီဗွီတွေရှိရာ မှတ်တမ်းပါသွားက  နောက်နေ့ အိမ်ကို စာရောက်လာမှာ ဖြစ်သည်။ အဆိုပါ စီစီတီဗွီ လုံခြုံရေး ကင်မရာကို အစိုးရက တပ်ထားတာ မဟုတ်၊ ယာဉ်ထိန်းရဲ တနည်းအားဖြင့် ရဲတပ်ဖွဲ့က ကိုင်တာဖြစ်သည်။ သူတို့ဆီမှာလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ဝင်ငွေကောင်းသည်။ နေ့စဉ် လိုင်စင်ကြေး၊ သက်တမ်းတိုးကြေး၊ ဒဏ်ငွေ စတာတွေ တဖွဲဖွဲ ဝင်လာနေတာ ဖြစ်သည်။ ဒါတွေကို စည်းကမ်းထိန်းချူပ်ရေးမှာ ပြန်လည် အသုံးပြုတာ ဖြစ်သည်။ သက်ဆိုင်ရာ ဌာနတိုင်းက လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကို ကိုယ်စီဝိုင်းလုပ်ကြတာဖြစ်သည်။
                     ပြီးခဲ့သည့် တပတ်ခန့်က သမီးဖြစ်သူက ဖြတ်ပိုင်းလေး လာပြသည်။ ဖြတ်ပိုင်းမှာ စီစီတီဗီက မှတ်တမ်းဓါတ်ပုံလေးနှင့် ဖြစ်သည်။  မော်တော်ဆိုင်ကယ်ပေါ်မှာ သူက အနောက်ကထိုင်စီးပြီး ဦးထုတ်မပါ၊ မောင်းသည့် သူငယ်ချင်းက ဦးထုတ်ဆောင်းထားသည်။ ငြင်း၍မရနိုင်သောပုံ၊ သူတို့ပုံကြီးက ထင်းနေတာဖြစ်သည်။ ဆိုင်ကယ်နံပါတ်ကို ဝိုင်းပြထားပြီး လူကိုပါ အနီဖြင့် ဝိုင်းထားသည်။ ဦးထုတ်မဆောင်းတဲ့ အတွက် ဒဏ်ငွေ ဘတ်(၄၀၀) ပေးဆောင်ဖို့ ဖြတ်ပိုင်းကို တက္ကသိုလ်က အဆောင်လိပ်စာနဲ့ ပို့လိုက်တာ ဖြစ်သည်။ နောက်တနေ့ ရဲစခန်းမှာ သွားဆောင်ရသည်။  မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ၊ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာ အခုခေတ်လို နည်းပညာတွေ ဆန်းသစ်သည့် အချိန်မှာ ပိုပြီး မှန်ကန်လေသည်။
                မြန်မာပြည်မှာ မှုခင်းတွေ များစွာဖြစ်သည်။ အများစုမှာ တရားခံမပေါ်၊ အမှုလည်းပျောက်၊ ရဲတပ်ဖွဲ့ကလည်း လူအင်အားနည်းတာ အကြောင်းပြကာ တရားခံကို တရားလိုကပင် ပြန်ဖမ်းပေးနေရသည့်အဖြစ်၊ ပြစ်မှုကျူးလွန်သူကို ကျူးလွန်ခံရသူက လက်ပူးလက်ကြပ် ဖမ်းပေးနေရသည့် အဖြစ်၊ မကောင်းမှုတွေ ဆိတ်ကွယ်ရာတင်မက ပေါ်ပေါ်ထင်ထင် လူကြားသူကြား လူရှေ့သူရှေ့ အများပြည်သူကြား ဖြစ်နေကြသည်။ အားကိုးတကြီး တိုင်တန်းလည်း ဥပဒေတွေက မခိုင်မာတော့ ဖြစ်ချင်သလို ဖြစ်၊ ရာဇဝတ်ဘေး ပြေးမလွတ်အောင် အောက်ခြေအဆင့်ကစလို့ စောင့်ကြည့်ဖို့ လိုနေပေပြီ၊ စောင့်ကြည့်စရာ အထူးအထွေကတော့ စီစိတီဗွီခေါ် လုံခြုံရေးကင်မရာခေါ် စောင့်ကြည့်ကင်မရာတွေ နေရာအနှံ့ တပ်ဖို့ လိုနေပြီး သက်မဲ့တွေကနေ သက်ရှိတွေကို စောင့်ကြည့်ပေးရင်း ရာဇဝတ်ဘေးပြေးမလွတ်အောင် လုပ်နိုင်ဖို့ လိုနေပေသည်။ သက်ရှိနေရာမှာ သက်မဲ့ကို အစားထိုးရင်း မျက်လုံးဒေါက်ထောက်ကြည့်ပေးဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့။ 
ခိုင်ခိုင်စောလွင်

No comments:

Post a Comment