November 20, 2016

" ငှက်ခါးကလေးတွေပျံစေချင်" ၂၁ရက်နိုဝင်ဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၅)မှ

" ငှက်ခါးကလေးတွေ ပျံစေချင်"
                             
               
                                               ပြီးခဲ့တဲ့ အပတ်က ဆောင်းပါးမှာ ရေခွန်၊ မီးခွန်( ရေမီတာခ၊ မီးခ)တွေ  ဆောင်တဲ့ အကြောင်းရေးတာမှာ စာတိုက်ကနေ လုပ်ဆောင်ပေးတဲ့  လုပ်ငန်း ဆောင်တာတွေကိုပါ ထည့်ရေးဖို့ စဉ်းစားမိသေးသည်။ စာရှည်သွားမှာပဲ ဆိုကာ ထည့်မရေးဖြစ်တော့ပဲ ဒီအပတ်မှာမှ စာတိုက်လုပ်ငန်းနဲ့ ပတ်သက်တာလေး သတိတရ  ဆက်ပြီး ရေးဖြစ်လေသည်။ တကယ်က ဆက်သွယ်ရေး လုပ်ငန်းတခုဖြစ်တဲ့ စာတိုက် အကြောင်းကို ရေးချင်နေတာ ကြာပါပြီ။ နံနက် (၁၀)နာရီဆိုက အချိန်မှန် ရပ်ကွက်ထဲ ရောက်လာတဲ့ ဆိုင်ကယ်စီး စာပို့လုလင်ကို မြင်ရတိုင်း မြန်မာပြည်က စာပို့စနစ်ကို တွေးကာ သတိရမိသည်။ ပြီးခဲ့သည့် နှစ်က နေပြည်တော်ကို ရောက်ခိုက် ကြီးမားခန့်ထည်လှသည့်  နေပြည်တော်စာတိုက်ကြီးကို တွေ့မြင်ပြီး ဒီက စာပို့စနစ် အကြောင်း ရေးအုန်းမယ် စိတ်ကူးထပ်ပေါ်ပေမယ့်  အကြောင်းမတိုက်ဆိုင်တာရယ်၊ ရေးစရာ အခြားအကြောင်းတွေ ထပ်ကာထပ်ကာ ပေါ်လာတာရယ်ကြောင့် မရေးဖြစ်ခဲ့တာ အခုမှ တိုက်ဆိုင်စွာ ရေးဖြစ်ရပါတော့သည်။
                                    ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် လူစည်ကားရာ လမ်းမပေါ်က ဟောင်းနွမ်းပြိုပျက်တော့ မယောင် စာတိုက်အဆောက်အဦကို မြင်လိုက်ကတည်းက စာတိုက်တွေ မနည်းရပ်တည်နေရတာ ပေါ်လွင်ကာ အခုအချိန်ထိ စာတိုက်စနစ် ရှိနေအောင် ကျားကန် ရပ်တည်နေတာတွေ့ရ၍ အိုမင်းရင့်ရော်စွာဖြင့်  ရုန်းကန်နေရသည့် ငယ်သူငယ်ချင်းကို တွေ့လိုက်ရသလို စိတ်ထဲ ခံစားမိရသည်။ စာတိုက်ရှေ့က စာတိုက်ပုံးနီနီကို တွေ့တဲ့အခါ အခုခေတ်မှာ စာတိုက်ကနေ စာပို့ ကြသေးလား၊ စာပို့သည့်လုပ်ငန်း  တခုတည်းဖြင့် စာတိုက်လုပ်ငန်း တွေ ဘယ်လို ရပ်တည်ပြီး ဘာတွေ လုပ်နေကြသလဲ သိချင်နေမိလေသည်။ တဆက်ထဲလိုလို စာတိုက်ရဲ့ ကုဒ်နံပါတ်ဆိုတာ ဘယ်ဟာပါလိမ့်လို့ စာတိုက်မှာ လိုက်ရှာကြည့်မိပြန်သည်။
                                ထိုင်းနိုင်ငံမှာ နေထိုင်နေစဉ် မည်သည့် နိုင်ငံသားမဆို ရက်ကိုးဆယ်ပြည့်သည့်အခါတိုင်း ( 90 days report) ခေါ်သည့်  သူ့နိုင်ငံအတွင်း နေထိုင်နေကြောင်း တနည်းအားဖြင့် လူရှိနေကြောင်း  ပုံမှန် သတင်းပို့ရသည်။  ယခင်နှစ်တွေတုန်းကတော့ ဖောင်တရွက်ဖြည့်ပြီးက နောက်တကြိမ်  ထပ်တိုးဖို့ စာရွက် တရွက်ထပ်ကပ်ပေး ပြီး ပြီးတာဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဘန်ကောက် ဧရာဝန်နတ်ကွန်းအနီး ပေါက်ကွဲမှု ဖြစ်ပြီးကတည်းက လူဝင်မှုကြီးကြပ်ရေးဌာနကနေ နိုင်ငံခြားသားတွေ အပေါ် စည်းကမ်းတွေ ပိုမိုတင်းကြပ်လာလေသည်။ အဆိုပါ ရက်ကိုးဆယ် ရီပို့ သွားလုပ်က လျှောက်လွှာ နှစ်စုံ ဖြည့်ရသည်။ တစ်ရွက်က ယခင်ပုံစံအဟောင်းပဲ ဖြစ်ပြီး နောက်တရွက်မှာ  ဖြည့်ရသည့် ပုံစံမှာ မိမိတိုင်းပြည်က အိမ်လိပ်စာ ထည့်ပေးရသည်။ အဆိုပါ လိပ်စာမှာ အိမ်အမှတ်၊ လမ်း၊ မြို့နယ် တွေအပြင် စာတိုက်ကုဒ်( post code) ဆိုတာ ပါရာ တခါမှ မဖြည့်၊ အဲဒီ ပို့စ်ကုဒ်ဆိုတာ မြန်မာလူမျိုးတိုင်းလိုလို မဖြည့်ကြ၊ လဝက က အရာရှိက " မြန်မာတွေက စာတိုက် မသုံးဖူးလား၊ မသုံးပဲ ဘယ်လို လုပ်ကြသလဲ" ပြောသည်။ သုံးတဲ့ အကြောင်းနဲ့ စာတိုက်ရဲ့ ကုဒ်ကို လူတွေ မသိတာ ဖြစ်ကြောင်း ပြောပြတဲ့အခါ ခေါင်းတရမ်းရမ်းနှင့် နားမလည် သလို ပြုံးသည်။ ထိုင်းမှာကတော့ စာအိတ်ပေါ်မှာ ရေးသည့် လိပ်စာမှာ ကိုယ်ပို့လိုသည့် နယ်မြေစာတိုက် ကုဒ်နံပါတ်မပါက ချက်ခြင်း ဖြည့်ရေးခိုင်းသည်။ သူတို့ လူမျိုးတိုင်းကတော့ သိကြသည်။ မြန်မာပြည်မှာကတော့ နယ်မြေစာတိုက် ကုဒ်ကို စာတိုက်ဝန်ထမ်းတွေသာ မှတ်ထားတာ ဖြစ်မည်၊ ကိုယ်ပို့လိုသည့် အိမ်လိပ်စာပါက ရောက်သည်။ ငယ်ငယ်တုန်းက အမေ့ရွာက စာထည့်လိုက်က မြိုပနယ်နာမည် မရေးတာပင် အိမ်ကို ရောက်သည်။ သတင်းတပုဒ်မှာ  မြန်မာ့စာတိုက်လုပ်ငန်း ခေတ်မမီခဲ့ပဲ အရည်အသွေးကျဆင်းရတယ်လို့ ဖတ်ရဖူးသည်။
" နိုင်ငံတကာ စာပို့ အဖွဲ့ချုပ်နဲ့လည်း ဆက်သွယ် ဆောင်ရွက် ထားခဲ့ပြီး ၂၀၁၂ ခုနှစ် တုန်းက ဆိုလျှင် တစ်ကမ္ဘာလုံး မှာ မြန်မာ့ စာတိုက် ဟာ အဆင့် ၁၁ အထိ ချိတ် ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတကာမှာ မြန်မာ့စာပို့ စနစ် ဟာ အဆင့် ၆၅ အထိ ကျဆင်း ခဲ့တယ်လို့ ဆိုပါတယ်။

စာတစ်စောင် ပို့ခကို ပြည်တွင်းမှာ တစ်ရာ ကျပ်သာ ကောက်ယူခဲ့ပေမယ့် တကယ်တန်း ကုန်ကျစားရိတ်က (၂၃၇၈ )ကျပ် ရှိတာကြောင့် နိုင်ငံတော် အနေနဲ့ စာတစ်စောင် ပို့တိုင်းမှာ ကျပ် နှစ် ထောင်ကျော် အရှုံးခံ လုပ်ဆောင်နေရတယ်လို့ လည်း ဆက်ပြောပါတယ်။ "တဲ့
            ထိုင်းနိုင်ငံက စာတိုက်တွေကတော့ နီနီရဲရဲ သစ်လွင်နေလေသည်။ နေ့စဉ် စာတိုက်ကို ဝင်ထွက် နေကြသည့် လူတွေ မပြတ်၊ ဝန်ထမ်းတွေကလည်း တောက်ပသော ဝတ်စုံတွေဖြင့် တက်ကြွစွာ လုပ်ကိုင်နေတာ မြင်ရသည်။ စာတိုက်ထဲ ရုတ်တရက် ဝင်သွားက ဘဏ်ခွဲတခုအလား ထင်မှတ်ရသည်၊ တိုကင်ကို စက်ကနေနှိပ်ယူပြီး အီလက်ထရောနစ် ကောင်တာမှ တိုကင်နံပါတ် ပေါ်လာတာနှင့် အလှည့်ကျ ကောင်တာထံ သွားရသည်။ စာအိတ်၊ ပစ္စည်းထည့်သည့်အိတ်၊ စာတိုက်တံဆိပ်ပါသည့် ကဒ်ထူပုံး