December 4, 2016

" ဈေးသည်ဈေးဝယ် စုံလို့ရယ်" ၅ ရက် ဒီဇင်ဘာ ၂၀၁၆ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၇)မှ

" ဈေးသည်ဈေးဝယ် စုံလို့ရယ်"

                             
                     အိမ်မှာ မုန့်ဟင်းခါးချက်စားမယ် ဆိုပြီး ငှက်ပျောအူ လိုက်ရှာဝယ်တာ  ဈေး(၃)ဈေးလောက် ရောက်ခဲ့ရသည်၊ တကယ်တော့ ဘယ်ဈေးမှာ ငှက်ပျောအူ သေချာပေါက် ရမယ်ဆိုတာ သိပြီးသားပေမယ့် ချက်မယ့် မနက် အစောကြီး သွားမဝယ်ချင်တဲ့အတွက်  ညကတည်းက ကြိုဝယ်ထားချင်တာကြောင့်  ညဖက်ဖွင့်တဲ့ ဈေးတွေ ပတ်သွားနေမိတာ ဖြစ်သည်။ တကယ်တန်းကျ ဝယ်နေကျ မနက်ဈေးမှာပဲ ရောင်းနေကျ ဆိုင်က ငှက်ပျောအူ ဝယ်လိုက်ရလေသည်။ ဈေးတကာဈေး သွားတဲ့ အတွက် ဘယ်ဈေးက ဈေးနဲနဲ တင်ထားတတ်ပြီး ဘယ်ဈေးက သက်သာတယ်ဆိုတာမျိုး၊ ဘယ်ဈေးကဖြင့် တောသည်လေးတွေ လာရောင်းတတ်လို့ အရွက်လေးတွေ ငါးသေးငါးမွှား တိုလီထွာလီလေးတွေ ရတတ်တယ်ဆိုတာ သိရသည်။ ထိုင်းမှာရှိတဲ့ မွေးမြူရေးငါးတွေ မစားချင်က ရေချိုငါးလေးတွေ မြစ်ငါး ချောင်းငါး လယ်ငါးလေးတွေ ရတတ်တဲ့ ဈေးတွေ လိုက်ရှာဝယ်ရင်း ဈေးကြမ်းပိုးဖြစ်ကာ တဈေးကနေ အခြားဈေးကို နေ့အလိုက် ပြောင်းရွှေ့ ရောင်းကြတဲ့ ပျံကျဈေးသည်တွေနဲ့ပါ ဈေးအမျိုးမျိုးမှာ ပြန်ဆုံဖြစ်ရလေသည်။ ဒီတော့မှ ပျံကျဈေးသည်တွေ နေရာရွှေ့ကာ တဈေးပြီးတဈေး  ဈေးလိုက်ရောင်းရတာ သိလိုက် ရလေသည်။
                          ချင်းမိုင်မှာ လမ်းဘေးဈေးသည်တွေ ပလက်ဖောင်းမှာ ဈေးရောင်း၊ တာဝန်ရှိသူက လိုက်ဖမ်း ထွက်ပြေး ဒါမျိုး မမြင်ရပါ၊ သူတို့ကို သလာနာ့ လိုခေါ်သည့် ပျံကျဈေးလေးတွေ  ရပ်ကွက် နေရာအလိုက် နေ့အလိုက် ဖွင့်ပေးလေသည်။ ဆိုင်နှင့် ကန္နားဖြင့် မရောင်းနိုင်သည့် ဈေးသည်တွေ အဆိုပါဈေးတွေမှာ လိုက်ပြီး ရောင်းနိုင်သည်။ ဈေးတွေပုံစံက ရန်ကုန်မှာ ယခင်က ရှိခဲ့သည့် အခွန်လွတ်ဈေးပုံစံမျိုးတွေ ဖြစ်သည်။ မနက်ဈေး မရှိ၊ နေ့ခင်း တစ်နာရီလောက်ကမှ ဈေးစခင်းပြီး ည(၈)နာရီ ဝန်းကျင်ခန့် အထိ ရောင်းချကြသည်။ ညနေ ကျောင်းဆင်း၊ ရုံးဆင်း၊ အလုပ်ပြန် ဝင်ဝယ်ကြသည်။ အကင်မျိုးစုံ၊ အကြော်အလှော် ၊ အသင့်ချက်ပီးသား ဟင်း၊ စားစရာအမျိါ်မျိုး ၊ အသီးအနှံ ဟင်းသီးဟင်းရွက်သာမက လူသုံးကုန်နဲ့ ကုန်ခြောက်တွေပါ ရောင်းကြသည်။ စားစရာဆိုက တခါသုံးဖော့ ဘူးတို့၊ ပလတ်စတစ် အိတ်တို့ဖြင့် ထည့်ယူကြရသည်။ ။ ခုံတွေစားပွဲတွေ ခင်းပြီး ထိုင်စားလို့ရသည့် ဆိုင်မရှိ၊ ဈေးတိုင်းအင်မတန်စည်ပြီး ရောင်းကောင်းကြသည်။
မြန်မာပြည်ထက် သူတို့ ဈေးသည်တွေ သာတာက သယ်ယူပို့ဆောင်ရေး အဆင်ပြေတာ ဖြစ်သည်။ ပန်းရောင်းသည့် ဈေးသည်ကလည်း ဟိုင်းလတ်စ်ကားနှင့် ပစ္စည်းသိမ်းပြန်တာဖြစ်သည်။ အနည်းဆုံး ဟင်းသီးဟင်းရွက်သည်ပင် မော်တော်ဆိုင်ကယ်မှာ ဘေးက ပစ္စည်းတင်သည့် ဘေးတွဲတွဲချိတ် ဆောက်ထားသည့် ဘေးတွဲဆိုင်ကယ်ဖြင့်  ဟိုဈေး သည်ဈေး ကူးပြီး ရောင်းကြတာဖြစ်သည်။ ဒီလိုဈေးတွေကို ပြည်သူတွေ အတော်အားထားရသည်။ ပုံမှန်ဈေးကြီးတွေက မနက်တပိုင်းသာ ဖွင့်တတ်ကြရာ အဆိုပါ ပျံကျဈေးတွေက ညနေဖက် ဖွင့်သည့်အတွက် အလုပ်သမား ရုံးသမား ကျောင်းသမား အိမ်ရှင်မများအားလုံးအတွက်  အဆင်ပြေသည်။ ချက်စားချင်က ချက်စားဖို့ ဝယ်လို့ ရသလို အသင့်စားလိုက ချက်ပြုတ်ကြော်လှော်ထားတာတွေ ဝယ်သွားရုံပင်။
                       ထိုင်ပြီး စိတ်အေးလက်အေး စားချင်ရင်ဖြင့် ညဈေးတန်းတွေ ရှိသည်။ စားသောက်ပြီး စိတ်အေးလက်အေး လမ်းလျှောက်လို့လည်းရသည်။ အဝတ်အထည် အသုံးအဆောင်နှင့် အခြားတိုလီမိုလိတွေ ဝယ်လို့ရသည့် ဆိုင်ကလေးတွေရှိသည်။ ညဈေးတန်းကတော့ နေ့အလိုက် ရောင်းချသည့် ညဈေးတန်းနှင့် နေ့စဉ် ပုံမှန်ဖွင့်သည့် ညဈေးတွေ ရှိသည်။ စနေနေ့မှာ ချင်းမိုင်ဂိတ်လို့ ခေါ်သည့် နေရာမှာ ဖွင့်သည့် စနေဈေးနှင့် ထပ်ဖယ်ဂိတ်မှာ ဖွင့်သည့် တနင်္ဂနွေဈေးတွေက နာမည်ကျော်ပင်၊ ချန်ကလန်လမ်းမှာ ရှိတဲ့ နိုင်ဘာဇာ ညဈေးကတော့ ညစဉ် ဖွင့်သည့် နာမည်ကျော် ညဈေးကြီး ဖြစ်သည်။ ဈေးသည်တွေ အတွက် နေရာအနှံ့ လိုက်ရောင်းလို့ရသည့် အခွင့်အရေး ရလေသည်။ အဆိုပါ ညဈေးတွေမှာတော့ သားငါးတွေ မရောင်း၊ သူတို့အဓိက ဦးတည်တာက ကမ္ဘာလှည့်ခရီးသည်တွေ၊ ဒါ့ကြောင့် သန့်ရှင်းပြီး လှပနေအောင် စွဲဆောင် ပြင်ဆင်ထားကြသည်။
                            စနေဈေး၊ တနင်္ဂနွေဈေးတွေဆိုတာ တကယ့် လူသွားလမ်းမှာ ရောင်းတာ ဖြစ်သည်။ အဆိုပါနေ့ဆိုက အဲဒီလမ်းတွေမှာ လူတွေပြည့်နေပြီး ကားတွေက အခြားလမ်းက ပြောင်းမောင်းကြသည်။ ဈေးသည်တွေ လွတ်လွတ်လပ်လပ် စီးပွားရှာခွင့် ပြုထားတာဖြစ်သည်။ ဈေးသည်တွေတင်မက အလှုခံလိုသူ၊ တောင်းရမ်းသူတွေလည်း စည်းကမ်းတကျ အလှုခံ၊ တောင်းခံခွင့် ပေးထားလေသည်။ မသန်စွမ်းကဲ့သို့ အစုအဖွဲ့နှင့်  အခြား အစုအဖွဲ့တွေက မိမိတို့ အသင်းအဖွဲ့အတွက် ရန်ပုံငွေ ရှာလိုက သက်ဆိုင်ရာထံကနေ ကြိုတင်ခွင့်ပြုချက်ယူကာ အလှုခံခွင့် ရှိလေသည်။ လမ်းရဲ့ တဖက်တချက် ပလက်ဖောင်းပေါ်မှာ  ဈေးသည်တွေက ဆိုင်ခင်း ရောင်းပြီး လူတွေက လမ်းပေါ်ကလျှောက် ဆိုင်တန်းတွေရှိရာ  ပလက်ဖောင်းဆီငေး၊ လမ်းအလည်ခေါင်မှာ အတီးအမှုတ် တူရိယာတွေနဲ့ ညီညီစီစီထိုင်ပြီး တီးမှုတ် အလှုခံသူတွေ ရှိသည်။ လမ်းမကြီးမှာ ရှည်လျားလွန်းသည့်အတွက် တော်တော်လျှောက်ယူရသည်။ တခါမှ ဆုံးအောင် မလျှောက်ဖူးသေးဆိုကာ လမ်းဆုံးအောင် လျှောက်မိပြီး မှ လာရာဖက်ကို မနည်းပြန်လျှောက်ရတာလဲ ကြုံဖူးလေသည်။ ။
                      အဆိုပါ လမ်းမကြီးတင်မက ဘေးတဖက်တချက် မြေကွက်လပ် အလွတ်တွေမှာပါ ဈေးဆိုင်တွေ ခင်းကြသည်။ ချင်းမိုင်ရိုးရာ အထည်မျိုးစုံ၊ လက်မှုအထည်လေးတွေ၊ အရုပ်ကလေးတွေ ကီးချိန်းကလေးတွေ၊ ပိုက်ဆံအိတ်တွေ၊ အမှတ်တရ တီရှပ်၊ အိတ် စသဖြင့်  စုံနေအောင်ရောင်းကြသည်။ အုန်းလက်ဖြင့် ဦးထုတ်ကလေး ထိုင်ရက်ပြီး ရောင်းသူလည်း ရှိသည်။ စိတ်ဝင်တစား ထိုင်ကြည့်နေသူရှိသလို သဘောကျကာ  ဝယ်သွားသူလည်း ရှိသည်။ ငွေထည်လက်ဝတ်ရတနာ ဒီဇိုင်းတွေ၊ အလားတူ့ ဒီဇိုင်းမျိုး ဖယောင်းကြိုးဖြင့် ထိုးထားသည့် လက်ဝတ်အဆင်တန်ဆာလေးတွေ၊ ဖန်စီကျောက်ထည်ကလေးတွေ ရောင်းကြရာ တိုးဝှေ့ဝယ်ယူကြသည်။ လမ်းဘေးမှာပဲ  ခုံလေးတွေ ခင်းပြီး  မာဆတ်လုပ်ပေးတာလည်း ရှိသည်။ ပက်လက်ထိုင်ခုံတွေမှာ အနှိပ်ခံသူတွေလည်း တပုံတပင်၊ အဲဒီဈေးတွေမှာက အစားအသောက်ကို လမ်းလျှောက်ရင်း စားလို့ရအောင် တခါသုံးခွက်၊  ဇွန်းတို့ ထည့်ပေးလိုက်တာ ဖြစ်သည်။ ကျကျနန ထိုင်စားစရာ နေရာတော့ လုပ်မပေးထား၊ လမ်းလျှောက်ရင်း စားသောက် ဈေးဝယ် တပြိုင်ထဲ လုပ်ကြလေသည်။
                                       အများအားဖြင့် လမ်းလျှောက် စားသောက် ဝယ်ယူနေကြသူတွေက ကမ္ဘာလှည့်ခရီးသည် အများစုဖြစ်သည်။ ထိုင်းလူမျိုးတွေကတော့ ဈေးသည်တွေပေါ့၊ မြန်မာတချို့လည်း ရှိသည်။ မြန်မာအများစု ဈေးရောင်းတာ  နိုက်ဘာဇားဖြစ်သည်။ နိုက်ဘဇားညဈေးကတော့ ပလက်ဖောင်းတလျှောက် တင်မက လမ်းမကြီးရဲ့ အတွင်းပိုင်းမှာပါ နေရာကျယ်ကျယ် ဆိုင်ခန်းကျယ်ကျယ်တွေ များစွာရှိသည်။ စားသောက်ဆိုင်တွေ၊ အအေးခန်းဖြင့်  ဖွင့်ထားသည့် မာဆတ်အခန်းတွေ ရှိသည်။ အေးအေးဆေးဆေး စားသောက် အနှိပ်ခံလို့ရသည်။ ထိုင်းမာဆတ်က နာမည်ကျော်ရာ တကူးတက အနှိပ်ခံသူတွေ များလှသည်။ နိုက်ဘဇာညဈေးက နေ့တိုင်းဖွင့်သည်၊ ဈေးပတ်ဝန်းကျင်မှာ စဆိုးဆိုင်၊ ဘားဆိုင် ၊ ကော်ဖီဆိုင်တွေလည်း စဉ်ဆက်မပြတ်ရှိရာ စည်ကားလှသည်။ walking street လမ်းလျှောက်ဈေးဖြစ်သည့် စနေဈေး၊ တနင်္ဂနွေဈေးနှင့် နိုက်ဘဇားညဈေးတန်း အားလုံး  တူညီသော အချက်မှာ နံနက် မိုးလင်သည်နှင့်  သန့်ရှင်းနေတာ ဖြစ်သည်။ မနှိုင်းကောင်း နှိုင်းကောင်း ရှေးလူကြီးတွေ ပုံပြောပြသည့် ကြပ်ကုန်းအလား၊ ညဖက်မှာ အလင်းရောင်တထိန်ထိန်ဖြင့် စည်ကားတာ တွေ့ရပြီး မနက်ကျ ဈေးဆိုင်တွေ များစွာ ဖွင့်ထားခဲ့တာလို့ မထင်ရအောင် ခြေရာလက်ရာမပျက် လမ်းအတိုင်း ကားတွေ လူတွေ သွားလာကြနေကြသည်။
                   အဓိကကတော့ လူတိုင်း၊ ဈေးသည်တိုင်း စည်းကမ်းလိုက်နာကြလို့ပဲ ဖြစ်သည်။ ကိုယ့်အမှိုက်ကိုယ် ထုတ်ပိုး သိမ်းဆည်းပြီး စုရပ်မှာ သွားပုံထားလိုက်တာနှင့် မနက်စောစော အမှိုက်သိမ် ကားက အလွယ်တကူ ကောက်တင်သွားတာဖြစ်သည်။ ဆိုင်သိမ်းမှ အမှိုက်တွေကို စုပြုံသိမ်းတာမျိုးမဟုတ်၊ ဈေးရောင်းနေရင်း စနစ်တကျ ကိုယ့်အမှိုက်အိတ်ထဲ ပစ်သည်။ ကိုယ့်ဆိုင်က ထွက်သည့် အမှိုက်ကို ချက်ခြင်း စုစည်းကာ ကိုယ့်အိတ်နှင့်ကိုယ် ထည့်သိမ်းသည်။ ဆိုင်တိုင်း ဒီလို စနစ်တကျ ထုတ်ပိုးထားခဲ့တာကို စည်ပင်သန့်ရှင်းရေးက မိုးမလင်းခင် လာသိမ်းသွားသည်။ အဆိုပါအလုပ်မှာ တရက်မက နှစ်ပေါင်းများစွာ ကြာမြင့်သောလည်း ထုံးစံမပျက်လုပ်နေကျပင်ဖြစ်သည်။ အမှိုက်တွေ ရှုပ်ပွညစ်ပေကျန်ခဲ့က အနားက အိမ်တွေ နှင့် လမ်းသွားလမ်းလာ ပြည်သူတွေ ငြိုငြင်စရာ ဖြစ်လာနိုင်သော်လည်း ဈေးသည်တွေမှာ သန့်ရှင်းရေး ကိစ္စ  အကျင့်ဖြစ်လို့ တကူးတကပင် လုပ်တာမဟုတ်ပဲ လုပ်ရိုးလုပ်စဉ် လုပ်ရင်း ရောင်းဝယ်နေကြလေသည်။
                   အဆိုပါ ညဈေးတန်းတွေမှာ အမြဲလိုလို သန့်ရှင်းနေပြီး တခေါက်ရောက်ဖူးသူလည်း နောက်တခေါက်ကျ လျှောက်ရအောင်လို့ဆိုကာ အကြိမ်ကြိမ် လည်ချင်ပတ်ချင်သည့် နေရာ ဖြစ်နေလေသည်။  ညဈေးတန်းတွေကနေ  အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာပြီး အချိန်ပိုင်း ဈေးသည်လေးတွေ အဖြစ် သမာအာဇီဝကျကျ လုပ်ကိုင်ကြသူတွေ များလာသည်။ အရောင်းအဝယ် ဖြစ်ကာ ပြည်သူတွေ ဝင်ငွေတိုးကြသည်။ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားရာ တန်ဖိုးလည်း မများလှသည့်  ဒေသထွက်ကုန် လက်မှု ပစ္စည်းလေးတွေ များစွာ ထုတ်လုပ် လုပ်ကိုင်ရသည်။ ထိုကမှ ဝင်ငွေရသည်။ အမြတ်အစွန်းတွေ ဆင့်ကဲရကြသည်။ အလုပ်တွေ ရလာကြသည်။  ညဈေးတန်းတွေကနေ မီးခိုးမထွက်သည့် စီးပွားရေးကို မြှင့်တင်ပေးသည်။ ညဈေးတန်းတွေကတဆင့် တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ထုတ်ဖော်ခွင့်ရသည်။  ယဉ်ကျေးမှု အဆင့်အတန်း နှင့် လူနေမှုအဆင့်အတန်းကို ဖော်ထုတ်ပြသရာလည်း ရောက်သည်။ နိုင်ငံအသီးသီးကို တဆင့်စကား သတင်းရောက်ပြီး ဈေးတန်းလေးတွေဆီ ထပ်ကာထပ်ကာ လူတွေ ရောက်လာသည်ဆိုက ဈေးသည်ဈေးဝယ်ပိုလို့ပင် စုံလာပေတော့မည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment