" ဟဲ့ သောက်ပလုတ်တုတ် ဈေးထဲဒီလောက် လူတွေအများကြီးသွားနေတာ စက်ဘီးကို သောက်ရမ်းနင်းရလားဟဲ့ " " ကိုယ့်ဖာသာ ကြည့်ရှောင်ပါလား ဒီလောက်ဘဲလ်တီးနေတာ နားကန်းနေလား" " ဘာပြောတယ် သေနာကျလေး မလောက်လေးမလောက်စားကများ ငါလုပ်လိုက်ရ "
မြန်မာ့ဓလေ့ မပျောက်မပျက် လက်ဖက်ရည်ဆိုင်လေးမှာ မှာတဲ့အသံက ဝေဝေဆာဆာ၊
စားပွဲပေါ်က လက်ဖက်ခြောက်ချိုးကပ်နေတဲ့ ဓါတ်ဗူး နှုတ်ခမ်းပဲ့၊ ညှိတက်နေတဲ့
ရေနွေးခွက်တွေက ဘယ်တိုင်းပြည်ရောက်ရောက် ဘာလို့ မပြောင်းပါလိမ့်လို့
မေးခွန်းထုတ်စရာ၊ ချင်းမိုင်မှာ ဗမာစကားသံ မကြားရသလောက် မဲဆောက်မှာက
နေရာအနှံ့ ကျယ်ကျယ်လောင်လောင် ပြောရင်း သွားလာနေကြသည်။
ချင်းမိုင် လဝကရုံးမှာ အသက်ကြီးကြီး လဝက ဝန်ထမ်းတယောက်က မြန်မာစကားဖြင့် "
ထမင်းစားပြီးပြီလား၊ ခဏစောင့်ပါ" လို့ ပီပီသသ ပြောတဲ့အခါ မြန်မာစကား
တတ်သလား ဆိုတော့ နဲနဲပါတဲ့၊ မဲဆောက်မှာ တာဝန်ကျတုန်း တတ်လာတာ ဆိုသည်။
မဲဆောက်မှာ တာဝန်ကျသည့် ထိုင်း ရဲ၊ လဝကနဲ့ အခြားဝန်ထမ်းတွေမှာ မြန်မာစကား
တတ်အောင်သင်ထားရသတဲ့၊ ဒါမှအလုပ်ဖြစ်တယ်လို့ ဆိုစမှတ်ရှိလေသည်။ ချင်းမိုင်က
ပလာဇာတခုမှာ ဈေးဝယ်ပြီး ငွေရှင်းတဲ့အခါ ကောင်တာက ကလေးမလေးက
ကျေးဇူးတင်ပါတယ် ၊ မန်ဘာကဒ်ရှိသလား ပီပီသသ မေးလို့ မြန်မာလား ဆိုတော့
မဟုတ်ပါတဲ့ မဲဆောက်မှာ အလုပ်လုပ်ခဲ့လို့ တတ်တာလို့ ပြန်ဖြေတာ သတိရသည်။
မဲဆောက်က ကုန်တိုက်မှာ ထို့အတူ ၊ "ဒါ လှဒယ်" တဲ့ ၊
ကုန်တိုက်တွေ၊ ဈေးဆိုင်တွေ၊ လမ်းညွှန်ဆိုင်းဘုတ်တွေသာမက ဆေးရုံ၊
အစိုးရရုံးတွေမှာပါ မြန်မာစာတွေ ရေးထားကြသည်။ ထိုင်းလူမျိုးတွေလည်း
မြန်မာလိုပြောကြသည်။ ဆိုင်ရှင်တွေမှာ မြန်မာအလုပ်သမားတွေကို အားကိုးရပြီး
သူတို့ပါ စကားပြောတတ်အောင် သင်ယူထားကြရလေသည်။ နို့မို့မလွယ်၊ မြန်မာကြားထဲ
ထိုင်းရောက်သလို ဖြစ်နေတဲ့ အဖြစ်၊
တည်းခိုခန်းမှာ
ထားခဲ့တယ် အပြောကို တုတ်တုတ်ဆရာက အံ့ဩတကြီးနဲ့ ဘာလို့ ထားခဲ့ရတာလဲ
ပြောသည်။ ချင်းမိုင်မှာတော့ ပတ်စ်ပို့စာအုပ်က အံဆွဲထဲ သိမ်းထားတဲ့ အရာ၊
ဘယ်သွားသွား ဒိတိုင်းသွားတာပဲ ဖြစ်သည်။ လမ်းမှာသွားရင်း ကားစီးရင်း
ဘယ်ရဲကမှ မစစ်၊ ကားစီးနေတဲ့ ခရီးသည်ကို စစ်တာဘာညာ မရှိ၊ မော်တော်ပီကယ်ရဲကသာ
ကားမောင်းတဲ့သူ၊ ဆိုင်ကယ်စီးတဲ့သူကို ယဉ်မောင်းလိုင်စင် စစ်တာရှိသည်။
ယာဉ်မောင်းလိုင်စင် စစ်ရင်းကမှ ထိုင်းမဟုတ်မှန်းသိပြီး ပတ်စ်ပို့၊
အလုပ်သမားကဒ် စတာတွေ တောင်းတာတော့ ရှိတတ်သည်။ ညဖက်ထွက်မှ
စီမံချက်ရှိတဲ့အခါမျိုးသာ ရဲတွေဘာတွေ ကင်းချမှ ပတ်စ်ပို့စစ်တာဘာညာ ရှိသည်။
တားသည့်ရဲက မဲဆောက်ရောက်တာ ကြာသေးဟန်မတူ၊ မြန်မာလို နားမလည်၊
အင်္ဂလိပ်လိုပြောတော့ တုတ်တုတ်ဆရာ ကိုရွှေမြန်မာက သူတို့ရှေ့တင် " အမ
သူတို့ကို အင်္ဂလိပ်လို သွားမပြောနဲ့ တလုံးမှမတတ်ဖူးတဲ့" ပြောလို့
အားနာရသေးသည်။ ဒါနဲ့ ထိုင်းစကား တတ်သလောက် မှတ်သလောက်နဲ့ သွားပြန်ယူလိုက်မယ် ဆိုတော့ တယောက်ဆင်းနေခဲ့
ဆိုတာနဲ့ အိမ်သားကို တည်းခိုခန်းလွှတ် ယူခိုင်းရသည်။
လမ်းရဲ့ ဟိုဘက် အခြမ်းမှာ အသက်(၂၀) ခန့် ရှိမယ့် ကောင်လေးတယောက် ဖမ်းထားတာ
တွေ့ရသည်။ စောင့်နေပုံထောက်တော့ သူ့ကို လာထုတ်မယ့် အလုပ်ရှင် ရှိပုံရသည်။
ရဲက နှစ်ယောက်၊ လမ်း ဟိုဘက်နဲ့ ဒီဘက်ကို တယောက်စီ တာယန်ယူပြီး စစ်နေတာပင်၊
တဖွဲဖွဲ ဖြတ်လာကြသည့် မော်တော်ဆိုင်ကယ်၊ တုတ်တုတ်တွေကို တစီးမှ အလွတ်မပေး
တားသည်။ ကိုယ်ပိုင်ကားတွေကိုတော့ မစစ်၊ ထူးဆန်းတာ စက်ဘီးစီးသူကိုလည်း မစစ်၊
နောက်မှ သိရတာက စက်ဘီးစီးသူ အများစုက ပန်းရံလုပ်သူတွေ၊
အလုပ်ကြမ်းသမားတွေတဲ့၊ သူတို့က အလုပ်ရှင်ရှိပြီး အလုပ်ရှင်က ရဲကို
လိုင်းကြေးပေးထားပြီး ဖြစ်တာမို့ မစစ်တာလို့ ဆိုသည်။ ဒါ့ကြောင့်
စက်ဘီးသမားတွေက ခပ်တည်တည် ဖြတ်သွားကြတာကိုး သဘောပေါက်ရသည်။ ဆိုင်ကယ်တစီး အလာ အနောက်က
အမျိုးသမီးက အထောက်အထားတွေ ပြနိုင်တော့ သွားတဲ့၊ နောက် တုတ်တုတ် တစီးပေါ်က
အမျိုးသမီး (၃) ယောက်။ ကွမ်းတွေစားထားတာ ပါးစပ်မှာရဲလို့ မြန်မာလိုတွေလည်း
ပြောနေကြတာ၊ တယောက်က သူတို့စစ်တာ အကုန်ရှိပြီး ကျန်နှစ်ယောက်က
တခုလိုလို့ဆို ရဲနဲ့ စကားပြောရင်း ရဲလည်း စကားမပေါက်လို့ ထင်ပါရဲ့
တဖက်လမ်းမှာ ရပ်နေတဲ့ လူတယောက်ကို လှမ်းခေါ်တဲ့ အခါ အဲဒီလူက မြန်မာလို ဒါတွေ
ပါရမယ် ဘာညာ ရှင်းပြပြီး မရှိတဲ့အခါ ညှိကြဟန်၊ ၊ ငါးမိနစ်လောက်
ကြာတော့ အဲဒီလူက လက်ကလေး ကျစ်ကျစ်ပါအောင်ဆုပ်လို့ လမ်းဟိုဘက်က ရဲဆီ
သွားလေရဲ့၊ တုတ်တုတ်ကို သူပဲ သွားခိုင်လိုက်တာပဲ၊ အတော်ပိုင်ပါလား
တွေးနေတုန်း အိမ်သားက အိတ်ကလေးကိုင်ပြီး ပြန်ရောက်အလာ စာအုပ်ထုတ်ပြတော့
စောစောကတားတဲ့ အသက်ကြီးတဲ့ရဲက မလာပဲ နဲနဲ ငယ်ပုံရတဲ့ ရဲက လာကြည့်ပြီး
စာအုပ်ကို လိုတာထက် ပိုကာ အစအဆုံး ဖတ်နေတာ စောင့်ရတော့သည်။ ပြီးတော့မှ
သိုင်းကျူး တဲ့
တုတ်တုတ် ထွက်လာတော့မှ
ရန်ကုန် အင်းစိန်က ရောက်လာတယ်ဆိုတဲ့ တုတ်တုတ်ဆရာက ဂျာကင်နဲ့ အရပ်ဝတ်လူ
အကြောင်းပြောတော့သည်။ အဲဒီ ကိုယ့်မြန်မာထဲကပဲ ထိုင်းရဲတွေကို
သင်ပေးနေတာတဲ့၊ အရင်က ထိုင်းရဲတွေက အလုပ်သမားကဒ်ပြပါ၊ ဒါပဲတဲ့ မြန်မာတွေက
ဝပ်ပါမစ်ပါ စစ်၊ ကဒ်ပြလို့ ကဒ်ရှိရင် မလွှတ်နဲ့အုန်း ၊ ဟိုဟာစစ်လို့ရတယ်၊
ဒီဟာ စစ်လို့ရတယ်နဲ့ သူတို့က သင်ပေးတာလို့ ဆိုလေသည်။
ဝေစားမျှစားလုပ်နေတာတဲ့၊ ထိုင်းအလိုတော်ရိပေါ့လို့ စိတ်ထဲက ပြောမိသည်။
သူတပါးတိုင်းပြည်မှာ အောက်ကျခံ အလုပ်လုပ်နေရသူချင်းအတူတူ သူတို့ဘဝက
ပိုလို့တောင် ဆိုးတာ ကိုယ်တိုင်တောင် သိရဲ့လား၊ သနားစရာကောင်းပါဘိ။
ချစ်ကြည်ရေးတံတား ပေါ်မှာတော့ ထိုင်းဘက်အခြမ်းက ကုန်ကားတွေ တံတားပေါ်
နေရာလပ်မရှိ စီတန်းသွားနေတာတွေ့ရသည်။ စားသောက်ကုန်တင်တဲ့ ကားတွေနဲ့အတူ
အဆိုပါနေ့ကတော့ မြေကြီးကော်သည့် စက်တွေ တင်ထားသည့် ကုန်ကားစီးရေ များစွာ
မြင်လိုက်ရသည်။ မော်တော်ဆိုင်ကယ်တွေ သယ်လာသည့် ကုန်ကားကြီးတွေလည်း
မနည်းမနော၊ မြန်မာဘက်မှာ ဟွန်ဒါ၊ တိုရိုတာ၊ ယာမာဟာ စတဲ့ ကုမ္မဏီတွေ
လာရောက်ပြီး ထုတ်နိုင်တဲ့အခါ ဒါတွေ တကူးတကန့် သွင်းဖို့ လိုမှမဟုတ်လို့
တွေးနေမိသည်။ နယ်စပ်စီးပွားရေးသတင်းတွေမှာတော့ ထိုင်းဖက်ကနေ သခွါးသီးက
အစ တင်ရသတဲ့၊ ရေခဲတောင် ထိုင်းဘက်က ပို့တယ်ကြားလို့ သတိထားကြည့်တာ
အဆိုပါနေ့ကတော့ ရေခဲကားတွေ မတွေ့၊ နံနက်စောစော တံတင်းဖွင့်ချိန်ကတည်းက
သွားကြပြီ ထင်သည်။
မြန်မာဘက်ကတော့ ကားလမ်းပေါ်မှာ အိမ်စီးကားတွေသာ မောင်းတာတွေ့ရပြီး
လမ်းလျှောက်သွားရတဲ့ လူလျှောက်လမ်းမှာ တံတားအပြည့် လူတွေ စီတန်းလို့၊
လူတွေလူတွေ အတန်းလိုက် အဆက်မပြတ် တမျှော်တခေါ် ထိုင်းဘက်ကို တရွေ့ရွေ့ ၊ နေ့စဉ်သွားလိုက်ပြန်လိုက်
အလုပ်လုပ်ကြသလား၊ အခုမှ အလုပ်ရှာထွက်ကြသလား မဆိုနိုင်ပေမယ့် မဲဆောက်က
ကားဆရာအပြောကတော့ နေ့တိုင်း မြန်မာဖက်က လူတွေ လှိမ့်ဝင်နေကြတဲ့၊
တနေ့လုံး မြန်မာသံတွေ ညံနေတဲ့ မဲဆောက်ဟာ နေဝင်မိုးချူပ်
အလင်းရောင်ပျောက်တာနဲ့ တိတ်ဆိတ်သွားသည်။ လမ်းပေါ်မှာ အိမ်စီးကား
ကျိုးတို့ကျဲတဲ သွားတာပဲ ရှိသည်။ လူတွေ ကြက်ပျောက် ငှက်ပျောက်၊
ညဖက်မထွက်ကျ၊
" ဝါးကနဲ ရယ်မောသံနဲ့အတူ ခပ်ကျယ်ကျယ် စကားပြောသံ
တွေ ကြားလိုက်ရသည်၊ တည်းခိုခန်းရှိတဲ့ ဝင်းထဲက အများစုပြီး
စားသောက်ရာနေရာလေးဆီက ဖြစ်သည်။ ပညာရေးအစီအစဉ်တခုနဲ့ အဖွဲ့အစည်းတခုက
သင်တန်းပေးတာလာတက်နေကြတဲ့ ပြည်တွင်းက ဆရာ/ ဆရာမလေးတွေ ၊ အယောက်နှစ်ဆယ်တဲ့၊
ရခိုင်ပြည်နယ်ကလွဲပြီး တိုင်းရင်းသားဒေသအသီးသီးက ဘကကျောင်းတွေကပါ
ပါကြသည်၊ မအိပ်ကြသေးဘူးထင်ပါရဲ့၊
သင်တန်းပြီးလို့ မဲဆောက်မှာရှိတဲ့ မြန်မာကျောင်းတွေမှာ လက်တွေ့
စာသင်နေကြတာလို့ သိရသည်။
ည(၇)နာရီမှာ
သန်းခေါင်ယံလို တိတ်ဆိတ်လို့၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း မီးတွေကတော့
အပြိုင်လင်းလို့ ၊ မနက်မိုးလင်းရင်ဖြင့် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း
ကူးလူးကြပေအုန်းမည်၊ ချစ်ကြည်ရေးတံတားကြီးပေါ်မှာလည်း ကားတွေ လူတွေ အပြည့်၊
လူတန်းရှည်ကြီးက နေ့စဉ်မပျက် တမျှော်တခေါ် လျှောက်မြဲလျှောက်လျက် ၊
မဲဆောက်ဈေးကြီးလည်း မြန်မာစကားသံတွေ ဝေဝေဆာဆာနဲ့ ဆက်လက်သွားမြဲ
သွားနေဆဲပေါ့။
ဒါပေမယ့်
ကိုယ့်တိုင်းပြည်မှ မဟုတ်တာ၊ ရဲတွေက လူတွေကို ငွေလို့သာ မြင်ပုံရသည်။
အဖမ်းအဆီးက အမြဲရှိသည်။ မိုးလင်း နေထွက်တာနှင့် အစာရှာသည့် ငှက်တွေလို
ရဲတွေ လမ်းပေါ်မှာ၊ မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတားဖက်ကို အသွား စီးလာသည့်
စမ်လော့ ရဲက တားသည်။ အဆိုပါ စမ်လော့ဆိုတာ ဆိုက်ကားလည်း
မကျ၊ ဘေးတွဲလည်းမဟုတ်၊ စီးသည့်လူက ရှေ့တွဲမှာ လမ်းကို မျက်နှာမူပြီး သွားရသည်၊
မောင်းသူက အနောက်က ဖြစ်သည်။ ချင်းမိုင်တို့ ဘန်ကောက်တို့က တုတ်တုတ်တွေလို
စမတ်မကျ၊ လှတပတ တောက်တောက်ပြောင်ပြောင်မရှိ၊
" ပတ်စပို့ပြပါ"
ခိုင်ခိုင်စောလွင်
No comments:
Post a Comment