ဆိုဒ်မျိုးစုံ တခါထဲဝယ်ကာ မိမိပို့လိုသည့် စာရွက်စာတမ်း၊ စာအုပ်သာမက အခြား ပစ္စည်းမျိုးစုံကို တခါထဲ ထည့် ပို့ လုပ်နေကြတာ တွေ့ရသည်။ တချို့ကလည်း စာအိတ် အရွယ်မျိုးစုံနှင့် ကဒ်ထူပုံးတွေ လာဝယ်တာလည်း ရှိသည်။ ကောင်တာက စာရေး၊ အရာရှိ အားလုံး သွက်သွက်လက်လက် လုပ်ကိုင် ချိန်တွယ်ရင်း တသဲသဲဝင်လာသည့် ငွေတွေ သိမ်းဆည်းနေတာ ကြည့်ကာ သူတို့ စာတိုက်လုပ်ငန်းက ဝင်ငွေ ရှာပေးနိုင်ပါသေးလားလို့ တွေးမိသည်။
                  ရပ်ကွက်ထဲကို နံနက်( ၁၀)နာရီ ဆို ရောက်လာတတ်သည့် စာပို့လုလင်မှာ အင်တာနက် ကုမဏီက ဘေလ်စာရွက်နှင့် အခြား အကြောင်းကြားစာတွေ၊ အချို့ကုမဏီတွေရဲ့ ကြော်ညာစာရွက်တွေ၊ ဘဏ်တွေကနေ ကာစတန်မာတွေဆီ ပို့ပေးတဲ့ အချက်အလက် စာတွေ တအိမ်တက်ဆင်း အမြဲ ပို့ပေးသည်။ ပို့စ်မင်း မလာသည့် နေ့မရှိ၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်မှာ နားကြသည်။ အဆိုပါ ရက်တွေမှာတော့ အမြန်ချောပို့ သမားတွေ၊ Express ကနေပို့ တာတွေ အတွက် ပို့ပေးသူတွေ ရှိသေးသည်။ စာပို့လုလင်ကတော့ အွန်လိုင်းကနေ ဈေးဝယ် ဈေးရောင်းသူတွေအတွက်လည်း ပို့ပေးရာ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လုပ်ငန်းလုပ်ပုံပါ ပြောင်းလဲ လာတာဖြစ်သည်။ တချို့  ( online shopping) အွန်လိုင်းဈေးသည်တွေက ကုန်ကျစားရိတ်သက်သာသည့် စာတိုက်ကနေ ပို့ပေးတာ များသည်။ EMS အမြန်ချောပို့၊ Express လုပ်ငန်းက ပိုပတာထက် ဈေးသက်သာသည့် အတွက် ရောင်းသူဝယ်သူ အဆင်ပြသည်။ အချိန်လည်း သိပ်မကြာ၊ ပုံမှန် စာတိုက်ကနေပုံ့က (၃) ရက်အပြင် ပိုမကြာ၊ စာတိုက်လုပ်ငန်းက အထောက်အကူများစွာ ဖြစ်လေသည်။
                   နေပြည်တော်က ရုံးခန်းတခုမှာ အင်တာနက်ဖိုး သွင်းဖို့ အကြောင်းပေါ်လာတဲ့ အတွက် အင်တာနက်ဖိုးကို ဘယ်လို သွင်းရသလဲ ၊ ဘေလ်လာပြီလား မေးရာ ဘေလ်မပို့ပါတဲ့၊ စာတိုက်က ဝန်ထမ်းအမျိုးသမီးကြီးက ငွေသွင်းဖို့ တယ်လီဖုန်းဖြင့် ဆက်ပြောတာလို့ ဆိုသည်။ သူဖုန်းဆက်မှ သွားသွင်းရသည်တဲ့၊ စနစ်တကျသာ လုပ်ပါက လုပ်ငန်းတွေ တခုနှင့်တခု ဆက်စပ်ကာ ဆင့်ကဲ အကျိုးဖြစ်မှာ သေချာသည်။ စာတိုက်ကနေ အသုံးပြုသူထံ ဘေလ်စာရွက်ပို့ ပေး၊ အဆိုပါ စာရွက်မှာ ဘယ်နေ့ ဘယ်ရက် နောက်ဆုံး ဆိုတာ ပါပြီးသား၊ ဆက်သွယ်ရေး စာတိုက်လုပ်ငန်းက ဝန်ဆောင်ခ၊ တနည်းအားဖြင့် နိုင်ငံတော်က စာပို့ခ တံဆိပ်ခေါင်း အခွန်ရသည်။ အခွန်အခတွေ လေလွင့်မှု မရှိက လုပ်ငန်းတွေ ပုံမှန်လည်ပတ်အောင် လုပ်နိုင်ပြီး အရှုံးမပေါ်နိုင်လို့ မြင်သည်။
                     ထိုင်းနိုင်ငံမှာလည်း တနေရာနှင့်တနေရာ ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ ကားလမ်းတွေ ရှိပေမယ့် ဈေးကြီးတဲ့ အတွက် စာတိုက်ကနေ ပေးပို့တဲ့ လုပ်ငန်းက အောင်မြင်နေဆဲ ဖြစ်သည်။ မြို့တွင်းမှာပင် တနေရာနှင့်တနေရာ ဆက်သွယ်ဖို့ ပို့ဆောင်ဖို့ စာတိုက်ကို သုံးကြဆဲ  ဖြစ်သည်။ စာတိုက်လုပ်ငန်းကနေ ခေတ်မမီတော့သည့် အခြေအနေတွေကို ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲကာ လုပ်ဆောင်ကြသည့်အတွက် အရှုံးမပေါ်ယုံမက လုပ်ငန်းတွေပင် ပိုများလာပြီး လုပ်စရာတွေ မနားမနေ လုပ်နေရတော့သည်။
                မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်နေတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းလာတဲ့ အတွက် ဘီဘီစီ သတင်းဌာနရဲ့ အမေးကို အထွေထွေမန်နေဂျာက ဖြေသွားတာတွေ  သတိရမိသည်။
" အများပြည်သူ ယုံကြည်မှု နည်းပါး ပြီး အရှုံးပေါ် နေတဲ့ မြန်မာ့ စာတိုက် လုပ်ငန်းကို ခေတ်မီ တိုးတက်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်"
" နိုင်ငံတကာ စာပို့ အဖွဲ့ချုပ်နဲ့လည်း ဆက်သွယ် ဆောင်ရွက် ထားခဲ့ပြီး ၂၀၁၂ ခုနှစ် တုန်းက ဆိုလျှင် တစ်ကမ္ဘာလုံး မှာ မြန်မာ့ စာတိုက် ဟာ အဆင့် ၁၁ အထိ ချိတ် ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတကာမှာ မြန်မာ့စာပို့ စနစ် ဟာ အဆင့် ၆၅ အထိ ကျဆင်း ခဲ့တယ်"
" မြန်မာ့ စာပို့ စနစ်ကို ကျေးရွာ နဲ့ နယ်စွန် နယ်ဖျားတွေ အထိ တိုးချဲ့ ပို့ဆောင်ဖို့ အစီအစဉ်တွေ၊ အွန်လိုင်း အရောင်းအဝယ် ထွန်းကား လာတာနဲ့ အမျှ စာပို့ လုပ်ငန်း စနစ် တွေကို တိုးတက်အောင် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကိုလည်း ချမှတ် ထားတယ်"
                 ခေတ်မီ တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ ခေတ်ကာလမှာ ပြည်သူတွေအနေနဲ့ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်လာကြရသည်။ ပြည်သူတဦးနဲ့ တဦး ဆက်သွယ်ဆောင်ရွက်ဖို့။ လုပ်ငန်းတခုနဲ့ တခု ချိတ်ဆက် ဆောင်ရွက်ဖို့၊ လုပ်ငန်းတွေ များပြားလာတာနဲ့အမျှ နိုင်ငံတော်က ရသင့်တဲ့ အခွန်အခတွေ အပြည့်အဝ ရရှိဖို့ စနစ်တကျ ကြားက လုပ်ဆောင်ပေးရမည့် အစိုးရ လုပ်ငန်း အဖွဲ့ထဲမှာ ဆက်သွယ်ရေး လုပ်ငန်းလည်း အပါအဝင်ဖြစ်သည်။ ဒါ့ကြောင့် သူများတိုင်းပြည်တွေမှာ လုပ်ငန်းသေးသေး နေရာသေးသေးလေးကနေ တိုင်းပြည်ဝင်ငွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးနေတာ မြင်ရသည့်အခါတိုင်း  မြန်မာ့စာတိုက်လုပ်ငန်းတွေမှာလည်း အဲဒီလို တိုးတက်  ပြောင်းလဲလာကာ အောင်မြင်စေချင်သည့် ဆန္ဒဖြစ်မိပါသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment